Pages

Friday, June 12, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၇)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာလက်ဆောင် ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့တပ်မတော်ရဲ့ ဖွဲ့စည်း ပုံ တည်ဆောက်ထားပုံ အကြောင်း ဆက်လက် တင်ပြထားပါတယ်။


သောတရှင်မိတ်ဆွေများခင်ဗျား
မြန်မာ့တပ်မတော်ကို အရာရှိတွေ နေရာပေးခန့်ထားပုံနဲ့ ပတ်သက်လို့ ဆက်လက်တင်ပြလိုပါတယ်။ (DSA) စစ်တက္ကသိုလ် က ဆင်းလာသူတွေကို ပိုလို့နေရာပေးခံရတယ်။ (OTS) အရာရှိဗိုလ်လောင်း သင်တန်းကျောင်းက ဆင်းလာသူတွေကို တော့ နှိမ်ခံရတယ် စသဖြင့် ပြင်ပမှာ ပြောနေတဲ့ အချက် တွေရှိပါတယ်။ ဒီလိုခွဲခြားကျင့် သုံးမှုတွေ မတွေ့ရကြောင်း မောင်အောင်မျိုးက စာအုပ်မှာ ဖော်ပြခဲ့ ပါတယ်။ ၁၉၈၈ ခုနှစ်၊ စစ်အာဏာသိမ်းချိန် နောက်ပိုင်းတက်လာတဲ့ စစ်အစိုးရမှာ အဲသလိုမတူတဲ့ စစ်သင်တန်းကျောင်း နောက်ခံတွေက ဆင်းလာတဲ့သူ တွေအပေါ်မှာ ညီညွတ်မှုကိုကြည့်ပြီး၊ အထူး မျှတအောင် ရာထူးနေရာခန့်ထားခဲ့တယ်၊ နောက်တချက်က စစ်မြေပြင်ရှေ့တန်းထွက်ရတဲ့ တပ်မှူးတွေနဲ့ ထောက်လှမ်းရေး တပ်တွေအကြားက ပဋိပက္ခတွေကိုလည်း အထူးသတိထား ဖြေရှင်းခဲ့တယ်လို့ မောင်အောင်မျိုးက ရေးခဲ့ပါတယ်။

ဒီလိုအချက်ကို အထောက်အထားတွေနဲ့ သူက တင်ပြခဲ့တာပါ။ အတိတ်က ၁၉၅၉-၆ဝ ခုနှစ်မှာ စစ်တပ် အရာရှိ ၈ဝ၅ ဦးကို ခန့်ထားရာမှာ စစ်တက္ကသိုလ်က ပြီးလာတဲ့သူ ၆၅-ဦးသာ ပါတယ်လို့ ဆိုပါတယ်။ အချိုး အရပြောရမယ်ဆိုရင် ၁ အချိုး၊ ၁၁ ( ၈ % ပတ်ဝန်းကျင်) လို့ ပြောနိုင်ပါတယ်။ ၁၉၆၅ ခုနှစ်တိုင်လည်း အချိုးက အလားတူပဲ ရှိခဲ့တယ် ဆိုပါတယ်။ အလားတူ ပဲ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလကနေ ၂ဝဝ၈ ခုနှစ်၊ ဖေဖေါ်ဝါရီလအထိ တပ်မတော်အဆင့်မြင့်ရာထူးတွေမှာ တာဝန်ပေး ခဲ့တာကို ပြန်ကြည့်ရင် အရာရှိကြီး ၁၆၄ ဦးမှာ၊ (ဒီအက်စ်အေ) က ၁ဝ၇ ဦး၊ (အိုတီအက်စ်) ဗိုလ်လောင်းသင်တန်းက ၄၅ ဦး၊ တေဇသင်တန်းက ၁၂ ဦး လို့ ဖော်ပြပါတယ်။ သူဆိုလိုတာက ရာထူးတာဝန်ပေးတဲ့နေရာမှာ ခွဲခြားမှု မရှိဘူး ဆိုလို တာပါပဲ။ ၁၉၈၈ ခုနှစ်၊ စစ်အာဏာသိမ်းတဲ့အချိန် (နဝတ) စစ်ကောင်စီထဲမှာ ခေါင်းဆောင်တဲ့သူတွေ ပြန်ကြည့်ရင်လည်း အဖွဲ့ဝင် ၁၉ ဦးမှာ (ဒီအက်စ်အေ) က ၃ ဦးသာ ပါဝင်ပါတယ်။ (နဝတ) ကနေ ၁၉၉၇ ခုနှစ်မှာ၊ (နအဖ) ပြန်လည်ဖွဲ့စည်းတဲ့ အခါမှာလည်း (နအဖ) စစ်ကောင်စီထဲမှာ (ဒီအက်စ်အေ) က ၅ဝ ရာခိုင်နှုန်း၊ (အိုတီအက်စ်) ကျောင်းဆင်းက ၅ဝ ရာခိုင်နှုန်း ဆတူ ပါဝင်တယ် လို့ သူက အထောက်အထားနဲ့ ဖော်ပြပါတယ်။

နောက်တခုကတော့ တိုက်ခိုက်ရေးတပ်တွေနဲ့ ထောက်လှမ်းရေးအဖွဲ့အကြား အကွဲအပြဲပြဿနာပါ။ ၁၉၉၂- နှောင်းပိုင်းနဲ့ ၁၉၉၃ ခုနှစ်မှာ မြန်မာ့တပ်မတော်ကို စောင့်ကြည့်လေ့လာခဲ့ကြတဲ့သူတွေက ဘယ်သူက ဒု-ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် (ကြည်း) ဦးစီးချုပ် ဖြစ်လာလေမလဲလို့ စောင့်ကြည့်နေခဲ့ကြပါတယ်။ အဲဒီအချိန်က အာဏာထက်နေတဲ့ ထောက်လှမ်းရေးတပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်ပဲ ဝင်ရောက်နေရာယူမလားစတဲ့ ထင်ကြေးပေးမှုတွေ လည်း ရှိခဲ့ပါတယ်။ အဲဒီရာထူးနေရာမှာလည်း ၅-လ လောက် လစ်ဟာနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဗိုလ်ချုပ်ကြီး မောင်အေးကိုပဲ ဒု-ဦးစီးချုပ်နဲ့ ကြည်းတပ် ဦးစီးချုပ်တာဝန်ပေးခဲ့ပါတယ်။ တနည်းပြောရရင် ဦးစီးချုပ်ကို တိုက်ခိုက်ရေး တပ်တွေဖက်က လာတဲ့တပ်မှူးကို သာ နေရာပေးတဲ့ အစဉ်အလာတရပ်ကို ဆက်ထိန်းခဲ့တာလို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွန့်အတွက် တပ်မတော် မဟာဗျူဟာလေ့လာရေးဌာနမှူးကြီးဆိုပြီး နေရာ ဖန်တီးပေးခဲ့တာ တော့ ရှိခဲ့ပါတယ်။ အဲဒီအချိန်က မဟာဗျူဟာလေ့လာရေးဌာနမှူးကြီးတာဝန်က တပ်မတော်ထဲမှာ အဆင့်-၅ အကြီးဆုံးနေရာ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ နယ်တွေက ထောက်လှမ်းရေးတပ်တွေက တပ်မတော်ထောက် လှမ်းရေးညွှန်ကြားရေးမှူးချုပ် ရုံးဆီကို တိုက်ရိုက် အစီရင်ခံရတဲ့အခါ စစ်ထောက်လှမ်းရေးက ပိုလို့သြဇာကြီး လာပါတယ်။ အစဉ်အလာအရ ပိုလို့ ရာထူး တာဝန်မြင့်တဲ့ တိုင်းမှူးတွေကိုတောင် ကျော်လွှားလုပ်ဆောင်တာ မျိုးတွေ ရှိလာပါတယ်။ နောက်ဆုံး အောက်ခြေက တိုင်ကြားမှုတွေလည်း များလာတဲ့အခါ စစ်ထောက်လှမ်းရေး တဖွဲ့လုံးကို ဖျက်သိမ်းပစ်ရတာ မျိုးလည်း ဖြစ်ခဲ့ရပါတော့တယ်။ ယခင်အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး တွေက ကြံစည်တဲ့ မအောင်မြင်တဲ့ အာဏာ သိမ်းဖို့ ကြိုးစားမှုအပြီးမှာတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ထောက်လှမ်း ရေးတပ်ဖွဲ့ အတွက်လည်း နိဂုံးစလာခဲ့ပြီလို့ ဆိုပါတယ်။ ၂ဝဝ၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ဗိုလ်ချုပ်ခင်ညွန့်ကို စစ် ထောက်လှမ်း ရေးတပ်ဖွဲ့ တပ်မှူးနေရာကနေ ရာထူးစွန့်ပေးဖို့ တပ်မတော် ခေါင်းဆောင်ပိုင်းက တောင်းဆိုခဲ့ကြ ပြီး၊ ၂ဝဝ၄ ခုနှစ်အကုန်မှာ နေရာစွန့်ပေးဖို့ သဘောတူခဲ့တယ်လို့ ဆိုပါ တယ်။ နောက်တချက်က အိမ်နီးချင်း ပြည်ပနိုင်ငံတွေနဲ့ လေ့လာသူတွေက ဗိုလ်ချုပ်ခင်ညွန့်ကို သဘောထား ပျော့ပြောင်း သူ၊ ပြုပြင်ပြောင်းလဲရေး လုပ်လိုတဲ့ သဘောထားရှိသူ၊ အမြင်ကျယ်သူ စသဖြင့် ပြောဆိုသုံးနှုန်းနေကြတာကို စစ်တပ် အတွင်း သဘောမတွေ့ကြတာဟာလည်း အချက်တခုအဖြစ် ပါတယ်လို့ မောင်အောင်မျိုးက ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးတော့ ၂ဝဝ၄ ခုနှစ်၊ အောက်တိုဘာမှာ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင်ကို လက်ရှိဝန်ကြီးချုပ်တာဝန်နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံရ တာ၊ စစ်ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးကို ဖြုတ်ပစ်တာ၊ ရာထူးထုတ်ပစ်တာ၊ တပ်မှူးတွေက ထောင်ချခံရ တဲ့ အထိ ဖြစ်ခဲ့ရတဲ့ ပဋိပက္ခတွေကိုလည်း မောင်အောင်မျိုးက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ခင်ညွန့် အပေါ် အမျက်ထွက်ခဲ့ရတဲ့ကိစ္စကတော့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံးက လာဘ်စားတယ်ဆိုပြီး၊ တွေ့ရှိထားတဲ့ စစ်ထောက် လှမ်းရေး အရာရှိတွေကို ဆက်လက်အရေးယူဖို့ ပျက်ကွက်နေတာလို့ မောင်အောင်မျိုးက သုံးသပ်ဖော်ပြ ခဲ့ပါ တယ်။

အဲဒါအပြင် စစ်တပ်အတွင်းက အခြားထိန်းညိ‡မှုဆိုင်ရာ ပြဿနာတွေကိုလည်း မောင်အောင်မျိုးက သုံးသပ် ဖော်ပြခဲ့ပါ သေးတယ်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း အခြေအနေပါ။ အရင်တုန်းက တိုင်းမှူးတွေက (မဆလ) အစိုးရလက်ထက်မှာတုန်းက ပါတီဗဟိုကော်မီတီ ရာထူးတာဝန်လောက်သာရှိပါတယ်။ အာဏာသိမ်းအပြီး မှာတော့ အာဏာ သိမ်းစစ်ကောင်စီ အဖွဲ့ဝင် ၁၉-ဦးက နိုင်ငံတော်ရဲ့ ထိပ်တန်းက လုံးဝအာဏာကျင့်သုံးနိုင်သူတွေ ဖြစ်လာ ပါတော့တယ်။ တိုင်းမှူးတွေက ထင်တိုင်းကြဲ အာဏာပိုင်တွေဖြစ်လာ ပါတော့တယ်။ စစ်ရေး၊ နိုင်ငံရေး အာဏာတွေအပြင် စီးပွားရေး အာဏာပါ ထွားလာပါတော့တယ်။ (နဝတ) အာဏာသိမ်းပြီး အစောပိုင်းကာလမှာ ဝန်ကြီးဌာနတွေ ထိရောက်စွာ မလည်ပတ် နိုင်ဘဲ ရန်ကုန်လောက်မှာ သာ ရုံးလုပ်ငန်းသဘော လုပ်နေခဲ့ကြရပါတယ်။ တိုင်းမှူးတွေကပဲ နိုင်ငံပိုင် စက်ရုံ တွေ၊ ကုန်စုံ ဆိုင်တွေ ကြီးကြပ် လည်ပတ်နေခဲ့ကြရတယ်ဆိုပါတယ်။ နိုင်ငံအရင်းအမြစ်တွေကို သူတို့ထင်သလို၊ ကြိုက်တဲ့ နေရာ သုံးစွဲခဲ့ကြပါတယ်။ ဒီနေရာဟိုတယ်၊ ဟိုနေရာ နာရီစင် စသဖြင့် လက်ညှိုးညွှန်ရာ လုပ်ခွင့်ရနေခဲ့တယ် ဆိုပါတယ်။

ဒါပေမယ့် ၁၉၉၂ ခုနှစ် နောက်ပိုင်းမှာ ရန်ကုန်မှာ အာဏာကို ပြန်စုစည်းဖို့ ကြိုးပမ်းလာတဲ့အခါ တိုင်းမှူး ၁- ဦးကလွဲလို့ ကျန်တိုင်းမှူးအားလုံးကို ဝန်ကြီးဌာနတွေမှာ နေရာပေးခန့်ထားခဲ့ပါတယ်။ ဧရာဝတီတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က စိုက်ပျိုးရေးဝန်ကြီးဖြစ်လာတဲ့အခါ သူ့တိုင်းက သူသဘောကျတဲ့အရာရှိတွေကိုလည်း ရန်ကုန်ကို ခေါ်လာခဲ့ပါတယ်။ အလားတူ အခြားတိုင်းမှူး အသီးသီးကလည်း ဝန်ကြီးဌာနတွေမှာ သူ့တပ်က အရာရှိတွေကို ခေါ်လာပြီး နေရာချထားခဲ့ ကြပါတယ်။ အဲဒီအချိန်က စိုက်ပျိုးရေးဝန်ကြီးဌာနကိုတောင် "အနောက်တောင်တိုင်း စစ်ဌာနချုပ် ဝန်ကြီးဌာန"၊ ကုန်သွယ် ရေး ဝန်ကြီး ဌာနကိုလည်း တိုင်းမှူးခေါ်လာတဲ့ လူတွေနဲ့ပတ်သက်ပြီး "အလယ်ပိုင်းတိုင်း ဝန်ကြီးဌာန" စသဖြင့် လှောင် ပြောင် ခေါ်ဝေါ်ခဲ့ ကြတယ်လို့ မောင် အောင်မျိုးက ရေးပါတယ်။ ဝန်ကြီးဌာနချင်း ပူးပေါင်းဆက်သွယ်မှု မရှိတဲ့အခါ ဝန်ကြီးဌာနကတွေက သူတို့ ဘာသာ ထင်သလို လည်ပတ်ကြပြန်ပါတယ်။ ဝန်ကြီးတွေကလည်း ကုမ္ပဏီကြီးတွေရဲ့ စီ-အီး-အို တွေလို ဆုံးဖြတ်လုပ်ကိုင် ခဲ့ကြပါတယ်။ သူတို့လက်သင့်ရာကို ကန်ထရိုက်တွေ ချပေးလို့ သူတို့အင်ပိုင်ယာကို တည် ဆောက်ခဲ့ကြတယ်လို့လည်း ဖတ်ခဲ့ရပါတယ်။ ဒီတိုင်းမှူးဝန်ကြီးတွေ ၅-နှစ်လောက် အကြာမှာတော့ သူတို့ အောက်ခြေ တပ်တွေနဲ့ အဆက်အသွယ် ပြတ်ခဲ့ကြပါပြီ။ လာဘ်စားမှုနဲ့ ကျော်စော နာမည်ပျက်တာတွေလည်း ကြားမကောင်းအောင် ဖြစ်လာတော့ ၁၉၉၇ ခုနှစ်မှာ၊ (နဝတ) ကနေ၊ (နအဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းတဲ့ အချိန်မှာ အရေးယူ အနားပေးခဲ့ပါ တော့တယ်။

ပြောရရင်တော့ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးရှုပ်ထွေးလာတဲ့ အခြေအနေမှာ၊ စီမံခန့်ခွဲမှုလွဲချော်မှုတွေ အောက်မှာ တိုင်းပြည်နစ်နာဖွယ် ဖြစ်ခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။ အရေးယူခဲ့တယ် ဆိုပေမယ့်လည်း၊ အခုတိုင်းမှူးတွေကို နစ်နာစေရ လောက်အောင်လုပ်တာ၊ ထောင်ချတာတွေ မရှိခဲ့ပါဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆို ပေမယ့် စစ်တပ်ကတော့ သူ့တို့ကိုယ်သူတို့ သက်သက်ညှာညှာပဲ ကြည့်ထားတဲ့ပုံ ရပါတယ်။

နောက်တပတ်မှာတော့ အခုကာလ စစ်တပ်ခေတ်မှီရေး လုပ်ဆောင်နေပုံနဲ့ တပ်ဖွဲ့စည်းထားပုံအသစ် ကိစ္စတွေကို ဆက်လက် တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments