Pages

Saturday, April 25, 2009

မြန်မာပြည်က ဆည်းဆာချိန် (၅)


ရှမ်းပြည်နယ် သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဖြစ်ခဲ့သူ စောသုစန္ဒီ ခေါ် အင်ဂါ ဆာဂျင့် (Inge Sargent) ရေး သားတဲ့ "မြန်မာပြည်က ဆည်းဆာချိန်၊ ရှမ်းစော်ဘွား မဟေသီတဦးဖြစ်ခဲ့ရတဲ့ ကျမရဲ့ ဘဝ" ဆိုတဲ့ စာအုပ်ကို တင်ပြနေပါတယ်။ စာအုပ်ရဲ့ နောက်အခန်းတွေမှာ စဝ်ကြာဆိုင် ကြုံတွေ့နေရတဲ့ အချုပ်တွင်းဘဝနဲ့ ဇနီးဖြစ်သူ အင်ဂါ ခေါ် သီပေါ မဟာဒေဝီတို့ရဲ့ ပရိဒေဝ ပူဆွေး ရမှုတွေကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
သီပေါစော်ဘွား စဝ်ကြာဆိုင်က အချုပ်အတွင်းမှာ တပတ်ကျော်လောက် အပြင်ထွက် ရေချိုးခွင့် ရတာ၊ အနီး အပါး လမ်းလျှောက်ခွင့်ရတာကို မြင်ခဲ့ရသူတွေက မြင်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီလိုအခွင့်အရေး တွေ ရုပ်သိမ်း ခံခဲ့ရပါတယ်။ သူ့ဆီကို အဲဒီအချိန်က အာဏာသိမ်း တော်လှန်ရေး စစ်ကောင်စီရဲ့ ထောက်လှမ်းရေး အကြီးအကဲ နှုတ်ခမ်းမွေးမောင်လွင်ခေါ် ဗိုလ်မှူးကြီးမောင်လွင် လာတွေ့ဆုံ ပြီးတဲ့နောက်ပိုင်း ကစလို့ ဖြစ်ပါ တယ်။ စဝ်ကြာဆိုင်က လာတွေ့တဲ့ စစ်တပ်ထောက်လှမ်းရေးအကြီးအကဲကို မတ်တပ်ရပ်ပြီး တည်တည်ငြိမ်ငြိမ် တုံ့ပြန်ခဲ့ပါတယ်။

ဗိုလ်မှူးကြီးမောင်လွင်က သူ့ကို လေးစားချင်ဟန်ဆောင်ပြီး စော်ဘွားကြီးလို့ ခေါ်လာပါတယ်။ "စော်ဘွားကြီး ကျနော် လာတာက ကျနော်တို့ အပေးအယူတခု လုပ်ကြရအောင်ပါ။ ခင်ဗျားကို လွှတ်ပေးနိုင်ပါလိမ့်မယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ကျနော်က အားလုံးကောင်းဖို့ ကိစ္စတခု အဆိုပြုချင်ပါတယ်။ ကျနော်တို့ ထိုင်ပြီး ပြောကြရအောင်လား " လို့ ဆိုလာပါတယ်။ စဝ်ကြာဆိုင်က မတ်တတ်ရပ်မြဲ ရပ်နေပါတယ်။ ဗိုလ်မှူးကြီးမောင် လွင်က သူတို့နဲ့ ပူးပေါင်းဖို့ ပြောပါတယ်။ မဟုတ်ရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲမယ်လို့လည်း ခြိမ်း ခြောက်ပါတယ်။

စဝ်ကြာဆိုင်ကတော့ "တော်လှန်ရေးကောင်စီက ကျနော့်ကို တရားစွဲချင် ကြိုက်သလိုစွဲပါ။ အပြစ်မရှိတဲ့သူ တဦးကို တရားရုံးက အပြစ်မပေးနိုင်ဘူး" လို့ ပြန်ငြင်းခဲ့ပါတယ်။ ဗိုလ်မှူးကြီးမောင်လွင် အတော်ဒေါသထွက် သွားပါတယ်။ "ခင်ဗျားက ရှမ်းသူပုန် တွေကို ငွေကြေး ထောက်ပံ့ပေးနေတယ်၊ ခင်ဗျားက ဆီးတိုးခေါ် အမေရိကန် စစ်စာချုပ်အဖွဲ့နဲ့ ဆက်သွယ်နေတယ်။ ရှမ်းပြည်နယ်ကို ပြည်ထောင်စုက ခွဲထွက်ဖို့ ကြံစည်နေ တယ်။ ခင်ဗျားဟာ သစ္စာဖောက်တဦးပဲ" လို့ စွပ်စွဲလာခဲ့ပါတယ်။

"ဒီမှာ ဗိုလ်မှူးကြီး။ ခင်ဗျားစွပ်စွဲတဲ့ကိစ္စတွေကို ကျနော်က လုပ်ခဲ့ရင်ကောင်းသား လို့တောင် စဉ်းစားနေပါ တယ်။ ဒီလိုသာ ဆိုရင် အခုလို အကျဉ်းချခံရပြီး၊ ဒီနေရာမှာ ရပ်နေရမှာတောင် မဟုတ်ဘူး" လို့ ပြန် တုံ့ပြန်ခဲ့ပါတယ်။ ရှမ်းလူမျိုးတွေက ‘အိုက်နွတ်’လို့ ခေါ်ကြတဲ့ ဗိုလ်မှူးကြီးမောင်လွင်ရဲ့ မျက်နှာက နီရဲသွားပါတယ်။ ခင်ဗျားက မပူးပေါင်းဘူး ဆိုရင် ခင်ဗျားသာမက၊ ခင်ဗျားဇနီးနဲ့ သားသမီးတွေရဲ့ဘဝတွေ ပိုလို့ ခက်ခဲအောင် လုပ်ပစ်နိုင်တယ်လို့ ခြိမ်းခြောက် ပါတယ်။ စဝ်ကြာဆိုင်ကတော့ မပူးပေါင်းနိုင်ဘူး။ နောက်ထပ် နှစ်သန်းပေါင်း တထောင်လည်း မပူးပေါင်း မဆောင်ရွက်နိုင် ဘူးလို့ ပြန်ငြင်းပယ်ချခဲ့ပါတယ်။ စဉ်းစားပါဦး၊ နောက်တခါ ပြန် လာမယ်ဆိုပြီး ထောက်လှမ်းရေး ဗိုလ်မှူးကြီးလည်း အချုပ်ခန်းက ထွက်သွားခဲ့ပါတယ်။

အဲသည်အချိန်မှာ သီပေါ မဟာဒေဝီ အင်ဂါဆားဂျင့်မှာလည်း အပူသောကတွေနဲ့ပါ။ သူတို့ကို စစ်တပ်က အကျယ်ချုပ် သဘော ထိန်းချုပ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ဇနီးမောင်နှံနဲ့ ရင်းနှီးနေသူ ဆရာဝန် ဒေါက်တာ ခင်အောင်က ပုံမှန် ကျန်းမာရေး စစ်ဆေး ပေးဖို့ လာသယောင်နဲ့ လာတွေ့ပါတယ်။ ဆရာဝန်က အခု ရန်ကုန်မှာ စစ်အာဏာသိမ်း လိုက်တဲ့အကြောင်း ပြောပြပါတယ်။ နိုင်ငံတခုလုံး အရေးအတွက်ရော၊ အင်ဂါတို့အတွက်ပါ စိုးရိမ်ကြောင်း ပြောလာ ပါတယ်။ အဲသည်အချိန် စစ်အစိုးရက ထုတ်ပြန် တဲ့ သတင်းစာတွေမှာ ဖမ်းဆီးထိန်း သိမ်းခံထားရသူတွေရဲ့ စာရင်းအကုန် ဖော်ပြပေမယ့်လည်း စဝ်ကြာဆိုင်ကိုတော့ ရှာဖွေမတွေ့ရကြောင်း ဖော်ပြ ထားတဲ့အတွက်လည်း အင်ဂါအနေနဲ့ ပိုလို့ စိုးရိမ်နေရပါတယ်။ သူကြားနေရတဲ့ သတင်းတွေ ကလည်း အစိုးရ သတင်းတွေနဲ့ လွဲမှားနေသလို၊ အင်ဂါရဲ့ စိတ်ထဲမှာ ကိုယ်၌က စဝ်ကြာဆိုင် တနေရာရာမှာ ထိန်းသိမ်းခံထား ရတယ်လို့ ယုံကြည်နေခဲ့ပါတယ်။ တရက်မှာတော့ တောင်ကြီးမြို့ က စဝ်ကြာဆိုင်ရဲ့အစ်ကို စဝ်ခွန်လောင်းရဲ့ ဇနီးဖြစ်သူ နန်းလောင် ရောက်လာခဲ့ပါတယ်။ တောင်ကြီးမြို့ အဝင် စစ်တပ် ဂိတ်မှာ စဝ်ကြာဆိုင်နဲ့ သူ့အစ်ကို ဖြစ်သူတို့ မတ်လ ၂ ရက် နေ့က အဖမ်းဆီးခံခဲ့ရတဲ့အကြောင်း၊ အစ်ကိုဖြစ်သူကို အောင်ပန်းမြို့ကို ခွဲပို့ထားလိုက်ပြီး၊ စဝ်ကြာဆိုင်ကိုတော့ ဗထူးတပ်မြို့ကို ခေါ်သွားတယ်ဆိုတဲ့ သတင်းလည်း လာပြောပြ ပါတယ်။

ပရိဒေဝမီးတောက်နေတဲ့ အင်ဂါက သူတတ်နိုင်တာမှန်သမျှ အကုန်လုပ်ခဲ့ပါတယ်။ ဗေဒင်မေးတာကအစ၊ လူကြုံ မှန်သမျှနဲ့ စုံစမ်းခိုင်းတာအဆုံး လုပ်ခဲ့ပါတယ်။ တကြိမ်မှာ ဟောနန်းရှေ့မှာ စောင့်ကျပ်နေတဲ့ စစ်တပ်ဂိတ်ကို အတင်းဖြတ်ပြီး ပစ်ရင်ပစ်ပါစေဆိုပြီး အရဲစွန့်လို့ သူ့ကို အကျယ်ချုပ်ချထားဖို့ အဓိက တာဝန်ယူထားရတဲ့ ကျောက်မဲအခြေစိုက် မြန်မာ စစ်တပ် က ဗိုလ်မှူးကြီးထွန်းအောင်ဆီကို ကားအတင်းမောင်းထွက်ပြီး သွားတွေ့ခဲ့ ပါသေးတယ်။ အဲဒီစစ်တပ် တာဝန်ခံ ဗိုလ်မှူးကြီး ထွန်းအောင် ကတော့ ရိုးသားပုံရကြောင်း အင်ဂါက ဖော်ပြခဲ့ပါ တယ်။ သူကလည်း စဝ်ကြာဆိုင်ကို တနေရာရာမှာ ထိန်းသိမ်းထားတာ ဖြစ်မယ်လို့ ယုံကြောင်း ပြောပါတယ်။ သူ့အိမ်က သိမ်းသွားတဲ့ တယ်လီဖုန်းကို ပြန်တပ်ပေးဖို့ကိုလည်း လိုက်လျောခဲ့ပါတယ်။ မြို့ထဲအနီးအနားသွား တာကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် စာတွေ ကို သိမ်းဆည်းနေတဲ့ ကိစ္စကတော့ သူလည်း မတတ်နိုင် ဘူး။ စောင့်ကြည့်ပါရစေဦးလို့ ဆိုခဲ့ပါတယ်။ နောက်တကြိမ် သွားတွေ့တဲ့အခါမှာ သူ့ခင်ပွန်းဖြစ်သူ စဝ်ကြာဆိုင် ဖမ်းဆီးခံရတာ မဟုတ်ဘူးလို့ သတင်းစာတွေက ဖော်ပြနေ ကြတယ်။ ဒါကို အမှန်အတိုင်း ဖြစ်အောင် ဖြေရှင်း ချင်တယ်။ သတင်းစာတွေဆီကို စာရေးမယ်ဆိုတော့ ဗိုလ်မှူး ကြီးထွန်းအောင်က သူလည်း တတ်နိုင်သလို ကူညီပေးပါမယ်လို့ ပြန်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် လက်တွေ့ မဖြစ်လာခဲ့ပါဘူး။

တရက်မှာတော့ အိမ်ကို စောင့်ကျပ်နေရတဲ့ တာဝန်ကျတဲ့ ကချင်စစ်ဗိုလ်လေးတယောက်က အင်ဂါဆီကို ရောက်လာခဲ့ ပါတယ်။ သူက စဝ်ကြာဆိုင်နဲ့ အင်ဂါကို လေးစားကြောင်း၊ သူ တတ်နိုင်တဲ့ဘက်က ကူညီပေးချင် ကြောင်း ပြောလာပါ တယ်။ သူဖောက်ဖတ် စစ်ဆေးရတဲ့စာတွေအထဲက စာ ၂-စောင်ကို ခင်ဗျား ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တယ် ယူဆပါတယ်။ ဒါကြောင့် သူများတွေ မတွေ့ခင်မှာ လာပေးပါတယ်လို့ ပြောလာပါတယ်။ ဒီစာတွေ က သူ့ခင်ပွန်း စဝ်ကြာဆိုင် အချုပ်ထဲကနေ တစုံ တယောက်နဲ့ ပို့ခိုင်းလိုက်တဲ့ စာတွေ ဖြစ်နေပါတယ်။ ဒီကချင် စစ်ဗိုလ်လေးကို လည်း နောက်ပိုင်း သိပ်မကြာခင်မှာ မတွေ့ရတော့ပါဘူး။ တနေရာကို တာဝန်ပြောင်းရွှေ့လိုက် ပုံ ရတယ်လို့ အင်ဂါက ရေးသားဖော်ပြခဲ့ ပါတယ်။

အင်ဂါ ဆားဂျင့်အဖို့ ဒီရက်တွေမှာ တယောက်ထဲ အိပ်မပျော်နိုင်တဲ့ညတွေ၊ စိတ်ပူပန်နေရတဲ့ အကြောင်းတွေ ကိုလည်း စိတ်လှုပ်ရှားဖွယ် သူက ရေးသားခဲ့ပါတယ်။ သူက တတ်နိုင်သမျှ စစ်တပ်ကတဆင့် သူ့ခင်ပွန်း အချုပ် နှောင် အထိန်းသိမ်း ခံထားရရာဆီကို အင်္ကျီနဲ့ အစားအသောက်၊ ဆေးဝါးတွေ အကြိမ်ကြိမ် ပို့ပေးခဲ့ပါသေး တယ်။ ဒါပေမယ့်လည်း နောက်ဆုံး ဒီပစ္စည်းတွေက တောင်ကြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ကိုကိုကြည်ရဲ့စာနဲ့အတူ သူ့ဆီ ပြန်ရောက်လာ ပါတယ်။ စစ်တပ်က စဝ်ကြာဆိုင်ကို ဖမ်းဆီးထိန်းသိမ်းထားတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ ဒါပေမယ့် စာအုပ်ရေးသူ အင်ဂါကတော့ ဒီစာအုပ်ထဲမှာပဲ ဗိုလ်မှူးကြီး ကိုကိုကြည် ရဲ့ အကြောင်းပြန်စာကိုရော၊ ခင်ပွန်းဖြစ်သူ စဝ်ကြာဆိုင်ဆီက တိတ်တဆိတ်ခိုးပို့ခဲ့တဲ့ စာကိုပါ မိတ္တူပူးတွဲ ဖော် ပြထားခဲ့ပါတယ်။ ရန်ကုန်က သတင်းစာတစောင်မှာလည်း စဝ်ကြာဆိုင်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိဘူး ဆိုတဲ့ ဖော်ပြချက်ဟာ မှားယွင်းကြောင်း အင်ဂါရဲ့ဖော်ပြချက်တွေ ပါလာအောင် တစုံတယောက်ရဲ့အကူအညီ နဲ့ သူက ကြိုးစားခဲ့ပါသေးတယ်။

တောင်ကြီးကို ပြောင်းရွှေ့လို့ စဝ်ကြာဆိုင်ရဲ့ အစ်ကို ဖြစ်သူအိမ်မှာ အတူ သွားနေမယ်ဆိုတော့လည်း စစ်တပ် က ပယ်ချ ပါတယ်။ ခင်မင်နေတဲ့ ဒေါက်တာခင်အောင်ကတော့ ရန်ကုန်ကို ပြောင်းနေဖို့၊ ရန်ကုန်ကတဆင့် စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ အထူးသဖြင့် ဦးနေဝင်းနဲ့တွေ့ဆုံအောင် ကြိုးပမ်းပြီး စဝ်ကြာဆိုင် လွတ် မြောက်ရေး လုပ်ရင် ပိုကောင်းမယ့် အကြောင်း အကြံပေးပါတယ်။ အတန်ကြာ စဉ်းစားပြီးတဲ့နောက်မှာ အင်ဂါက ရန်ကုန်ကို ပြောင်းရွှေ့နေဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ နောက်အပတ်မှာတော့ ရန်ကုန်မှာ ၂-နှစ် ကျော်ကြာ အင်ဂါ ဆားဂျင့် ဖြတ်သန်းကြုံတွေ့ခဲ့ရပုံနဲ့ မြန်မာပြည်က နောက်ဆုံးထွက်သွားနိုင်ဖို့ ကြိုးပမ်း ရတာတွေကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

မသက်ဇင် said...

သမိုင်းဆိုတာ ကမ္ဘာတည်သ၍ ရှိနေကြမှာပါ

Recent Comments