Pages

Friday, May 22, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၄)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာ လက်ဆောင်ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ နဝတ-နအဖ စစ်အစိုးရ လက်ထက် ကျင့်သုံးနေတဲ့ စစ်ရေးဆိုင်ရာ မူဝါဒ-တတိယအဆင့် ဖွံ့ဖြိုးလာပုံကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား
ဒီကနေ့ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ တက်လာတဲ့ နဝတ-နအဖ စစ်အစိုးရနဲ့ မြန်မာ့ တပ်မတော်က ဘယ်လိုစဉ်းစားလုပ်ဆောင်နေသလဲဆိုတဲ့ စစ်ရေးမူဝါဒ military doctrine ဖွံ့ဖြိုး တိုးတက်လာပုံ တတိယ အဆင့်နဲ့ ပတ်သက်လို့ မောင်အောင်မျိုးက ဆက်လက်တင်ပြခဲ့ပါတယ်။

ပြောရမယ်ဆိုရင်တော့ နဝတ-နအဖ စစ်အစိုးရလက်ထက်တွေမှာလဲ စစ်ရေးအခြေခံ မူဝါဒဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ လက်ထက်က ကျင့်သုံးခဲ့တဲ့ "ပြည်သူ့စစ်ပွဲ မဟာဗျူဟာ" ကိုပဲ ယေဘုယျအားဖြင့် ဆက်ခံပါ တယ်။ ဒါပေမယ့် ထူးခြား တဲ့ အပြောင်းအလဲ၊ အခြေအနေ တချို့တော့ ရှိပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လို့ ခေါ်တဲ့ (နဝတ) အာဏာသိမ်း စစ်ကောင်စီက ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံကြီးကို စစ်တပ် အင်အားနဲ့ သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းပြီးမှ တိုင်းပြည်အခြေအနေကို ထိန်းသိမ်းဖို့ဆိုပြီး အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရ ဖြစ်ပါတယ်။ စစ်အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ လည်း နိုင်ငံတကာက ပြစ်တင်ဝေဖန်တာ၊ ပိတ်ဆို့ဒဏ်ခတ် အရေးယူ တာတွေ ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ စစ်တပ်ခေါင်းဆောင်တွေက လက်ရှိ စစ်တပ်ရဲ့ စစ်ရေးအခြေခံ မူဝါဒ military doctrine နဲ့ မဟာဗျူဟာတွေ ကို ပြန်လို့သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ စစ်ဗိုလ်ချုပ် တွေ အနေနဲ့ ပြည်ပနိုင်ငံတခုရဲ့ တိုက်ရိုက်စစ်ရေး ကျူးကျော်မှု ဒါမှမဟုတ် သြဇာခံနိုင်ငံတခုကတဆင့် ကျူးကျော်မှုတွေ ဖြစ်လာ မယ့်အရေးကို သူတို့က ပိုလို့စိုးရိမ်လာလို့ပဲလို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ လူထုဆန္ဒပြပွဲတွေ ဖြစ်နေ တဲ့အချိန်မှာ မြန်မာ့ရေပိုင်နက်ထဲမှာ အမေရိကန် ရေတပ်သင်္ဘောတွေ ကျူးကျော်ခဲ့ကြတယ်လို့ အစိုးရပိုင်သတင်းဌာနတွေ က အကြိမ်ကြိမ် ဖော်ပြခဲ့ကြပြီး၊ ဒါဟာ အချုပ်အခြာ အာဏာပိုင်နယ်မြေကို ကျူးကျော်မှုလို့လည်း သူတို့က စွပ်စွဲခဲ့ကြ ပါတယ်။ အဲဒါအပြင် ပြည်ပ နိုင်ငံတွေက လက်နက်ကိုင်တိုက်ခိုက်နေတဲ့ သူပုန်တွေကို အကူအညီတွေ ပေးလာပြီး၊ နယ်စပ်မှာ အင်အားစုဆောင်း ဖွံ့ဖြိုးလာမယ့်အရေးကိုလည်း စိုးရိမ်စိတ်ပွားခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ်၊ ဆန္ဒပြပွဲတွေ အတွင်းမှာ ပေါ်ပေါက်ခဲ့ကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကလည်း ပြည်ပအကူအညီတွေ တောင်းခံ ပြီး သူတို့ကို ဆန့်ကျင်လာမှာကို စစ်အစိုးရက စိုးရိမ်စိတ်ပွားခဲ့ပါတယ်။ နိုင်ငံရပ်ခြားက ဝင်ရောက် စွက်ဖက်တာ တွေ၊ အကူအညီ ပေးတာတွေ ရှိလာမယ်၊ အစိုးရကို မတည်မငြိမ် ဖြစ်လာအောင် လုပ်လာမယ်၊ အစိုးရကို ဖြုတ်ချပစ်မယ် လို့လည်း စိုးရိမ်လာခဲ့ပါတယ်။ အဲသည်လို သူတို့မြင်လာ ယုံကြည်လာကြတဲ့ ခြိမ်း ခြောက်မှုတွေအပေါ် အခြေခံပြီး စစ်တပ် ရဲ့ စွမ်းဆောင် နိုင်ရည်၊ စစ်တပ် အခြေခံမူဝါဒတွေကို ပြန်လည်သုံးသပ် လာပါတော့တယ်။ အရင်ကာလ ဆိုရှယ်လစ် အစိုးရ က ဘက်မလိုက် ကြားနေ နိုင်ငံခြားရေး မူဝါဒနဲ့ နိုင်ငံကို အထီးကျန် အုပ်ချုပ်ခဲ့စဉ်က ဒီကိစ္စတွေက အရေးသိပ်မပါခဲ့သော် လည်း အခုတော့ အရေးတကြီး စဉ်းစားရဖို့ ဖြစ်လာပါတယ်။

(နဝတ) စစ်အစိုးရ တက်လာပြီးစမှာပဲ စစ်အစိုးရသစ်ရဲ့ အမျိုးသား အခြေခံမူဝါဒအဖြစ် တို့တာဝန် အရေး (၃) ပါးကို ကြေညာ ခဲ့ပါတယ်။ ဒီအမျိုးသားရေးတာဝန် (၃) ပါးကို ဆန့်ကျင်လာမယ်ဆိုရင်တော့ သူတို့က ခြိမ်းခြောက်မှုလို့ သတ်မှတ်ပါတယ်။ နောက်ပိုင်းထုတ်ဖော်လာတဲ့ ကြွေးကြော်သံတွေကို ကြည့်ရင်လည်း သိသာနိုင်ပါတယ်။ ပြည်တွင်း- ပြည်ပရန်တို့၊ ပြည်တွင်း ရေးကို ဝင်ရောက်နှောက်ယှက် ဖျက်ဆီးသောတို့၊ အနောက်နိုင်ငံများကို အားကိုးသော ပုဆိန်ရိုး ... စသဖြင့်တို့ကို ဘုံရန်သူ အဖြစ် သတ်မှတ်ချေမှုန်းကြ ဆိုတာတွေ တွေ့ကြရ မှာ ဖြစ်ပါတယ်။ အဲဒီလို ခြိမ်းခြောက်မှု ကြီးတယ် လို့ ယူဆလာတဲ့ အခြေ အနေမှာ တပ်အင်အား အဆမတန် တိုးချဲ့တာတွေ၊ လက်နက် ဝယ်ယူစုဆောင်းတာတွေ ဖြစ်လာ ခဲ့ပါတယ်။ ၁၉၈၉-၉ဝ ခုနှစ် ကာလတုန်းက မြန်မာ့ တပ်မတော်မှာ လေယာဉ်ပစ်လက်နက် အနည်းငယ်နဲ့ တင့်ကား ၆ဝ လောက်ပဲ ရှိခဲ့ပါတယ်။

အဲသည်နောက် တော့ တိုက်လေယာဉ်သစ်၊ လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်တွေ ဝယ်တာ၊ တင့်ကား၊ စစ်သင်္ဘောတွေ၊ ရေဒါ၊ အီလက်ထရွန်နစ် ထောက်လှမ်းရေးစနစ်တွေ ဒေါ်လာသန်းထောင်ချီပြီး ဝယ်ယူ အားဖြည့်တာတွေ ဖြစ် လာပါတယ်။ ၁၉၈၈ ခုနှစ်က ခြေလျင်တပ်ရင်း ၁၆၈ ရင်းမှာ ကြည်းတပ်စစ်သည် တစ်သိန်း ရှစ်သောင်းလောက် သာ ရှိရာကနေ၊ ၂ဝဝဝ ခုနှစ်မှာ ခြေလျင်တပ်ရင်း ၄၆၂ ခု၊ ၂ဝဝ၇ ခုနှစ်မှာတော့ ခြေလျင်တပ်ရင်း ၅ဝ၄ ခုနဲ့ တပ်မတော်စစ်သည်အင်အား ၆ သိန်း လောက်အထိ တိုးချဲ့ခဲ့ပါတယ်။

နောက်တခု ထူးခြားချက်အခြေအနေကတော့ ခေတ်သစ် စစ်ပွဲတွေရဲ့ နည်းပညာအံ့မခန်း အဆင့်မြင့်လာမှု ဖြစ်ပါတယ်။ ဒီအချက် ကိုလည်း စစ်ခေါင်းဆောင်တွေက သတိထားမိခဲ့ကြပါတယ်။ ဒီလိုအခြေအနေတွေကို ဘယ်လို တုံ့ပြန်နိုင် မလဲ ဆိုတာကိုလည်း အာရုံစူးစိုက်ခဲ့ကြပါတယ်။ စစ်အရာရှိတွေက အီလက်ထရွန်းနစ်နဲ့ သတင်းနည်း ပညာစစ်ဆင်ပုံတွေကို အထူးအာရုံစိုက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ အီရတ်မှာ ဖြစ်ခဲ့တဲ့ အမေရိကန်ရဲ့ သဲကန္တာရမုန်တိုင်း စစ်ဆင်ရေး၊ ကော်ဆိုဗိုစစ်ပွဲ၊ အာဖဂန်နစ္စတန်စစ်ပွဲတွေကိုလည်း တပ်မတော် စစ်ရေးသုတေသန ဗျူရိုက သေချာသုတေသနပြုလို့ စစ်ပညာဂျာနယ်တွေမှာ ထည့်သွင်းဖော်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလို အချက်တွေကို တုံ့ပြန်နိုင်ဖို့ "ခေတ်သစ် အခြေ အနေအောက်က ပြည်သူ့စစ်ပွဲမဟာဗျူဟာ" ဆင်နွှဲဖို့ ပြင်ဆင်ခဲ့ကြတယ်လို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။

“ခေတ်သစ် အခြေအနေအောက်က ပြည်သူ့စစ်ပွဲမဟာဗျူဟာ” ဆိုတာကတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ စစ်ရေးအယူအဆကို ပုံတူကူး ပွားယူခဲ့တာ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ ပြည်သူ့စစ်ပွဲ မဟာဗျူဟာမှာပဲ ခေတ်မီဆန်းသစ်တဲ့ လက်နက်တွေ ပေါင်းစပ်အသုံးပြုရေးပဲ ဖြစ်ပါတယ်။ အကယ်၍ ကျူးကျော်စစ် ဖြစ်ပွားလာရင် သေချာ လေ့ကျင့်ထားတဲ့ ပုံမှန်တပ်တွေက ရှေ့ကနေခံစစ်ဆင်မယ်၊ လေ-ရေ ပူးပေါင်း စစ်တွေလည်း ဆင်မယ်၊ အသေ ခံစစ်သဘော ကနေ အရှင် ခံစစ်သဘောကို ပြောင်းယူတဲ့ အခြေခံ အယူအဆပဲ ဖြစ်ပါတယ်။

ဒီအယူအဆအောက်မှာပဲ ကြည်း-ရေ-လေ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ၁၉၉၅ ခုနှစ်၊ ၁၉၉၇ ခုနှစ်မှာ လုပ်ခဲ့ သလို၊ ၁၉၉၈ ခုနှစ်မှာ ခြေလျင်၊ အမြောက်၊ လေတပ် ပူးတွဲလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီလို စစ်ရေးလေ့ကျင့် မှုတွေကို လျှို့ဝှက်ထားခဲ့ ပေမယ့် လူအင်အားအများအပြား သုံးခဲ့တဲ့အတွက်ကြောင့် သတင်းတွေ ဖုံးဖိထားလို့ မဖြစ်နိုင်ခဲ့ပါဘူး။ အချို့သတင်းတွေအရ တပ်မ-၅ ခုနဲ့ စစ်သည်အင်အား ၃ဝဝဝဝ လောက်အထိ ပါဝင်ခဲ့ပြီး၊ လက်နက်ကြီး အမြောက်မျိုးစုံ၊ တင့်ကားနဲ့ သံချပ်ကာအစင်း ၃ဝဝ လောက်၊ တိုက်လေယာဉ် ၆-အုပ်စု၊ ရေ တပ်သင်္ဘော ၃ဝ လောက် ပါဝင် လှုပ်ရှား ခဲ့ကြတယ် ဆိုပါတယ်။

ဒီအယူအဆနဲ့ ပတ်သက်လို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက ထိပ်တန်းတပ်မတော် အရာရှိတွေကို လေ့ကျင့် ပေးတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ထည့်ပြောတာ ကိုလည်း မောင်အောင်မျိုးက ကိုးကားဖော်ပြခဲ့ပါတယ်။ "နိုင်ငံတော် ကာကွယ်ရေးအတွက် အရေးအကြီးဆုံးကတော့ ပြည်သူ တရပ်လုံးရဲ့ ထောက်ခံမှုကို ရရှိဖို့ပဲ။ အခုမြန်မာနိုင်ငံမှာ ပြည်သူ့စစ်ပွဲ မဟာဗျူဟာကို ချမှတ် ကျင့်သုံးနေတယ်။ အကယ်၍ ခေတ်သစ် အခြေအနေ အောက် မှာ ပြည်သူ့စစ်ပွဲမဟာဗျူဟာကို ကျင့်သုံးနိုင်မယ် ဆိုရင် ဘယ်လိုအခြေအနေကြုံကြုံ နိုင်ငံတော်ကို ကာကွယ်နိုင်မယ်လို့ ယုံကြည်တယ်" လို့ ပြောတာကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

နောက်အပတ်မှာတော့ ခေတ်သစ်ပြည်သူ့စစ်ပွဲ မဟာဗျူဟာကို မြန်မာ့တပ်မတော်က ဘယ်လိုစဉ်းစားသလဲ ဆိုတာနဲ့ အခြား ထူးခြားချက်၊ ကျနော်သုံးသပ်မိတဲ့ အားသာ-အားနည်းချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြ ပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

5 comments:

kobo chit said...

သူများကို တိုက်ဖို့တော့မဟုတ်ဘူး ကိုယ့်နိုင် ငံကာကွဖို့ လက်နက်တောင်းတောင်းတော့ရှိရမယ် သတိအမျဲရှိရမယ် ကဘာ့အကောင်း ဆုံဆိုတာတွေနိုင် ငံတွင်းမှာ လုပ်နိုင်အောင် ကြီုးစားထားရမယ် စစ်မဖြစ်ခင် ကြိုတင်ပြင်ဆရမယ်

kobo chit said...

OK

kobo chit said...

ကဘာ့ အကောင်းဆုံးလက်နက်တွေနိုင် ငံ တွင်းမှထုတ်နိုင်အောင် ကြိုးစားပါ တိုက်ဖို့မဟုတ်မါ ကာကွယ်ဖို့ပါ

kobo chit said...

ကောင်း ကောင်းနဲ့များများထုတ် ကျူးကျော်သူတွေတိုက်ရအောင်

kobo chit said...

ကောင်း ကောင်းနဲ့ များများထုတ် ကျူးကျော်သူတွေ တိုက် ရ အောင်

Recent Comments