Pages

Friday, October 23, 2009

မီးလျှံနဂါး (၄)။ ကိုလိုနီခေတ်က သမဝါယမ ငွေစုငွေချေးလုပ်ငန်း


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်းအကြောင်းကို တင်ပြ နေပါ တယ်။ အခုအပတ်မှာတော့ ကိုလိုနီခေတ်ဦးပိုင်းက လယ်သမားတွေကို တနည်းတဖုံ အကူအညီပေးဖို့ ကြိုးပမ်းရင်း ဗြိတိသျှကိုလိုနီအစိုးရက ဆောင်ရွက်ခဲ့တဲ့ သမဝါယမ ငွေစုငွေချေးလုပ်ငန်းတွေ အကြောင်းကို ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ကိုလိုနီခေတ်ဦးပိုင်းမှာ ဗြိတိသျှအိန္ဒိယ အစိုးရက ငွေချေးစား အမြတ်ကြီးထုတ်သူတွေ ကို ထင်တိုင်းလုပ်တာ မဖြစ်ရ လေအောင် ကာကွယ်ပေးတဲ့အနေနဲ့ သမဝါယမ ငွေစု ငွေချေး လုပ်ငန်းတွေ ထူထောင်ပြီး လယ်သမားတွေကို ကူညီဖို့ ကြိုးပမ်းပေးခဲ့တဲ့ အကြောင်းကိုလည်း ပါမောက္ခ ရှောင်တာနဲက နောက်တခန်းမှာ ဖော်ပြခဲ့ပါတယ်။ ၁၉ဝ၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အိန္ဒိယနိုင်ငံ အငတ်ဘေးဆိုက်မှု ကြီးဆိုင်ရာ ကော်မရှင်ရဲ့ အကြံပေးချက်အရ လယ်သမား လူဆင်းရဲတွေကို ငွေစုငွေချေး သမဝါယမတွေ ထူ ထောင်ပေးပြီး ကူညီဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်အချိန်က မြန်မာနိုင်ငံဟာ ဗြိတိသျှအိန္ဒိယ ကိုလိုနီ ရဲ့ ပြည်နယ်တခုအဖြစ် ရှိနေတော့ ၁၉ဝ၄ ခုနှစ်မှာ သမဝါယမ ငွေစုငွေချေး အသင်းအဖွဲ့များ အက်ဥပဒေ (Cooperative Credit Societies Act) ပြဌာန်း လုပ်ဆောင်လာတဲ့အခါ မြန်မာနိုင်ငံမှာလည်း အကျုံးဝင်ပြီး စတင်အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်က အိန္ဒိယမှာရှိ ကိုလိုနီအုပ်ချုပ်ရေး အရာရှိတွေက အိန္ဒိယနိုင်ငံကို အခြေပြုလို့ စဉ်းစား လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကြွေးမြီအခြေအနေတွေကို ထည့်သွင်းစဉ်း စားခဲ့တာ မဟုတ်ပါဘူး။

ဒီလို သမဝါယမ ငွေစုငွေချေး လုပ်ငန်းတွေကို အစပြုခဲ့တဲ့ အခြေခံစဉ်းစားချက် သဘောတရားက ဂျာမန်က သမဝါယမ ဆိုင်ရာ တွေးခေါ်ပညာရှင်တွေဆီက နည်းနာယူခဲ့တယ် ဆိုပါတယ်။ အဲဒီအချိန်မတိုင်ခင် ၁၈ ရာစု နှောင်းပိုင်းမှာ ဂျာမန်မှာ သမဝါယမလုပ်ငန်း အတွေးအခေါ်တွေနဲ့ ပတ်သက်လို့ သြဇာကြီးသူ ပညာရှင် ၂ ဦး ရှိပါတယ်။ ဟာမန်း ရှု ဒီလစ် (Hermann Schulze-Delitzcsh) ရဲ့ အယူအဆကတော့ မြို့ပြကို အခြေခံပြီး အသေးစား စက်မှုလုပ်ငန်းရှင်တွေ၊ ကုန်သည်အငယ်စားတွေကို အခြေပြုတဲ့ သမဝါယမျိုး ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ အဲသည်အချိန်က လုပ်ဆောင်ခဲ့တဲ့ သမဝါယမမျိုးကတော့ အခြား ပညာရှင်တဦးဖြစ်တဲ့ ဖရက်ဒရစ် ရိုင်ဖီဆင် (Friedrich Raiffeisen ) အယူအဆနဲ့ ပိုနီးစပ်တယ် ဆိုပါတယ်။ သူက ကျေးလက် လယ်သမားတွေ နဲ့ ချေးငွေရဖို့ လိုအပ်နေတဲ့ စိုက်ပျိုးရေးသမားတွေကို အခြေခံတဲ့ သမဝါယမမျိုးပါ။ ရိုင်ဖီဆင်ရဲ့ အယူအဆက တော့ ဒီကနေ့ခေတ်စားနေတဲ့ (microfinance) ခေါ်တဲ့ အသေးစားငွေချေး လုပ်ငန်းတွေရဲ့ သဘောတရားနဲ့ လည်း နီးစပ်ပါတယ်။ သူက ဆင်းရဲသူတွေ၊ အပေါင်တင်စရာ ပစ္စည်းမရှိတဲ့ လယ်သမားတွေကို ငွေချေးတဲ့အခါ နီးကပ်သူ မိတ်ဆွေအချင်းချင်း စောင့်ကြည့်ထိန်းသိမ်းတဲ့ နည်းမျိုးပါ။ သဘောကတော့ နီးစပ်သူ အချင်းချင်း အကြား တယောက်အကြောင်း တယောက်ပိုသိကြပြီး၊ အခုလို ငွေချေးခြင်းအားဖြင့် (social capital) လို့ခေါ် တဲ့ လူမှုအရင်းအနှီး ပိုမိုကြီးထွားလာစေတဲ့ နည်းပါပဲ။

ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ငွေစုငွေချေးအသင်းကို မြင်းမူမြို့နယ်မှာ ၁၉ဝ၅ ခုနှစ်မှာ အဖွဲ့ဝင် ၁၉ ဦးနဲ့ စတင်ခဲ့ပါတယ်။ ၁၉၁ဝ ခုနှစ်မှာတော့ ငွေစုငွေချေး သမဝါယမအသင်း ၂၅၂ သင်း၊ အဖွဲ့ဝင် ၆ဝဝဝ ကျော်နဲ့ ချေးငွေပမာဏ ၇၉ဝဝဝ ရူပီး ရှိနေပါပြီ။ မြန်မာနိုင်ငံက သမဝါယမတွေရဲ့ အောင်မြင်မှု အမြင့်ဆုံး အချိန်လို့ ပြောရမယ့် ၁၉၂၅ ခုနှစ်မှာတော့ ငွေစုငွေချေးအဖွဲ့ ၄ဝဝဝ ကျော်၊ အဖွဲ့ဝင် ၉ သောင်းကျော်နဲ့ ငွေချေးပေးနိုင်တဲ့ ပမာဏ ရူပီး ၁၈ သန်း ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီငွေစုငွေချေး သမဝါယမတွေကို အဆင့် ၃-ခု ခွဲထားပါတယ်။ အောက်ဆုံး အခြေခံအဆင့်မှာ အခြေခံ ငွေစုငွေချေး သမဝါယအဖွဲ့တွေရှိနေပြီး၊ ပျမ်းမျှ အဖွဲ့ဝင် ၂ဝ ခန့် ရှိကြ ပါတယ်။ သူတို့က အပ်ငွေစုတာ၊ ငွေချေးတာတွေ လုပ်ကြပါ တယ်။ အဖွဲ့ထံ အပ်ငွေအပေါ် အတိုးနှုန်း တနှစ်ကို ၁ဝ ရာခိုင်နှုန်းလောက်ပေးပြီး၊ ပြန်ချေးတော့ ၁၂ ကနေ ၁၅ ရာခိုင်နှုန်း အတိုးနဲ့ ပြန်ချေးကြပါတယ်။ တနှစ်တခါ အစည်းအဝေးခေါ်ပြီး ကိုယ်စားလှယ်၊ အမှုဆောင်တွေကို ရွေးချယ်ကြပါတယ်။ ကိုလိုနီအစိုးရရဲ့ ပြဌာန်းထားတဲ့ သမဝါယမ လက်စွဲစာအုပ်မှာတော့ အဖွဲ့ဝင်တွေဟာ ရိုးသားရမယ်လို့ ဖော်ပြထားပါတယ်။ သူတို့နဲ့ ချစ်တီးငွေ ချေးသမားတွေ ကွာခြားတာကတော့ သူတို့က လယ်ယာလုပ်ငန်းသုံးအတွက်ပဲ ချေးပါတယ်။ ပျော်ပွဲရွှင်ပွဲ အခြား သာရေးနာရေး ပွဲလမ်းတွေအတွက် မချေးပါဘူး။

အဲသည်အထက် တဆင့်မြင့်တဲ့ အဆင့်မှာတော့ (Union) သမဂ္ဂတွေ ရှိပါတယ်။ အဲသည်မှာ ငွေစုငွေချေး သမ ဝါယမ အဖွဲ့တွေ ပေါင်းစုထားတဲ့ အဆင့်ပါ။ လခစား ကြီးကြပ်ရေးမှူးနဲ့ စာရေးတယောက်ရှိပြီး သူတို့က ဆက်စပ်ညှိနှိုင်းရေး လုပ်ငန်းတွေ၊ သမဝါယမ သဘောတရားတွေ မူတွေ သင်ကြားပို့ချတာ လုပ်ကြပါတယ်။ နောက်တဆင့် တတိယ အဆင့်မှာတော့ ဗဟိုသမဝါယမဘဏ်တွေ ရှိကြပါတယ်။ ပထမဦးဆုံး သမဗဟိုဘဏ်ကို ပခုက္ကူမြို့မှာ ၁၉ဝ၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဒီဘဏ်တွေက အပ်ငွေလက်ခံတာ၊ ရန်ပုံငွေရှာတာ၊ အခြားဘဏ်ကြီး တွေနဲ့ ဆက်စပ် ဆောင်ရွက် တာ ဖြစ်ပါတယ်။ အအောင်မြင်ဆုံးဖြစ်ခဲ့တာကတော့ မန္တလေး ခရိုင် သမဝါယမဘဏ် ဖြစ်ပြီး သမလုပ်ငန်းတွေ အအောင်မြင်ဆုံး အချိန်မှာ မြန်မာနိုင်ငံ တနံတလျားမှာ သမ ဝါယမ ဗဟိုဘဏ် (၂၃) ခု အထိ ရှိခဲ့ပါတယ်။ ဒီဘဏ်တွေက အောက်ခြေ ငွေစုငွေချေး သမအသင်းတွေကို ကြီးကြပ်ညွှန်ကြားတာ မလုပ်ကြပါဘူး။ သူတို့ လိုချင်တဲ့ ချေးငွေရအောင် ရှာဖွေပေးကြတာသာ ဖြစ်ပါတယ်။

ဒီလို သမဝါယမ ငွေစုငွေချေး လုပ်ငန်းတွေ အောင်မြင်ခဲ့တယ် ဆိုပေမယ့်လည်း အအောင်မြင်ဆုံးအချိန် ၁၉၂၅ ခုနှစ်မှာ စုစုပေါင်းချေးပေးနိုင်တဲ့ ငွေက ရူပီး ၆. ၆ သန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ လယ်သမားတွေရဲ့ လိုအပ်ချက် က ရူပီး သန်း ၂ဝဝ လို့ ဘဏ်စုံစမ်းရေး ကော်မရှင် အစီရင်ခံစာမှာ ခန့်မှန်းထားလေတော့ လိုအပ်မှုရဲ့ ၃ ရာခိုင် နှုန်းမျှပဲ ချေးပေးနိုင်တဲ့ အနေအထား ရှိခဲ့ပါတယ်။ ကမ္ဘာ့စီးပွားပျက်ကပ် ၁၉၃ဝ ခုနှစ်အပြီး စပါးဈေးကွက် ပျက် လာတော့ သမဝါယမငွေစုငွေချေး အဖွဲ့တွေလည်း ထိပါတယ်။ ချေးငွေပြန်မဆပ်နိုင် ဖြစ်လာကြပြီး၊ နောက်ဆုံး သမဝါယမ လုပ်ငန်းတွေလည်း ပျက်ရတာ ဖြစ်လာပါတော့တယ်။ အမြင့်ဆုံး အအောင်မြင်ဆုံး အချိန်က ငွေစု ငွေချေးအသင်း ၄ဝဝဝ ကျော် ရှိရာက ၁၉၃၅ ခုနှစ်မှာ အသင်း ၁၃ဝဝ မျှပဲ ကျန်ပါတော့တယ်။ ခရိုင်သမဘဏ် တွေက ငွေပံ့ပိုးပေးဖို့ ကိုလိုနီဗြိတိသျှ အစိုးရကို အကူအညီ တောင်းတော့လည်း ၁၉၂၇ ခုနှစ်မှာ ကူညီဖို့ ပယ်ချ ခဲ့ပါတယ်။ သမဝါယမ ငွေစုငွေချေးအဖွဲ့တွေ ဘာလို့ ပျက်ရ သလဲ ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ကိုလိုနီအစိုးရက ကဲလ်ဗတ်ကော်မတီ (Calvert Committee) လို့ လူသိများတဲ့ ကော်မီတီကို ကိုလိုနီအစိုးရတွင်းက အရာရှိတွေ၊ မြန်မာ အရာရှိတွေနဲ့ တာဝန်ပေးခဲ့ပါသေးတယ်။ စုံစမ်းရေးကော်မီတီ တွေ့ရှိချက် ကတော့ မျက်စေ့မှိတ် ငွေချေးခဲ့တာ၊ သမဝါယမ သဘောတရားကို သဘောမပေါက်၊ နားမလည်ကြတာကြောင့် အဓိက ဖြစ်ရတယ်လို့ ဖော်ပြပါတယ်။ စာရင်းစစ်တွေက သေချာ အလုပ်မလုပ်ကြဘူး။ စာရင်းတွေကလည်း စာရွက်ပေါ်မှာညှိထား ကြ တယ် စသဖြင့် ဖော်ပြပါတယ်။

၁၉၃၇ ခုနှစ်မှာတော့ မြန်မာနိုင်ငံက အိန္ဒိယအုပ်ချုပ်ရေးကနေ ခွဲရေး-တွဲရေး ဖြစ်လာပြီး နောက်ဆုံးသီးခြား အုပ်ချုပ်ရေး စနစ် အဖြစ်ခွဲထုတ်ခဲ့ပါတယ်။ ခွဲထုတ်ခဲ့ပြီး ကိုလိုနီခေတ် မြန်မာနိုင်ငံမှာ ပထမဦးဆုံး နန်းရင်းဝန် ဖြစ်သူ ဒေါက်တာဘမော် လက်ထက်မှာလည်း လယ်ယာနဲ့ ကြွေးမြီစနစ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ရေး အဓိက ကြိုးပမ်းခဲ့သေးတယ် ဆိုပါတယ်။ မြေယာနဲ့ စိုက်ပျိုးရေးကော်မီတီဖွဲ့စည်းပြီး သေချာလေ့လာ အစီရင်ခံ စေခဲ့ပါတယ်။ ဒီကော်မီတီက သမဝါယမ ငွေစုငွေချေး အသင်းတွေ ဆက်လက်ရှိနေသင့်ကြောင်း အကြံပေး ခဲ့ပေမယ့်လည်း စနစ်တကျ ဆက်လက်လုပ်ဆောင်တာ၊ ချေးငွေရရှိလေအောင် ကြံဆောင်ပေးခဲ့တာတွေ မရှိခဲ့ဖူး ဆိုပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးကို နီးကပ်လာခဲ့ပါတယ်။ နောက်တပတ်မှာတော့ အိန္ဒိယ အုပ်ချုပ် ရေးက ခွဲထွက်ပြီးနောက် မြန်မာနိုင်ငံက ဘဏ်စနစ်တွေအကြောင်း တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

Nge Naing said...

အစအဆုံးပဲ ဖတ်တတ်လို့ အခန်းဆက်ဆိုရင် အားတဲ့အချိန်မှပဲ အချိန်ယူပြီး စုဖတ်ချင်တယ်။ ဆရာ့ဘလော့ဂ်မှာ နောက်မှ အချိန်ယူပြီး လာဖတ်စရာတွေက အများကြီး ရှိပါတယ်။ အခန်းဆက်တွေကို ကျောင်းပိတ်မှပဲ ဖတ်ဖြစ်မယ်။

Recent Comments