Pages

Friday, May 29, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၅)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာ လက်ဆောင် ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ နဝတ-နအဖ စစ်အစိုးရ လက်ထက် ကျင့်သုံးနေတဲ့ စစ်ရေးဆိုင်ရာ မူဝါဒကို ဝေဖန်တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ တက်လာတဲ့ နဝတ-နအဖ စစ်အစိုးရက "ခေတ်သစ် အခြေအနေ အောက်က ပြည်သူ့စစ်ပွဲမဟာဗျူဟာကို" ကျင့်သုံးနေခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ အရင် (မဆလ) ဆိုရှယ်လစ် အစိုးရခေတ်ကတော့ ပြည်သူ့စစ်ပွဲမဟာဗျူဟာမှာ ထု (၃) ခု နဲ့ ပမာဏ (၄) ရပ် ကို စစ်ရေးအခြေခံမူဝါဒအရ အခြေခံထားတယ်လို့ ဆိုပါတယ်။ ထု ၃- ထုဆိုတာကတော့ (လူဦးရေ၊ အချိန်နဲ့ နေရာ) ပဲ ဖြစ်ပါတယ်။ ဒီထု (၃) ခုကို အခြေခံပြီး စစ်ကစားမယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ခေတ်သစ်ပြည်သူ့စစ်ပွဲ မဟာဗျူဟာမှာတော့ ထု (၄) ခုဆိုပြီး ခေတ်သစ် နည်းပညာ သဘော ဆိုင်ဘာစစ်ဆင်ရေး (cyber warfare) ကိုပါ ထု တခု အနေနဲ့ ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။ ခေတ်သစ်စစ်ပွဲတွေမှာ မြေ၊ ပင်လယ်၊ လေထု၊ အာကာသ သာမက ဆိုင်ဘာစပေ့စ်ခေါ်တဲ့ ခေတ် ပေါ်နည်းပညာနယ်ပယ်ကိုပါ တိုးချဲ့သတ်မှတ်လာတဲ့ သဘောဖြစ်ပါတယ်။ ပဏာမ (၄) ရပ် ဆိုတာကတော့ လူအင်အား၊ ရုပ် ဝတ္ထု၊ အချိန်နဲ့ စိတ်ဓါတ်ပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကို မြန်မာစစ်ဗိုလ်ချုပ်တွေက အလေးထားပြောခဲ့ကြောင်း မောင်အောင်မျိုးက ဖော်ပြပါတယ်။ ၂ဝဝဝ ခုနှစ်မှာ ကျင်းပတဲ့ တပ်မတော်အရာရှိငယ်သင်တန်းဖွင့်ပွဲတခုမှာ ဗိုလ်ချုပ်ကြီးမောင်အေးက "အခု ၂၁ ရာစုမှာ ဆက်သွယ်ရေး နည်းပညာတွေကို ပိုလို့ ကျယ်ကျယ်ပြန့်ပြန့် သုံးလာတယ်။ ကမBာ့ဆက်သွယ်ရေးစနစ် တွေက ပိုလို့ မြန်ဆန်လာတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကာလမှာ ခေတ်သစ်သိပ္ပံနဲ့ နည်းပညာတွေကို အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အသုံးချ ရမယ်။ အရာရှိလောင်းတွေဟာ တီထွင်ဖန်တီးမှု ရှိရမယ်။ ခေတ်သစ် အမိန့်ပေး၊ ထိန်းချုပ်တဲ့ စနစ်တွေကိုလည်း ကျွမ်းကျင် ပိုင်နိုင်အောင် လုပ်ရမယ်" လို့ ဆိုခဲ့ ပါတယ်။

ပြည်သူ့စစ်ပွဲမဟာဗျူဟာဆိုပြီး အရင် (မဆလ) အစိုးရ လက်ထက်မှာ လူထုကို လှုံ့ဆော်လို့ စစ်ကြောင်းကြီး (၅) ကြောင်း ဆိုတာတွေ၊ ဖြတ် (၄) ဖြတ် စစ်ဆင်ရေးဆိုတာတွေကို သူပုန်နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ အသုံးချခဲ့ပါတယ်။ အရင် ကတော့ အဲသလို လူထုစည်းရုံး လှုံ့ဆော်ရေးကိစ္စတွေကို အစိုးရနဲ့ ပြည်သူ့ကောင်စီဆိုတဲ့ အုပ်ချုပ်ရေး ယန္တယားတွေက တာဝန်ယူ ပါတယ်။ စစ်တပ်ကတော့ စစ်ရေးကိစ္စ သက်သက်ကိုသာ အဓိက တာဝန် ယူရပါတယ်။ (၁၉၈၈) စစ်အာဏာ သိမ်းပြီး နောက်ပိုင်း တက်လာတဲ့ (နဝတ-နအဖ) စစ်အစိုးရမှာ ထူးခြားချက်ကတော့ အရင်လို လူထုစည်းရုံး လှုံ့ဆော်ရေး လုပ်ပေးမယ့် အရပ်သားအစိုးရ မရှိပါဘူး။ စစ်တပ် လည်းသူ၊ လူထုစည်းရုံး လှုံ့ဆော်ရေးအတွက် အစိုးရဖက်ကလည်း သူဆိုတာမျိုး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ အရင်က လမ်းစဉ်လူငယ်အဖွဲ့တွေလိုမျိုး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းဆိုတာတွေကို အစိုးရရဲ့ လူထု လူတန်း စားအခြေခံ အသင်းတွေ အနေနဲ့ ဖွဲ့လာခဲ့ပါတယ်။ ဒီအဖွဲ့တွေမှာ ဗိုလ်ချုပ်ကတော်တွေက နာယက၊ ဥက္ကဌ အဖြစ် တာဝန် ယူကြပါတယ်။ အဲဒါအပြင် စစ်ပြန်စစ်မှုထမ်းဟောင်းတွေကိုလည်း အရံအင်အားအဖြစ် ပြန်စုခဲ့ပါတယ်။

ဒါတင်မက ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့၊ အရံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့တွေကိုလည်း ညီနောင်တပ်ဖွဲ့ တွေ အဖြစ်သတ်မှတ်ခဲ့ပါတယ်။ တပ်မတော်နေ့ စစ်ရေးပြရာမှာ နောက်ပိုင်းကာလမှာ ဒီအဖွဲ့ တွေကိုပါ ချီတက် အလေး ပြုရာမှာ ပါဝင်စေတာကို သတိထားမိကြပါလိမ့်မယ်။ အဲဒါအပြင် စစ်တပ်က မိသားစု ဝင်တွေကိုလည်း ပြည်သူ့ စွမ်းအား ရှင်အဖွဲ့ဆိုပြီး မြောက်ပိုင်းတိုင်းကစလို့ စုဖွဲ့ခဲ့တယ်လို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။ စစ်တပ်က မိသားစုဝင် အိမ်ထောင်သည် တွေကို လည်း စစ်ရေးလေ့ကျင့်ခန်းတွေ ပေးခဲ့ပါတယ်။ ဒီလိုလေ့ကျင့်စေရာမှာ သတင်းတွေအရ လေယာဉ်ပစ် စက်သေနတ် သင်တန်း တွေ၊ လက်နက်ကြီး သင်တန်းတွေ ကိုတောင် တက်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၁၉၉၄ ခုနှစ်ကစလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေကတဆင့် လူစုပြီး လေကြောင်းလူငယ်၊ ရေကြောင်း လူငယ် သင်တန်းတွေကိုလည်း ပြန်စလာခဲ့ပါတယ်။

ဒီနေရာမှာ ဝေဖန်စရာရှိတာက အခု ပြည်သူ့စစ်ပွဲ မဟာဗျူဟာရဲ့ ရန်သူသတ်မှတ်မှု ပြဿနာပဲ ဖြစ်ပါတယ်။ တို့တာဝန် အရေး (၃) ပါးကို ဆန့်ကျင်လာရင် ရန်သူလို့ သတ်မှတ်ထားပါတယ်။ သတ်မှတ်ရာမှာလည်း နိုင်ငံရေးအရ သဘော ထားကွဲသူ တွေ ကိုတောင် ရန်သူလို့ ထည့်သွင်းသတ်မှတ်ခဲ့ပုံ ရပါတယ်။ စစ်အစိုးရရဲ့ ကြွေးကြော်သံတွေမှာ ဖော်ပြသလို ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်နှောက်ယှက်ဖျက်ဆီးနေတဲ့သူတွေ၊ ပြည်တွင်း ပြည်ပ အဖျက်သမားတွေ စသဖြင့်ကို ဘုံရန်သူအဖြစ်တောင် သတ်မှတ်ချေမှုန်းကြဖို့ ဆိုတာတွေ ဖြစ်လာပါ တယ်။ အဲသည်တော့ အရင်က လက်နက်ကိုင် သူပုန်တွေအပေါ် သုံးခဲ့တဲ့ ဖြတ် (၄) ဖြတ် စစ်ဆင်ရေးတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွက် ဖြစ်လာ သလားလို့ စဉ်းစားစရာပါ။ ပြည်သူ့ စွမ်းအားရှင်ဆိုတဲ့ လူရမ်းကားတွေနဲ့လည်း နိုင်ငံရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေး အတိုက် အခံတွေကို ထိုးနှက်ရိုက်ပုတ်တာတွေ ဖြစ်လာပါတယ်။ နိုင်ငံရေးသဘောထားကွဲတာကို စေ့စပ်ညှိနှိုင်းရမယ့်အစား အပြတ်ချေမှုန်းရေး ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးတော့ ပြည်သူကို ကာကွယ်ရမယ့် တပ်မတော်က ပြည်သူကိုပဲ ရန်သူ ထင်နေတာမျိုး ဖြစ်လာ ခဲ့ပါတယ်။ နောက်ဆုံး မြို့တော်ကိုတောင် နေပြည်တော်ဆိုပြီး တောခေါင်ခေါင်နေရာ ရွှေ့ပစ် တာဟာလည်း အခုလို လုံခြုံရေးကို ကဲလွန်းတဲ့ အစွန်းရောက်အမြင်တွေကြောင့် ဖြစ်ပါတယ်။

ဒုတိယဝေဖန်စရာအချက်ကတော့ ခေတ်မှီရေးအတွက်သာ ပြင်ဆင်နေတယ်။ အားနည်းချက်တွေကလည်း အပြည့် ဖြစ်နေ ပါတယ်။ စစ်တပ်က ပြည်ပရန်အတွက် မြေအောက်ဥမင်စစ်ဆင်ရေးအတွက်လည်း ပြင်ဆင် ထားခဲ့တယ်လို့ မောင်အောင် မျိုးက ဖော်ပြပါတယ်။ ဒါပေမယ့်နောက်ပိုင်း တရုတ်က အကြံပေးသူတွေက အခုအခါ ဘန်ကာ ဘတ်စ်တာ (Bunker buster) လို့ခေါ်တဲ့ အဆင့်မြင့်ဖျက်အားပြင်း ဗုံးတွေပေါ်လာပြီ။ အလုပ်မဖြစ်နိုင်ဘူးလို့ အကြံပေးမှ ပြန်လို့ ရုပ်သိမ်းခဲ့တယ် ဆိုပါတယ်။ ဒါ့အပြင် ကြည်း၊ ရေ၊ လေ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ၁၉၉၅-၉၇ လောက်မှာ အကြီးအကျယ် လုပ်ခဲ့တာ ကို ကျနော် တင်ပြခဲ့ပါတယ်။ ဒါတင်မက မှော်ဘီနားက ထူးကြီး အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ-က-ခ) အမှတ် (၄) အောက် က တပ်ရင်း (၁ဝ) ရင်းကိုလည်း လေကြောင်းချီတပ်မသဖွယ် ဖွဲ့ထားခဲ့တယ်လို့ မောင်အောင်မျိုးက ဖော်ပြ ပါတယ်။ ဒါပေမယ့် နာဂစ်လေမုန်တိုင်း ကယ်ဆယ်ရေးကိစ္စတွေကို တုံ့ပြန်ရာမှာ ရဟတ်ယာဉ်ကအစ၊ တပ်မတော် အင်ဂျင် နီယာ၊ ဆေးတပ်၊ ကြည်း တပ်တွေအဆုံး ဘယ်လောက် အထနှေးခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။

အဲသည်အချိန်က မြန်မာ့ရေပိုင်နက်မှာ ရောက်နေတဲ့ နိုင်ငံခြားကယ်ဆယ်ရေးစစ်သင်္ဘောတွေက ဝင်မယ်ဆိုရင် ကုန်းပေါ် ရောက်နေလောက်ပါပြီ။ ဒါပေမယ့် ရန်ကုန်ကနေ လပွတ္တာသွားတဲ့ မိုင် ၁ဝဝ လောက်ခရီးကို ၉-နာရီ ကျော် ကားနဲ့သွား နေရတယ်ဆိုတဲ့ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းညံ့ဖျင်းတဲ့ အခြေအနေတွေကိုလည်း ကြား သိခဲ့ရပါတယ်။ အကယ်၍ ကျူးကျော်စစ်ဖြစ်လာရင်တောင် တပ်တွေဘယ်လိုရွှေ့မှာလဲဆိုတဲ့ မေးခွန်းရှိနေပါသေးတယ်။

တတိယအချက်ကတော့ ပြည်သူတွေအတွက် စဉ်းစားပုံ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်သားတွေကို ၂-မျိုး ၂ စားခွဲခြား ထားတာ လေ့လာမိပါတယ်။ တမျိုးက စစ်သားအလုပ်လုပ်တဲ့ တိုက်ခိုက်ရေးစစ်သားဖြစ်ပြီး၊ နောက် တမျိုးကတော့ ဖွံ့ဖြိုးရေး စစ်သား ခေါ်တဲ့ လူထုဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်တဲ့စစ်သားပါ။ ထိုင်းနိုင်ငံမှာ ဗိုလ်ချုပ် တယောက်က ဦးဆောင် ပြီး အင်အား ၂ သောင်းကျော်တောင် ဖွဲ့ထားတာကို တွေ့နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ငလျင်ဘေးမှာ လည်း ဒီလိုကပ်ဘေးတွေကို တုံ့ပြန်ဖို့ဖွဲ့ထားတဲ့ အထူးတပ်တွေကို တွေ့နိုင်ပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေကတော့ ဒီလိုကိစ္စ တွေကို စဉ်းစားမိမှာတောင် မဟုတ်ပါဘူးလို့ပဲ ကျနော်က ဝမ်းနည်းစွာ နဲ့တွေးနေမိပါတယ်။ ပြည်သူတွေကို ရန်သူထင်လို့ လုံးချာလည် ဇာတ်ရှုပ်နေတုန်းပါ။

စစ်ရေးအခြေခံ မူဝါဒကိစ္စတွေတော့ ဒီမျှနဲ့တော်ပါရစေ။ နောက်တပတ်မှာတော့ ဖွဲ့စည်းတည်ဆောက်ပုံ ကိစ္စတွေကို ဆက် လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။


(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments