Pages

Friday, June 5, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၆)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာ လက်ဆောင်ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့တပ်မတော်ရဲ့ ဖွဲ့စည်း ပုံတည်ဆောက်ထားပုံ ဆိုင်ရာသမိုင်းကို တင်ပြထားပါတယ်။


သောတရှင်မိတ်ဆွေများခင်ဗျား
ဒီကနေ့ မြန်မာ့တပ်မတော်ဟာ သီရိလင်္ကာနိုင်ငံမှာ ချုပ်ဆိုတဲ့ ကန္ဒီသဘောတူညီချက် စာချုပ်အပြီး၊ အရင် ဗြိတိသျှ လက်အောက်မှာ အမှုထမ်းခဲ့တဲ့ တိုင်းရင်းသားတပ်ရင်းတွေရယ်၊ ဗိုလ်ချုပ် အောင် ဆန်း ဦးဆောင်တဲ့ ယခင် ဘီအိုင်အေ၊ ဘီဒီအေ စတဲ့ မျိုးချစ်တပ်မတော်တပ်ဖွဲ့တွေကတဆင့် စတင် သန္ဓေတည်ခဲ့တဲ့ အကြောင်း ဖော်ပြခဲ့ပါတယ်။

စတင်ဖွဲ့စည်းစဉ်က သဘာဝမတူကွဲပြားတဲ့ တပ်တွေစုဖွဲ့ထားတဲ့အတွက်ကြောင့် ပြဿနာပေါင်းစုံနဲ့ ကြုံခဲ့ရပါတယ်။ လွတ်လပ် ရေးရပြီးခါစမှာ ရှိနေတဲ့ မြန်မာ့တပ်မတော်ကို ပြန်ကြည့်ရင် ပဋိပက္ခတွေကို ထင်ထင်ရှားရှား မြင်ခဲ့ကြရပါတယ်။ အရင် အင်္ဂလိပ်-ဂျပန်ကို သူပုန်ထလို့ လွတ်လပ်ရေးလှုပ်ရှားမှုထဲ ပါလာခဲ့ကြတဲ့ စစ်သား တွေက သူတို့ကိုယ်သူတို့ မျိုးချစ်စစ်သား တွေလို့မြင်ကြပါတယ်။ ဗြိတိသျှတပ်က ပေါင်းလာတဲ့ တပ်တွေကိုတော့ ကြေးစစ်စစ်သားတွေလို့ မြင်ကြပါတယ်။ ရဲဘော်ထု ကြားထဲတင်မဟုတ်ဘဲ ခေါင်းဆောင်မှုပိုင်းမှာလည်း အချို့အရာရှိတွေကို အနောက်လိုလား သူတွေ၊ ဗြိတိသျှ လိုလားသူတွေ၊ လက်ကျာသမားတွေလို့ မြင်ကြပါ တယ်။ တဖက်က ဗျူရိုကရေစီအုပ်ချုပ်ရေးမှာရှိတဲ့ အရာရှိတွေကလည်း အချို့မြန်မာ့ တပ်မှူး တွေကို ကွန်မြူနစ် အနွယ်ဝင်တွေ၊ လက်ဝဲအယူရှိသူတွေလို့ မြင်ကြပါတယ်။ အဲဒီအချိန်က မြန်မာ့တပ်မတော် ထိပ်ပိုင်း တပ်မှူးတွေ ကလည်း ကရင်လူမျိုး ဗိုလ်ချုပ်စမစ်ဒွန်း၊ ဒု-ဗိုလ်မှူးကြီးရှီးရှို၊ ဗိုလ်မှူးချုပ် စောကြာဒိုး စတဲ့သူတွေ ဖြစ်တဲ့ အတွက် ကြောင့် မြန်မာ့တပ်မတော်ကို ကရင်တွေလွှမ်းမိုးနေတယ်လို့ ခံစားချက် တွေရှိခဲ့ကြပါတယ်။ ဒီပဋိပက္ခ တွေက သိပ်မကြာ ခင်မှာပဲ ပွင့်ပွင့်လင်းလင်း ပေါက်ကွဲလာပါတော့တယ်။ မြန်မာ့တပ်မတော်ထဲက အချို့ သေနတ်ကိုင် ခြေလျင်တပ်ရင်းတွေက ကွန်မြူနစ်ပါတီဖက် တောခိုကြသလို၊ စစ်ရဲတပ်အချို့ အပါအဝင် ကရင်သေနတ်ကိုင်တပ်ရင်းတွေကလည်း နောက်ပိုင်းမှာ သူပုန်ထကြပါတယ်။ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြည်တွင်းစစ်ကို အပြင်းအထန် ဆင်နွှဲခဲ့ရပါတယ်။

ကရင်လက်နက်ကိုင်တပ်တွေ ပုန်ကန်မှုအပြီးမှာတော့ စစ်တပ်က ကရင်တပ်မှူးကြီးတွေကိုလည်း အနားယူစေခဲ့ ပါတော့ တယ်။ သူပုန်ထတဲ့ကိစ္စတွေကိုလည်း တွန်းလှန်နိုင်ပြီး၊ အတော်အသင့်ထိန်းချုပ်မှု ရလာတဲ့အခါမှာတော့ တပ်မတော် အတွင်း မှာ ရာထူးနေရာခန့်ထားရေးကိစ္စတွေအတွက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ခဲ့ကြတယ် ဆိုပါတယ်။ မတူကွဲပြားတဲ့ နောက်ခံ၊ လူမျိုး၊ ဌာန စသဖြင့်က လာကြသူတွေကို မျှတအောင်ရာထူးနေရာပေး ခန့် ထားရေးကိစ္စတွေကို ၁၉၅ဝ ခု၊ တပ်မှူညီလာခံကစလို့ ဆွေးနွေးလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တနည်း ပြောရရင်တော့ တပ်ရာထူးခန့်ထားရေး ကိစ္စတွေမှာ အရပ်ဖက်၊ နိုင်ငံ ရေးဖက်က သြဇာသက်ရောက်လာမယ့် ကိစ္စတွေကို ဖယ်ရှားလိုက်ကြတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ စစ်ရုံးချုပ်ဖွဲ့စည်းရေး ကိစ္စတွေကိုလည်း အလေးပေး လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီညီလာခံကပဲ စစ်ရုံးချုပ် ကောင်စီ ဖွဲ့စည်းဖို့ အဆိုပြုချက်တခု တင်ပြခဲ့ပါတယ်။ အဲဒီအဆိုပြုချက်ကိုပဲ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျင်းပတဲ့ ၁၆၂ ကြိမ်မြောက် ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ အတည်ပြုပေးခဲ့ပါတယ်။ နောက်ပိုင်း ဦးဘဆွေ ကာကွယ်ရေး ဝန်ကြီး ဖြစ်လာတော့ စစ်ရုံးချုပ်က သူ့လက်သူ့ခြေ ပိုဖြစ်လာခဲ့ပါတယ်။ စစ်ရုံးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီး ဌာန တခုလုံးကို ကိုယ်စားပြုနေရုံသာမက၊ စစ်ဖြစ်နေတဲ့အတွင်း ကာလ ဝန်ကြီးအဖွဲ့ သဖွယ်တောင် သြဇာထက်လာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တပ်ထဲမှာ လူမျိုးရေး၊ အဖွဲ့အစည်း လာရာနောက်ခံ၊ နိုင်ငံရေး အမြင် မတူတဲ့ကိစ္စတွေ ကိုလည်း သေချာကိုင်တွယ်ခဲ့ပါတယ်။ စစ်မြေပြင်မှာ ပိုလို့ ပူးပေါင်းဆောင်ရွက်လာနိုင်ခဲ့တယ်။ ထောက်လှမ်းရေး နဲ့ တိုက်ခိုက်ရေး အရာရှိတွေကြားထဲ ရှိနေတဲ့ ပြဿနာတွေကိုလည်း စနစ်တကျ ဖြေရှင်းပေးခဲ့ကြတယ်။ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် တွေ နေရာမှာလည်း မတူညီတဲ့ သင်တန်းတွေကဆင်းလာတဲ့ အရာရှိအုပ်စုတွေကို တတ်နိုင်သမျှ မျှတအောင် နေရာချ ပေးခဲ့တယ်လို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။ ၁၉၆ဝ ခုနှစ်များက စလို့ တပ်မတော်အတွင်းမှာ အုပ်စုကွဲပြား ပြဿနာ ဖြစ်ရတာတွေကိုလည်း အနည်းနဲ့အများ ဆိုသလို ရှင်းနိုင် ခဲ့တယ်လို့ ဆိုပါတယ်။ အုပ်စု ဂိုဏ်းဂဏ ပြဿနာတွေ မရှိဘူး တော့ မဟုတ်ပါဘူး။ ဒါတွေကိုလည်း စီမံနိုင်ခဲ့ ကြတယ်။ တခါတလေမှာ တန်ဖိုးကြီးကြီးပေး ရတဲ့အထိ ဖြစ်ရပေမယ့်၊ အဖွဲ့အစည်း သဘော၊ တပ်မတော်တခု လုံးရဲ့ ညီညွတ်မှုကို ထိန်းနိုင်ခဲ့တယ်လို့ မောင်အောင်မျိုးက ဆိုပါတယ်။

ဒီလို လုပ်ဆောင်ခဲ့တဲ့ နေရာမှာ ကိစ္စအများအပြား လုပ်ဆောင်ခဲ့ရပါတယ်။ ၁၉၆ဝ ခုနှစ်များက စပြီး ရုံးတာဝန် နောက်တန်း မှာ နေရတဲ့ အရာရှိတွေနဲ့ စစ်မြေပြင်ဆင်းရတဲ့ အရာရှိတွေကြား ပြဿနာကို မူတခုချလို့ ရှင်းနိုင်ခဲ့ ပါတယ်။ ရှေ့တန်း မထွက်ဖူးတဲ့ အရာရှိဟာ ရာထူးကြီးကြီးတက်ဖို့ မဖြစ်နိုင်ဘူး ဖြစ်လာပါတယ်။ ဗိုလ်မှူးကြီး အဆင့်ထိတောင် မတက်နိုင် တော့ပါဘူး။ ဒါ့အပြင် စစ်ဦးစီးတာဝန်ယူဖူးသူမှသာပဲ ရာထူးကြီးကြီးနေရာကို ရောက်ပါတယ်။ တပ်ရေး-တပ်ထောက် စသဖြင့်ဌာနတွေကဆိုရင် အဆင့်မြင့်ရာထူးတွေယူရတာ ရှားရှားပါးပါး လို့ ဆိုနိုင်ပါတယ်။ စစ်ရေးချုပ်၊ စစ်ထောက်ချုပ် စသဖြင့်နေရာတွေမှာလည်း တိုက်ခိုက်ရေးကတက်လာတဲ့ အရာရှိတွေနဲ့ အစားထိုးခဲ့ပါတယ်။

ဒုတိယအချက်ကတော့ စစ်တပ်ထဲမှာ နိုင်ငံခြားထောက်လှမ်းရေး၊ အစိုးရတွေက ထိုးဖောက်မှုကို အမြဲပဲ သတိ ကြီးကြီး ထား ကာကွယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြတ်လာတဲ့ သမိုင်းတလျောက်မှာ နိုင်ငံခြားမှာ စစ်သံမှူးတာဝန် ပေးပြီးမှ တပ်မတော်အတွင်း ရာထူးနေရာကြီးကြီး ပြန်ခန့်ထားခဲ့တာ ချွင်းချက်အနေနဲ့ ဗိုလ်ချုပ်ကြီးချစ်ဆွေနဲ့ ဗိုလ်မှူးကြီး ဝင်းဇော် ညွန့်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ချစ်ဆွေက ဆိုဗီယက်ရုရှား စစ်သံမှူး၊ ဗမက ဝင်းဇော်ညွန့်က တိုကျိုစစ်သံမှူး ခန့်ခဲ့ပြီး၊ နောက်ပိုင်းမှာ တပ်မ-၇၇၊ ၉၉ တွေမှာ အသီးသီး နေရာပြန်ချထားခဲ့ ပါတယ်။ ပြောရရင် ဒီလိုနေရာပြန်မပေး ခံရတာဟာ နိုင်ငံခြားသြဇာကို စိုးရိမ်လို့ ကာကွယ်နိုင်အောင်ပဲ ဖြစ်ပါ လိမ့်မယ်။

တတိယအချက်ကတော့ တပ်မတော်အတွင်း အုပ်စုဖွဲ့မှုတွေကိုလည်း အထူးသတိထား နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။ အုပ်စု လိုက် ထုတ်ပစ်တာ၊ အနားယူစေတာလည်း အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ဒီလို ရှင်းလင်းပစ်ခဲ့တဲ့ အကြိမ်တွေကိုလည်း မောင်အောင်မျိုးက မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။

နောက်တချက်ကတော့ ပြင်ပက၊ အထူးသဖြင့် ကွန်မြူနစ်တွေရဲ့ သြဇာဝင်လာမှာ စိုးရိမ်တဲ့အတွက် တပ် မတော်အတွင်း နိုင်ငံရေးအယူအဆသွတ်သင်းမှု လုပ်လာတဲ့နည်းအားဖြင့် ကာကွယ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော် ကိုယ်၌က ဖော်ပြထားတဲ့သမိုင်းအရ အဲဒီအယူအဆ ဖွံ့ဖြိုးလာပုံက ၈- ဆင့်ရှိတယ်ဆိုပါ တယ်။ အရင် အဆင့်နိမ့်တဲ့ ကာကွယ်ရေးတာဝန် သက်သက်ကနေ၊ ခေတ်ပြောင်းတော်လှန်ရေးတရပ်ကို ဦးဆောင်ဆင်နွှဲနေတဲ့ တပ်မတော်တခုအဖြစ် အယူဝါဒ သွတ်သွင်း ခဲ့ကြတာပါ။ ဒီအယူအဆကလည်း လက်ဝဲ ဖက်ယိမ်းပြီး၊ နောက်ပိုင်းမှာ တပ်မတော်ကလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဦးဆောင်မှုကို ခံယူတဲ့တပ် ဖြစ်လာခဲ့ရပါတယ်။

တချိန်က အင်အားချိနဲ့တဲ့၊ သေးငယ်တဲ့၊ မညီမညွတ်ရှိလှတဲ့ တပ်ဖွဲ့တခုကနေ နှိုင်းယှဉ်ချက် အရပြောရမယ် ဆိုရင် အင်အား အတန်ကြီးတဲ့၊ အတော်အတန်စည်းလုံးညီညွတ်မှု ရှိနေတဲ့၊ ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာပါ လွှမ်းမိုးချယ်လှယ်နေတဲ့ မြန်မာ့ တပ်မတော် ဖြစ်ထွန်းလာပုံကို မောင်အောင်မျိုးက စာအုပ်နောက်တခန်းမှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ နောက် တပတ် မှာတော့ ဒီအက်စ်အေ-အိုတီအက်အက်စ် စတဲ့ အရာရှိ သင်တန်း ကွဲပြားပုံတွေအရ ဘယ်သူတွေက ပိုနေရာရ သလဲ၊ ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးတပ်တွေကြား အားပြိုင်မှု စတာတွေ ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments