Pages

Friday, June 19, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း (၈)


မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်ခြင်းဆိုတဲ့ စာအုပ်ကို မိတ်ဆွေများ အတွက် စာ လက်ဆောင် ကဏ္ဍမှာ တင်ပြနေပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့တပ်မတော် ခေတ်မီ ရေးအတွက် (နအဖ) စစ်အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲတည်ဆောက်ထားပုံ၊ ဖွဲ့စည်းပုံ တည်ဆောက်ပုံဆိုင်ရာ ကိစ္စတွေကို ဆက်လက်တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား
မြန်မာ့တပ်မတော်က အင်အားတိုးချဲ့တည်ဆောက်နေပြီး၊ ခေတ်မီရေးအတွက် လုပ်ဆောင်နေပုံ တွေကို ဆက်လက် တင်ပြလိုပါတယ်။ ၁၉၄၇ ခုနှစ်၊ မြန်မာ့တပ်မတော် စတင်သန္ဓေတည် စဉ် ကာလမှာ စစ်တိုင်း (၂) ခု အောက်မှာ ခြေလျင် တပ်ရင်း ၁၅ ခုပဲ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ခြေလျင်တပ်ရင်း ၁၆၈ ရင်းရှိပြီး၊ စစ်သည် အင်အား တစ်သိန်းရှစ်သောင်း လောက်သာ ရှိရာကနေ၊ ၂ဝဝဝ ခုနှစ်မှာ ခြေလျင် တပ်ရင်း ၄၆၂ ခု၊ ၂ဝဝ၇ ခုနှစ်မှာတော့ ခြေလျင်တပ်ရင်း ၅ဝ၄ ခုနဲ့ တပ်မတော် စစ်သည်အင်အား ၆ သိန်းလောက် အထိ တိုးချဲ့ခဲ့တယ် လို့ မောင်အောင်မျိုးက ဖော်ပြပါတယ်။ စစ်တပ် အင်အားကို အဆမတန်တိုးချဲ့လာခဲ့တာကတော့ သိသာပါတယ်။ ဒါပေမယ့်လည်း အခုဖော်ပြတဲ့ စစ်သည်အင်အားက အငြင်းပွားဖွယ်ရှိတဲ့အကြောင်းလည်း မောင် အောင်မျိုးက သူ့စာအုပ်မှာ ဖော်ပြထားခဲ့ပါတယ်။ နိုင်ငံတကာ သတင်း မီဒီယာတွေကို ကိုးကားပြီး၊ ၂ဝဝ၆ ခုနှစ် နှောင်းပိုင်း တပ်မတော်က ပေါက်ကြား ထွက်လာခဲ့တဲ့ အစီရင်ခံစာတခုအရ တပ်မတော် (ကြည်း) မှာရှိနေတဲ့ တပ်ရင်း (၂၈၄) ခုဟာ လူအင်အား ၂ဝဝ အောက်ထက် လျော့နည်းနေတယ်။ နောက်ထပ် တပ်ရင်း (၂၂ဝ) ခု ဟာလည်း လူအင်အား (၂ဝဝ) နဲ့ (၃ဝဝ) ကြားပဲ ရှိတာဆိုတာကိုလည်း ချိန်ဆနိုင်အောင် ဖော်ပြခဲ့ပါသေးတယ်။

မြန်မာ့တပ်မတော်မှာ အင်အားပြည့်ဆိုရင် ခြေလျင်တပ်ရင်းတခုဟာ (၇၇၇) ဦး ရှိရမယ်လို့ ၁၉၈၈ ခုနှစ်တုန်းက သတ်မှတ် ထားပါတယ်။ ဒါပေမယ့် ၁၉၉ဝ ခုနှစ်များ အလယ်ပိုင်းမှာတော့ ပြောင်းလဲသတ်မှတ်မှုတွေ လုပ်ခဲ့ပြီး မြန်မာ့တပ်မတော် တပ်ရင်းတခုဟာ အင်အားပြည့်ဆိုရင် (၈၁၄) ဦး ရှိရမယ်လို့ တရားဝင်သတ်မှတ် ထားပါတယ်။ အခု ဖော်ပြချက်အရဆိုရင် မြန်မာ့တပ်မတော်ရဲ့တပ်ရင်း အများအပြားဟာ အခုလို စံသတ်မှတ်ချက် မပြည့်ဘဲ ဖွဲ့စည်းထားတာလို့ ဆိုနိုင်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်း ကွပ်ကဲမှုပုံစံတွေလည်း ပြောင်းလဲလာခဲ့တာ ရှိပါတယ်။ ယခင်ကာလက စစ်ရုံးချုပ်ကသာ တိုက်ရိုက်ကွပ်ကဲခဲ့ပေမယ့်၊ စစ်ဆင်ရေးတွေကို ပိုလို့ ထိရောက်စွာ စီမံခန့်ခွဲနိုင်အောင်ဆိုပြီး ၁၉၇၈ ခုနှစ်မှာ အထူး စစ်ဆင် ရေးကွပ်ကဲမှုဌာန (ကစထ) (BSO) ၂-ခုကို ဖွဲ့စည်းခဲ့ပါတယ်။ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မတွေကို ကြီးကြပ်နိုင်အောင် ဖွဲ့စည်း ခဲ့တာပါ။ ၂ဝဝ၂- ခုနှစ်မှာတော့ အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာန (BSO) ၄ ခု ဖြစ်လာပါတယ်။ အခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ မှာတော့ အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာန (ကစထ) တွေကို ၆ ခုအထိ တိုးချဲ့ ဖွဲ့စည်းထားပါတယ်။

နောက်ထပ်ထူးခြားချက်တခုက တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း-ရေ-လေ) ဆိုပြီး ကြည်း-ရေ-လေ တပ်တွေကို ပူးပေါင်းဆောင်ရွက်ကွပ်ကဲနိုင်ဖို့ ဗိုလ်ချုပ်ကြီးရွှေမန်းကို ရာထူးအသစ် တီထွင်ခန့်အပ်ခဲ့တာပဲ ဖြစ်ပါ တယ်။ အခြားထိပ်ပိုင်း ဖွဲ့စည်းပုံ ပြင်ဆင်မှုတွေလည်း ရှိပါသေးတယ်။ မောင်အောင်မျိုးက သူ့ရဲ့စာအုပ် အဖွင့် ပိုင်းမှာ ကြည်းတပ်တခုရဲ့ သဘော သဘာဝ၊ တာဝန်ကို ဖော်ပြခဲ့ပါတယ်။ တပ်မတော်တခုဟာ အလျင်အမြန် အင်အားချဲ့ထွင်နိုင်မှု၊ လူများများ သေစေနိုင်တဲ့ စွမ်းအား၊ လျှင်မြန်မှု၊ သတင်းရယူ စုဆောင်းနိုင်မှု စတဲ့ အရည် အချင်းတွေ ရှိရမယ်လို့ ဆိုပါတယ်။ အဲဒါတွေသာမက အခု ခေတ်သစ် နည်းပညာထွန်းကားလာတဲ့ခေတ်မှာ အခြားလက်နက်ပစ်အား၊ ဖုံးကွယ်မှု၊ ပုံဖျက်မှု၊ စုပေါင်း ဖွဲ့စည်း စွမ်းဆောင်မှု စတဲ့အချက်တွေကလည်း အရေးကြီးလာခဲ့ပါတယ်။

ကြည်းတပ်အင်အားတိုးချဲ့တာ သာမက လေတပ်၊ ရေတပ်ရဲ့ အရေးပါပုံကိုလည်း သတိပြုမိတယ်လို့ ဆိုပါတယ်။ လေတပ်၊ ရေတပ်ကိုလည်း တိုးချဲ့မှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာတုန်းက တပ်မတော် (ရေ) မှာ ရတနာပုံ၊ ရခိုင်၊ မော်လမြိုင်၊ ပုသိမ်၊ မန္တလေး ရေတပ်စခန်းတွေ ရှိခဲ့ပြီး၊ အင်အားက ၂,ဝဝဝ လောက်သာပဲ ရှိခဲ့ပါ တယ်။ ၁၉၇၈ ခုနှစ်လောက်အထိ ဗျူဟာ စစ်ရေ ယာဉ်စု တခုနဲ့ အင်အား ၉ဝဝဝ လောက်ပဲ ရှိခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်များ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ရေတပ်သင်္ဘော တွေ ဝယ်ယူအားဖြည့်ပြီး၊ ဗျူဟာစစ်ရေယာဉ်စု ၂-စုနဲ့ အခြားတပ်များ အပါအဝင် အင်အား ၂၂,ဝဝဝ လောက် ရှိလာတယ်လို့ ခန့်မှန်း ဖော်ပြကြပါတယ်။ ရေငုတ်သင်္ဘောတွေ ရဖို့ မြန်မာ့တပ်မတော်က ကြိုးစားနေတယ် လို့လည်း အချို့လေ့လာသူတွေက ဆိုကြပါတယ်။

လေတပ်ကိုလည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းပြီးချိန်မှာ အထူးအင်အားဖြည့် တိုးချဲ့လာခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းစဉ်က လေယာဉ်အနည်းငယ်နဲ့ အင်အား ရာဂဏန်းလောက်ပဲ ရှိခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်က စပြီး တိုက်လေယာဉ် အုပ်စု ၆-ခု၊ အမှတ် ၅ဝ၁၊ ၅ဝ၂၊ ၅ဝ၃ လေတပ်စခန်းဌာနချုပ်နဲ့ အမောင်းသင်ကျောင်း တွေမှာ စစ်သည်အင်အား ၉,ဝဝဝ မျှ ရှိခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ် နောက်ပိုင်းမှာတော့ နမ့်ဆမ်လေတပ်စခန်း ဌာန ချုပ်၊ တောင်ငူလေတပ်စခန်း ဌာနချုပ်တွေကို အသစ် ထပ်ဖွင့်ခဲ့ပါတယ်။ ယခုကာလမှာ မြိတ်နဲ့ မကွေးမှာလည်း လေတပ်စခန်းဌာနချုပ်တွေ ထပ်ဖွင့်ခဲ့တယ်လို့ ဆိုပါ တယ်။ ဟုမ္မလင်းနဲ့ ပုသိမ်မှာလည်း လေတပ်စခန်းဌာနချုပ် တွေ ထပ်ဖွင့်ခဲ့ကြပြီး၊ လေတပ်မှာ အင်အား ခန့်မှန်း ၂၃,ဝဝဝ လောက် ရှိတယ်လို့ အချို့လေ့လာသူတွေက ပြောကြတာကို လည်း မောင်အောင်မျိုးက ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာက ခေတ်မီ ဂျက်တိုက်လေယာဉ်တွေကို တန်ဖိုးကြီးကြီးပေးလို့ ဝယ်ယူတပ်ဆင်ခဲ့ကြတာပါ။

ဒါတင်မက အခြားခေတ်မီရေးနဲ့ အင်အားဖြည့်တင်းမှု လုပ်ခဲ့တာလည်း ရှိပါသေးတယ်။ ၁၉၈၈ ခုနှစ်ကာလ လောက်က လက်နက်ကြီးအမြောက်တပ်ရင်း ၃ ခုလောက်သာ ရှိရာကနေ၊ ယခုအချိန်မှာတော့ လက်နက်ကြီး အမြောက်တပ်ရင်း ၉ဝ လောက် ဖွဲ့စည်းထားတယ်လို့ လေ့လာချက်တွေအရ ဆိုပါတယ်။ လေယာဉ်ပစ် အမြောက်၊ ဒုံးပစ်တပ်ဖွဲ့၊ ပစ်မှတ်ရှာတပ်ဖွဲ့ စသဖြင့်တွေလည်း ပါဝင်ပါတယ်။ အရင် (မဆလ) အစိုးရကာလက သံချပ်ကာနဲ့ တင့်ကားတပ်ဆိုတာ အဖြစ်လောက် ဖွဲ့ထားခဲ့ရာကနေ၊ သက္ကရာဇ် ၂ဝဝဝ မှတော့ သံချပ်ကာ တပ်ရင်း ၅-ခု၊ တင့်ကားတပ်ရင်း ၅- ခုရှိနေပြီ ဖြစ်ပါတယ်။ အဲဒါ တွေကို အမှတ် ၇၁- သံချပ်ကာတပ်မအောက် မှာ ဖွဲ့ခဲ့တာပါ။ အခုအချိန်မှာတော့ သံချပ်ကာတပ်မ ၅-ခု ရှိနေပြီလို့ ဆိုပါ တယ်။ ဒါတင်မက လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတွေကို တပ်မ ၃-ခုစာ စုဖွဲ့ထားတယ်လို့လည်း ဆိုပါတယ်။ ဒီတပ်တွေကို လေကြောင်း ရန်ကာကွယ်ရေးဗိုလ်ချုပ်တယောက် ဦးစီးမှုထားပြီး စုဖွဲ့စေခဲ့တာပါ။

ဒီလိုလက်နက်၊ လေယာဉ်တွေကို ဘယ်လိုပြည်ပရန်ကြောင့် အပြင်းအထန် တပ်ဆင်နေကြတာလဲ၊ မြန်မာ့တပ်မတော် ကရော ဘယ်လောက် အစွမ်းထက်ခဲ့သလဲ၊ ဘယ်လောက်အထိ တိုင်းပြည်က ကုန်ကျခံခဲ့ကြရသလဲ စတဲ့ အချက်တွေကို နောက် အပတ်မှာ ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments