Pages

Saturday, May 2, 2009

ဆောင်းမီးဖို

မီးခိုးဗုံးကွဲသလို
ညမှောင်မဲပျော်ဝင်
ရုတ်တရက် ရှင်သန်ခုန်ချလာ
နှင်းမှန်ကွဲစလဲပါ။

ကျွန်တော်ဟာ
တဲတခုမှာ
ဘာမှ ရှောင်လွှဲမရလို့
ညခိုဖို့ ပြင်ဆင်ရင်း
မီးလင်းဖိုကို ထင်းထည့်တယ်။

ရဲဘော်တဦးလေ
တပ်ဦးဝတ်စုံမှာ၊ ယုံကြည်ချက်နဲ့
ဘက်တံဆိပ်
အပ်ချည်နဲ့ သီကပ်နေတယ်။

ရဲဘော်တဦးကတော့
စာအုပ်မှာ နစ်မြုပ်ပျော်ဝင်
မှတ်စုတွေ တင်ရဲ့
လက်သီးဆုပ်ပြင်ရဲ့
မြင်ကွင်းထဲမှာ
နာကျည်းခဲ့တဲ့ ရက်တွေလေ။

တိုးတိုးမြည်တဲ့
စကားစမြည်ခင်းပေါ့
ရဲဘော်တွေ အချင်းချင်း
မအိပ်ခင် မပျင်းမရိပြောနေကြ
အရင်ကြားဘူးရတဲ့
ငါတို့ သူငယ်ချင်း
ငါတို့ သူရဲကောင်း
စစ်ပွဲတွင်းမှာ
ငါတို့ရဲ့ မောင်းပြန်တွေ မြန်ဆန်ပေါက်ကွဲ
တိမ်တွေမဲမဲနဲ့
ကောင်းကင်ကို ဆုတ်ဖြဲခဲ့တာတွေ။

အာရုံလင်းဖို့
နှင်းခါးထိုးခွဲ
အတွဲလိုက်... အတွဲလိုက်
ငါတို့ တိုက်ပွဲဝင် ရိုင်ဖယ်က
သံပြိုင်ကျယ်လောင် တေးသစ်တွေ။

မျက်လုံးတွေဟာ
မီးပွင့်လာပေါ့
ငါတို့ လက်ညှိုးတွေတောင် ကွေးညှစ်မိ
ချွေးတွေပြစ်ခဲနေတဲ့ ဝတ်စုံထဲမှာ
တစုံတရာ ပူးဝင်လာသလို။

စကားစမြည်ဝိုင်းရဲ့
လှိုင်းယိမ်းနွဲ့တဲ့ မီးတောက်တွေ၊ ကဝေဆန်ပုံနဲ့
ကခုန် ဆူဝေလာ
ဘယ်သူမှ မသိပါဘဲ
လာရောက်နားထောင်ခဲ့
ဝင်ရောက်မပြောနိုင်တော့တဲ့
သူတို့ရဲ့ ဇာတ်လိုက်နှစ်ယောက်။

ယောဟန်အောင်
၁၉၉၁ မတ်လ ၁၃ ရက်နေ့ထုတ် "မတ်လရဲဘော်" လက်ရေးမင်ကူး ကဗျာစာအုပ်မှ
၁၉၉၁ ခုနှစ်တုန်းက မာနယ်ပလော၊ လောကွားလူ ဌာနချုပ်မှာ လက်ရေးမင်ကူးနဲ့ ထုတ်ခဲ့တဲ့ စာအုပ်ထဲက ကဗျာဟောင်းလေး အခုမှ ပြန်ရတယ်။ အမှတ်တရ ပြန်တင်ထားလိုက်ပါတယ်။

6 comments:

မသက်ဇင် said...

စကားစမြည်ဝိုင်းရဲ့
ကခုန် ဆူဝေလာ
ဘယ်သူမှ မသိပါဘဲ
လာရောက်နားထောင်ခဲ့

ကဗျာတွေမှာ ခံစားချက် နဲ့ ပေါင်းစပ်ထားပြီး
ကဗျာ အနုပညာစံတွေ တွေ့ရပါတယ်

ကဗျာဦး said...

ရဲဘော်တဦးလေ
ဘက်တံဆိပ်

ဒီကဗျာလေးကို ဖတ်ပြီး မေမေ နဲ့ ကျမ သွားခဲ့တာ သတိရသွားပါတယ် ကျမ တို့ အစ်ကိုကြီး က ၁၉၈၈
မှာ မြောက်ပိုင်းအေဘီအက်စ်ဒီအက်ဖ် ဘက် တောခိုသွားတာ။ မေမေက အစ်ကိုကြီးနဲ့တွေ့ချင်တော့ ကျမပါ ခေါ်ပြီး မိုးကောင်းကနေ ဖါးကန့်ဘက် ကို ကားလမ်းမကြီးအတိုင်းခြေလျှင် လျှောက်ရတယ်
အဲဒီလမ်းပေါ်မှာ ကေအိုင်အေ တပ်စခန်းတခုတွေ့တယ်
အစ်ကိုကြီးတို့ ကျောင်းသားတပ်နဲ့ ရောနေရတာ။ မေမေပြောလိုက်တော့ တယောက်က သွားခေါ်ပေးတာ အစ်ကိုကြီးဆင်းလာတယ်။ မေမေက ငိုလိုက်တာ
စကားပြောနေရင်း ကျမက စိတ်ဝင်စားနေတာက အစ်ကိုကြီး တပ်ဦး ဘက်တံဆိပ် အပ်ချည်နဲ့ သီ နေတာ ကိုလေ ။ ဒီကဗျာလေးထဲကအတိုင်းပါပဲ။
အခုတော့ ကျမအစ်ကိုကြီးက တိုက်ပွဲမှာကျသွားပါပြီ။

Anonymous said...

ကဗျာဦး
မင်းဟာငါတို့ညီမလေးပါပဲ။
မင်းအစ်ကိုငါတို့ရဲဘော်ကျဆုံးခဲ့ပေမဲ့
မင်းအစ်ကိုရဲ့ရဲဘော်ငါတို့ရှိနေတယ်
အရာရာကိုရဲရဲရင်ဆိုင်၊ အားမငယ်နဲ့။ ။

Moe Cho Thinn said...

ကဗျာပဲ ရေးပါ ကိုယောရယ်။
ကိုယော ကဗျာတွေက အများကြီး ပိုထိရောက်ပါတယ်။
နှလုံးသားကို တည့်တည့်မှန်တဲ့ ကဗျာမျိုးတွေမို့ပါ။
ခင်မင်လေးစားလျက်
မိုးချိုသင်း

ဒူကဘာ said...

ယောဆရာက အနုအကြမ်း ၂ခန်းလုံး ပီပြင်လို့ ယောနယ်က နောက်ကျွမ်းပစ်ရင် ဘဝပြောင်းတဲ့ အတတ်တွေများ တဖက်ကမ်း ခတ်ခဲ့လေသလားဗျာ..ကဗျာလဲ ကဗျာမို့ ဟော့ဒီရင်ဘတ်ကြီးကို ဆုပ်ရမ်းလိုက်သလို ခံစားမှုတွေ ပေးနိုင်ခဲ့တယ် ဗျာ။

Nay Lin said...

ဟေ့လူ..

ချိုသင်းစကားပုံတူကူးချရရင်..
ကဗျာပဲရေးပါတော့ဗျို့..
:-)
နေလင်း

Recent Comments