Pages

Friday, September 18, 2009

ချစ်သမီးငယ် (၁၁)


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ နောက်ဆုံးအပိုင်းအဖြစ် ဇိုရာဖန်း ထိုင်းနိုင်ငံကို ပြန်ရောက်ပြီး သူ့အဖေ ဖဒိုမန်းရှာနဲ့ နောက်ဆုံး ဆုံတွေ့ရပုံ၊ သိပ်မကြာခင်မှာပဲ ဖဒိုမန်းရှာ လုပ်ကြံခံခဲ့ရတဲ့ အဖြစ်တွေကို တင်ပြပါမယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။
ဇိုရာဖန်း အင်္ဂလန်နိုင်ငံမှာ ခိုလှုံခွင့်ကျလာပြီးတဲ့အချိန်မှာ ခရီးသွားခွင့် လက်မှတ် လျှောက်လို့ ထိုင်းနိုင်ငံကို အရောက်ပြန်လာ ခဲ့ပါတယ်။ ဒီတခါ ပြန်လာတော့ အရင်ခရီးတွေနဲ့မတူပါဘူး။ ဇိုရာဖန်းကို လုပ်ကြံဖို့အစီအစဉ် ရှိနေတယ်ကြားရတော့ အင်္ဂလန်က မိတ်ဆွေတွေကလည်း စိတ်ပူကြပါတယ်။ သူ့ကို ဂျွန်လို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံ မရိန်းတပ်ဖွဲ့က တပ်သားဟောင်း တယောက်နဲ့တောင် ရက်တိုကိုယ်ခံပညာ သင်တန်းတွေ တက်စေကြပါတယ်။ သူပြန်ဖို့ ခရီးစီစဉ်ထားတဲ့အချိန်က ၂ဝဝ၈ ခုနှစ်၊ ဇန်နဝါရီလထဲမှာပါ။ အင်္ဂလန်က မြန်မာ့အရေးလှုပ်ရှားနေတဲ့ (Burma Campaign UK) အဖွဲ့ကလည်း ဇိုရာဖန်းနဲ့ အတူ အင်္ဂလန်ကနိုင်ငံရေးသမားတွေ၊ သတင်းမီဒီယာအဖွဲ့ တွေကိုပါ အတူစေ လွှတ် ဖို့ စီစဉ်ကြပါတယ်။ သူက နာမည်ကြီး နေပြီးတဲ့သူတဦး မဟုတ်ပါလား။ သူတို့က မဲလ ဒုက္ခသည်စခန်းနဲ့ ဒေါက်တာစင်သီယာမောင် ဆေးခန်းကို ဝင်ရောက်လည် ပတ်လေ့လာကြဖို့ စီစဉ်ထားပါတယ်။

ဇိုရာဖန်းနဲ့အတူ စပိန်နိုင်ငံက လွှတ်တော်အမတ်တဦး၊ စပိန်နိုင်ငံက အဲန်ဂျီအိုတွေနဲ့ သတင်းဌာနတွေ၊ အက်စတိုးနီးယန်း နိုင်ငံရေးခေါင်းဆောင်တဦးနဲ့ သတင်းဌာနတွေ၊ ဘီဘီစီသတင်းဌာနနဲ့ (Burma Campaign UK) အဖွဲ့က မာ့က် ဖာမနာ ကိုယ်တိုင် လိုက်ပါလာခဲ့ပါတယ်။ သူတို့ဧည့်သည်တွေကို မြန်မာနိုင်ငံက အိုင်ဒီပီလို့ ခေါ်နေကြတဲ့ ပြည်တွင်းမှာ တိမ်းရှောင် ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစေဖို့လည်း စီစဉ်ထားကြပါ တယ်။

ဒါဟာ သူ့မိသားစု ပြန်ဆုံရဖို့ နောက်ဆုံးခရီးလို့ပဲ ပြောရပါလိမ့်မယ်။ ဇိုရာဖန်းကို သူ့အဖေ ဖဒိုမန်းရှာက အိမ်ပေါက်ဝကနေ ဆင်းကြိုပါတယ်။ အဖေတူသမီး နိုင်ငံရေးထက်သန်တဲ့သမီး ဖြစ်တဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူနေတဲ့ဟန်ပါပဲ။ သူ ၃-နှစ်လောက်ကြာ မတွေ့ရတဲ့ကာလမှာ သူ့အစ်ကိုဆေးဆေး တယောက် ကတော့ အင်မတန် ရင့်ရော်သွားပါတယ်။ ဖဒို မန်းရှာ ကတော့ ကေအဲန်ယူအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ်သာ မက၊ တပ်ပေါင်းစု ခေါင်းဆောင်အဖြစ်ပါ သတင်း မီဒီယာတွေမှာ နေ့စဉ်နဲ့အမျှ မှတ်ချက်ပေး ပြောတာတွေလုပ် နေရပါတယ်။ တာဝန် ပိုကြီးလာသလို သူ့ကိုမုန်းတဲ့သူတွေ လည်း ပိုများပြားလာခဲ့ပါတယ်။ ဖဒိုမန်းရှာကတော့ ဇိုရာဖန်းကို ဘာဖြစ်လို့ ဇိုရာ ဆိုတဲ့အမည်ပေးရတာကို ထပ်လို့ ရှင်းပြ ပါတယ်။ တချိန် ရုရှား တော်လှန်ရေး ရဲမေ လေးကို စွဲလို့ ပေးထားတဲ့နာမည်ဖြစ်ပြီး၊ အခုလို သူ့သမီးက ထိုက်ထိုက်တန်တန် လှုပ်ရှား နေတဲ့အတွက် ကြောင့်လည်း သူပိုကြည်နူးရပါတယ်။ အခုလို သူ့ဘဝဖြတ်သန်းခဲ့ရပုံအကြောင်း စာအုပ်စရေး နေပြီ လို့လည်း သူ့အဖေကို အသိပေးခဲ့ပါသေးတယ်။ သူတို့ခရီးစဉ်က သိပ်မကြာသလို၊ သူတို့မိသားစုလည်း သိပ်ကြာကြာ မဆုံ လိုက်ရပါဘူး။ ဒါပေမယ့် ဒီခရီးစဉ်ကြောင့် သတင်းမီဒီယာတွေမှာ အသားပေးဖော်ပြတာ၊ ဗြိတိန်အစိုးရ အပေါ် မြန်မာပြည် အရေးမူဝါဒနဲ့ ပတ်သက်လို့ ဝေဖန်မေးခွန်းထုတ်ရတာတွေ ဖြစ်လာခဲ့ပါတယ်။

လာမည့်ဇူလိုင်လမှာ သူ့မဟာဝိဇ္ဇာဘွဲ့ယူတဲ့အခါ သူ့အဖေရောက်အောင် လာခဲ့ရမယ်လို့လည်း သူက ပူဆာခဲ့ ပါသေးတယ်။ သူ့အဖေကတော့ လာပါမယ်လို့ ကတိပေးပါတယ်။ ဒါပေမယ့် သူပြန်ရောက်ပြီး မကြာပါဘူး။ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ည မှာ သတင်းဆိုးတခု ဝင်လာခဲ့ပါတယ်။ ဖဒိုမန်းရှာ လုပ်ကြံခံလိုက်ရပြီဆိုတာ ဟုတ်သလား မေးမြန်းဖို့ သတင်းဌာနတွေ ဆီက သူ့ကို အတည်ပြုပေးဖို့ မေးလာခဲ့ကြပါတယ်။ ဖဒိုမန်းရှာ လုပ်ကြံခံရ တဲ့ရက်စွဲက ချစ်သူများနေ့လို့ခေါ်နေကြတဲ့ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ပါ။ သူနဲ့ သူ့အမ ဘွားဘွားတို့ အကြီး အကျယ်တုန်လှုပ်နေကြရပါတယ်။ မဖြစ်နိုင်ဘူး၊ မဖြစ်ပါ စေနဲ့ လို့လည်း သူတို့ ဆုတောင်းနေကြပါတယ်။ မြန်မြန် ဆန်ဆန် ဒီလိုအဖြစ်ဆိုး ဖြစ်လာမယ်လို့လည်း သူတို့မျှော်လင့် မထားမိကြပါဘူး။ သူ့ဖခင်ဈာပနအတွက် ဇိုရာ ဖန်းတယောက် ထိုင်းနိုင်ငံ ပြန်ရောက်လာရပြန်ပါတယ်။ ဇိုရာဖန်းက မပျော့ညံ့မိအောင် သူ့ကိုယ်သူ အားတင်း ပါတယ်။ သူ့ဖခင်က မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်ခဲ့တယ်၊ ဒီရပ်တည်ချက် အမှန်တရားကို ကြောက်တဲ့ ရန်သူတွေကပဲ သူ့ဖခင်ကို လုပ်ကြံခဲ့ကြတယ်လို့ ဇိုရာဖန်းက သူ့ဖခင်ဈာပန နောက်ဆုံး ထုတ်ပြန် ချက်မှာ ရေးခဲ့ ပါသေးတယ်။ သူ့အဖေကိုသာ လုပ်ကြံလို့ရနိုင်မယ်၊ သူ့အဖေရဲ့ အိပ်မက်တွေကို လုပ်ကြံသတ် ဖြတ် လို့ မရနိုင် ဘူးလို့လည်း သူကရေးခဲ့ပါသေးတယ်။

ဒီလိုကြေကွဲဝမ်းနည်းဖွယ် အကြောင်းနဲ့ သူကစာအုပ်ကို သိမ်းခဲ့ပါတယ်။ သူတို့တတွေ အိမ်ပြန်ရဖို့ ကူညီပါလို့ လည်း သူက စာဖတ်သူတွေကို တိုက်တွန်းထားခဲ့ပါသေးတယ်။

ဒီစာအုပ်အပေါ်ကို ခြုံငုံဖော်ပြရမယ်ဆိုရင်တော့ ဖတ်သင့်တယ်၊ ဖတ်ပျော်တဲ့ စာအုပ်တအုပ်လို့ ညွှန်းပါရစေ။ ဒါပေမယ့် လေးလေးနက်နက် သမိုင်းအဖြစ် ကိုးကားဖို့တော့ သင့်လျော်လှတဲ့ စာအုပ်မျိုးမဟုတ်ပါဘူး။ ကျနော် တင်ပြခဲ့သလိုပဲ စာအုပ်ထဲမှာ ရှေ့နောက် အစီအစဉ်လွဲနေတာတွေ၊ တခါတလေ ဇာတ်လမ်းဆင်ထားသလို နည်းနည်းလွန်လွန် ကျူးကျူး ဖော်ပြထားတာလေးတွေလည်း တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် စာရေးသူ ဇိုရာဖန်း ရဲ့ ရိုးရိုးသားသားတင်ပြပုံကလေး ပေါ်လွင်သလို၊ တောတွင်းမှာ ကြီးပြင်းလာရတဲ့ ကရင်မိန်းမပျိုးကလေး တယောက်ရဲ့ ရုန်းကန်လှုပ်ရှားရပုံ၊ နောက်ပိုင်း စာသင်ဖို့ နိုင်ငံရပ်ခြားရောက်သွားတော့လည်း ရုန်းကန်ရပုံတွေ ကို စိတ်ဝင်စားဖွယ် ဖတ်ရပါလိမ့်မယ်။

မိတ်ဆွေတဦးကတော့ ဒီစာအုပ်မျိုးဟာ မြေအောက်ရထားပေါ်မှာ၊ လေယာဉ်ပေါ်မှာ သွားရင်းလာရင်း ဖတ်သွား နိုင်တဲ့ ပေါ့ပေါ့ပါးပါး စာအုပ်မျိုးလို့ ပြောပါတယ်။ သူပြောတာ တော့ မမှားပါဘူး။ မြန်မာနိုင်ငံအကြောင်း နိုင်ငံ တကာက သိဖို့ ကြိုးပမ်းနေကြတဲ့ အချိန်မှာ လေးလေးနက်နက် စာအုပ်ကြီးတွေသာ မကဘဲ ဒီလိုစာအုပ်မျိုး တွေလည်း လိုအပ်လှပါတယ်။

နောက်တပတ်မှာတော့ သြစတြေလျနိုင်ငံ မက်ကွိုင်းယားတက္ကသိုလ်က မြန်မာ့စီးပွားရေးအကြောင်းလေ့လာ သုံးသပ်နေတဲ့ ပါမောက္ခရှောင်တာနဲရဲ့ စာအုပ်တအုပ်ကို တင်ပြဖို့ရွေးချယ်ထားပါတယ်။ သူက စာအုပ်ကို မီးလျှံ နဂါးလို့ နာမည်ပေးထား ပါတယ်။ ထိလိုက်သမျှ အရာအားလုံးကို မီးလောင်ကျွမ်းစေတဲ့ နဂါးမီးလုံးလိုမျိုး မြန်မာ ပြည်စီးပွားရေးစနစ်တခုလုံး ကမောက်ကမဖြစ်စေတဲ့ အစိုးရရဲ့ ဘဏ္ဍာရေး၊ ငွေကြေးမူဝါဒတွေအကြောင်း တင်ပြ ထားတာပါ။ အထူးသဖြင့်တော့ မြန်မာ ပြည်က ဘဏ်တွေအကြောင်း၊ ငွေချေးစားနေသူတွေအကြောင်း၊ အသေးစားငွေချေးလုပ်ငန်းတွေအကြောင်း တင်ပြမှာ ဖြစ်ပါတယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments