Pages

Saturday, May 16, 2009

မြန်မာ့တပ်မတော် တည်ဆောက်ခြင်း


ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်ဖြစ်တဲ့ မောင်အောင်မျိုးရေးသားတဲ့ မြန်မာ့တပ်မတော် တည်ဆောက်မှု အကြောင်းကို တင်ပြထားပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်ကစလို့၊ မြန်မာ စစ်တပ်က နိုင်ငံရေးမှာ အရေးပါတဲ့အခန်းကဏ္ဍက တလျှောက်လုံး ရှိနေခဲ့လေတော့ စစ်တပ်ကို စနစ်တကျ သေချာလေ့လာမှု လုပ်ဖို့လဲ လိုအပ်လာပါတယ်။ ဒီစာအုပ်က စိတ်ဝင်စားဖွယ် တင်ပြ ထားတဲ့အချက်တွေကို ထုတ်နှုတ်တင်ပြသွားပါမယ်။ ဒီအပတ်မှာတော့ စာအုပ်နဲ့ စာရေးသူနဲ့ စာအုပ်ကို သိရအောင် မိတ်ဆက်တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကလွှမ်းမိုးမှုကြီးမားလာနဲ့အမျှ မြန်မာ့တပ်မတော်နဲ့ပတ်သက်တဲ့ အကြောင်းချင်းရာ တွေဟာ တရားဝင်လူသိရှင်ကြားထုတ်ပြန်တာမျိုးထက် ကောလာဟလသတင်းတွေအနေနဲ့သာ ပြည်သူ တွေကြား ရောက်ခဲ့တာ ဖြစ်ပါတယ်။ အရင် စစ်အာဏာသိမ်းကောင်စီ (နဝတ) ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင် ဘာဖြစ်လို့ ပြုတ်သွားရတာလဲ၊ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်ကို ဘာဖြစ်လို့ အရေးယူလိုက်ရတာလဲ၊ အာဏာရှင်ဟောင်း ဦးနေဝင်း ရဲ့ မြေးတွေက အာဏာပြန်သိမ်းဖို့ ကြိုးစားတယ်ဆိုတဲ့ကိစ္စတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေက ဘာတွေလဲ... စတဲ့ အကြောင်း တွေဟာ နိုင်ငံရေးလှုပ်ရှားသူတွေ၊ ပညာရှင်တွေ၊ ပြည်သူတွေ စိတ်ဝင်စားတဲ့ကိစ္စတွေဖြစ်ကြပေမဲ့ အသေအချာ သိခွင့်မရ ခဲ့ပါဘူး။ ဒါပေမဲ့ အကြောင်းအားလျော်စွာပဲ အဲဒီကိစ္စ တွေအကြောင်းအပါအဝင် မြန်မာတပ်မတော်ရဲ့ စဉ်းစားပုံနဲ့ ဆောင်ရွက်ပုံ တွေ အကြောင်း လေ့လာတင်ပြထားတဲ့ စာအုပ်ထူး၊ စာအုပ်ကောင်းတစ်အုပ် မကြာခင်ကထွက်ရှိခဲ့ပါတယ်။ ဒီတပတ်ကစပြီး အဲဒီ စိတ်ဝင်စားဖွယ် စာအုပ် အကြောင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

အဲဒီစာအုပ်ကတော့ မောင်အောင်မျိုးရေးသားတဲ့ Building the Tatmadaw: Myanmar Armed Forces Since 1948 စာအုပ်ပဲ ဖြစ်ပါတယ်။ မြန်မာလို ပြောရရင်တော့ မြန်မာ့တပ်မတော်ကို တည်ဆောက်ခြင်းလို့ ဘာသာပြန်ရင် ရနိုင်ပါတယ်။ ဒီစာအုပ်ကို မြန်မာပြည်တွင်းမှာ ထုတ်ဝေတာ မဟုတ်ဘဲ စင်္ကာပူနိုင်ငံရှိ အရှေ့တောင်အာရှလေ့လာရေးသိပ္ပံဌာနက ထုတ်ဝေ ခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်းမှာလဲ ရှာဖွေဖတ်ရှုဖို့ ခက်ခဲမယ် ယူဆတာကြောင့် တင်ပြလိုတာပါ။

ဒီနေရာမှာ စာရေးသူ မောင်အောင်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာအုပ်မှာဖေါ်ပြထားတဲ့ အတိုင်းပဲ မောင်အောင်မျိုးလို့ပဲ သုံးစွဲဖေါ်ပြသွားပါ့မယ်။ စာရေးသူမောင်အောင်မျိုးဟာ မန္တလေးတက္ကသိုလ်မှာ ဘွဲ့ရ၊ ဘွဲ့လွန် မဟာဝိဇ္ဇာဘွဲ့ကို မန္တလေး တက္ကသိုလ်ကပဲ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်နဲ့ ရရှိခဲ့ပါတယ်။ အဲဒီနောက် သြစတြေလျနိုင်ငံ Australian National University မှာ ပီ၊ အိပ်ခ်ျ၊ ဒီဘွဲ့အတွက် ကျမ်းပြုစုတဲ့ အခါ နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်ကို လေ့လာ ပြုစုခဲ့ပါတယ်။ မောင်အောင်မျိုးလို့ ပြောရင် ပညာရှင်နယ်ပယ်မှာတော့ မြန်မာ့တပ်မတော်နဲ့ ပတ်သက်တဲ့ စာအုပ်၊ စာတန်း ရေးသားသူ၊ ဒီကိစ္စတွေကို အထူးသိမြင် နှံ့စပ်သူ အဖြစ် မြင်ကြလေ့ ရှိပါတယ်။ အခြားသော ပညာရှင်တွေက မြန်မာ့ တပ်မတော်အကြောင်း ရေးသား ဖော်ပြကြရာမှာ Open Source လို့ခေါ်တဲ့ လူအများ လေ့လာ ဖတ်ရှုနိုင်တဲ့ သတင်း၊ စာစောင် တွေကို အခြေခံကြ ရတာပါ။ မောင်အောင်မျိုးကတော့ မြန်မာ့တပ်မတော်မော်ကွန်းတိုက်က မှတ်တမ်းတွေ၊ ဖိုင်တွေ ကြား လေ့လာ ခွင့်ရခဲ့သူ၊ သက်ဆိုင်ရာ လေ့လာမှုနယ်ပယ်ထဲမှာလဲ သေချာကြည့်မြင် လေ့လာနိုင်သူလို့ နာမည်ကြီးပါတယ်။

အခြားသတင်းတွေအရ မောင်အောင်မျိုးက နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်လို့ ခေါ်တဲ့ အဆင့်မြင့် စစ်တပ်အရာရှိကြီး တွေကို လေ့ကျင့်ပေးတဲ့ကျောင်းမှာလည်း ဆရာလုပ်ခဲ့ဖူး တယ်လို့ သိရပါတယ်။ အဲဒါကြောင့်ထင်ပါတယ်။ အခု စာအုပ်သစ် ထွက်လာတဲ့အခါ မြန်မာ့တပ်မတော်ဆိုင်ရာ အရေးပါတဲ့ အချက်အလက် တွေကို အတွင်းကျကျ လေ့လာဖော်ပြထားတာကို တွေ့ရပါတယ်။

မြန်မာစစ်တပ်နဲ့ ပတ်သက်လို့ လေ့လာသုံးသပ်မှုတွေက ပညာရှင်နယ်ပယ်မှာ မရှိဘူး မဟုတ်ပါဘူး။ ရှိသလောက် ရှိပါတယ်။ ဒါပေမယ့်လဲ အထူးပြုလေ့လာနေသူကတော့ နည်းပါးလှပါတယ်။

မြန်မာစစ်အစိုးရ ကိုယ်၌က ထုတ်ဝေထားတဲ့ တပ်မတော်ဆိုင်ရာ စာအုပ်စာတမ်းတွေ ရှိပါတယ်။ မြန်မာ့တပ်မတော် သမိုင်း ဆိုပြီး အတွဲ ၈ တွဲ တရားဝင် ထုတ်ဝေခဲ့ပါတယ်။ အဲဒီ-၈ တွဲမှာ ၁၉၉၇ ခုနှစ်ကာလအထိ လွှမ်းခြုံဖော်ပြထားပြီး၊ မကြာခင်မှာ အတွဲ (၉) ထွက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ပြင်ပက လေ့လာသူတွေမှာတော့ အင်ဒရူး ဆဲလ်သ် (Andrew Selth) လို သြစတြေလျနိုင်ငံက ပညာရှင်တွေ၊ မေရီ-ကယ်လာဟန် (Mary P. Callahan) လို စစ်တပ်အပေါ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူ တွေ ရှိပါတယ်။ ပညာရှင်တွေကတော့ လက်ရှိစစ်အစိုးရရဲ့ နိုင်ငံရေးထဲ ပတ်သက်ဝင်ရောက်လာပုံ၊ သူ့ရဲ့မူဝါဒ၊ အရပ်ဖက် အင်အားစုတွေနဲ့ စစ်တပ်အကြား ဆက်ဆံရေး၊ စစ်တပ်ဖွဲ့စည်းထားပုံ၊ စစ်အစိုးရရဲ့ စွမ်းဆောင်နိုင်ရည် စသဖြင့် လေ့လာပြီး ဆောင်းပါး၊ စာအုပ်၊ စာတမ်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့်လဲ မြန်မာစစ်တပ်ရဲ့ စစ်ရေးအရ ဖွဲ့ စည်းထားပုံ၊ သူရဲ့ တိုက်ခိုက်ရေးစွမ်းရည်၊ တိုက်ပွဲဝင်ဖို့ အသင့်အနေအထားဖြစ်မှု စတဲ့ စစ်ရေးသက်သက်ကိစ္စ တွေကို လေ့လာတင်ပြ နိုင်သူ တွေက အတော်နည်းပါတယ်။ ဒက်စမွန် ဘောလ် (Desmond Ball) လို့ခေါ်တဲ့ ပညာရှင်ကတော့ မြန်မာစစ်တပ်ရဲ့ ဆက်သွယ်ရေးကိစ္စ၊ ဖွဲ့စည်းပုံကိစ္စတွေကို အထူးပြုလေ့လာခဲ့ပြီး၊ သြစတြေလျ ပညာရှင် အင်ဒရူး ဆဲ့လ်သ်ကတော့ မြန်မာစစ်တပ်ရဲ့ စစ်ရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာကိစ္စတွေကို အထူးပြုလေ့လာပြီး စာအုပ်ရေးသား ခဲ့ပါတယ်။ အလားတူ အခု စာရေးသူ မောင်အောင်မျိုးဟာလဲ မြန်မာစစ်တပ်ရဲ့ စစ်ရေး၊ သမိုင်းကိစ္စတွေကို စာတမ်းတွေ ရေးသားခဲ့ဖူးသူ ရှားရှားပါးပါး ပညာရှင် ဖြစ်ပါတယ်။ အခုလို သူ့ရဲ့စာအုပ် ထွက်လာတာဟာ ပညာရှင်ကဏ္ဍ၊ လေ့လာမှု နယ်ပယ်ကဏ္ဍထဲမှာ နောက်ထပ် အဖိုးတန်အချက်အလက်တွေ ဖြည့်ဆည်းပေးလိုက်တာပါပဲ။

အခု စာအုပ်က မြန်မာ့တပ်မတော်ရဲ့ သမိုင်းကိုသာ ရေးသား ဖော်ပြတာ မဟုတ်ပါဘူး။ ဒီကနေ့ မြန်မာစစ်တပ် က ဘယ်လို စဉ်းစား လုပ်ဆောင်နေသလဲ ဆိုတဲ့ စစ်ရေးမူဝါဒ Military doctrine နဲ့ မြန်မာစစ် တပ်ရဲ့ တပ်ဖွဲ့စည်းထားပုံ၊ ၁၉၉ဝ ခုနှစ် လောက်က စတင်ခဲ့တဲ့ စစ်တပ်ခေတ်မီရေး ပြင်ဆင်တည်ဆောက်မှုတွေ ကို အသားပေးတင်ပြထားတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ စစ်ရေးလေ့လာမှုဖက်ကို ပိုကဲပါတယ်။ ဒီလို ကိစ္စတွေကို မြန်မာ့ တပ်မတော်က နိုင်ငံတော်လုံခြုံရေး အတွက်ဆိုတဲ့အကြောင်းခံနဲ့ အထူးလျှို့ဝှက် ထား တတ်တာကြောင့်လဲ အခုလို ဖတ်ရှုလေ့လာခွင့်ရလိုက်တော့ အတော် လည်း တန်ဖိုးရှိပါတယ်။

သောတရှင်တွေအနေနဲ့ ဘာဖြစ်လို့ စစ်ရေးကိစ္စတွေကို စိတ်ဝင်စားရမှာလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ပြောရမယ် ဆိုရင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရရှိချိန်ကစလို့ မြန်မာ့တပ်မတော်ဟာ နိုင်ငံရေးထဲမှာ ဝင်ရောက် လှုပ်ရှားလာနေတဲ့ အရေးပါတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ယခုတိုင်လဲ အာဏာကို ချုပ်ကိုင်ထားသလို၊ တကယ်လို့ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာ ခဲ့ရင်လည်း ဆက်လက် ရှိနေဦးမယ့် အင်အားစုတခု ဖြစ်ပါတယ်။ စစ်တပ်နဲ့ တပ်မတော် အရာရှိဟောင်း အတော်များများကလဲ အရပ်ဖက် အုပ်ချုပ်ရေးမှာ အကျယ်အပြန့် နေရာယူထားတာဖြစ်နေလေတော့ မြန်မာ့လူမှု အဖွဲ့အစည်း ထဲမှာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက် တည်ရှိ နေတဲ့ အင်အားစု တခုလို့လည်း ယူဆနိုင်ပါတယ်။ မြန်မာနိုင်ငံအဖို့ စစ်တပ်က နိုင်ငံရေးမှာ အဓိကကဏ္ဍက ပါဝင်နေသူဖြစ်လေတော့ သူက ဘယ်လို စဉ်းစားပြီး၊ ဘာတွေ လုပ်နေတာလဲ၊ ဘယ်ကို သွားမှာလဲ၊ ဘယ်လောက်အထိ သွား မှာလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ အခု စာအုပ်မှာ စိတ်ဝင် စားဖွယ်ကိစ္စကတော့ military doctrine လို့ခေါ်တဲ့ စစ်တပ်ရဲ့ စစ်ရေးအခြေခံ တွေးခေါ်မှုပါ။ သဘော ပြောရရင် တော့ မြန်မာ့တပ်မတော်က ဘယ်သူတွေကို ရန်သူလို့မြင်ထားတာလဲ၊ ဘယ်လိုရန်သူတွေကို ရင်ဆိုင်နိုင်အောင် စစ်ပြင်ဆင် နေတာလဲ၊ အခု စစ်တပ်ကို တိုးချဲ့ ခေတ်မီအောင် ပြင်ဆင်နေတာက ဘာကြောင့်လဲ၊ နိုင်ငံတော်လုံခြုံရေး မူဝါဒလို့ခေါ်တဲ့ လုံခြုံရေးအရ အကဲဆတ် တဲ့ကိစ္စတွေက ဘာတွေလဲ၊ ဒီအချက်တွေကို စစ်ရေးလေ့လာသူတွေသာမက နိုင်ငံရေး သမားတွေ၊ မြန်မာပြည်သူတွေပါ သိသင့် သိအပ်တဲ့ကိစ္စတွေ ဖြစ်ပါ တယ်။ ဒါပေမယ့်လဲ ဒီကိစ္စတွေကို ကျနော်တို့နိုင်ငံမှာ နိုင်ငံတော်အထူးလျှို့ဝှက်ချက် ဖြစ်နေတာမို့ တရားဝင် စာရွက်စာတမ်းတွေမှာ ရှာဖွေတွေ့ရှိဖို့အင်မတန် ခက်ခဲပါတယ်။ အခုစာအုပ်မှာတော့ ဒီကိစ္စတွေကို လေ့လာ ဖော်ပြထားပါတယ်။

နောက်တချက်ကတော့ အခု မြန်မာစစ်တပ်က စစ်ရေးတိုးချဲ့ ပြင်ဆင် လာပုံတွေကို တင်ပြထားပါတယ်။ ဒီအပိုင်းကတော့ စစ်ရေး စိတ်မဝင်စားသူတွေအတွက်တော့ သိပ်မလိုအပ်လှပါဘူး။ ဒါပေမယ့်လဲ ဒီအပိုင်းမှာ ကြိုကြားတွေ့လာရတဲ့ ကိစ္စ ကတော့ မြန်မာနိုင်ငံ အရေးကိစ္စတွေမှာ နေရာတကာ စစ်တပ်က လွှမ်းမိုး ချယ်လှယ်လာခဲ့တဲ့အခါ ပေါ်ပေါက်လာရတဲ့ အားနည်းချက်တွေကိုလဲ ထောက်ပြထားပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းကောင်စီအတွင်း ပြဿနာတွေကို ပိုလို့ အသေးစိတ် ကျတဲ့ အချက်တွေနဲ့ တင်ပြထားတာလည်း ဖတ်ရပါတယ်။

ရှေ့အပတ်ကစလို့ မြန်မာတပ်မတော်ရဲ့ အခြေခံစစ်ရေးတွေးခေါ်မှုကို တင်ပြသွားပါမယ်။ ကာလအလျှောက် ဖွံ့ဖြိုးလာခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရေးဆိုင်ရာ စဉ်းစားပုံတွေ ဖြစ်ပါတယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

yehtutnaung said...

အကိုရေ ဆက်လက် စောင့်မျှော်နေပါတယ်ဗျာ။

Recent Comments