Friday, November 6, 2009
မီးလျှံနဂါး (၆)။ ကိုလိုနီခေတ်က မြန်မာနိုင်ငံရှိ ဘဏ်များ -၂
မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြ နေပါတယ်။ အခုအပတ်မှာတော့ ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ ဒေသခံဘဏ် များ အကြောင်းနဲ့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာတော့ ဘဏ်တွေ ဆုတ်ခွာထွက်ပြေးကြရပုံ၊ ဂျပန်ခေတ်က ဘဏ်တွေအကြောင်းကို တင်ပြပါမယ်။
သောတရှင် မိတ်ဆွေများခင်ဗျား
ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကုန်သွယ်ရေးဘဏ် (၂၆) ခု ရှိခဲ့တဲ့ အကြောင်း အရင်အပတ်က ကျနော် တင်ပြခဲ့ပါတယ်။ ဒီဘဏ်တွေထဲမှာ ဒေသခံ ဘဏ်လို့ ပြောလို့ရတာ ဒေါ်ဆင်ဘဏ် (Dawson's Bank) ရယ်၊ စစ်တွေမှာ အခြေစိုက်တဲ့ ဦးရိုင်ကျော်ထူး နှင့် ကုမ္ပဏီတို့ (၂) ခုပဲ ရှိခဲ့တယ် ဖော်ပြခဲ့ပါတယ်။ သောတရှင် တဦးက ကျနော်အသံထွက်မှားတဲ့အကြောင်း ဦးရဲကျော်သူ နဲ့ ကုမ္ပဏီလို့ အသံထွက်မှသာ မှန်မယ်ဆိုတာ အကြံပြုလာ ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီဘဏ်တခုပဲ ကိုလိုနီခေတ်က အမျိုးသားပိုင်ဘဏ်လို့ ပြောနိုင်ပါ တယ်။
ဘာဖြစ်လို့ မြန်မာတွေက ဘဏ်လုပ်ငန်းမှာ ပါဝင်လုပ်ဆောင်မှုနည်းကြတာလဲ။ မြန်မာဘဏ်တွေ မရှိဘူးဆိုရ လောက်အောင် နည်းနေတာလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း ပါမောက္ခ ရှောင်တာနဲက သူ့စာအုပ်မှာ ဖော်ပြ ခဲ့ပါတယ်။ သူက အရင်က မြန်မာစီးပွားရေးပညာရှင် ဦးထွန်းဝေရဲ့ သုံးသပ်ချက်ကို ကိုးကားဖော်ပြပါတယ်။ ကိုလိုနီခေတ်က လိုအပ်တဲ့ အရေးပါတဲ့ အခြေခံ အဆောက်အဦ စနစ်တွေဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် အာမခံ ချက်ရှိတာ၊ သင့်လျော်တဲ့ ငွေကြေးစနစ်၊ ခိုင်မာတဲ့ ဥပဒေတွေ ရှိတာတောင်မှ မြန်မာတွေက ဘဏ်မထောင်ခဲ့ ကြပါဘူး။ သုံးသပ်ချက်က ဒီလိုပါ။
ပထမအချက်က ကိုလိုနီခေတ်အစပိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာ လယ်တွေ တီထွင်လုပ်ကိုင်ကြတဲ့ နေရာမှာ သူတို့ အင်အားတွေကို အဓိက အသုံးချခဲ့ကြတာကြောင့် လို့ ဆိုပါတယ်။ ဒုတိယအချက်က မြန်မာတွေမှာ အိန္ဒိယနိုင်ငံမှာ ရှိခဲ့တဲ့ တာတာ (Tatas) တို့၊ ဘာလားစ် (Birlas) တို့လို စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ပြီး လုပ်ကိုင်နေတဲ့ မိသားစုလုပ်ငန်းကြီးတွေလည်း မရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။ တတိယအချက်ကတော့ ဘဏ် လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေလည်း မြန်မာတွေမှာ မရှိဘူးလို့ ဆိုပါတယ်။ ဘဏ်တွေမှာ တနေ့လုံး နာရီကြာရှည် အလုပ်လုပ်တဲ့ လုပ်ငန်းမျိုးကို မြန်မာတွေက စိတ်မဝင်စားကြသလို၊ ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်လေ့လည်း မရှိကြပါဘူး။ စတုတ္ထအချက်ကတော့ အောင်မြင်တဲ့ ဘဏ်လုပ်ငန်းတွေဖြစ်ဖို့ ပူးပေါင်း ရှယ်ယာထည့်ဝင်ကြတဲ့ အုပ်စု၊ အရင်းအနှီးတွေ လိုအပ်ပါတယ်။ သူတို့ကလည်း ဒေသခံ ဘဏ်တွေဘက်က အုပ်ချုပ်မှု၊ မန်နေဂျာ၊ ဒါရိုက်တာတွေကို ယုံကြည်အားကိုးလို့ ရ-မရ ကြည့်ကြပါတယ်။ ဒီလို အားကိုးရလောက် စရာ ကျွမ်းကျင်နှံ့စပ်မှုတွေလည်း မရှိခဲ့ကြဘူးလို့ ဖော်ပြပါတယ်။ အခြား မြန်မာပညာရှင်တွေကလည်း အလားတူ သုံးသပ်မှုတွေ ရှိခဲ့ကြပါတယ်။ ပါမောက္ခ ဒေါက်တာမြမောင်ကတော့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေက လည်း သက်ရောက်မှုရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဗုဒ္ဓြွဘာသာ အဆုံးအမအရလိုက်နာကြသလို ရောင့်ရဲ တတ်ကြ တဲ့စိတ်နဲ့ နေထိုင်ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပါမောက္ခ ဂျေ အက်စ် ဖာနီဗယ်ကတော့ မြန်မာ အများ စုဟာ လယ်ယာစိုက်ပျိုးရေး အခြေခံ လူမှုအသိုင်းအဝိုင်းသဖွယ် ဖြစ်နေတာကြောင့်လို့လည်း လူမှု ဖွဲ့စည်းထား ပုံကို အခြေခံ သုံးသပ်ပါတယ်။ ထိပ်သီး ပညာတတ် မြန်မာတွေက နိုင်ငံရေး၊ အုပ်ချုပ်ရေးကဏ္ဍကို ဝင်ကြ ပါတယ်။ ငွေကြေးဘဏ္ဍာရေး ကိစ္စတွေကို စိတ်မဝင်စား၊ နိုင်ငံခြားသားတွေ လက်ထဲမှာသာ လွှဲထားခဲ့ကြ တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အသေးစား အပေါင်ဆိုင်လုပ်ငန်း လုပ်ခဲ့ကြတဲ့သူတွေတောင်မှ တရုတ် လူမျိုးတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုလိုနီဖြစ်ရတဲ့ ကာလမှာ နိုင်ငံခြားသားတွေက စီးပွားရေး အဆက်အသွယ်တွေ၊ ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို ဆက်သွယ်နိုင်ဖို့ သယ်ဆောင်လာပေးကြတယ်။ ဒါပေမယ့် မြန်မာတွေက သူတို့ရှိနေတဲ့အတိုင်း သာ ရပ်တန့်နေခဲ့တယ်။ လေ့လာသင်ကြားတာ မရှိသလို၊ စိတ်လည်း မဝင်စားကြဘူးလို့တောင် သုံးသပ်ဖော်ပြ ခဲ့တာ ရှိပါတယ်။ ၁၉၂၉ ခုနှစ်၊ ဘဏ်များ လေ့လာစုံစမ်းရေး ကော်မရှင် အစီရင်ခံစာမှာလည်း မြန်မာအမျိုးသမီး တွေ က ကျောက်မြက်၊ ရွှေဝယ်စုတတ်ကြတဲ့အကြောင်း၊ မရှိဝမ်းစာ-ရှိတန်ဆာအဖြစ် အသုံးချခဲ့ပုံကို ထည့်သွင်း ဖော် ပြခဲ့ကြပါသေးတယ်။ ဘဏ်တွေကို သိပ်ပြီး သုံးလေ့သုံးထ မရှိပုံကို ရည်ညွှန်းပုံရပါတယ်။
၁၉၃ဝ ခုနှစ်မှာ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်တော့ မြန်မာဘဏ်တွေလည်း နောက်ပိုင်းမှာ အခက်အခဲ အကြီး အကျယ် ကြုံရပါတယ်။ ဒါပေမယ့် ၁၉၃ဝ ခုနှစ်မှာ မြန်မာနိုင်ငံက ဘဏ်တွေမှာ ငွေလည်ပတ်မှု ကျုံ့သွားတာ ထူးထူးခြားခြား မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဥရောပနိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေ ကျဆင်း သွားတဲ့အခါ ဘဏ်တွေက သူတို့ထိခိုက်နစ်နာမှု နည်းရလေအောင် ချေးငွေတွေကို လျှော့ချခဲ့ပါတယ်။ အထူး ထိခိုက်ရသူတွေကတော့ ငွေချေးစားတဲ့ ချစ်တီးတွေပါ။ မြန်မာလယ်သမားတွေလည်း ထိခိုက်နစ်နာရပြီး ၁၉၃ဝ ခုနှစ်မှာ ဆရာစံ လယ်သမားသူပုန်ထမှုတွေတောင် ပေါ်ပေါက်ခဲ့ရပါတယ်။ အစောပိုင်းက ဖော်ပြခဲ့တဲ့ ဒေသခံ ဘဏ်တွေဖြစ်တဲ့ ဒေါ်ဆင်ဘဏ်နဲ့ ဦးရဲကျော်သူ ကုမ္ပဏီတို့ဟာလည်း ကမ္ဘာ့စီးပွားပျက်ကပ်မှာ အခက်အခဲတွေ ကြုံခဲ့ရပေမယ့် နောက်ပိုင်းမှာ ရုန်းကန်ရင်း ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၄၂ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်မီး တောက်လောင်လာပါတယ်။ ဗြိတိသျှ ကိုလိုနီ မြန်မာ နိုင်ငံကို စစ်မီး ကူးစက်လာပြီး ဂျပန်တွေဝင်လာတဲ့အခါ ဘဏ်တွေလည်း မြန်မာနိုင်ငံကနေ ဆုတ်ခွာရပါတော့တယ်။ မြန်မာ နိုင်ငံက ကိုလိုနီ အုပ်ချုပ်ရေးယန္တယားတွေကို အိန္ဒိယနိုင်ငံ၊ ဆင်းမလားဒေသကို ပြောင်းရွှေ့အခြေချပါတယ်။ ဗြိတိသျှအုပ်ချုပ်ရေးက မြန်မာနိုင်ငံမှာ အလျှင်အမြန် တဖျောဖျော ကျဆုံးခဲ့ရပေမယ့် ဘဏ်ကြီးတွေက စနစ် တကျ သေချာ ပြင်ဆင်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်မဝင်ခင် လအနည်းငယ်အလိုကတည်းက ဂျပန်လာ တိုက်နိုင်တာ တွက်ချက်ပြီး စာရွက်စာတမ်းတွေ မိတ္တူပွားထားခဲ့ကြတယ် ဆိုပါတယ်။ အချို့ဘဏ်တွေက ကြိုတင်ခွင့်ပြုချက်ယူပြီး ကလကက္တားကို ငွေချေးစာချုပ်၊ စာတန်းတွေကို သင်္ဘောနဲ့ ကြိုတင်ပို့ဆောင်ထားခဲ့ကြ ပါတယ်။ ရန်ကုန်ကို ဗုံးကြဲလာတာနဲ့ တပြိုင်နက် အထူးရထားတွေ စီစဉ်ပြီး မန္တလေးဆီကို အရေးပါတဲ့ငွေကြေး၊ စာချုပ်၊ ဝန်ထမ်းတွေကို ပို့ဆောင်ခဲ့ကြပါတယ်။ မန္တလေးရထားခရီးမှာ မပါဝင် မလိုက်ပါဘဲ နေခဲ့တဲ့ ဘဏ်တွေ လည်း ရှိပါတယ်။ နယူးယောက် နေရှင်နယ် စီတီဘဏ်ကတော့ အမေရိကန် စစ်တပ် အကူညီတောင်းခံပြီး ဝန်ထမ်းတွေ၊ စာရွက်စာတမ်းတွေကို သယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အကူအညီ မရနိုင်တော့ တရုတ်အဆက် အသွယ်တွေ အကူအညီနဲ့ ထရပ်ကားတွေ၊ ဂျစ်ကားတွေနဲ့ လားရှိုးဘက်ကို သယ်ထုတ်ခဲ့ကြပါတယ်။ နောက် တော့မှ ကူမင်တန်လေယာဉ်တွေနဲ့ ကလကတ္တားကို ရောက်ရပါတယ်။ ဟောင်ကောင် -ရှန်ဟိုင်းဘဏ်လည်း ရထားနဲ့ လွဲခဲ့ပါတယ်။ ခြေလျှင်လမ်းကြောင်းက ပစ္စည်းတွေ သယ်ထုတ်ခဲ့ရပြီး ကံကောင်းထောက်မစွာ ငွေကြေး ပစ္စည်းတွေ မပျောက်မရှဘဲ အိန္ဒိယကို ရောက်နိုင်ခဲ့ပါတယ်။ လော့ရင့် ဒေါ်ဆင်လည်း ရထားမမှီပါဘူး၊ လူသယ် နိုင်သမျှ ပစ္စည်းမျှနဲ့ သူလေယာဉ်စီးပြီး အိန္ဒိယကို ရောက်ရပါတယ်။ မြန်မာပြည်မှာ မြေတွင်းတူ မြှုပ်နှံခဲ့တဲ့ စာချုပ်စာတန်းတွေက စစ်ပြီးတော့ ပြန်ရတယ်လို့ ဆိုပါတယ်။
ဂျပန်ခေတ်မှာတော့ ဂျပန်ကျူးကျော်လာသူတွေက ငွေကြေးအသစ် ရိုက်နှိပ်သုံးစွဲပါတယ်။ ရုပ်သေးအစိုးရဖြစ်တဲ့ ဒေါက်တာဘမော် အစိုးရရဲ့ အကူအညီနဲ့ ဂျပန်က လိုအပ်တဲ့ ငွေကြေးစနစ် တစုံတရာကို ဖန်တီးခဲ့ပါသေး တယ်။ ဂျပန် ကျူးကျော်စဉ် ၃-နှစ်ကာလမှာ မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ နိုင်ငံခြားဘဏ်ကြီးကတော့ ယိုကို ဟားမား စပီးစီး ဘဏ် (Yokohama Specie Bank) လို့ ဆိုပါတယ်။ နယ်အချို့မှာ ဘဏ်ခွဲတွေ ဖွင့်ထားခဲ့ပါ တယ်။ အခြားဘဏ်ခွဲ ၂-ခုကတော့ (Bank of Chosen) လို့ခေါ်တဲ့ ကိုရီးယား အခြေစိုက်ဘဏ်ရယ်၊ အိန္ဒိယ လွတ်မြောက်ရေး တပ်မတော် (အိုင်အဲန်အေ) ကို ရန်ပုံငွေထောက်ပံ့ဖို့ ဖန်တီးထားတဲ့ အာဇက် ဟင်းဒ် (Azad Hind Bank) ဘဏ် တို့ပဲ ဖြစ်ပါတယ်။ စစ်ပြီးတော့ အိန္ဒိယကို ပြောင်းရွှေ့ခဲ့တဲ့ ဘဏ်တွေ ပြန်ရောက်လာခဲ့ပါ တယ်။
နောက်တပတ်မှာတော့ မြန်မာ့လွတ်လပ်ရေးအကြိုကာလ ငွေကြေး၊ ဘဏ်စနစ်တွေ အကြောင်းတွေ ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment