Pages

Saturday, May 16, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၂)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာ လက်ဆောင်ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိချိန်ကစလို့ ကျင့်သုံးခဲ့တဲ့ စစ်ရေးဆိုင်ရာ မူဝါဒကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား
ဒီကနေ့ မြန်မာတပ်မတော်က ဘယ်လိုစဉ်းစားလုပ်ဆောင်နေသလဲ ဆိုတဲ့ စစ်ရေးမူဝါဒ military doctrine နဲ့ ပတ်သက်လို့ ဒီအပတ် ဆွေးနွေးတင်ပြသွားဖို့ ရှိပါတယ်။ military doctrine ဆိုတဲ့ စစ်ရေးမူဝါဒဟာ လွယ်ကူအောင် ပြောရမယ် ဆိုလို့ ရှိရင် ရှိနေတဲ့ စစ်တပ်တွေကို ဘယ်လိုသုံးမယ်၊ ဘယ်လိုနေရာချထားမယ် ဆိုတဲ့ စစ်ရေးဆိုင်ရာ အခြေခံမူတွေ ဖြစ်ပါတယ်။ ဒီအခြေခံမူတွေက အမျိုးသားရေးဆိုင်ရာ၊ တနိုင်ငံလုံးဆိုင်ရာ ရည်ရွယ်ချက်တွေ အောက်မှ လက်နက်ကိုင်တပ်ဖွဲ့တွေက ဆောင်ရွက်ရတဲ့မူ တွေလည်း ဖြစ်ပါတယ်။ အခုလို စစ်ရေးအခြေခံမူဝါဒ military doctrine အောက်မှာပဲ စစ်ဗိုလ်ချုပ်တွေ က သူတို့မဟာဗျူဟာ၊ နည်းဗျူဟာ၊ တပ်တည်ဆောက်မှု၊ နေရာချမှု၊ စုစည်းမှု၊ လက်နက်တပ်ဆင်မှု၊ လေ့ကျင့်မှုတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီမူတွေက မြန်မာနိုင်ငံမှာ ပြည်သူတွေကို အသိပေးတာ မရှိဘဲ တလျှောက်လုံး လျှို့ဝှက်ထားခဲ့ပါ တယ်။ ဒါပေမယ့် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိပ်ပိုင်းတပ်မှူးတွေကို ပြောကြားတဲ့ မိန့်ခွန်းတခု မှာတော့ ဒီကိစ္စတွေကို တစိတ်တပိုင်းထည့်သွင်း ပြောကြားခဲ့သလို၊ ပထမဦးဆုံးအနေနဲ့ လူအများဖတ်ရှုနိုင်တဲ့ သတင်းစာ စာစောင် တွေမှာ ဖော်ပြတာကို တွေ့ခဲ့ကြရပါတယ်။ ဒါပေမယ့် မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည် ဆောက်ခြင်းဆိုတဲ့ စာအုပ် မှာတော့ ဒီအကြောင်းအချက်တွေနဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးမူဝါဒ အဆင့်ဆင့်ဖွံ့ဖြိုးလာပုံကို လေ့လာတင်ပြ ခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရလာချိန်ကစလို့ မြန်မာစစ်တပ်ရဲ့ စစ်ရေးအခြေခံ မူဝါဒတွေက တပြိုင်တည်း ရှိလာ ခဲ့တာ မဟုတ်ပါဘူး။ မြန်မာ့စစ်အစိုးရ ခေါင်းဆောင်တွေက ပြောနေကြသလို၊ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကို "တပ်မတော်နေ့"လို့ သတ်မှတ်ထားသလို၊ နယ်ချဲ့ဆန့်ကျင်ရေးစစ်ပွဲကာလကတည်းက ဒီမူဝါဒတွေ ချမှတ်ကျင့်သုံးလာ ခဲ့တာလည်း မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် တပ်မတော်နေ့ ကိုယ်တိုင်ကလည်း အငြင်းပွားစရာ ရှိနေပါသေးတယ်။ မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့တဲ့ နေ့လို့ ပြောရင် ရနိုင်ပါတယ်။ ဒါပေမယ့် ဘီအိုင်အေ (BIA) လို့ ခေါ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းတဲ့နေ့ မဟုတ်ပါဘူး။ ခေတ်သစ် မြန်မာ့တပ်မတော် ပေါ်ပေါက်လာတဲ့အချိန်က ပြောရမယ်ဆိုရင် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့မှာ ဗြိတိသျှစစ်ခေါင်းဆောင်တွေနဲ့ သဘောတူညီချက် အရ လက်နက်ကိုင်မြန်မာ မျိုးချစ် ပြောက်ကျားတပ်တွေနဲ့ ဗြိတိသျှတွေ အရင်က ဖွဲ့စည်းထားတဲ့ ကချင်၊ ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို စုစည်းပေးပြီး၊ လွတ်လပ်ပြီးမရခင် စတင်စုဖွဲ့တဲ့ အချိန်မှ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့စွဲကို အရင်တပ်မှူးဟောင်းတွေက ဝမ်း-ဝမ်း-ဖိုးဆစ် (၁-၁-၄၆) လို့ မှတ်ထားကြကြောင်း ပြန်ပြောပြကြ ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်မှာတော့ တိုင်း-၂ ခုအောက် မှာ ခြေလျင်တပ်ရင်း ၁၅- ခုပဲ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးခါစ စစ်ရုံးချုပ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း ဗြိတိသျှတပ်တွေက ပြောင်းလဲလာခဲ့တဲ့ အရာရှိတွေ၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသား တွေ လွှမ်းမိုးနေခဲ့ပြီး၊ အဲသည်အချိန်က ကရင်တွေ မြန်မာ့ တပ်မတော်ကို ကြီးစိုးနေပြီလို့ လည်း စစ်တပ်အတွင်း ပြောဆိုခဲ့ ကြပါတယ်။

လွတ်လပ်ရေး ရလာပြီးတဲ့ နောက်ပိုင်းမှာလည်း ပြည်တွင်းစစ်က နိုင်ငံနေရာ အကျယ်အပြန့်မှာ ဖြစ်ပွားလာခဲ့ပါတယ်။ စစ်တပ် ထဲက ဗမာ့သေနတ်ကိုင်တပ်ရင်းထဲက တပ်အဖွဲ့အချို့ကလည်း တောခိုပြီး ကွန်မြူနစ်သူပုန် တွေနဲ့ ပူးပေါင်းကြ သလို၊ စစ်တပ် ထဲက ကရင်သေနတ်ကိုင်တပ်ရင်းတွေကလည်း တောခိုကြပါတယ်။ တနိုင်ငံလုံးအတွက် "တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန်" ဆိုသလိုပါပဲ။ တနိုင်ငံလုံး အနှံ့အပြားမှာ ပြည်တွင်းစစ်ကို အပြင်းအထန် ဆင်နွှဲခဲ့ကြပါတယ်။ အဲသည်အချိန်က military doctrine ခေါ်တဲ့ စစ်ရေးအခြေခံမူဝါဒတွေကို ဆွေးနွေးဖို့ အချိန်တောင် မရှိခဲ့ကြပါဘူး။

ပြည်တွင်းစစ်ပွဲအတွင်းထဲမှာပဲ အာရုံထားနေခဲ့ကြရပါတယ်။ ဒါပေမယ့် ၁၉၅ဝ ခုနှစ်တွေ ရောက်လာတဲ့အခါမှာတော့ ပြည်တွင်း စစ်မီး အရှိန်ကျလို့ မြန်မာ့တပ်မတော်ကလည်း ပြန်လည်တည်ဆောက် ဖွဲ့စည်းရေးကိစ္စတွေ စဉ်းစားလာ နိုင်ခဲ့ပါတယ်။ တချိန် တည်းမှာပဲ မြန်မာနိုင်ငံ၊ ရှမ်းပြည် အရှေ့မြောက်ပိုင်းမှာ တရုတ်ဖြူတပ်တွေ ကျူးကျော်မှုက စတင် လာခဲ့တော့ ပိုလို့စနစ်ကျတဲ့ စစ်ရေးခုခံမှု အတွက် မြန်မာ့တပ်မတော်ကို ပြန်လည်စုစည်း ပြင်ဆင်သင့်ပြီလို့ အတွေးရ လာခဲ့ပါတယ်။

အဲသည်အချိန်မှာ အခြားနိုင်ငံ အများအပြားရဲ့ တပ်တွေဖွဲ့စည်းပုံကို လေ့လာဖို့ အမေရိကန်၊ ယူဂိုဆလားဗီးယား၊ အစ္စရေးလ် အပါအဝင် အရှေ့အနောက် နိုင်ငံအသီးသီးကို စစ်ရေးလေ့လာရေး မစ်ရှင်တွေ စေလွှတ်ခဲ့ကြ ပါတယ်။ ဒါတင်မက နိုင်ငံခြား စစ်ကျောင်း တက္ကသိုလ်တွေကို အတုယူလို့ မြန်မာနိုင်ငံမှာလည်း စစ်တက္ကသိုလ်တွေ စတင်တည်ထောင် လာကြ ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စစ်ရေးအခြေခံမူဝါဒက ၁၉၅ဝ ခုနှစ်များ နောက်ပိုင်းမှာ ပေါ်ပေါက်လာပြီးတော့ ဒီမူဝါဒတွေရဲ့ အခြေခံဗိသုကာကတော့ စစ်ရုံးချုပ်မှာ စစ်ဦးစီး အရာရှိချုပ်တာဝန် ယူနေတဲ့ ဒုဗိုလ်မှူးကြီးမောင်မောင်ပဲ ဖြစ်ပါတယ်။

ဦးသန့်မြင့်ဦးရဲ့ ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ်ဆိုတဲ့ စာအုပ်မှာလည်း ဒီအကြောင်း ဖော်ပြခဲ့ပါသေးတယ်။ အဲသည် အချိန်က မြန်မာစစ်ဗိုလ်ချုပ်တွေစဉ်းစားချက်က တရုတ်ပြည်မကြီးက တရုတ်ဖြူတပ်တွေကျူးကျော်မှု ကို အကြောင်းပြလို့ အန္တရာယ်ပေးနိုင်တဲ့ ခြိမ်းခြောက်မှုလို့ ယူဆခဲ့ကြပါတယ်။ နောက်တခုက အမေရိကန်နိုင်ငံ ကလည်း ကုလသမဂ္ဂ အလံလွှင့်လို့ ကျူးကျော်လာနိုင်သေးတယ်လို့ တွက်ထားပါတယ်။ ဒီလိုအခြေအနေ တွေ ဖြစ်လာရင်တောင် အနည်းဆုံး ၃-လ ကြာ ခုခံ စစ်ဆင်နိုင်အောင် ပြင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒု-ဗိုလ်မှူး ကြီးမောင်မောင်က ဒီမူဝါဒရေးဆွဲခဲ့ရာမှာ အချက် -၂ ခုအပေါ် အခြေခံခဲ့တယ်လို့ အခုစာအုပ်ရေးသူ မောင် အောင်မျိုးက ယူဆပါတယ်။ ပထမအချက်က သူရဲ့ ပြင်းထန်တဲ့ ကွန်မြူနစ် ဆန့်ကျင်ရေးအမြင်ရယ်၊ ဒုတိယ အချက်က သူ့ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာဆည်လိုလို့ ဆိုပြီး ဖော်ပြပါတယ်။ ပြည်တွင်းစစ် အစပိုင်း ကာလမှာ ဒု-ဗိုလ်မှူးကြီးမောင်မောင်က သူပုန်ထတဲ့ကရင်တပ်တွေ ၁၉၄၉ မှာ ဖမ်းဆီးခံခဲ့ရပြီး၊ ၁၉၅၁ ခုနှစ်မှ ပြန်လွတ်လာခဲ့ ပါတယ်။ ဒါကြောင့် သူကအခြားထိပ်ပိုင်း စစ်ဗိုလ်တွေကြားမှာ အရှက်ရ ခဲ့ပါတယ်။ ဗိုလ်မှူးမောင်မောင်က ပြောရမယ်ဆိုရင် စစ်ရေးအတွေ့အကြုံနည်းပြီး၊ စာတွေ့တွေထဲက ဒီမူဝါဒတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သူ့မူဝါဒ အခြေခံက ကျူးကျော်လာတဲ့တပ်တွေကို နယ်စပ်ဒေသမှာ ကာလတခုကြာ ထိန်းထားပြီး၊ နိုင်ငံတကာ တပ်တွေ ရောက်လာတာကို စောင့်ဖို့လို့ဆိုပါတယ်။ မဟာဗျူဟာမြောက် ငြင်းပယ်ခြင်း Strategy of strategic denial လို့ ဆိုပါ တယ်။ ဒီလို အခြေအနေတွေကြောင့်လည်း အလဲလဲ အကွဲကွဲအခြေအနေနဲ့ ကြုံတွေ့ရပါ တယ်။ ၁၉၅၃ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ လုပ်တဲ့ တရုတ်ဖြူကျူးကျော်ရေး စစ်ဆင်ရေးမှာ အရေးနိမ့်တာကြုံရပြီး၊ "နဂါးနိုင်စစ်ဆင်ရေး" ကို "နဂါးရှုံးစစ်ဆင်ရေး" ဆိုပြီး သတင်းစာတွေက သတင်းစာတွေက လှောင်ပြောင်ရေး သားခဲ့ကြပါတယ်။ စစ်ရုံးချုပ်ကတော့ နေးရှင်းလို သတင်းစာတွေက အသေးစိတ် သတင်းတွေ ဖော်ပြတာ ကြောင့် အားနည်းချက်ဖြစ်ရတယ်ဆိုပြီး ဖော်ပြ ပါတယ်။ စစ်ဆင်ရေး ဒု-တာဝန်ခံ ဗိုလ်မှူးကြီးစောမြင့်ကတော့ ဆက်သွယ်ရေးလမ်းကြောင်း ရှည်လျားတာရယ်၊ စစ်ဆင်ရေးအပေါ် လူထုထောက်ခံမှု ရရေး အတွက် အလွန် အကျူးဝါဒဖြန့်ခဲ့တာကြောင့်လို့ သုံးသပ်ပါတယ်။ ကျန် လေ့လာသူများကတော့ အဲဒီအချိန်က စစ်တပ်မှာ အမိန့်ပေးထိန်းချုပ်မှုစနစ် ပျက်ယွင်းနေတာတွေ၊ ထောက်ပံ့ရေးစနစ် မကောင်းတာ၊ သေချာ လေ့ကျင့်ထားမှု မရှိတာ၊ မူဝါဒချထားတဲ့အတိုင်း ယန္တယားတပ်ဆင်ထားတဲ့ တင့်ကားတွေ၊ သံချပ်ကာတပ်မတွေ စသဖြင့် ရှိမနေတဲ့ အားနည်းချက်၊ အရပ်သားပြည်သူ့စစ် အခြေခံတွေ ကောင်းကောင်းမရှိတာကို အားနည်းချက်အဖြစ် ထောက်ပြခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ဗိုလ်မှူးကြီးမောင်မောင်လည်း ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဘက်လိုက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူခံရပါတယ်။ ဒါပေမယ့်လည်း အမေရိကန် စီအိုင်အေနဲ့ ပတ်သက်မှုကြောင့် ထုတ်ပယ်ခဲ့တယ်၊ တန်ပြန် ထောက်လှမ်းရေးတပ် ဖွဲ့စည်းရာမှာ ပုဂ္ဂိုလ်ရေးရှေ့တန်းတင်မှုကို ဦးနေဝင်းက အမြင်မကြည်ဖြစ်ပြီး ထုတ်ပစ်ခဲ့တယ် ဆိုတဲ့ ကောလာဟလတွေလည်း ရှိခဲ့ပါတယ်။ နောက်အပတ်မှာတော့ ဒီစစ်ရေးမူဝါဒ ဆက်လက် ဖွံ့ဖြိုးလာပုံကို တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

kobo chit said...

ကောင်းတယ်

Recent Comments