Saturday, May 16, 2009
မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၃)
မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာ လက်ဆောင်ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ လက်ထက် ကျင့်သုံးခဲ့တဲ့ စစ်ရေးဆိုင်ရာ မူဝါဒ- ဒုတိယအဆင့် ဖွံ့ဖြိုးလာပုံကို တင်ပြထားပါ တယ်။
သောတရှင်မိတ်ဆွေများခင်ဗျား
ဒီကနေ့ မြန်မာတပ်မတော်က ဘယ်လိုစဉ်းစားလုပ်ဆောင်နေသလဲ ဆိုတဲ့ စစ်ရေးမူဝါဒ military doctrine နဲ့ ပတ်သက်လို့ ၁၉၅ဝ ခုနှစ်များမှာ စတင်ဖွံ့ဖြိုးလာပုံကို အရင်အပတ်က တင်ပြခဲ့ပါတယ်။ ပထမပိုင်းမှာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လည်း ပြန်လည်သုံးသပ်တာ မွမ်းမံပြင်ဆင်တာတွေ လုပ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ကေအမ်တီ (KMT) တရုတ်ဖြူ ကျူးကျော်မှု တိုက်ပွဲတွေမှာလည်း အောင်ပွဲတွေရလာခဲ့ပါတယ်။ ပထမအဆင့်က သုံးခဲ့တဲ့ စစ်ရေး မူဝါဒဟာ နေရာယူစစ်သဘောမျိုး၊ ပုံမှန်စစ်ပွဲ မျိုးသဘောဆောင်တဲ့ အတွက်ကြောင့် ၁၉၅ဝ ခုနှစ်များ နောက် ပိုင်းမှာ ကေအန်ဒီအို၊ ဗမာပြည် ကွန်မြူနစ်ပါတီ စတဲ့ ပြောက်ကျားစစ်ဆန်ဆန် စစ်ပွဲမျိုးတွေမှာ အသုံး မတည့်ဘူး ဖြစ်လာခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်၊ တပ်မတော် ညီလာခံ မှာတော့ ဗိုလ်မှူးကြီးကြည်ဝင်းက စာမျက်နှာ-၁၂၄ မျက်နှာ ရှိတဲ့ အစီရင်ခံစာတစောင် တင်သွင်းပြီး၊ စစ်ရေး မူဝါဒအသစ်ကို အဆိုပြုခဲ့ပါတယ်။ ဒီ အစီရင်ခံစာမှာပဲ တပ်မတော်က ကွန်မြူနစ် သောင်းကျန်းမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖို့ တိကျ ရှင်းလင်းတဲ့ မဟာဗျူဟာတရပ် မရှိဘူးလို့ ထောက်ပြလာခဲ့ ပါတယ်။ စစ်ရေးဆိုင်ရာ မူဝါဒတွေမှာ နိုင်ငံရေးရှုထောင့်ကိုပါ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။
ဒုတိယအဆင့် စစ်ရေးမူဝါဒကို ပြုစုဖို့အတွက် ပြည်သူတွေက တပ်မတော်အပေါ် ထားရှိတဲ့ သဘောထားအပေါ် စစ်တမ်း ကောက်ယူတာတွေ၊ စစ်ဆင်ရေး သဘောသဘာဝကို ပြန်သုံးသပ်တာတွေနဲ့ ၁၉၅၉ ခုနှစ်ကတည်းက စခဲ့ပါတယ်။
၁၉၆၁ ခုနှစ်က စလို့ တပ်မတော်စစ်ဦးစီးရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ တပ်မတော် လေ့ကျင့်ရေးညွှန်ကြားရေးမှူးရုံးက အရာရှိ၊ အကြပ်၊ တပ်သားတွေအတွက် သက်ဆိုင်ရာ သင်တန်းတွေ ပြင်ဆင် လေ့ကျင့်ရုံမျှ သာမကဘဲ တနိုင်ငံလုံးဆိုင်ရာ အမျိုးသား ကာကွယ် ရေး အစီအစဉ်အတွက်လည်း တာဝန်ယူ သုတေသနပြုစေခဲ့ပါတယ်။ အခု ပြင်ဆင်တဲ့ စစ်ရေး မူဝါဒကတော့ ပြည်တွင်း-ပြည်ပ ရန်တွေကို ရင်ဆိုင်နိုင်အောင် စဉ်းစားထားတာပါ။ ၁၉၆၄ ခုနှစ်မှာ စစ်ဦးစီးရုံးက တင်ပြ လာခဲ့တဲ့ အစီရင်ခံစာမှာတော့ ဖြစ်နိုင်ခြေရှိတဲ့ ရန်သူတွေကို (၁) ပြည်တွင်း သောင်းကျန်းသူများ။ (၂) အင်အားတန်းတူ ရှိတဲ့ သမိုင်းအရ ရန်သူဖြစ်ခဲ့သူများ။ (၃) ပို၍ အင်အားကြီးတဲ့ ရန်သူများ ဆိုပြီး အမည်အတိအကျ မတပ်ဘဲ ဖော်ပြထားခဲ့ ပါတယ်။ ၁၉၆၄ ခုနှစ်၊ ညီလာခံမှာတော့ သောင်း ကျန်းသူ နှိမ်နင်းရေးအတွက် ပြင်ဆင်မှုတွေ လုပ်လာတဲ့အပြင်၊ ပြည်ပ ရန်အတွက် ပြင်ဆင်ဖို့လည်း စဉ်းစားလာခဲ့ ပါတယ်။
အရင်က တပ်မတော်က ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေက ကျွဲက ဗေဒါကန်ထဲဆင်းသလို ဗေဒါတွေ ရှဲသွားပေမယ့် ကျွဲမရှိ တဲ့အခါ ပြန်စုလာပြန်တဲ့ သဘောမျိုး ဖြစ်နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုပြင်ဆင်မှုမှာတော့ ရေ မရှိရင် ငါး တွေ မရှင်သန် နိုင်ဆိုသလို သူပုန်တွေကို လူထုနဲ့ ဖြတ်တောက်ရေးကိစ္စကို စဉ်းစားလာခဲ့ကြပါတယ်။
အခုလို စစ်ရေးမူဝါဒတွေ ပြင်ဆင်နေစဉ်မှာပဲ ဒု-ဗမက သူရထွန်းတင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဆွစ်ဇာလန်၊ ယူဂို ဆလားဗီးယား၊ ချက်ကိုစလို ဗားကီးယား၊ အရှေ့ဂျာမဏီနိုင်ငံတွေကို ပြည်သူ့စစ်ပွဲ မဟာဗျူဟာ ပြင်ဆင်ထားမှုကို လေ့လာဖို့ ၁၉၆၄ ခုနှစ်မှာ စေလွှတ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တပ်မတော်နဲ့ ပြည်သူကို ပြည်သူ့စစ်ပွဲ မဟာဗျူဟာနဲ့ လေ့ကျင့်ပေးပြီး ၁၉၇ဝ ခုနှစ်မှာ အဆင်သင့်ဖြစ်ရလေ အောင် လုပ်ဆောင်မယ်ဆိုတဲ့ စစ်ရေးမူဝါဒ ချမှတ်လာခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်၊ တပ်မတော်ညီလာခံမှာတော့ ပြည်သူ့စစ်ပွဲမူဝါဒကို တပ်မတော်ရဲ့ စစ်ရေးသဘောတရား၊ မူဝါဒ အဖြစ် တရားဝင် ချမှတ် ခဲ့ကြပါတယ်။ အဲဒီ ကာလက စစ်အစိုးရက အာဏာသိမ်းထားပြီး၊ တော်လှန်ရေးကောင်စီက အုပ်ချုပ်နေတဲ့ ကာလဖြစ်တဲ့ အတွက်လည်း စစ်တပ်က စိတ်ကြိုက်ဗျူဟာ ချမှတ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံကို ဦးဆောင်နေတဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မီတီက ၁၉၇၂ ခုနှစ်မှာ ပြည်သူ့စစ်ပွဲ မဟာဗျူဟာကို ထပ်ပြီး အတည်ပြုပေးခဲ့ ပြန်ပါတယ်။ ဒါတင်မက ၁၉၇၄ ခုနှစ်မှာ အတည်ပြုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ "ပြည်သူတွေက လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ရေးကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတော် ကာကွယ်ရေး တာဝန် သည် မွန်မြတ်တဲ့ တာဝန်ဖြစ်သည်၊ ဤတာဝန်အရ စစ်သင်တန်းတွေ တက်ရမယ်၊ လိုအပ်ရင် စစ်မှုထမ်းရမယ်" လို့လည်း ပုဒ်မ ၁၇ဝ နဲ့ ၁၇၁ မှာ ထည့်သွင်း ဖော်ပြခဲ့ပါသေးတယ်။
အဲသည်အချိန်က မြန်မာနိုင်ငံရဲ့ လူဦးရေက ၂၅ သန်းမျှသာပဲ ရှိပါသေးတယ်။ အဲဒီအထဲက ၅ ရာခိုင်နှုန်းကို လေ့ကျင့် ပေးပြီး၊ ပုံမှန်တပ်တွေအဖြစ် ထားရှိမယ်။ ကျန် ၂၅ ရာခိုင်နှုန်းကို အရံ ပြည်သူ့စစ်အဖြစ် ထားရှိဖို့ စတင် ပြင်ဆင်ခဲ့ကြ ပါတယ်။ အကယ်၍ အရေးပေါ်လာရင် ၇၂-နာရီအတွင်း အရံပြည်သူ့စစ်တွေကလည်း တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်စေ ရမယ်လို့ စီစဉ်ထားခဲ့ပါတယ်။ လေ့ကျင့်မှုတွေမှာလည်း "အကြွင်းမဲ့စစ်ပွဲ" တနည်း "ပြည်သူ့စစ်ပွဲ" ကို မှန်းဆ လေ့ကျင့် ပေးခဲ့တာပါ။ ပြည်သူ့စစ်ပွဲမူအရ ပြည်သူ့စစ် တပ်ဖွဲ့တွေကိုလည်း နေရာ အတော်များများမှာ စုဖွဲ့ခဲ့ကြပါတယ်။ ဒီမူဝါဒ အရ ဖောင်ကြီး ဗဟို ပြည်သူ့ဝန်ထမ်း လေ့ကျင့်ရေး ကျောင်းကို ချက်ချင်း စတင်ခဲ့ပါတယ်။ ဝန်ထမ်းတွေကို အခြေခံစစ်ပညာ လေ့ကျင့်ပေးတဲ့အပြင်၊ သာမာန် ပြည်သူတွေကိုလည်း ပြည်သူ့စစ်ပွဲနဲ့ ပတ်သက်လို့ ပညာပေး တာတွေ စတင် လုပ်ဆောင် လာခဲ့ပါတယ်။
ကျနော်တို့ ငယ်ငယ်က ကြားဖူးနေရတဲ့ စစ်ကြောင်းကြီး (၅) ကြောင်း ဆိုတာလည်း အခု ပြည်သူ့စစ်မူအရ စုဖွဲ့တာလို့ သိလာ ရပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ လူထု စီမံခန့်ခွဲရေး စစ်ကြောင်းတွေပါပဲ။ ပြည်သူတရပ်လုံးရဲ့ လူသူ၊ ရုတ်ဝတ္ထုပစ္စည်း၊ စိတ်ဓါတ်အားကို နှိုးဆော် အရယူလို့ အခုဖော်ပြခဲ့တဲ့ စစ်ကြောင်း ကြီး (၅) ကြောင်း စုဖွဲ့မှု အောက်မှာ သောင်းကျန်းသူချေမှုန်းရေး စစ်ပွဲ အောင်ပွဲဆင်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ လမ်းစဉ်ပါတီ ဦးဆောင်မှု အောက်မှာ စစ်ပြန် စစ်မှုထမ်းဟောင်းအဖွဲ့ကို ၁၉၇၅ မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါတင်မက လူငယ်တွေကို စုစည်းနိုင်ဖို့ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်အဖွဲ့တွေကိုလည်း အရံအင်အား တွေအနေနဲ့ စုဖွဲ့ခဲ့ရုံမက စစ်ရေးအခြေခံ သင်တန်းတွေပါ တက်စေခဲ့ပါတယ်။ ရေကြောင်းလူငယ်၊ လေကြောင်း လူငယ် သင်တန်းစသဖြင့်ဟာလည်း ပြည်သူ့ စစ်ပွဲမဟာဗျူဟာ အောက်က ပေါ်ပေါက်လာ တာပဲ ဖြစ်ပါတယ်။ အထူးသတိပြုစရာကလည်း အဲသည်ကာလတွေက တပ်မတော်စစ်ဆင်ရေးတွေ အောင်မြင်မှု ရခဲ့ရင် ပြည်သူနဲ့ တပ်မတော် ပူးပေါင်းဆင်နွှဲတဲ့ အောင်ပွဲဆိုတာမျိုး သတင်းစာ တွေမှာ အသားပေးဖော်ပြခဲ့ကြ ပါတယ်။
နောက်ပိုင်းမှာတော့ ဒီမူဝါဒ အောက်မှာပဲ "ဖြတ်လေးဖြတ် ဗျူဟာ" လို့ ခေါ်တဲ့ သောင်းကျန်သူတွေ အပေါ် ရိက္ခာဖြတ်တာ၊ သတင်း အဆက်အသွယ် ဖြတ်တာ၊ ငွေကြေးဘဏ္ဍာဖြတ်တာ၊ သုတ်သင်သတ်ဖြတ် တာတွေကို ဧရာဝတီမြစ်ဝ ကျွန်းပေါ် ဒေသ နဲ့ ပဲခူးရိုးမဒေသ စစ်ဆင်ရေးတွေမှာ တပ်မတော်က ဆောင်ရွက်ခဲ့ကြပါတယ်။ ဒေသတွေကိုလည်း အနက်ရောင်၊ အညိုရောင်၊ အဖြူရောင် စသဖြင့် သူပုန်သူကန် ကင်းရှင်းမှု အခြေအနေ အလိုက် သတ်မှတ်ပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
စာရေးသူ မောင်အောင်မျိုးက ဒီစာအုပ်မှာ မှတ်တမ်းသဘောမျိုး အချက်အလက်၊ ဖြစ်စဉ်တွေကို စုစည်းဖော်ပြ ခဲ့ပေမယ့် ဒီမူဝါဒအပေါ် သုံးသပ်ဝေဖန်ခဲ့တာ မတွေ့ရပါဘူး။ ကျနော်ဖတ်မိတဲ့ အငြိမ်းစား ဗိုလ်မှူးချုပ်သန်းတင် ရေးတဲ့၊ ၂ဝဝ၄ ခုနှစ် အမျိုးသားစာပေဆုရ "ကိုယ်တွေ့ဖြစ်ရပ်များ၊ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ" ဆိုတဲ့ စာအုပ်မှာ ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆောင်ရွက်ပုံ အသေးစိတ်ကို ဖော်ပြခဲ့တာကို ဖတ်ရပါတယ်။ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမက ရွာတွေအားလုံးနီးပါးကို ဖြတ်လေး ဖြတ်စစ်ဆင်ရေးအတွက် ခြံခတ်ပြီး ထွက်ပေါက်တခုပဲ ရှိစေတာ၊ ရိက္ခာတွေကို စုစည်းသိမ်းခိုင်းထားတာ၊ ရွာသားတွေ သောင်း နဲ့ချီလို့ ဝိုင်းပတ်ပိတ်ဆို့ရေးကိစ္စတွေမှာ အသုံးချ ခဲ့တာ၊ သူပုန်အမာခံလို့ မင်္သကာသူတွေကို ထိန်းသိမ်းရေးစခန်းတခုမှာ ထောင်နဲ့ချီပြီး စခန်းတွေမှာ လနဲ့ချီ ထိန်းသိမ်းခဲ့တာတွေကို ဖတ်ခဲ့ရပါတယ်။ လူ့အခွင့် အရေး ရှုထောင့်ဖက်က ကြည့်ရင် ဘေးထွက်ဆိုးကျိုးတွေ ရှိခဲ့တာကိုလည်း သုံးသပ်နိုင်ပါတယ်။ စစ်ဆင်ရေးတွေအောင်မြင်ဖို့ လူထုက ပေးဆပ်ရတဲ့ တန်ဖိုးပဲ ဆိုရပါလိမ့်မယ်။ နောက်အပတ်မှာတော့ အခု ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိ စစ်အစိုးရ လက်ထက် မှာ ဒီစစ်ရေးမူဝါဒ ချမှတ်ကျင့်သုံးနေပုံကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
1 comment:
ကောင်းတယ်ရှင်
Post a Comment