Pages

Friday, October 30, 2009

မီးလျှံနဂါး (၅)။ ကိုလိုနီခေတ်က မြန်မာနိုင်ငံရှိ ဘဏ်များ


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာ ရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေ ပါတယ်။ အခုအပတ်မှာတော့ ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ ဘဏ်များ အကြောင်းကို တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဘဏ်စနစ်တွေ၊ ငွေကြေးနဲ့ ဘဏ္ဍာရေး ကိစ္စတွေကို အိန္ဒိယနိုင်ငံကနေ သာ ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြပါတယ်။ အဲသည်တော့ ကိုလိုနီခေတ် မြန်မာနိုင်ငံမှာ သုံးတဲ့ငွေကြေးကလည်း ရူပီး ငွေဖြစ်ပြီး ကလကတ္တားနဲ့ ဒေလီကနေ ကိစ္စအတော်များများကို ချုပ်ကိုင်ထားခဲ့ကြပါတယ်။ မြန်မာနိုင်ငံက မြေ၊ အိမ်ယာ၊ ဘဏ္ဍာဝင်ငွေ စသဖြင့် ဥပဒေတွေဟာလည်း အိန္ဒိယနိုင်ငံက ချမှတ်ထားတဲ့ ပုံစံအတိုင်း လိုက်နာခဲ့ကြ ရပါတယ်။

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၈၅ ခုနှစ် အပြီးမှာတော့ မြန်မာနိုင်ငံဟာလည်း ဗြိတိသျှကိုလိုနီ နယ်ပယ် အဖြစ် ကျရောက်ခဲ့သလို၊ ဗြိတိသျှ အိန္ဒိယရဲ့ ဘဏ္ဍာ ငွေကြေးစနစ်တွေရဲ့ အစိတ်အပိုင်း ကဏ္ဍတခု ဖြစ်လာခဲ့ ပါတယ်။ ဗြိတိသျှက အိန္ဒိယနိုင်ငံမှာ သုံးနေတဲ့ ရူပီးစက္ကူငွေကို မြန်မာနိုင်ငံမှာ စတင်သုံးစွဲစေခဲ့ပြီး အဲသည် ငွေကြေး စက္ကူ ကို ကျောထောက်နောက်ခံထား အာမခံထားတဲ့ အချက် မရှိပါဘူး။ ၁၈၃၉ ခုနှစ်ကနေ ၁၈၆၁ ခုနှစ် တိုင်အောင် ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေတဲ့ အာဏာလုပ်ပိုင်ခွင့်က ဘုံဘေ၊ မဒရပ်မှာ အခြေစိုက်တဲ့ ပရဲစီဒင့်စီဘဏ် (Presidency Bank) က ရပြီး မြန်မာပြည်ထဲမှာ ရှိနေတဲ့ သူရဲ့ဘဏ်ခွဲတွေ ဖြစ်တဲ့ ရန်ကုန်၊ မော်လမြိုင်နဲ့ စစ်တွေ ဘဏ်ခွဲတွေကနေ ငွေကို ဖြန့်ဖြူးခဲ့ပါတယ်။ ဒီငွေကြေးထုတ်ဝေမှုကိုတော့ ၁၈၆၁ ခု ငွေစက္ကူ အက် ဥပဒေ (Paper currency Act 1861) နဲ့ ထိန်းချုပ်ထားပါတယ်။

တခါ ၁၈၈၂ ခုနှစ်မှာ ငွေစက္ကူ အက်ဥပဒေကို အသစ်ထပ်မံထုတ်ပြန်ပြီးတဲ့နောက်မှာ ငွေကြေးထုတ်ဝေ သုံးစွဲမှု တွေကို ရွှေအာမခံစနစ်နဲ့ အစားထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ငွေစက္ကူထုတ်ဝေ ဖြန့်ဖြူးတဲ့ လုပ်ငန်းအာဏာ ကလည်း နောက်ပိုင်းမှာ အင်ပီရီယယ်ဘဏ်က တာဝန်ယူခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်က သုံးတဲ့ ရူပီးငွေက အိန္ဒိယငွေနဲ့ အကုန် အတူတူနီးပါး ဖြစ်ပေမယ့် ငွေစက္ကူပေါ်မှာ (ရန်ကုန်) ဆိုတဲ့ စကားလုံးကို အစိမ်း ရောင်နဲ့ ရိုက်နှိပ်ထားတာသာ ကွာတယ်လို့ ဆိုပါတယ်။ အဲသည်ကာလ ငွေလဲနှုန်းက တရူပီးကို ရွှေ (၇. ၅၃၃၄၄) ဂရမ်၊ ၁၅ ရူပီးကို ပေါင်စတာလင် တပေါင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားဖွယ် ကောင်းတဲ့အချက် တခု အဖြစ် မြန်မာနိုင်ငံမှာ အိန္ဒိယအခြားဒေသတွေထက် စာရင် စက္ကူငွေကြေးကို လိုလိုလားလား သုံးစွဲခဲ့ကြတယ် ဆိုပါတယ်။ အိန္ဒိယ အချို့ဒေသတွေကတော့ ငွေသားနဲ့လုပ်ထားတဲ့ ဒင်္ဂါးတွေကို ပိုလို့ လိုလားသိမ်းဆည်း ခဲ့ကြ တယ်လို့ သိရပါတယ်။

အင်ပီရီယယ် ဘဏ်တာဝန်ယူရတဲ့ အနေအထားကတော့ ငွေစက္ကူ ရိုပ်နှိပ်ထုတ်ဝေတဲ့ အခုခေတ် "ဗဟိုဘဏ်"နဲ့ တူသလို၊ အခြား တဖက်မှာလည်း အစိုးရဘဏ်တခု အဖြစ် တာဝန်ယူရပါတယ်။ အခြား ဘဏ်တွေအကြား ငွေကြေး ဆက်ဆံရေး ကိစ္စတွေကိုလည်း ကိုင်တွယ် လုပ်ပေးရပါတယ်။ မြန်မာနိုင်ငံမှာတော့ နောက်ပိုင်းမှာ အင်ပီရီယယ်ဘဏ်က မန္တလေး၊ ပုသိမ်၊ မြင်းခြံမှာ နောက်ထပ် ဘဏ်ခွဲ အသစ်တွေ ထပ်ဖွင့်ပါတယ်။

အခြား ဘဏ်တွေ ရှိသော်လည်း သူတို့က အင်ပီရီယယ်ဘဏ်နဲ့ အဓိက ဆက်ဆံကြရပါတယ်။ ၁၉၃၅ ခုနှစ်မှာ တော့ မြန်မာနိုင်ငံ အစိုးရ အက်ဥပဒေ ထွက်ပေါ်လာပြီး မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို အိန္ဒိယပြည်နယ်တခု အဖြစ် ကနေ သီးခြား ကိုလိုနီဒေသတခုအဖြစ် ခွဲထုတ်ခဲ့ပါတယ်။ အဲသည်နောက်ပိုင်းမှာတော့ ငွေကြေးကိစ္စ တွေ အတွက်လည်း သဘောတူညီမှုတွေ၊ အခြားလိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ကြရပါတယ်။ ခွဲရေးကိစ္စ အပြီးမှာ တော့ မြန်မာနိုင်ငံမှာလည်း သီးခြားကွဲပြားတဲ့ ငွေကြေးစက္ကူတွေ ထုတ်ဖို့ လိုအပ်လာပါတယ်။ ၁၉၃၈ ခုနှစ်မှာ တော့ ကွဲပြားတဲ့ မြန်မာငွေကြေးအသစ် ထွက်လာပါတယ်။ မြန်မာ ရူပီးလို့ခေါ်ပြီး ၅ ရူပီး၊ ၁ဝ ရူပီး၊ ၁ဝဝ ရူပီး၊ ၁ဝဝဝ ရူပီးနဲ့ တသောင်း ရူပီးတန်တွေ ထုတ်ခဲ့ပါတယ်။ ငွေစက္ကူတိုင်းမှာ ဆဌမမြောက် ဂျော့ဘုရင် ရုပ်ပုံ ပါပြီး ဒေါင်း၊ ဆင်၊ ကျား၊ ရွက်လှေ၊ နွားလှည်း စသဖြင့် မြန်မာ့ရိုးရာ ရုပ်ပုံတွေနဲ့ ထုတ်ဝေခဲ့ပါတယ်။ မြန်မာ အစိုးရက သီးခြား ဗဟိုဘဏ်စနစ် ထူထောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မဖြစ်ခဲ့ပါဘူး။ ၁၉၂၉ ခုနှစ်မှာ မြန်မာ ခရိုင် ဘဏ်များကိစ္စ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလေ့လာပြီး စာမျက်နှာ ထောင်ကျော် အကြံပေးချက်တွေ ထွက်ပေါ် လာခဲ့ပေမယ့် လည်း မြန်မာနိုင်ငံမှာ ဗဟိုဘဏ်တခု ပေါ်ထွက်လာဖို့ ကိစ္စ အကောင်အထည် မပေါ်နိုင် ဖြစ်ခဲ့ရပါတယ်။

စီးပွားရေအရ ဆောင်ရွက်ကြတဲ့ ကုန်သွယ်ဘဏ်တွေဟာလည်း အလားတူ ဗြိတိသျှအင်ပိုင်ယာနဲ့ စနစ်အရ ချိတ်ဆက်နေကြပါတယ်။ ပရဲစီဒင့်စီ ဘဏ်လို အိပ်ချိန်းဘဏ်ကြီးတွေ ရှိသလို အခြားကုန်သွယ်ရေး ဘဏ်တွေ လည်း ရှိကြပါတယ်။ ဘဏ်အများစုက ရန်ကုန်နဲ့ မြို့ကြီးတွေမှာသာ အခြေစိုက် လုပ်ကိုင်ခဲ့ကြပြီး၊ ကုန်သွယ် ရေးကိစ္စတွေအတွက် ထောက်ပံ့တာ၊ ငွေထုတ်ချေးတာ စတဲ့ လုပ်ငန်းတွေကိုသာ အာရုံထား လုပ်ကိုင်ခဲ့ကြပါ တယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်စပါးတွေကို နိုင်ငံရပ်ခြား တင်ပို့ရေးကိစ္စတွေ အတွက် ကုန်သည်ကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေကို ထောက်ပံ့ပေးခဲ့ကြတာ ဖြစ်ပါတယ်။ တကယ့်ကို စိုက်ပျိုးရေး လုပ် ကိုင်သူ လယ်သမားတွေကြားထဲ အောက်ခြေအထိ ငွေဆင်းချေးကြတဲ့ ဘဏ်တွေ ဆိုတာ မရှိသလောက် ပါပဲ။ ဒီလို အောက်ခြေထိ ဆင်းပြီး မလုပ်ကိုင်ကြတဲ့အတွက်ကြောင့်လည်း အစိုးရမင်းတွေရဲ့ ဘဏ်၊ အပေါ်မှာသာ ပျံဝဲပြီး သားကောင်းကို ချောင်းတဲ့ လင်းယုန်ပမာ "အရစ္စတိုကရက် လင်းယုန်ကြီး"တွေလို့တောင် တင်စားခေါ် ဆို ခဲ့ကြတာ ရှိပါတယ်။ ဒါပေမယ့် ဒီဘဏ်တွေက အချို့ကုန်လှောင်ရုံ ဒိုင်တွေကို ပြည်ပတင်ပို့ဖို့ကိစ္စတွေအတွက် ကြိုတင်ငွေထုတ်ချေးပေးတာ၊ ထောက်ပံ့ပေးတာမျိုးတော့ ရှိခဲ့ပါတယ်။

၁၉၄၁ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးကိစ္စတွေကို ဆောင်ရွက်နေတဲ့ ဘဏ်ခွဲပေါင်း ၂၄ ခု ရှိတယ် လို့ စာရင်းတွေအရ သိရပါတယ်။ ဒီဘဏ်ကြီးတွေမှာ အင်္ဂလိပ်မဟုတ်တဲ့ အခြား ဟောင်ကောင်-ရှန်ဟိုင်း ဘဏ်၊ ယိုကိုဟားမား စပီးစီးဘဏ်လိုမျိုးလည်း ရှိခဲ့ပါတယ်။ အနောက်တိုင်းဆန်ဆန် ဖွဲ့စည်းထားတဲ့ ဘဏ်ကြီး တွေက မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာ အလုပ်လုပ်ကြတာ မရှိသလို၊ လူအများနဲ့ ပတ်သက်ဆောင်ရွက် တာလည်း မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ မြန်မာလယ်သမားတွေက ချစ်တီးငွေချေးစားသူတွေကိုသာ အားကိုး နေခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီဘဏ်တွေထဲမှာ ဒေသခံ ပြည်သူတွေနဲ့ နီးနီးကပ်ကပ်လုပ်တာ ဒေသခံ ဘဏ်လို့ ပြောလို့ရတာက ဒေါ်ဆင်ဘဏ် (Dawson's Bank) ရယ်၊ စစ်တွေမှာ အခြေစိုက်တဲ့ ဦးရိုင်ကျော်ထူး နှင့် ကုမ္ပဏီ (U Rai Gyaw Htoo & Co.) တို့ (၂) ခုပဲ ရှိခဲ့တယ် ဆိုပါတယ်။ ဒေါ်ဆင်ဘဏ်ကို လစ်ဘရယ် အတွေးအခေါ်ရှိသူ လောရင့်စ် ဒေါ်ဆင် (Lawrence Dawson) က တည် ထောင်ခဲ့ပြီး လယ်သမားတွေရဲ့ အကြွေး ဝန်ထုပ်ဝန်ပိုး တွေကို "ပခုံးပြောင်း တာဝန်ထမ်းပေးမယ်" လို့ သူတို့က ကြွေးကြော်ခဲ့ပါတယ်။ ဦးရိုင်ကျော်ထူးဘဏ်ကတော့ စစ်တွေအခြေစိုက် မြန်မာအမျိုးသားပိုင် ဘဏ်လုပ်ငန်း ဖြစ်ပါတယ်။

ဘာဖြစ်လို့ မြန်မာတွေက ဘဏ်လုပ်ငန်းမှာ ပါဝင်လုပ်ဆောင်မှုနည်းကြတာလဲ။ မြန်မာဘဏ်တွေ မရှိဘူးဆိုရ လောက်အောင် နည်းတာလဲ၊ အဲဒါအပြင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် ဘဏ်တွေ မြန်မာပြည်က ရုပ်သိမ်း ဆုတ်ခွာရပုံ အကြောင်းတွေ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါ စေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

2 comments:

ခိုင်စိုးလင်း said...

ရဲကျော်သူပါ အသံထွက်တာက Ray Kyaw Thu လို့ထွက်ပါတယ်

Yaw Han Aung said...

ခုလို ထောက်ပြတာ ကျေးဇူးတင်ပါတယ် ကိုခိုင်စိုးလင်း ခင်ဗျား။

Recent Comments