Pages

Friday, October 2, 2009

မီးလျှံ နဂါး (၂)။ ချစ်တီးများ


သြစတြေလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ ရှောင် တာနဲ ရေးသားထားတဲ့ “မီးလျှံနဂါး” ဆိုတဲ့ စာအုပ်အကြောင်း တင်ဆက်နေပါတယ်။ မြန်မာနိုင်ငံ ငွေကြေးစနစ်အကြောင်းကို လေ့လာ တင်ပြထားတာပါ။ ဒီတပတ်မှာ တော့ မြန်မာနိုင်ငံ ကိုလိုနီခေတ်ဦးကာလ ချစ်တီးကုလားတွေက စခဲ့တဲ့ ကြွေးမြီ စနစ်၊ အဲဒီစနစ်ရဲ့ အကျိုးဆက် အပေါ်မှာပဲ အငြင်းထွက်ဖွယ် ကွဲလွဲနေကြတဲ့ အမြင်တွေ အကြောင်းကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူ ရှောင်တာနဲက မြန်မာဘုရင်တွေလက်ထက်မှာ ငွေကြေးစီမံခန့်ခွဲပုံတွေကို သူလက်လှမ်းမမှီကြောင်း ကြိုတင် ပြောထားခဲ့ပါတယ်။ အဲသည်တော့ သူ့လေ့လာမှု ကို အင်္ဂလိပ်က ကိုလိုနီကျွန်ပြုလာတဲ့ ခေတ်ဦးကာလ နဲ့ စတင်ခဲ့ပါတယ်။ အဲသည်ကာလမှာ အထူးပြောစရာ ရှိတဲ့အကြောင်းကတော့ ချစ်တီးလို့ ဒီကနေ့ကျနော်တို့ သိနေကြတဲ့ ချစ်တီးယားကုလား ခေါ် ငွေချေးစားသူတွေရဲ့ အကြောင်း ဖြစ်ပါတယ်။ အဲဒီချစ်တီးတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ ကြည့်မြင်သုံးသပ်ပုံက အတော့်ကို ကွဲလွဲလှကြောင်း သူက ဖော်ပြပါတယ်။ တဖက်အမြင် ကတော့ အမျိုးသားရေးကဲတဲ့ အမြင်ဖြစ်ပြီး ချစ်တီးတွေ ဆိုရင် အဆီကိုစားလို့၊ အသားကိုမြို အသွေးစုတ်နေတဲ့ ဗီလိန် ကုန်းရုပ်အနေနဲ့ မြင်လေ့ရှိကြပါတယ်။ ဒီလို အမြင်မျိုးကို မြန်မာ့သမိုင်းတွေမှာ ဖော်ပြခဲ့ကြသလို၊ ဇာတ် လမ်း၊ ပွဲ၊ ရုပ်ရှင်အများမှာလည်း ဖော်ပြကြပါတယ်။ ကျနော်တို့ငယ်ငယ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ဦးမှာ တောင် စူစကာစစ်ဆင်ရေးဆိုပြီး ချမ်းသာကြွယ်ဝသူ တွေရဲ့ ပစ္စည်းဥစ္စာတွေကို ပြည်သူပိုင်သိမ်းတာ၊ အချို့ ချမ်းသာသူတွေကို ဖမ်းဆီးတာတွေ မြင်ခဲ့ရဖူးပါတယ်။

ပါမောက္ခ ရှောင်တာနဲ ပြောတာကတော့ စီးပွားရေးအမြင်ဖက်ကကြည့်ရင် ချစ်တီးတွေက အဲသလို မဟုတ်ဖူး လို့ ဆိုပါတယ်။ အဲသည်ကိုလိုနီခေတ်ဦး ကာလက မြန်မာနိုင်ငံဟာ ကမBာ့စပါးကျီဖြစ်လာရလေအောင် တွန်းပို့ ခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍ အောင်မြင်မှုမှာ အများကြီး အထောက်အကူ ပြုခဲ့သူတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီအခန်းအစမှာ သူက အဲဒီအချိန်က မြန်မာနိုင်ငံ နန်းရင်းဝန် ဆာ ဟားကုတ် ဘတ်တလာ (Sir Harcourt Butler) ရဲ့ ၁၉၂၇ ခုနှစ်မှာ ပြောခဲ့တဲ့ စကားကို ကိုးကားဖော်ပြခဲ့ရာမှာ "အခုပြည်နယ်ရဲ့ ဘဝရှင် သန်ရေးမှာ ခင်ဗျားတို့ဟာ အင်မတန်မှ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ချစ်တီးဘဏ်စနစ်ရဲ့ ပံ့ပိုးကူညီမှုသာ မရှိဘူးဆိုရင် လွန်ခဲ့တဲ့ ၂၅-နှစ်၊ ၃ဝ-နှစ်အတွင်းက ရခဲ့တဲ့ အောင်မြင်မှုမျိုး ဖြစ်လာဖွယ် မရှိဘူး။ အခုမြန်မာ နိုင်ငံ အခြေအနေ ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကထက်စာရင် အများကြီး ချမ်းသာနေခဲ့ပြီ၊ ဒီလိုအခြေအနေ ဖြစ်ပေါ် လာတဲ့အတွက် ချစ်တီးငွေရှင်တွေကို ကျေးဇူးတင်သင့်ပါတယ်" လို့ သူက ချစ်တီးကိုယ်စားလှယ်တွေကို ပြောတဲ့ မိန့်ခွန်းတခုမှာ ပြောခဲ့ပါတယ်။

ဒါကတော့ ကျွန်ပြုလာတဲ့ ကိုလိုနီအင်္ဂလိပ် နန်းရင်းဝန်မိုလို့ ဒီစကားပြော ပေတယ်လို့ စောဒက တက်သူလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲသည်ကာလတွေမှာ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်က ဘယ်လိုရှိခဲ့သလဲ ပြန်ကြည့်ကြရအောင်ပါ။

မြန်မာနိုင်ငံကို ချစ်တီးတွေ ဝင်ရောက်လာတဲ့အချိန်က ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး၊ အောက်မြန်မာနိုင်ငံ ကို အင်္ဂလိပ် တွေ သိမ်းပိုက်ပြီးချိန် ၁၈၅၂ ခုနှစ်လောက် ကတည်းက စတင်လာခဲ့ကြတာပါ။ အဲသည်အချိန်က စလို့ မြေဆီသြဇာ ကြွယ်ဝတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အင်္ဂလိပ်တွေက ဆန်စပါးစီးပွားဖြစ် စိုက်ပျိုးဖို့ စတင်လုပ်ဆောင်ခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်းတွေ၊ တောတွေ၊ ရွှံ့ညွံပြင်တွေကို ခုတ်ထွင်ရှင်းလင်းကြပြီး လယ်တွေ တီထွင်ခဲ့ကြတဲ့ ကနဦးကာလမှာ ဒီလောက်ကြီး အရင်းအနှီး မလိုလှပါဘူး။ စပါးထုတ်လုပ်မှု အလျှင် အမြန် တိုးတက်လာခဲ့သလို အထက်မြန်မာနိုင်ငံက လူထုတွေတောင် အောက်ပြည်ဖက်ကို ပြောင်းရွှေ့အခြေချပြီး လယ်ယာလုပ်ကိုင်ခဲ့ကြပါတယ်။ ၁၈၆၉ ခုနှစ်မှာ စူးအက်တူးမြောင်း ပွင့်သွားပြီးတဲ့ကာလမှာတော့ ဥရောပနဲ့ ကုန်သွယ်မှုက ပိုမို မြန်ဆန်လာပါတယ်။ မြန်မာ့ဆန်တွေကို ဥရောပပို့ဖို့ ပိုမိုလွယ်ကူစေရုံမျှသာမက၊ အာရှဖက် က ပိုဝယ်အားလိုက်လာတဲ့ လူသုံးကုန်တွေကိုပါ ကုန်သွယ်နိုင်ဖို့ အခွင့်အလမ်း တိုးတက်လာစေပါတယ်။ မြန်မာနိုင်ငံ တခုလုံးကို သိမ်းပိုက်ပြီးကာလမှာတော့ ပိုမိုချဲ့ထွင် လုပ်ကိုင် လာနိုင်ပါတော့တယ်။ မြန်မာနိုင်ငံဟာ လည်း ဗြိတိသျှအင်ပိုင်ယာရဲ့ စပါးကျီသဖွယ် ဖြစ်လာခဲ့ပါတယ်။

စပါးကို အရင်က တပိုင်တနိုင် ကိုယ်စားဖို့ ဖူလုံအောင် စိုက်ပျိုးရာကနေ အခုတော့ စီးပွားဖြစ်စိုက်ပျိုးဖို့ ဖြစ်လာ ရပါတယ်။ စပါးစိုက်ပျိုးမှုက မြန်မာနိုင်ငံမှာ ၁၈၄၅ ခုနှစ်ကာလက ဧက သုံးသိန်းခွဲလောက်ပဲ ရှိပြီး၊ စပါးပေါက် ဈေးကလည်း စပါးတင်းတရာကို ၈ ရူပီး ပျမ်းမျှ ရှိခဲ့ပါတယ်။ ၁၉ဝဝ ပြည့်နှစ်ရောက်လာတဲ့အခါမှာတော့ စိုက် ဧက ၆ သန်း ၈ သိန်းကျော်ရှိလာတဲ့အပြင် စပါးပေါက်ဈေးကလည်း တင်းတရာကို ၉၅ ရူပီး ဖြစ်လာပါပြီ။ စပါး ကို စီးပွားဖြစ်စိုက်ပျိုး လာတော့လည်း လယ်ယာသွင်းကုန်တွေအတွက် အရင်းအနှီး လိုအပ်လာပါပြီ။ ဒါပေမယ့် လယ်သမားတွေ တဦးချင်း လိုနေတဲ့ ဒီလို အရင်းအနှီးတွေအတွက်ကို ဗြိတိသျှ၊ ဥရောပ ဘဏ်ကြီးတွေက ဆင်း မလုပ်ချင်ပါဘူး။ အလုပ်ရှုပ်သလို၊ အန္တရာယ်များလှတယ်လည်း ယူဆပါတယ်။ ဗြိတိသျှ (Exchange banks) ကြီး တွေက ဆန်ကြိတ်ခွဲရေး၊ သင်္ဘောတင်ရေး၊ ပြည်ပပို့ကုန်တင်ပို့ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာကိစ္စတွေလောက် မှာသာ ကူညီကြပါတယ်။ အဲသည်တော့ လယ်သမားတွေဆီကို လက်လီချေးဖို့ နေရာ ဝင်ရောက်ယူလာကြသူ တွေကတော့ ချစ်တီးတွေလို့ ခေါ်တဲ့ ငွေချေးစားတဲ့ ချစ်တီးယားဘဏ်စနစ်ရုံးတွေ ဖြစ်ပါတယ်။

