Pages

Friday, October 16, 2009

မီးလျှံနဂါး ...ချစ်တီးများ (၂)


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူ များနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေပါတယ်။ အခုအပတ်မှာတော့ ကိုလိုနီခေတ်ဦးပိုင်း ချစ်တီးငွေချေးသူတွေရဲ့အကြောင်း ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ပါမောက္ခ ရှောင်တာနဲက ကိုလိုနီခေတ်ဦးပိုင်းက မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ ချစ်တီး ငွေ ချေးစားသူတွေရဲ့အကြောင်း ဖော်ပြခဲ့ရာ မှာ ချစ်တီးတွေ သူတို့ချေးငွေကို ဘယ်က ရယူကြသလဲ၊ ဘယ်လိုချေးငှားကြသလဲ၊ သူတို့ ငွေချေးတဲ့ စနစ်တွေက ဘယ်လိုလဲ ဆိုတာကို ဆက်လက် လေ့လာတင်ပြထားပါတယ်။

၁၉၂၉ ခုနှစ်မှာ ဗြိတိသျှကိုလိုနီအစိုးရက မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဘဏ်စနစ်နဲ့ ပတ်သက်လို့ လေ့လာစုံစမ်းရေး ကော်မရှင်တခု ဖွဲ့စည်းလေ့လာခဲ့ပါတယ်။ အဲသည်ကော်မရှင်က ချစ်တီးတွေရဲ့ ငွေချေးငှားစားနေတဲ့ စနစ်တွေ ကိုလည်း လေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်လာတဲ့ ချစ်တီးတွေကလည်း ငွေချေးငှားတဲ့ ဘဏ်လုပ်ငန်း ကို ကဏ္ဍပေါင်းစုံမှာ လုပ်ကိုင်ခဲ့ကြပါတယ်။ ငွေကြေးကိစ္စနဲ့ ပတ်သက်တာမှန်သမျှ တထိုင်တည်းနဲ့ အကုန်ပြီးစေနိုင်တဲ့ ဌာနတွေလိုပဲ ရှိသမျှငွေကြေးပေါင်နှံ ချေးငှားလုပ်ငန်းမျိုးစုံကို လုပ်ကိုင်ခဲ့ကြပါတယ်။

သူတို့က လယ်သမားတွေကို ငွေချေးတဲ့လုပ်ငန်းတွေ လုပ်သလို၊ သီးစားချတာ၊ စပါးပေး-နှမ်းပေး သီးနှံအတွက် ကြိုတင် ငွေချေးတာ၊ ပျော်ပွဲ ရွှင်ပွဲ အလှူတွေ၊ မင်္ဂလာဆောင်၊ ရှင်ပြုအတွက်ချေးတာ ငှားတာတွေလည်း လုပ်ကြပါတယ်။ လယ်သမားတွေကလည်း တနှစ်ပတ်လုံး ငွေလိုနေတတ်ကြပါတယ်။ မျိုးစေ့အတွက်၊ လယ် ကန်သင်း၊ ရေသွင်းမြောင်းတွေ ပြင်ဖို့ အတွက်၊ အလုပ်သမားဖိုး ပေးဖို့အတွက်၊ ကျွဲနွားဝယ်ဖို့ စသဖြင့် အထွေ ထွေ ကုန်ကျစားရိတ်တွေလည်း လိုနေ တတ်ကြပါတယ်။

ချစ်တီးတွေက ဘယ်ကိစ္စဖြစ်ဖြစ် လူမျိုးမခွဲခြားဘဲ ငွေချေးပါတယ်။ ငွေချေးသူက အပေါင်းပစ္စည်း အပ်နှံနိုင်ရင် ဖြစ်စေ၊ သူတို့အတွက် အကျိုးအမြတ်ကျန်မယ်ဆိုရင် ဖြစ်စေ ငွေချေးငှားတတ်ကြပါတယ်။ သူတို့က ဈေးဆိုင် ငယ် ကလေးတွေ၊ ပွဲစားတွေ၊ ဆန်စက်ပိုင်ရှင်တွေ၊ စက်မှု လက်မှုလုပ်ငန်းရှင် အငယ်စားကလေးတွေကိုလည်း ငွေ ထုတ်ချေးတတ်ကြပါ တယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရ ကော်မရှင်လေ့လာချက်အရ ပြောတာကတော့ ချစ်တီးတွေက နောက်ထပ်ငွေချေးစားမယ့် မြန်မာ ငွေချေးသူတွေကိုလည်း ပြန်ထုတ်ချေးပေးတတ်ကြတယ်လို့ ဆိုပါ တယ်။ လူမျိုးချင်းအရ ကွာနေတော့ ဒေသ ထူးခြားချက်၊ သတင်းအချက်အလက်တွေမှာ ချစ်တီးတွေက မြန်မာ ငွေချေးစားသူတွေကို လိုက်မမှီပါဘူး။ သည်တော့ သူတို့က မြန်မာငွေချေးစားသူတွေကို ငွေချေး၊ မြန်မာ တဆင့်ခံ ငွေချေးစားသူတွေက ကျန်လယ်သမားတွေကို အတိုးနှုန်းတင် ပြန်ချေးတာတွေ လုပ်ပေးကြပါတယ်။ ဒါအပြင် အပ်ငွေတွေကိုလည်း လက်ခံပါတယ်။ အိန္ဒိယကို ငွေပြန်လွှဲမယ့် ဟွန်ဒီငွေတွေ၊ ဟိုမှာ ကြိုတင်ထုတ် ပေးထား မယ့် ကြိုတင်ဟွန်ဒီသဘောငွေလွှဲတာတွေကိုလည်း လက်ခံဆောင်ရွက်ကြပါတယ်။

ဒီလိုချေးပေးဖို့ ငွေကြေးတွေကို ချစ်တီးတွေက ဘယ်ကနေရသလဲဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ ဗြိတိသျှ ကော်မရှင်ရဲ့ တွေ့ရှိ ချက်ကတော့ ချစ်တီးတွေရဲ့ ချေးငွေ (၇ ပုံ ၁ ပုံ) ဟာ ချစ်တီးလူမျိုးမဟုတ်သူတွေရဲ့ အပ်ငွေ တွေလို့ ဖော်ပြပါတယ်။ အဲသည် သူတို့ငွေရရာ ရင်းမြစ်တွေထဲမှာ မြန်မာပြည်မှာ ရှိနေတဲ့ ချာတာဘဏ်ကြီး တွေ၊ မဒရပ်အခြေစိုက် ချာတာဘဏ်ကြီးတွေနဲ့ သူတို့ဆီမှာ အမြတ်တခုခုရဖို့ လာအပ်နှံတဲ့ ငွေတွေကနေ ရတယ်လို့ ဆိုပါတယ်။ ဗြိတိသျှရဲ့ ဘဏ်ကိစ္စ စုံစမ်းရေးကော်မရှင်က တွေ့တာကတော့ ချစ်တီးတွေချေးပေးနေတဲ့ ငွေတွေရဲ့ (သုံးပုံတစ်ပုံ) လောက်က သူတို့ဆီကို အမြတ်၊ ဒါမှမဟုတ် အသေ အတိုးနှုန်းတခုရဖို့ လာအပ်ထားတဲ့ ငွေတွေ ဆီကနေရပြီး ပြန်ချေးပေးကြတာ ဖြစ်ပါတယ်။ အပ်တဲ့သူတွေက ချစ်တီးမဟုတ်တဲ့ အခြားလူမျိုးတွေလည်း ပါကြပါတယ်။ ချစ်တီးတွေက နိုင်ငံတကာ ဘဏ်ကြီးတွေကို လက်လှမ်းမီပြီး ငွေချေးရယူနိုင်တယ် ဆိုပေမယ့်၊ ဥရောပ ချာတာဘဏ်ကြီးတွေကပဲ အများဆုံး ရတယ်ပြောပါတယ်။ ချစ်တီးတွေကို ငွေမချေးတဲ့ ဟောင်ကောင်၊ ရှန်ဟိုင်း ဘဏ်ကော်ပိုရေးရှင်းလို၊ ယိုကိုဟားမား စပယ်ရှယ်ဘဏ်တို့လို အခြား ဘဏ်တွေလည်း အများကြီး ရှိပါသေးတယ်။ အထူးသဖြင့်ကတော့ ချစ်တီးတွေရဲ့ ရငွေက သူတို့ဆွေမျိုးသားချင်း၊ အချင်းချင်းကြားက ငွေနဲ့ လည်ပတ်ချေးငှားနေကြတာလို့ ဆိုပါတယ်။

ချစ်တီးတွေ ဘာဖြစ်လို့ အောင်မြင်ခဲ့သလဲဆိုတာလည်း စာရေးသူက သုံးသပ်ဖော်ပြခဲ့ပါတယ်။ အဓိက အောင် မြင်မှု ရစေတဲ့အကြောင်းအရင်းကတော့ ယုံကြည်မှု ပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဗြိတိသျှကော်မရှင်ကို တိုင်ကြားကြတဲ့ အထဲမှာ အင်ပီရီယယ်ဘဏ်လို အနောက်တိုင်းဘဏ်ကြီးတွေက မြန်မာငွေချေးစားသူတွေထက်၊ ချစ်တီးဘဏ်တွေကို ပိုပြီး ကျောထောက်နောက်ခံပေးခဲ့တယ်လို့ မကျေနပ်တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။ မှန်လည်း မှန်ပါတယ်။ ချစ်တီးနဒ် ဘဏ်လို့ခေါ်တဲ့ ၁၉၂၉ ခုနှစ်မှာ ချစ်တီးငွေကြေးအဖွဲ့ကြီး ၂-ခုက ထူထောင်တဲ့ ဘဏ်ကို အနောက်တိုင်းဘဏ်တွေက တကယ်ပဲ ပံ့ပိုးခဲ့ကြပါတယ်။ အဓိကကတော့ ချစ်တီးလူမျိုးတွေအပေါ်မှာ ရှိထားတဲ့ ယုံကြည်မှုကြောင့်လို့ ဆိုရင် ရနိုင်ပါတယ်။ ချစ်တီးတွေက ဆွေမျိုးသားချင်း၊ ရပ်ရွာတူ၊ အိမ်ထောင်ပြု ကြတဲ့ ဆက်ဆံရေး၊ ဆွေမျိုးတော်စပ်မှုအပေါ်မှာ အခြေခံလို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု လုပ်ကြပါတယ်။ မွေးလာ ကတည်းက ဘဏ်လုပ်ငန်းနဲ့ ကြီးပြင်းလာတယ် ဆိုရမလောက်ပါပဲ။ မိဘတွေက ကလေးတွေကို သူတို့ လုပ်ငန်းအကြောင်း သင်ကြားထားပေးပြီး၊ အသက် ၁ဝ-၁၂ နှစ် လောက်မှာ အတိုးတွက်တာ၊ တိုးရင်းပေါင်းပေါ် အခြေခံအတိုးတွက်နည်းတွေကို ကျွမ်းကျင်တတ်မြောက်နေကြပါပြီ။ အဲသည်နောက်တော့ အခြားဒေသတွေမှာ အလုပ်လုပ်ဖို့ သွားကြပါတယ်။ မြန်မာပြည်ကို ရောက်လာတဲ့ အချို့ချစ်တီး အေးဂျင့် ကိုယ်စားလှယ်တွေဆိုရင် ၃-နှစ် အလုပ်လုပ်ပါ့မယ် စာချုပ်နဲ့ ရောက်လာကြပါတယ်။ သူအလုပ်လုပ် ငွေချေးငှားစားရင်း သူ့ကိုယ်ပိုင် အရင်းအနှီး ထူထောင်မိသူတွေလည်း ရှိလာကြပါတယ်။ ချစ်တီးတွေရဲ့ ဘဏ်ကွန်ရက်က အရှေ့တောင်အာရှ ဒေသမှာ အကြီးဆုံးကွန်ရက် ဖြစ်နေတော့လည်း ဘဏ်ကြီးတွေက ယုံကြည်ချေးငှားချင်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါအပြင် ဗြိတိသျှအုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တယားထဲက အခြားအိန္ဒိယဝန်ထမ်းတွေရဲ့ ပံ့ပိုးပေးမှု လည်း ပါနိုင်ပါတယ်။

၁၉၃ဝ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဆိုက်တော့ စပါးဈေးကွက်လည်း ပျက်ခဲ့ပါတယ်။ ယခင်က စပါးတင်း (၁ဝဝ) ကို ရူပီး ၁၅ဝ လောက်နဲ့မှန်းပြီး ငွေချေးငှား လုပ်ကိုင်ထားရာကနေ၊ စပါးဈေးက (၁၉၃၃-၃၄) မှာ ၆၄- ၇ဝ ရူပီးလောက်ပဲ ရတဲ့အထိ ကျဆင်းခဲ့ပါတယ်။ ချစ်တီးတွေလည်း သူတို့ချေးငွေ ပြန်မဆပ်နိုင်ကြတော့မှာ ပူပင် ကြရပါတယ်။ ငွေချေးထားတဲ့ လယ်သမားတွေလည်း အပေါင်ထားတဲ့ သူတို့လယ်တွေကို ချစ်တီးတွေလက်ထဲ ထိုးအပ်ရတဲ့ အထိ ဖြစ်လာခဲ့ပါတယ်။ (၁၉၃ဝ) ခုနှစ်မှာ ချစ်တီးတွေပိုင်တဲ့ မြေအချိုးက ၆ ရာခိုင်နှုန်းလောက်ပဲ ရှိရာကနေ၊ (၁၉၃၇-၃၈) မှာတော့ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ ဒီလယ်ဆုံးရှုံးရတဲ့ အဖြစ်တွေ ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး-စီးပွားရေး ဆိုင်ရာသမိုင်းမှာ အရေးကြီးတဲ့အဖြစ် ဖြစ်ခဲ့ရသလို၊ ချစ်တီးလူမျိုးတွေ အတွက်လည်း တနိုင်ငံလုံးရဲ့ဒေါသသင့် ခဲ့ရပါတယ်။ မြန်မာနိုင်ငံ ကျွန်ပြုခံနေရတဲ့ အဖြစ်အပျက်အတွက် ထိုးကြွေးစရာ ဓားစာခံတွေလို ဖြစ်ခဲ့ရပါတယ်။ သူရိယသတင်းစားလို မြန်မာသတင်းစာကြီးတွေက ရှုံ့ချ ရေး သားကြတဲ့အပြင်၊ အချို့ဗြိတိသျှ အာဏာပိုင် အရာရှိတွေကလည်း ချစ်တီးတွေကို အပြစ်ဖို့ကြပါတယ်။ ချစ်တီး ဆိုရင် နောက်ဆုံး လူဆိုးဗီလိန် ကုန်းရုပ် ဖြစ်ခဲ့ရပါတယ်။

ချစ်တီးတွေဟာ အပြစ်ရှိသလား၊ ရိုးသားသူတွေလားလို့လည်း ရှောင်တာနဲက အခုအခန်း နိဂုံးမှာ မေးခွန်း ထုတ် ထားပါ သေးတယ်။ ၁၉၄၂ ခုနှစ် ဂျပန်တွေ မြန်မာပြည်ကို ကျူးကျော်လာစဉ်မှာတော့ အိန္ဒိယနိုင်ငံသား အများ ပြန်ပြေးကြရသလို၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်မှာလည်း ချစ်တီးတွေကို နေရာပေးတာ လုံးဝ မရှိ တော့ပါဘူး။ ပါမောက္ခ ရှောင်တာနဲကတော့ ချစ်တီးတွေကို မြန်မာနိုင်ငံမှာ ဘဏ် ငွေကြေးစနစ်တွေ မထွန်း ကားခင် စဦးဆုံးလာတဲ့ ပုံစံလို့ မြင်သင့်ပါတယ်။ သူတို့ရဲ့ အကျိုးပြုမှုက အနည်းငယ်မျှပဲ ရှိကောင်းရှိနိုင်ပေမယ့် မြန်မာနိုင်ငံကို ဗြိတိသျှအင်ပိုင်ယာရဲ့ စပါးကျီဖြစ်လာအောင် ရှေ့တန်းတွန်းပို့ပေးခဲ့တဲ့ အခန်းကဏ္ဍမှာတော့ အရေးပါ ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ် ခင်ဗျား။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments