Pages

Saturday, April 25, 2009

မြန်မာပြည်က ဆည်းဆာချိန် (၄)


ရှမ်းပြည်နယ် သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဖြစ်ခဲ့သူ စောသုစန္ဒီ ခေါ် အင်ဂျီ ဆာဂျင့် (Inge Sargent) ရေးသားတဲ့ "မြန်မာပြည်က ဆည်းဆာချိန်၊ ရှမ်းစော်ဘွား မဟေသီတဦးဖြစ်ခဲ့ရတဲ့ ကျမရဲ့ ဘဝ" ဆိုတဲ့ စာအုပ်ကို တင်ပြနေပါတယ်။ စာအုပ်ရဲ့ နောက်အခန်းတွေမှာ စဝ်ကြာဆိုင်နဲ့ စစ်အစိုးရ ထိပ်တိုက်တွေ့ခဲ့ရတဲ့ အကြောင်း တွေကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဗထူးတပ်မြို့က ဝါးနဲ့ဆောက်ထားတဲ့ အချုပ်မှာ ဒုတိယနေ့ကို ဖြတ်သန်းရတဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ အခြေအနေက စိတ်ပျက်အားလျော့ဖွယ် ဖြစ်ပါတယ်။ စတင်ချုပ်ခံရတဲ့ နေ့တုန်း ကတော့ သူက ရန်ကုန် အစိုးရ ဆီက၊ လွှတ်တော်ဆီက အကူအညီရကောင်းရဲ့လို့ မျှော်လင့်ခဲ့ပါ သေးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ရန်ကုန်မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အကြောင်း၊ ဝန်ကြီးချုပ်ဦးနုနဲ့ အစိုးရ ခေါင်းဆောင် အများအပြား၊ လွှတ်တော်အမတ် အားလုံးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း သူ့ကို ထိန်းသိမ်းထားတဲ့ သူတွေဆီက ကြားသိခဲ့ရပါတယ်။ သူ့အတွက် လွတ်လမ်း ကတော့ မှန်းမမြင် ဖြစ်နေရပါပြီ။ သူ့ဇနီးထံ ပို့လိုက်တဲ့ စာကတော့ ရောက်သွားကောင်း ရောက်သွားနိုင်ပါတယ်။ ဒါပေမယ့် သူ့ဇနီးနဲ့ မိတ်ဆွေ တွေဆီက အကူအညီကို မျှော်လင့်ဖို့လည်း အလှမ်းဝေးလှပါတယ်။ အကယ်၍ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံ တွေက သိရင် စစ်အာဏာသိမ်း တော်လှန်ရေး ကောင်စီအစိုးရကို ဖိအားတွေပေးလာကြမယ်လို့ သူက ထင်ပါ တယ်။ ဒါက လည်း အကျိုးသက်ရောက်မှုဖြစ်လာဖို့ဆိုတာ အချိန်တခု ယူရဦးမှာပါ။

အချုပ်အတွင်း နေရစဉ်ကာလမှာ စဝ်ကြာဆိုင်က သူဖြတ်သန်းခဲ့ရတဲ့ ဘဝတလျှောက် သူ ဘာတွေ အမှားလုပ် ခဲ့မိသလဲ၊ ဘယ်လို ကိစ္စတွေ သတိမမူ ဂူမမြင် ဖြစ်ခဲ့ရသလဲ ဆိုတာ ပြန်တွေးနေမိသလို၊ သူ့ဇနီး သုစန္ဒီခေါ် အင်ဂါ ဆားဂျင့်နဲ့ သမီး ၂ ဦးအကြောင်းကိုလည်း ပြန်ပြောင်း သတိရနေမိပါတယ်။

ပြောရမယ်ဆိုရင် မြန်မာစစ်တပ်နဲ့ စဝ်ကြာဆိုင်အကြား ဆက်ဆံရေးက မချောမွေ့လှပါဘူး။ တခါမှာ လားရှိုးမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း တိုင်းမှူးဖြစ်သူ ဗိုလ်မှူးကြီးက စဝ်ကြာဆိုင်ကို လာတွေ့ပြီး၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း လာမယ့် ရက်အနည်းငယ်အတွင်းမှာ သီပေါကို ဖြတ်သွားမယ့်အကြောင်း အသိပေးလာပါတယ်။ စဝ်ကြာဆိုင်ကလည်း လိုလိုလားလား ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အဖွဲ့တွေကို ဟော်နန်းကို နေ့လည်စာ ဖိတ်ပါတယ်။ အချိန်မရရင်တောင် လက်ဖက်ရည် သုံးဆောင်ဖို့ ဖိတ်ပါတယ်။ ဒါပေမယ့် စစ်တပ်ဖက် က အချိန်မရဘူးလို့ ငြင်းပါတယ်။ ဗိုလ်ချုပ်ကြီးကို တွေ့လိုရင် မြို့ကို ဖြတ်သွားတဲ့ လမ်းဆုံက စောင့်နေဖို့ ညွှန်ကြား အကြံပေးလာခဲ့ပါတယ်။ ဒီလိုအခြေအနေကိုတော့ စဝ်ကြာဆိုင် လက်မခံနိုင် ပါဘူး။ သာမာန်ပြည်သူတဦး ဖြစ်ရင်တော့ သူဒီလိုစောင့်ကြိုကောင်း စောင့်နိုင်မယ်၊ ဒါပေမယ့် သီပေါပြည်သူတွေက သူ့ကို အပ်နှင်းထားတဲ့ တာဝန်၊ ဂုဏ်သိက္ခာ၊ လွှတ်တော်အမတ်တဦးရဲ့ ဂုဏ်တွေကို ထောက်ထားပြီး ဒီလိုတော့ သူမတွေ့နိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီလို ဗိုလ်ချုပ်ကြီးနေဝင်း ခရီးစဉ်မှာ ဆင်းမကြိုခဲ့တာကို အညိ‡ုးအတေးရှိခဲ့တယ် လို့ လည်း ယူဆနိုင်ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်မှာ နီးစပ်တဲ့ မိတ်ဆွေ တွေဆီက စဝ်ကြာဆိုင် ပြန်ကြားရပါ တယ်။ မြန်မာစစ်တပ်က သူ့ကို အန္တရာယ်ရှိတဲ့သူတဦးလို့ သဘောထားနေကြောင်း သိခဲ့ရပါတယ်။

တကြိမ်မှာလည်း လားရှိုးလေယာဉ်ကွင်းမှာ စဝ်ကြာဆိုင် လေယာဉ်ပေါ် တက်တော့မယ့်ဆဲဆဲ ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူး စဝ်ဟုမ်ဖဆီက စာတိုလေးတစောင် ရောက်လာပါတယ်။ ဒီခရီးကိုစဉ်ကို ဖျက်လိုက်ဖို့၊ သူနဲ့ တွေ့တော့မှ အကြောင်းစုံ ရှင်းပြပါမယ်လို့ ဆိုလာပါတယ်။ ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူး ကော်မရှင်နာမင်းကြီး စဝ်ဟုမ်ဖနဲ့ တွေ့တဲ့အခါ သူက အခု လေယာဉ်ပေါ်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးချစ်မြိုင် လည်း ခရီးသွားမယ့်အကြောင်း၊ သူက စဝ်ကြာဆိုင် နဲ့ လေယာဉ်တစီးတည်း အတူတူစီးတဲ့အခါ သူ့လုံခြုံရေးကို စိုးရိမ်ကြောင်း ပြောလာတယ်။ အဲသည်အတွက် ကြောင့် ခရီးစဉ်မှာ လိုက်မသွားဖို့ ဆိုလာပါတယ်။ ခင်ဗျား ကျနော့် ညွှန်ကြားချက်ကို နားထောင်ပါ။ ကျနော်တို့က မြန်မာ စစ်တပ်ကို ကျေနပ်အောင် ထားဖို့လိုတယ်လို့ စဝ်ဟုမ်ဖက ဆိုခဲ့ပါတယ်။ စဝ်ကြာဆိုင်ကတော့ ဒီအချက်တွေကို ကျနော့်ကို စာနဲ့ရေးပေးပါ။ သည်လိုဆိုရင် လိုက်နာပါမယ်ဆိုပြီး နားထောင်ခဲ့ပါတယ်။ သူ့ခရီးစဉ်ကို ဖျက်သိမ်းပြီး သီပေါဟော်နန်းကို သူ့ဇနီး အင်ဂါ ဆားဂျင့်နဲ့ အတူ ပြန်လာခဲ့ပါတယ်။ သီပေါကို အပြန်ခရီးမှာ ဘယ်ကမှန်းမသိရဘဲ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ် လုပ်ကြံတာကိုလည်း စဝ်ကြာဆိုင်နဲ့ အင်ဂါတို့ ကြုံတွေ့ခဲ့ရပါသေးတယ်။ ကံကောင်းထောက်မလို့ သူတို့ ဘေး မသီ ရန်မခဘဲ လွတ်မြောက်လာခဲ့ကြပါတယ်။

သူ့ကို စစ်တပ်က ရန်ညှိုးရှိနေတာကို စဝ်ကြာဆိုင် သိပေမယ့် အခုလို ပြဿနာကြီးလိမ့်မယ်လို့ မထင်ထားပါ ဘူး။ စဝ်ကြာဆိုင် က တခါက လျှို့ဝှက်အစည်းအဝေးတခု တက်ခဲ့မိတဲ့အကြောင်း ပြန်စဉ်းစားမိပါတယ်။ ပထမ ဦးဆုံး ရှမ်းသူပုန်အုပ်စုထောင်၊ ပုန်ကန်ကြတဲ့ ရှမ်းလူငယ်ခေါင်းဆောင် နုမ်စပ်ဟန် (Noom Seuk Harn) တို့နဲ့ လုပ်ခဲ့တဲ့ အစည်းအဝေးပါ။ ဒီရှမ်းလူငယ် တွေက စဝ်ကြာဆိုင်ကို ခေါင်းဆောင်လုပ်ဖို့ တောင်းဆိုကြပါတယ်။ စဝ်ကြာဆိုင်ကတော့ သူတို့နစ်နာချက်တွေကို ပါလီမာန် ထဲမှာ တရားဝင်ဖြေရှင်းနိုင်သေးတယ်လို့ ပြန်ဖြောင်းဖျ ခဲ့ပါတယ်။ ဒီအစည်းအဝေး အကြောင်းကြောင့်ပဲ သူ့ကို မြန်မာစစ်တပ် က မကျေနပ် ရန်ညှိုးထားနေတာလည်း ဖြစ်နိုင်ပါတယ်။

စဝ်ကြာဆိုင်က အဖြစ်အပျက်တွေကို ပြောင်းပြန်လှန်လို့ ရရင် ပြန်စလိုက်ချင်ပါတယ်။ သူတို့က စစ်တပ်ကို လျှော့ပေါ့ တွက်မိခဲ့ ကြပါတယ်။ စဝ်ကြာဆိုင်သာမက ဝန်ကြီးချုပ်ဦးနု၊ ဦးဘဆွေ၊ စဝ်ခွန်ချို စတဲ့ နိုင်ငံရေးသမား တွေက အစ စစ်တပ်က အာဏာ သိမ်းလာမယ့် အရေးကို လျှော့ပေါ့တွက်ဆထားမိခဲ့ကြပါတယ်။ ကြိုမမြင်နိုင်ခဲ့ ကြပါဘူး။ ဒီအတွက်လည်း စဝ်ကြာဆိုင်က နောင်တရနေပါတယ်။

အခုလို အချုပ်ထဲ ရှိနေစဉ်မှာ စဝ်ကြာဆိုင်က သူ့ဇနီး အင်ဂါနဲ့ သမီးတွေကိုလည်း အိပ်မက် မက်နေခဲ့ပါတယ်။ သမီးကြီး မာယာရီက ၆ နှစ်အရွယ် ရှိပြီဖြစ်ပြီး သူ့အမေ နံနက်စာပြင်ဆင်ပေးတဲ့အခါ ကူညီတတ်နေပါပြီ။ သမီး ငယ် ကိန္နရီကတော့ ၃-နှစ် သမီးအရွယ်ပါ။ စဝ်ကြာဆိုင်က မကြာခဏ ခရီးထွက်နေရတဲ့အခါ သမီးတွေကို ကောင်းကောင်း မပြုစုနိုင် ဖြစ်နေရပါတယ်။ ချစ်ဇနီး သုစန္ဒီ၊ သမီး မာယာရီ၊ ကိန္ဒရီတို့နဲ့ ပြန်မှ တွေ့ရပါ့ မလား၊ စဝ်ကြာဆိုင် အတွေးပွားစိုးရိမ် နေမိပါတယ်။

ဒီစာအုပ်ထဲက နောက်တခန်းမှာတော့ စဝ်ကြာဆိုင်နဲ့ အင်ဂါတို့ရဲ့ သီပေါဟော်နန်းဆီကို ဝန်ကြီးချုပ်ဖြစ်သူ ဦးနု ရှမ်းပြည် ခရီးစဉ်မှာ လာလည်ခဲ့တဲ့အကြောင်း၊ သူတို့အတွေ့အကြုံအရ ဦးနုက ဗိုလ်ချုပ်နေဝင်းနဲ့ ကွာခြားတဲ့ သဘောထား အကြောင်း တွေကိုလည်း အင်ဂါ ဆားဂျင့်က ထည့်သွင်းရေးသား ဖော်ပြခဲ့ပါသေးတယ်။ ဦးနုကတော့ ရှမ်းလူမျိုးတွေ ခံစားနေရတဲ့ နစ်နာချက်အကြောင်းတွေကို လှိုက်လှိုက်လှဲလှဲ နားထောင်သလို၊ အင်ဂါကို လည်း နှစ်လိုဖွယ် နှုတ်ဆက်အားပေး ခဲ့ပါသေးတယ်။ ဒီလို တွေ့ဆုံကြတဲ့အချိန်မှာ ဗမာလူမျိုးတွေ ကြီးစိုးချယ် လှယ်တဲ့ ပြည်ထောင်စုမဖြစ်ဖို့ စဝ်ကြာဆိုင်က သတိပေးခဲ့ပါတယ်။ ဦးနုက "ကျနော်တို့ ပြည်ထောင်စုကို ထိန်း သိမ်းရမယ်။ မဟုတ်ရင် ကျနော်တို့ ကျဆုံးခန်းပဲ" လို့ ပြန်ပြောခဲ့ပါတယ်။ ဒီလိုဆိုရင် "စစ်တပ်ကို သေချာထိန်း ဖို့ လိုပါတယ်"လို့ စဝ်ကြာဆိုင်က သတိပေးပါတယ်။ ဦးနုကလည်း "ယုံပါ။ ကျနော်လုပ်ပါ့မယ်" လို့ ပြန်လို့ ကတိပေးခဲ့ပါတယ်။ အခုတော့ အခြေအနေတွေက လက်လွန်ခဲ့ကြပါပြီ။

နောက်အပတ်မှာတော့ စဝ်ကြာဆိုင်တို့ ကြုံခဲ့ကြရတဲ့ ခရီးစဉ်တွေအကြောင်း၊ သူတို့မိသားစုဘဝ ပျော်ရွှင်ဖွယ် ပြန်ပြောင်း အမှတ်ရချက်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

4 comments:

မသက်ဇင် said...

စောဘွားကြီးပြောခဲ့တဲ့ 
ဗမာလူမျိုးတွေ ကြီးစိုးချယ် လှယ်တဲ့ ပြည်ထောင်စုမဖြစ်ဖို့ စဝ်ကြာဆိုင်က သတိပေးခဲ့ပါတယ်။ ဦးနုက "ကျနော်တို့ ပြည်ထောင်စုကို ထိန်း သိမ်းရမယ်။

သမိုင်းတွေပါပဲ တန်ဘိုးရှိပါတယ်

b said...

လားရှိုးက အရှေ့ မြောက်ပိုင်းတိုင်းပါ ။ ဦးသိန်းဖေမြင့် စာအုပ်နာမည် မကြားဖူးဘူး မှတ်တယ်။

စဝ်ဟုမ်ဖက အထူးမင်းကြီး လုပ်တာပါ။ အခေါ်အဝေါ်တွေ ဂရုစိုက်မှပေါ့။ ရေဒီယိုမှာ လွှင့်တဲ့ဟာကို။

နွမ်စစ်ဟန်က အဖွဲ့ နာမည်ပဲ။

စော်ဘွားတွေ ဆီးတိုးနဲ့  ပလူးတာတော့ မမေ့ကြနဲ့လေ။

Yaw Han Aung said...

သို့ ချို...

ဆာစောချယ်နဲ့ ပတ်သက်လို့ ဖော်ပြပေးတာ ကျေးဇူး တင်ပါတယ်။ ကျနော်ပြန်ရှာပြီး ဖတ်ပါဦးမယ်။

နုံစ၀်ဟန်နဲ့ ပတ်သက်လို့ အမှားထောက်ပြတာလည်း ကျေးဇူးတင်ပါတယ်။ (Young Warriors) လို့ အဓိပ္ပါယ်ရတဲ့ နုမ်စ၀်ဟန်ကို လူအမည်ထင်ပြီး မှားယွင်း ဖော်ပြမိတာကို မှားယွင်းတာ သိရပါတယ်။

မြောက်ပိုင်းတိုင်း/ အရှေ့မြောက်ပိုင်းဆိုတဲ့ ပြဿနာ ကို ကျနော်လည်း သတိပြုမိပါတယ်။ စာရေးသူက စာအုပ်မှာ အချိန်ကို တိတိကျကျ မဖော်ပြသလို၊ မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးဆိုပြီး အမည်မဖော်ပြ ဘဲ နေရာတော်တော်များများ ရေးထားတာလည်း တွေ့ရတော့ ကျနော်လည်း စိစစ်မိပါတယ်။ သို့သော် လည်း မြန်မာစစ်တပ်ဖွဲ့စည်းပုံကတော့ နည်းနည်း ရှုပ်ထွေးမှု ရှိပါတယ်။ ယခင်က မြောက်ပိုင်းတိုင်း (Northern Burma Sub-District, NSBD) နဲ့ တောင်ပိုင်းတိုင်း(Southern Burma Sub-District, SBSD) ၂-ခုပဲ ရှိပါတယ်။ မြောက်ပိုင်းတိုင်းဌာနချုပ်က ယခင်က မေမြို့၊ နောက်တော့ မန္တလေးမှာ ဌာနချုပ်ရုံးစိုက်ပါတယ်။ အဲဒီကာလတွေ ပြန်ကြည့်ရင် မြောက်ပိုင်းတိုင်း တိုင်းမှူးလုပ်ခဲ့ဖူးသူဟာ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်မှူးချုပ်စန်းယု၊ ဗိုလ်မှူးကြီးမောင်ရွှေ၊ စသဖြင့်လည်း တွေ့ရပါတယ်။ စာရေးသူက တနေရာမှာ လားရှိုးအခြေစိုက် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးကြီးချစ်မြိုင်လို့ ဖော်ပြခဲ့ပါသေးတယ်။ ကျနော် အမှန်ကို ပြန်စစ် တော့ ဗိုလ်မှူးကြီးချစ်မြိုင်က လားရှိုးအခြေစိုက် တပ်မဟာ-၃ မှူးသာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်၊ စစ်အာဏာသိမ်းတဲ့အခါ သူက ရန်ကုန်စစ်ရုံးချုပ်ကို ပြန်ရောက်နေပါပြီ။

တခါ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ မှသာပဲ မြောက်ပိုင်း-တောင်ပိုင်းတိုင်း အောက်က တပ်မဟာတွေကို စစ်တိုင်းတွေအဖြစ် ထပ်မံခွဲထုတ် ပါတယ်။ အရှေ့မြောက်တိုင်းဆိုတာ ဒီအချိန်မှ ဖြစ် လာပုံရပါတယ်။ အချိန်အတိအကျ မှန်းရ ခက်ခဲတာ ကြောင့် သူရေးထားတဲ့အတိုင်း ဖော်ပြလိုက်တာ ပါ။

ဆီးတိုးနဲ့ စော်ဘွားတွေကိစ္စကတော့ ကြည့်သူ ဖက်က အမြင်ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်က မြသန်းတင့်ရဲ့ ရှမ်းစော်ဘွားတွေ အာဏာစွန့်တဲ့ ကိစ္စကို ၀တ္ထုသဖွယ် ထောက်ခံရေးသားထားတဲ့ "လိုက်ခဲ့တော့ မြနန္ဒာ" ၀တ္ထုကိုလည်း ဖတ်ဖူးပါ တယ်။ မကြိုက်လှဘူးလို့ပဲ ပြောပါရစေ။

အမှား၊ ချို့ယွင်းချက်တွေ ထောက်ပြတာ ကျေးဇူးတင်ပါတယ်။

b said...

သိုင်းကျူးဘိုးတော်

အာဏာကတော့ စွန့် ရမှာပဲ ဒါပေမဲ့ ရှမ်းလူထုရဲ့  နိုင်ငံရေးနိုးကြားမှုအရ စွန့် တာမျိုး မဖြစ်ခဲ့ဘူး။

မြသန်းတင့် ဝတ္ထုထဲက ရှမ်းလက်ဝဲသမားတွေလည်း ၆၂ နောက်ပိုင်း မဆလထဲရောက်တာနဲ့  ထောင်ထဲ တောထဲ ရောက်တာဆိုပြီး ကွဲကုန်တယ်

Recent Comments