Pages

Friday, September 25, 2009

မီးလျှံ နဂါး (၁)


တိုက်တိုက်ဆိုင်ဆိုင် ဆိုရမလားပဲ။ မနေ့ညက မြန်မာနိုင်ငံမှာ ကျပ် ၅၀၀၀ တန်ငွေစက္ကူအသစ် ထုတ်ဝေတော့မယ် ဆိုတာ ကြေညာတာ ကြားခဲ့ရပါတယ်။ ဒီတပတ်မှာတော့ သြစတြေလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ်က စီးပွားရေးပညာရှင် ပါမောက္ခ ရှောင် တာနဲ (Sean Turnell) ရေးသားထားတဲ့ "နဂါးမီးလျှံ" ဆိုတဲ့ စာအုပ်အကြောင်းပြောမှာပါ။ စီးပွားရေး ပညာရှင်ကရေးထားတာ ဆိုတော့ သိုင်း စာအုပ်တော့ မဖြစ်တန်ဘူး ထင်ပါတယ်။ သူက မြန်မာပြည်ရဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးစနစ်အကြောင်းကို တင်ပြထားပြီး၊ အရာရာကို ထိလိုက်ရင် မီးကျွမ်းသွားစေတဲ့ နဂါးလိုမျိုး အစိုးရမူဝါဒတွေက စီးပွားရေးစနစ်၊ အရာကိစ္စ အတော်များများကို လောင်ကျွမ်းပျက်စီးစေတဲ့ သဘောကို တင်စားထားတာပါ။

သောတရှင် မိတ်ဆွေများခင်ဗျား။
၂ဝ ရာစုဆန်းစကာလမှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၁ ရာစု ဆန်းစ ကာလမှတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံတခု ဖြစ်သွားခဲ့ပါတယ်။ ဒီလိုအစွန်းတရား နှစ်ဖက်ကြားမှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကတော့ ခေတ်သစ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ သမိုင်းကြောင်းလို့ ပြောရပါလိမ့်မယ်။

ဒီကာလကြားထဲမှာ ဖိနှိပ်ခံရတဲ့သမိုင်းတွေ ရှိခဲ့သလို၊ ပြန်လွတ်လပ် ပွင့်လင်းတဲ့ကာလတွေလည်း ရှိခဲ့၊ တခါ ပြန် ဖိနှိပ်ခံရ တာတွေလည်း ရှိခဲ့ပါတယ်။ စီးပွားရေးအရ ပြုပြင်တည်ဆောက်တာတွေလည်း ရှိခဲ့၊ မွမ်းမံပြင်ဆင်တာ တွေလည်း ရှိခဲ့ သလို၊ ပြိုကျပျက်စီးရတာတွေလည်း ရှိခဲ့ပါတယ်။ စီမံကိန်းတွေ ပြင်ဆင်ရေးဆွဲခဲ့ကြတာ ရှိသလို၊ ကမောက်ကမ အခြေအနေတွေ ကြုံခဲ့ရတာလည်း ရှိပါတယ်။ မျှော်လင့်ချက်နဲ့ ပြည့်လျှမ်းတောက်ပနေတဲ့သမိုင်း တွေရှိသလို၊ မျှော်လင့်ချက်တွေ စုံးစုံးမြုပ် စိတ်ပျက်ဖွယ်သမိုင်းတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကာလတွေ ကြားမှာ မြန်မာ ခေါင်းဆောင်တွေ အနေနဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးတဲ့ စီးပွားရေး အောင်မြင်တိုးတက်မှုတွေ ဖြစ်စေဖို့ လိုအပ်တဲ့ အဆောက်အဦ ယန္တယားစနစ် အင်စတီကျူးရှင်းတွေ ဆောက်လုပ်ခဲ့ကြတာ မတွေ့ရဘူးလို့ စာရေးသူ ရှောင်တာနဲက စာအုပ်အဖွင့်ကို စရေးခဲ့ပါတယ်။ သူဆိုလိုတာကတော့ တကယ်အလုပ်ဖြစ်တဲ့၊ လျော် ကန် သင့်မြတ်တဲ့ ငွေကြေးဆိုင်ရာ စနစ်တခု ဖြစ်ပါတယ်။

ဒီလို မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် သမိုင်းကြောင်းကို သေချာလေ့လာထားတဲ့ စာအုပ်ကို ပါမောက္ခရှောင်တာနဲ က "မီးလျှံနဂါး" လို့ နာမည်ပေးခဲ့ပါတယ်။ ဒီနာမည်ကို သူဘယ်က ယူသလဲဆိုတာကတော့ စာအုပ်တနေရာ မှာ ဖော်ပြ ထားတဲ့ ၁၉၂၁ ခုနှစ်က ကရင်လယ်သမားတယောက်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘဏ်ကိစ္စ စုံစမ်းရေး ကော်မရှင်ကို ထွက်ဆိုတင်ပြချက်က ယူထားတာ ဖြစ်နိုင်ပါတယ်။ အဲသည်အချိန်က ချစ်တီးမြီရှင်တွေရဲ့ ကိစ္စ ကို အဲသည်လယ်သမားက တင်ပြရင်း ပြောတာကတော့ "ချစ်တီးဘဏ် တွေက မီးလျှံနဂါးလို ဖြစ်နေကြတယ်။ ထိသမျှမြေကွက်တွေအားလုံး ပြာကျကုန်ရတယ်။" လို့ ဆိုထားခဲ့ပါတယ်။ ဒီပြောစကားကနေပဲ အခုစာအုပ် ခေါင်းစဉ်ကို ထုတ်ယူခဲ့ပုံရပါတယ်။

စာရေးသူ တွဲဘက် ပါမောက္ခရှောင်တာနဲကတော့ သြစတြေလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ်က စီးပွားရေး ပညာရှင် တဦး ဖြစ်ပါတယ်။ သူက အရင်က သြစတြေလျဗဟိုဘဏ်မှာ တာဝန်ယူခဲ့ဖူးပြီး၊ နောက်ပိုင်းမှာတော့ အဲဒီတက္ကသိုလ်မှာပဲ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ (Burma Economic Watch) ဆိုတဲ့ မြန်မာ့စီးပွားရေး အကြောင်း လေ့လာသုံးသပ် နေတဲ့အဖွဲ့တခုကို ဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ ဒီစာအုပ်အတွက်ကို နိုင်ငံအတော် များများက၊ တက္ကသိုလ်အများက စာကြည့်တိုက်၊ မော်ကွန်းတိုက်တွေမှာ သွားရောက်လေ့လာ ခဲ့ရပါတယ်။

ဒီစာအုပ်မှာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံက ငွေကြေးစနစ်၊ ငွေချေးစားတဲ့သူတွေအကြောင်း၊ အသေးစား ငွေချေးလုပ်ငန်းတွေ အကြောင်းကို လေ့လာတင်ပြထားတာ ဖြစ်ပါတယ်။ သူက ဒီစာအုပ်မှာ အဓိကအားဖြင့် သမိုင်းကြောင်း အစီအစဉ်အရ ကိုလိုနီခေတ်ဦးကာလကနေ အခုခေတ်ကာလအထိ ငွေကြေးစနစ် ဖြတ်သန်း ပြောင်းလဲခဲ့ပုံတွေကို တင်ပြထားတာဖြစ်ပါတယ်။ ကိုလိုနီခေတ်ဦးကာလ ချစ်တီးတွေရဲ့ခေတ်၊ နောက်ပိုင်း ကိုလိုနီစနစ်အတွင်းမှာပဲ ပြန်လည်ပြင်ဆင်ရေးလုပ်တဲ့ကိစ္စတွေ၊ ဒုတိယကမ္ဘာစစ် ဂျပန်တွေဝင်လာပြီးတဲ့ကာလ၊ နောက်တော့ လွတ်လပ်ရေးကာလ၊ မဆလ ဆိုရှယ်လစ်လမ်းစဉ်လက်ထက်၊ နောက်ပိုင်း ၁၉၈၈ အာဏာသိမ်း ပြီး လက်ရှိကာလ ဘဏ်တွေရဲ့ အခြေအနေနဲ့ ငွေကြေးစနစ်တွေ အကြောင်း သုံးသပ်တင်ပြထားပါတယ်။ ဒီ အချက်တွေကို သေချာလေ့လာရင် မြန်မာနိုင်ငံအတွက် တခုခုတော့ အရေးကြီးတဲ့ ကိစ္စကို ပြောပြနေတယ်၊ ဘာဖြစ်လို့ စီးပွားရေး အခြေအနေ၊ ဘဏ်တွေ အခြေအနေက ကျဆင်းနေရတာလဲ စတဲ့အဖြေကို ပေးနိုင်မှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံ ရှေ့ဆက်ရမယ့် ခရီးလမ်းအတွက်လည်း အထောက်အကူဖြစ်စေလိမ့်မယ်လို့ စာရေး သူက ဆိုထားခဲ့ပါတယ်။

ငွေကြေး ဘဏ္ဍာရေးစနစ်တွေက တိုင်းပြည်တခု ဖွံ့òဖိးတိုးတက်ဖို့အတွက် အရေးကြီးလှတယ်ဆိုတာ အများက လက်ခံ ထားကြတဲ့ အချက်ဖြစ်ပါတယ်တဲ့။ စီးပွားရေးတွေးခေါ်ပညာရှင်ကြီးတွေဖြစ်တဲ့ အာဒမ်စမစ်တို့ကာလ ၁၈ ရာစုကတည်းက လက်ခံထားကြတဲ့ အချက်ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ အင်စတီကျူးရှင်း ယန္တယားတွေ က ဖွံ့ဖြိုးမှုကို ဆောင်ကျဉ်း ပေးနိုင်ပါတယ်။ လူတွေ စုဆောင်းမိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အဲသည် စုဆောင်းငွေတွေကို အသုံးကျတဲ့ နေရာတွေမှာ ပြန်လည် အသုံးပြုနိုင်စေအောင် ဖန်တီးပေးပါတယ်။ ဘာတာ စနစ် ကုန်ဖလှယ်မှု အခြေအနေမျှမဟုတ်ဘဲ ကြားခံကုန်ဖလှယ်တန်ဖိုး အနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။ တခါ လူတဦးချင်းရဲ့ စုဆောင်းမှုတွေကနေ ပိုကြီးမားတဲ့ အတိုင်းအဆနဲ့ ပြန်လည်ရင်းနှီးမြ‡ုပ်နှံမှုတွေ ဖြစ်လာစေဖို့ စုဆောင်းမိလာစေပါတယ်။ လူတွေကို တီထွင်ဖန်တီးလိုစိတ်၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေလည်း ဖြစ် ပေါ်လာစေပါတယ်။ လူတွေရဲ့စုဆောင်းမှုနဲ့ လိုအပ်ရင် ချေးယူရရှိနိုင်တဲ့ အကြွေးစနစ်တွေလည်း ဖြစ်ပေါ်စေပါ တယ်။ လူတွေ ဝယ်ယူစားသုံးရာမှာ လွယ်ကူချောမွေ့စေပြီး၊ မျှော်လင့်မထားတဲ့ ကိစ္စမျိုးတွေ ကြုံရတဲ့အခါမှာ လည်း အာမခံချက် ရှိစေပါတယ်။ နောက်ဆုံး နိုင်ငံတို့ရဲ့ ချမ်းသာကြွယ်ဝမှုပါ ဖြစ်စေတယ် ဆိုတာ အာဒမ် စမစ် တို့ကာလ ကတည်းက ပြောဆိုညွှန်ပြထားခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အခုအချိန်အထိ ခိုင်မာ လျော်ကန်တဲ့ ငွေကြေးယန္တယားတွေ ချို့တဲ့နေတုန်းပါ။ ဒီကိစ္စတွေကို စာရေးသူက ကာလအပိုင်းအခြားအလိုက် လေ့လာ ထောက်ပြထားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးဘဏ္ဍာရေးစနစ်နဲ့ ပတ်သက်ရင် စာအုပ်စာတန်းက အနည်းအကျဉ်းမျှသာပဲ ရှိတဲ့ အထဲက အခုစာအုပ်က စာအုပ်ကောင်းတခု ဖြစ်ပါတယ်။ အချို့နိုင်ငံခြား ပညာရှင်တွေရေးတဲ့ မြန်မာငွေကြေး နဲ့ ဒင်္ဂါးများအကြောင်း စသဖြင့် စာအုပ်အနည်းငယ် ရှိပါတယ်။ ဒါ့အပြင် မြန်မာ စီးပွားရေးပညာရှင် ဦးထွန်းဝေ ရေးသားတဲ့ ၁၉၅၃ ထုတ်၊ မြန်မာ့ငွေကြေးနဲ့ အကြွေးခရက်ဒစ်စနစ် စာအုပ် ရှိပါသေးတယ်။ ၁၉၆၂ ခုနှစ်မှာ တခါ ပြန်လည်တည်းဖြတ်ထုတ်ခဲ့ပါတယ်။ ဦးထွန်းဝေရဲ့စာအုပ်က မူဝါဒချမှတ်သူတွေကို အကြံပြု တင်ပြနိုင်အောင် ချည်းကပ်ရေးသားပုံမျိုး ဖြစ်ပြီး၊ ပါမောက္ခ ရှောင်တာနဲ စာအုပ်ကတော့ သမိုင်းကြောင်းလေ့လာမှု ဆန်ပါတယ်။ ဒါပေမယ့်လည်း သူ့စာအုပ်ရဲ့ အကန့်အသတ်တွေ ကိုလည်း စာရေးသူက မချွင်းမချန်တင်ပြထား ပါသေးတယ်။ ပထမအချက်က ဒီသမိုင်းက ၁၈၈၅ ဗြိတိသျှတွေ ကိုလိုနီ သိမ်းပိုက်ချိန်က စတာဖြစ်လို့၊ မြန်မာ ဘုရင်တွေခေတ်က ငွေကြေး ချေးငွေစနစ်တွေအကြောင်းကို ဖော်ပြထားခြင်း မရှိပါဘူး။ ဒုတိယအချက်ကတော့ သိကြတဲ့အတိုင်း အရင်ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးကာလက စာရင်းဇယားတွေကို အတိအကျ ကိုးကားနိုင်ပြီး အခုအခြေအနေမှာ မြန်မာပြည်က ကိန်းဂဏန်းစာရင်းဇယားတွေက အတော့်ကို ရှေ့နောက်မညီ ပုံပျက်ပန်း ပျက်ဖြစ်နေတော့ ဘက်မမျှတဲ့ အနေအထားပါလို့ ဆိုထားပါတယ်။

စာရေးသူက မြန်မာနိုင်ငံမှာ ကမ္ဘာကျော်လောက်တဲ့ စီးပွားရေးပညာရှင်တွေ ပေါ်ထွက်ခဲ့ကြတယ်။ ဥပမာ ဦးထွန်းဝေ၊ ဒေါက်တာလှမြင့်၊ ဒေါက်တာမြမောင်၊ ဒေါက်တာခင်မောင်ကြည်၊ ဒေါက်တာဖင်ဒလေ စသဖြင့် များစွာရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဦးနှောက် အကြံဉာဏ်တွေကို နေရာပေးမခံရ၊ အသုံးချမခံရဘဲ အာဏာ ရှိသူတွေက ချယ်လှယ်နေ ကြတဲ့ ဝမ်းနည်းဖွယ် အနေအထားကိုလည်း ဖော်ပြခဲ့ပါတယ်။ နောက်တပတ်မှာတော့ ဒီစာအုပ်က တင်ပြချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)



No comments:

Recent Comments