ချစ်တီးယားဆိုတဲ့ နတ်တုကိုတိုင် ချစ်တီးယား လူမျိုးတွေက အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးဒေသ ချစ်တီးနဒ်လို့ ခေါ်တဲ့ ဒေသက ဆင်းသက်လာကြတာ ဖြစ်ပါတယ်။ အဲဒီမူရင်းဒေသမှာ လူဦးရေ ၄ သောင်းလောက်ရှိပြီး၊ အရင်ကတည်းက ငွေချေးငှားတဲ့လုပ်ငန်း အောင်မြင်ကြသူတွေဆိုပြီး နာမည်ကျော်ကြတဲ့သူတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ ငွေချေးစားတဲ့လုပ်ငန်းကို အဓိကဦးစားပေး လုပ်ကိုင်လာ ခဲ့ကြပါတယ်။ ၁၉ဝ၅ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ချစ်တီးတွေရဲ့ ငွေချေးတဲ့ရုံး ၃ဝ လောက်ပဲရှိရာကနေ ၁၉၃ဝ မှာ တော့ ချစ်တီးယားရုံး ၁၆၅ဝ အထိ တိုးများလာခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ချစ်တီးယားတွေ ပေါက် ရောက်နေထိုင်ပုံ၊ အလုပ်လုပ်ကြပုံ ကတော့ တပြေးတည်း မရှိကြပါဘူး။ အဲသည်လို စီးပွားဖြစ် စပါးစိုက် ပျိုးလာတဲ့ ကာလနဲ့ မရှေးမနှောင်းမှာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်သူတွေက ၁၈၇၆ ခုနှစ်မှာ မြန်မာနိုင်ငံ မြေနဲ့ အခွန် တော်ဥပဒေကို ပြဌာန်းခဲ့ကြပြီး၊ မြေတခုအပေါ်မှာ လယ်သမားတယောက်က ၁၂ နှစ်တိုင်တိုင် ဆက်တိုက် လုပ်ကိုင်လာရင်၊ အခွန်ဆောင်တာတွေ ဆက်တိုက် ရှိခဲ့ရင် မြေပိုင်ဆိုင်ခွင့် ရှိတယ်လို့ ပြဌာန်းခဲ့ပါတယ်။ ဓားမဦးချ၊ ဘိုးဘွားပိုင်နဲ့ အခြားမြေပိုင်ဆိုင်မှု ပုံစံတွေကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။

ချစ်တီးတွေက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပေါ် ငွေချေးငှားတဲ့ အခါမှာ တခုခုကို အပေါင်ခံအဖြစ်ထားပြီးမှ ချေးငှားကြပါတယ်။ အဲသည်တော့ မြေပိုင်ဆိုင်ခွင့်ကို ဥပဒေအရ ပေါင်နှံ၊ လွှဲပြောင်း၊ ရောင်းချခွင့်တွေ ဗြိတိသျှ ကိုလိုနီအစိုးရက ခွင့်ပြုလာပြီးတဲ့ နောက်မှာတော့ မြေကို အပေါင်ခံလို့ စိုက်ပျိုးရေးစားရိတ် ငွေချေးငှားကြ ပါတယ်။ ချစ်တီးယားတွေရဲ့ မြန်မာနိုင်ငံအတွင်း ၁၉၃ဝ ခုနှစ်ဝန်းကျင်က ချေးငှားထားတဲ့ ငွေပမာဏ စုစုပေါင်း ဟာ မမှားအောင် ခန့်မှန်းပြောရရင် ရူပီးသန်း ၇၅ဝ (ပေါင်စတာလင် သန်း ၅ဝ လောက်) ရှိတယ်၊ ဒီပမာဏ ဟာ အဲဒီအချိန်က မြန်မာနိုင်ငံလုံးမှာ ဗြိတိသျှတွေရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့ ညီမျှတယ်လို့ ရှောင် တာနဲက ဖော်ပြခဲ့ပါတယ်။ ဒီငွေတွေ သွင်းအားကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ထောင်တက်လာရတာ သံသယရှိဖွယ် မရှိပါဘူး။

ဒါပေမယ့် ၁၉၃ဝ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်တဲ့အခါကျတော့ စပါးဈေးကွက်လည်း ပျက်ပါတယ်။ ငွေချေး ထားတဲ့ လယ်သမားတွေလည်း ငွေပြန်မဆပ်နိုင်၊ လယ်တွေသိမ်းခံကြရတဲ့ အခြေအနေကို ရောက်လာပါတယ်။ အဲသည်မှာပဲ ချစ်တီးယားတွေဟာ မုန်းတီးစရာ ဗီလိန်တွေ ဖြစ်လာပါတော့တယ်။ နောက်တပတ်မှာတော့ ချစ်တီးတွေက အရင်းငွေကို ဘယ်လိုရကြသလဲ၊ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ကြသလဲ ဆိုတာနဲ့ သူတို့ရဲ့ ကောင်းကျိုးပြုခဲ့ပုံ၊ စီးပွားပျက်ကပ် နောက်ပိုင်း ဆိုးကျိုးတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော် ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments