Pages

Friday, October 16, 2009

ညည်းဆိုမိသော သီချင်းများ

ကျနော့်ညီမငယ် မငယ်နိုင် က တက်စာပို့လာတယ်။ ကိုဆောင်းယွန်းလ က စလိုက်တဲ့ အကြောင်းပေါ့။ ကျနော်က အခု အမေရိကန်ကို ဆောင်းဓာတ် ပြန်ယူဖို့ ရောက်လာတဲ့အချိန်၊ အနည်းငယ်လည်း အားနေတော့ ရေးနိုင် တာပေါ့။ ကဗျာလေး ဘာလေး နည်းနည်းပါးပါး လည်း ပြန်ရေးဖြစ်မယ် ထင်ပါတယ်။ တကယ်တော့ ကျနော့် ဘ၀မှာ မှတ်မှတ်ရရ ရှိနေတဲ့ သီချင်းတွေ အတော်များများ ရှိပါတယ်။ အခုလို တက်လိုက်တော့လည်း ရေးဖြစ် တာပေါ့လေ။

ညီမငယ် မငယ်နိုင်အကြောင်းကိုလည်း ပြောရဦးမယ်။ ABSDF မှာ တာဝန်ယူခဲ့စဉ် ကတည်းက ဆုံခဲ့ကြတဲ့ ရဲဘော်ရဲမေ တွေ ဖြစ်ပေမယ့် အမှတ်ရစရာ အကြောင်းလေးတွေလည်း ရှိနေတတ်သေးတယ်။ အခုမှ ဖောက်သည်ပြန်ချရတာပ။ သူတို့က ညီအမ နှစ်ယောက်ရှိတယ်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းက သူတွေ၊ အသားက ညိုတယ်။ ABSDF ရဲဘော်တွေထဲမှာတော့ စိတ်ဝင်စားကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အချောကြီးမဟုတ်ဘူးလို့ ကျနော်ပြောရင် မမှား နိုင်ဘူး ထင်ပါတယ်။ [ဒီလိုပြောလို့ စိတ်မဆိုးလိုက်ပါနဲ့ဦး] ဒီလိုနဲ့ ကျနော်တို့ မာနယ်ပလောစခန်း၊ သေလောထ ဌာနချုပ်မှာ ရှိနေစဉ် တနေ့မှာ ABSDF နိုင်ငံခြားရေးဌာနက ကိုအောင်နိုင်ဦးက နိုင်ငံခြားဧည့်သည်တယောက် ခေါ်လာတယ်။ ပြင်သစ် လား၊ ဘယ်လဂျီယံလား ကျနော် မမှတ်မိတော့ဘူး။ သတင်းထောက်လည်း ဖြစ်နိုင်တယ်။ ကိုအောင်နိုင်ဦးက ကျနော်တို့ စခန်းတွေကို လိုက်ပြ တယ်။ ဧည့်သည်က အပြန်မှာ ကိုအောင်နိုင်ဦးကို ပြောလာတယ်။ "အောင်နိုင်ဦးရာ.. မင်းတို့ တောထဲ စခန်းမှာ မျက်လုံးသိပ်လှတဲ့ ကောင်မလေးတယောက်ကို တွေ့မိတယ်။ သိပ်လှတာပဲ။ သူတွေ့ဖူးသမျှ ကမ္ဘာပေါ်မှာ အလှ ဆုံးထဲပါတယ်။ သူ့ကို မိတ်ဆက်ပေးပါ" ပြောလာတယ်။ ကိုအောင်နိုင်ဦးလည်း ဆံပင်တွေထောင်သွားတယ်။ သိပ်လှတဲ့ ကောင်မလေးလည်း မမြင်မိပါလားပေါ့။ ကျနော်တို့ က တွေ့နေကျရဲမေတွေအပြင် ဘယ်သူတွေ ရှိသေးသလဲပေါ့။ နောက်တော့မှ ဧည့်သည်ကို သေချာမေးတော့ အခု မငယ်နိုင် ဖြစ်နေတယ်။ ကိုအောင်နိုင်ဦး ဧည့်သည်နဲ့ မိတ်ဆက်ပေး သလား၊ မပေးသလား မသိပါဘူး။ အဲသည်အကြောင်းလေးကို အမှတ်တရ သူက ဧရာဝတီမဂ္ဂဇင်းမှာ အင်္ဂလိပ်လိုတောင် ဆောင်းပါး ပြန်ရေးထားသေးတယ်။ "Romanticizing the revolution" လို့ ထင်တယ်။ ငါညီမတော့ အခုမှ ဘ၀င်မြင့်တော့ မယ် ထင်တယ်။

ထားပါတော့။ အခု တက်ထားတဲ့ သီချင်းအကြောင်းလေးတွေနဲ့ ပတ်သက်လို့ ကျနော့်ဘ၀မှာ မှတ်မှတ်ရရ ဖြစ်နေခဲ့တဲ့ သီချင်းလေးတွေ ရှိနေတာရယ်၊ အခုတလော ဆိုညည်းမိနေတဲ့ သီချင်းလေးတွေအကြောင်း ပြောပြချင်တယ်။ ကျနော် ငယ်ငယ်ထဲက ရင်ထဲစွဲနေတဲ့ သီချင်းကလေးရှိတယ်။ မာမာအေးရဲ့ "တရေးချစ်ခွင့် မြင်ရနိုး" သီချင်းပါပဲ။ ဒီသီချင်းလေးကို သူ့အမေကလည်း အမြဲဆိုညည်းတတ်ကြောင်း ကိုအောင်သာငယ် က ရေးထားဖူး သေးတယ်။ ငယ်ငယ်က သီချင်းအဓိပ္ပါယ် နားမလည်တာတောင် စွဲနေမိတာကတော့ ဒီသီချင်း အကြိမ်ကြိမ် ကြားခဲ့ရတာ လည်း ပါသလို၊ လူကလည်း အဆွေးဓာတ်ခံ ရှိချင်လို့ ထင်မိတယ်။ ကျနော်တို့ ငယ်ငယ်က တောင်ငူမြို့ကသွားရင် ၇- မိုင် လောက်ဝေးတဲ့ ထန်းတပင်မှာ နေကြတယ်။ ထန်းတပင်က တောမြို့။ စစ်တောင်းမြစ်ကမ်း ဘေးနားကမြို့။ နွေရာသီ စစ်တောင်းမြစ်ရေ ကျသွားပြီဆိုရင် သောင်ခုံကြီးတွေ ပေါ်လာ တတ် တယ်။ အဲသည် သောင်ခုံကြီးမှာ ငရုတ်၊ ကြက်သွန်၊ ယာသီးနှံတွေစိုက်ကြသလို၊ ၀ါးထရံကာ ရုပ်ရှင်ရုံကြီးကိုလည်း ဆောက်လို့ ပြတတ်တယ်။ ကျနော်တို့ အိမ်က မြစ်ကမ်း အနားမှာ ရှိသလို ရုပ်ရှင်ရုံနဲ့လည်း မဝေးလှဘူး။ ရုပ်ရှင်ရုံ ဆိုတာကလည်း ကလေးတယောက်အတွက် စိတ်ဝင်စားစရာ ပါပဲ။ မုန့်ပဲသားရေစာ ရနိုင်တယ်။ အကြော်ဝယ်လို့ရတယ်။ တခါတလေ ရုပ်ရှင်ကြည့်ရတယ်။ တခါတလေ ဇာတ်သွင်းကပြတတ် တယ်။ အဲသည် ရုပ်ရှင်ရုံက ညနေစောင်းဆိုရင် ပွဲလူခေါ်တဲ့အနေနဲ့ သီချင်းတွေ ဖွင့်ထားတတ်တယ်။ အဲဒါနဲ့ အခု သီချင်း ဟာ အကြိမ်ကြိမ်ဖွင့်ထားတော့လည်း နားထဲစွဲနေတော့တယ်။ ညနေ နေရီရီမှာ လွမ်းလွမ်းဆွေးဆွေး၊ တောင်ယာ ခင်းက မီးခိုးငွေ့တွေကြားမှာ ဒီသီချင်းကိုကြားရင် ဘယ်သူ့ကို လွမ်းရမှန်း မသိဘူး ဖြစ်လာတတ်တယ်။ တခါရုပ်ရှင်တကားမှာ ဒီသီချင်းကိုပဲ ဇာတ်ဝင်သီချင်းလုပ်ထားတာ ကြည့်ရတော့ ပိုစွဲမိတယ်။ ညွန့်ဝင်းနဲ့ ချိုပြုံးသရုပ်ဆောင်ထားတဲ့ "လေရူးသုန် သုန်" ဇာတ်ကားလို့ ထင်တယ်။

ဒီသီချင်းဟာ အခုကြီးတဲ့တိုင်လည်း တခါတလေ ချစ်သူနဲ့ အိမ်သူနဲ့ ကွေကွင်းနေရတဲ့ ကာလမျိုးဆိုရင် တခါ တလေ ညည်း ညူမိသေးတာပေါ့။ သိပ်ကောင်းတဲ့ စာသားတွေဖြစ်တဲ့အပြင် အဆိုကလည်း ပိုင်ပါပေ့လို့ ပြောနိုင်တယ်။ [နားထောင်ဖို့ ကျနော်တင်ထားပေးတယ်။ ဒေါင်းလုပ်လည်း ရတယ်။]

Get this widget | Track details | eSnips Social DNA


နောက်ပိုင်း တက္ကသိုလ်ကျောင်းသား ဘ၀မတိုင်ခင်မှာ ကျနော်တို့ နယ်က ဆယ်တန်းကျောင်းသားတွေ စွဲတဲ့ သီချင်းတွေ လည်း ရှိသေးတယ်။ စိုင်းဆိုင်မောဝ်ရဲ့ ကျနော့်ရဲ့စိမ်း၊ ကိုင်ဇာ သီချင်းတွေလည်း ညည်းညူခဲ့ဖူး သေးတယ်။ တက္ကသိုလ် ရောက်တော့ စိုင်းထီဆိုင်၊ ခိုင်ထူး၊ လွှမ်းမိုး၊ ခင်ဝမ်း ဖြစ်လာတယ်။ လွှမ်းမိုးသီချင်းတွေ သူများတွေ ကြိုက်ချင်မှ ကြိုက်မယ်။ ကျနော်တို့ ကျောင်းသားဘ၀ ဆေး-၂ က အမျိုးသားဆောင်မှာ ဟင်္သာတက အကိုကြီးတယောက်က လွှမ်းမိုးသီချင်းတွေ အဆိုကောင်းတာနဲ့ စွဲသွားမိတယ်။

နောက်တော့ တောထဲရောက်လာတယ်။ "အိမ်ပြန်ချင်တယ် ..၀ူး" ပေါ့။ ထူးအိမ်သင်သီချင်းကလည်း တောထဲက ကျောင်းသား အမောင်တွေကို တော်တော်လွှမ်းမိုးနိုင်တယ်။ အိမ်လွမ်းစိတ်လေး ရှိလာတဲ့အခါ ဒီသီချင်းကို ဆိုကြ။ စိတ်ဖြေ ကြတယ်။ နောက်တော့ ကျနော်တို့ကြားထဲကို ခရစ္စဒီဘာ့ဂ် (Chris de Burgh) သီချင်းတွေ ရောက်လာတယ်။ သူ့သီချင်း တွေက တော်လှန်ရေး ဆန်ဆန် သီချင်းတွေဆိုတော့ စွဲနေမိတယ်။ Revolution သီချင်း ၃-ပိုဒ်ထဲက နောက်ဆုံး အပိုဒ် Sweet liberty (ချိုမြိန်သော လွတ်မြောက်မှု) ကို ကျနော် တောင်တန်း တွေပေါ် လျှောက်ရင်း ညည်းခဲ့ဖူးသေးတယ်။

ချိုမြိန်တဲ့ လွတ်မြောက်ရေး
ငါတို့ လက်ထဲမှာ လက်ဆုပ်ပိုင်ပိုင်
ချိုမြိန်တဲ့ လွတ်မြောက်ရေး
သည်ဟာက အစီအစဉ်တခုရဲ့ တကဏ္ဍပဲလား
ဒါမှမဟုတ် တို့ရဲ့စိတ်ခံစားရမှုပေလား။

မြင်းတွေနဲ့ လူတွေ
ကွင်းထဲမှာ မြင်းတွေနဲ့ လူတွေ
သူတို့ အရှုံးမပေးခဲ့ကြ
လူအများလည်း
ဒီနေရာအတွက်
အသက်စွန့်လွှတ်သွားခဲ့ကြရတယ်...

ငါတို့ မမေ့ပါဘူး
သူတို့ဆောင်ရွက်ခဲ့မှုတွေအတွက်
ငါတို့ အမြဲတမ်း မမေ့ပါဘူး။
အချိန် ရောက်လာပါလိမ့်မယ်
အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်...
ငါတို့ သူတို့ကို ဘယ်တော့မှ မမေ့ပါဘူး။

ဒီသီချင်းကို အခု ဘလော့မှာပဲ ဘာသာပြန်လို့ တင်ထားပေးဖြစ်ဖူးသေးတယ်။ ခရစ္စဒီဘာ့ဂ် သီချင်းတွေထဲမှာ ၀တ်စုံနီနဲ့ မိန်းမပျို (Lady in red) ကိုလည်း ကြိုက်မိတယ်။

တခါတလေတော့လည်း စိတ်လေး ဘာလေးလည်း လှုပ်ရှားတာပေါ့။ တခါက ကျနော် မက်ဒေါနားရဲ့ "ခင်ဗျား ကျနော့်ကို ချစ်ပါ" (You must love me.) သီချင်းကိုလည်း အတန်ကြာ ညည်းခဲ့ဖူးသေးတယ်။

နောက်တော့ ဘော့ မာလေ (Bob Marley) ရက်ဂေး သီချင်းတွေဖက်ကို ခဏ ရောက်သွားပြန်တယ်။ သူ့ရဲ့ (Don't worry, Be Happy) နဲ့ (Three little birds) ကိုလည်း ညည်းနေမိသေးတယ်။ ငှက်ကလေးသုံးကောင် သီချင်းထဲက Every little thing, gonna be alright, ... saying...This is my message to you, Oh! Oh! အပိုဒ်ကလေးက သိပ်ညည်းလို့ ကောင်းတယ်။

တခါတလေ ထိုင်းသီချင်းလေးတွေလည်း ကြိုက်ပါတယ်။

အခုတော့ မြန်မာသီချင်းတွေကို မျက်ခြေပြတ်သွားတယ်။ အသက်အရွယ်လည်း ရလာပြီ မဟုတ်လား။ ဒါပေမယ့် ကံကောင်းထောက်မလို့ အဆိုတော် ၀ိုင်းဝိုင်းရဲ့ အခွေရလာတယ်။ ကျနော် နားထောင်ရင်း လိုက်ဆိုလို့ရလာ တယ်။ ကျနော့် ကြိုက်မိတဲ့ သီချင်းကတော့ "ဖြေသိမ့်လိုက်" ဆိုတဲ့ သီချင်းပါ။ ဘ၀မှာ အရှုံးနဲ့ တွေ့ရတတ်တာ မျိုးကို စိတ်ဓာတ်မကျ အောင်၊ အားပေး တိုက်တွန်းထားတဲ့ သီချင်းမျိုးပေါ့။ မူရင်းသီချင်းလား၊ တရုတ်သီချင်း တခုရဲ့ သံစဉ်လား.. ကျနော် မသိဘူး။ ဒါပေမယ့် နားထောင်လို့ ကောင်းတယ်။

"အို.. သူငယ်ချင်း.. ရှေ့ဆက် မင်း ဘ၀မှာ အမြဲအောင်မြင်ပါစေ။ သာယာပါစေ။
တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ..
ဟိုရင် အချိန်က ကြေကွဲခြင်း၊ မင်းမျက်ရည် မြစ်ပြင်ကျယ်မှာ မျော
ပင်လယ်ကြီး ဆီးပါစေ.. အားတင်းကာ လျှောက်လေ.."

ကျနော့်သမီးကလည်း မြန်မာစကား မပြောတတ်ပေမယ့် အခုသီချင်းကို ကြိုက်တယ်။ "စီးပါစေ... အားတင်းကာ လျှောက်....................လိုက်" ဆိုတဲ့ အပိုဒ်ရောက်ရင် ကျနော့်သမီးပါ လိုက်ဆိုတတ်တယ်။ ဒီလိုနဲ့ သမီးနဲ့ အဖေ အတူ ညည်းမိကြတဲ့ သီချင်းပေါ့။

ကျနော်တို့ မိတ်ဆွေများ အားလုံး [တက်တဲ့သူ ညီမငယ် အပါအ၀င်] လည်း အောင်မြင်ပါစေ. အားတင်းကာ ဆက် လျှောက်ဖို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။ တက်တဲ့ ညီမငယ် ကျေနပ်ပြီ ထင်ပါတယ်။



ယောဟန်အောင်
အောက်တိုဘာ ၁၅၊ ၂၀၀၉။

8 comments:

kay said...

ဲပြင်ပ စာလေးတွေ မရေးတာ ကြာလို့..အသစ်တွေ့တာနဲ့ ၀မ်းသာအားရ ပြေးလာဖတ်ပါတယ်..။
မငယ်နိုင် ဆီက..ကိုဆောင်းယွန်းလ အကြောင်း ဖတ်..ကိုယောဆီက..မငယ်နိုင် အကြောင်းလေးတွေ ဖတ်ပြီး..ဘ၀ တက္ကသိုလ် ကျောင်းသားတွေ ကိုလည်း.. နားလည်ခံစား ဂုဏ်ပြုလိုက်ပါတယ်။

ခုတော့..မာမာအေး သီချင်းနားထောင်ပြီး.. လွမ်းလွမ်းဆွတ်ဆွတ် ဖြစ်သွားတဲ့ ခံစားချက်ကို..၀ိုင်ဝိုင်း ရဲ့ တရုတ်ကော်ပီ လေးနဲ့ ပြန်ဖြေလိုက်ပါတယ်။း)

ခင်မင်စွာဖြင့်-

Nge Naing said...

တပ်ထားတဲ့အထဲမှာ ရေးပေးလိမ့်မယ်လို့ မထင်မှတ်ထားတဲ့ ဆရာက ချက်ချင်းပဲ ရေးပေးလိုက်တာ အံ့လည်းအံ့သြတယ်၊ ၀မ်းလည်းဝမ်းသာပါတယ် ဆရာ။ ဒါပေမဲ့ ဆရာက ကျွန်မကို မြှောက်ပင့်ထားတာ လူမှားသွားပြီ။ အဲဒီတုန်းက နိုင်ငံခြားသား ဧည့်သည်ပြောတာ ကျွန်မမဟုတ်ဘူး ကျွန်မ ညီမကိုပြောတာ။ ကျွန်မ မျက်လုံးက အမျိုးသားက ကျွန်မကို ကုလားဒိန်မလို့ ကဲ့ရဲ့ရင် မျက်ခုံးမွေးနဲ့ မျက်တောင်မွေး ပါးတဲ့သူ့ကို မျက်လုံးမရှိ မျက်ခုံးမရှိ ပွေးမျက်လုံး ပိုင်ရှင်ဆိုပြီး ပြန်အနိုင်ယူဖို့လောက်ပဲ ရပါတယ်။ ဒီလို တယောက်ယောက်က သတိထားမိရ လောက်အောင်မလှပါဘူး။ ဆရာကလည်း စာလာဖတ်သူတွေ ကျွန်မကို အထင်ကြီးအောင် လျှောက်မရေးပါနဲ့။

ဆရာထည့်ထားတဲ့ သီချင်း နှစ်ပုဒ်စလုံး နားထောင်သွားပါတယ်။ ရေးထားတဲ့ သီချင်းတွေကိုတော့ မသိပေမဲ့ အကုန်လုံးကို ဖတ်သွားတယ်။ မာမာအေးသီချင်းကို ကျွန်မလည်း သိပ်ကြိုက်ပါတယ်။ ခေတ်ပေါ်သီချင်းတွေကျတာ့ ကျွန်မ အမျိုးသား အမြဲဆိုတဲ့ ခင်မောင်တိုးနဲ့ ခင်ဝမ်းသီချင်းတွေကို ပိုကြိုက်ပါတယ်။ ကျွန်မ အမျိုးသားက ၂၁၂ က ကိုအောင်နိုင်ဦးလိုပဲ ခင်မောင်တိုး သီချင်းတွေကို ဆိုတာ သိပ်ကောင်းတယ်။ ဆရာရေ-အချိန်တိုတိုအတွင်းမှာ တပ်ထားတာကို ချက်ချင်း ပြန်ရေးပေးလို့ သိပ်ပြီး ကျေးဇူးတင်ပါတယ်ဆရာ။ အားတုန်း ဆက်တင်ဖို့ ရှိတယ်ဆိုတဲ့ ပို့စ်တွေကိုလည်း အားပေးဖို့ အဆင်သင့် စောင့်မျှော်နေပါတယ်။

မမသီရိ said...

လွှမ်းမိုး သီချင်းတွေ အရမ်းကြိုက်ပါတယ်
ဆရာ့ သီချင်းတွေလဲ နားထောင်သွားတယ်

Anonymous said...

ဒီလိုတက်ဂ်စာလေးတွေ ဖတ်လိုက်ရတဲ့ အတွက်ရယ်
နားထောင်စရာ သီချင်းအသစ်တပုဒ် ( ၀ိုင်ဝိုင်း )
ကြိုက်သွားတဲ့ အတွက်ရယ်ကြောင့် တက်ဂ်တဲ့သူရော
ရေးတဲ့သူကိုရော ကျေးဇူးတင်ပါတယ်...

mie nge

ဆောင်းယွန်းလ said...

ကိုယော...ညက အမှတ်တမဲ့မို့ ပြန်နှုတ်မဆက်ဖြစ်ခဲ့တာ ခွင့်လွှတ်ပါဗျာ...အိပ်လည်းအိပ်ငိုက်နေခဲ့လို့ပါ...

သီချင်းတွေကတော့ အကြိုက်ချင်းအားလုံးနီးပါးတူနေပါတယ်...
ခံစားချက်ခြင်းတွေလည်း သိပ်မှမကွာကြတာကိုး...
ဝိုင်ဝိုင်းသီချင်းလည်းကောင်းပါတယ်...အငဲရေးထားတာ
အဆင်ပြေရင် အငဲအခွေသစ် ”၉”ထဲက ”အိမ်”ဆိုတဲ့သီချင်းကို နားထောင်စေချင်ပါတယ်..ဒေါက်တာမောင်မောင်ဇော်လတ်ရေးထားတဲ့ သီချင်းတပုဒ်ပါ...ဂျီတော့ခ်မှာ ပို့ထားလိုက်မယ်. နားထောင်ကြည့်လိုက်ပါ...


ခင်မင်လျက်
ဆောင်းယွန်းလ

သက်ဝေ said...

သီချင်းတွေအကြောင်း ရေးထားတာတွေ့လို့ လာဖတ်ပါတယ်။ ဝိုင်ဝိုင်းသီချင်းတွေ တော်တော်များများက တရုပ်သီချင်းတွေကို ကော်ပီလုပ်ထားတာကလွဲလို့ နားထောင်လို့တော့ ကောင်းပါတယ်။ သိပ်ပေါ့ပေါ့ပျက်ပျက်တွေ မဟုတ်လှဘူး။

အမေရိကားမှာ ဆောင်းဓာတ် ပြန်ယူဖို့ ရောက်နေတဲ့အချိန်မှာ စာအသစ်တွေ အများကြီး ဆက်ရေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Nee said...

ဆရာက သေ့လောထမှာတုန်းက ကျမတို့ညီအမကို အမှတ်တရလေး ရှိသေးတယ်ဆိုလို့ ကျမကတော့ ရီရမလိုငိုရမလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာအမှတ်ရတဲ့အကြောင်းက ကျမလုံးဝ မထင်မှတ်ခဲ့တဲ့ အကြောင်းလေးဖြစ်နေပြီးတော့ ဒီအကြောင်းကိုတောင် ဆရာမှတ်မိနေသေးရင် တခြားဒီထက်မကတဲ့ ကျမတို့နဲ့ပါတ် သက်တာတွေလည်း ဆရာမှတ်မိကောင်းပါရဲ့လို့ စဉ်းစားမိလို့ပါ။ ဆရာတို့နဲ့ ပါသက်လို့ကတော့ ကျမမှာ အမှတ်တရတွေ အများကြီးရှိပါသေးတယ် ဒီအကြောင်းတွေကို ဘလွတ်တစ်ခုများဖွင့်ပြီး ပြန်ရေးရရင် ကောင်းမလားတောင် စဉ်းစားမိပါတယ်ရှင်။ ဆရာ့ဘလွတ်ကို ကျမအမြဲအလည်ရောက်ပါတယ် ကွန့်မက်မရေးဖြစ်တာကတော့ ရေးအကျင့်လေးမရှိလို့ပါ။

ဒူကဘာ said...

ဆောင်ယွန်းလ တဂ်တဲ့ ဂယက်နဲ့အတူ နွေးထွေးတဲ့ ကွန်မန့်တွေ ခံစားသွားပါတယ်။ ခရစ္စဒီးဘဂ် ကြိုက်တာ တူနေပါလား ?

Recent Comments