Pages

Thursday, March 5, 2009

နိုင်ငံသစ် မနက်ဖြန် (၂၃)။ နိုင်ငံသစ်ချိန် (နိဂုံး)


သောတရှင်မိတ်ဆွေများခင်ဗျား။
၁၉၉၃ ခုနှစ် နိုဝင်ဘာလ (၁၈) မှာ တောင်အာဖရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲ နိုင်ပြီးစီး ခဲ့ကြ ပြီဆိုတော့ အပြောင်းအလဲတွေဖြစ်ပေါ်လာဖို့ကတော့ အတော့်ကိုသေချာနေပါပြီ။ ပါတီပေါင်း ၂၆ ခုကျော်က ဖွဲ့စည်းပုံ ရေးဆွဲရေး ညီလာခံမှာ တက်ရောက်ခဲ့ကြပြီး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပေမယ့်၊ သဘောတူ လက်မှတ် မရေးထိုးသေးတဲ့ ပါတီ (၅) ခု ရှိပါသေးတယ်။ အခုအချိန်မှာတော့ နိုင်ငံသစ်ကို စုစုစည်းစည်းထူ ထောင်ဖို့အတွက် ရွေးကောက်ပွဲမှာ ပါဝင်ကြဖို့ ပါတီအားလုံးကို ဖိတ်ခေါ်ဖို့၊ အထူးသဖြင့်တော့ ဖွဲ့စည်းပုံ ဆွေးနွေးပွဲတွေကို သပိတ်မှောက် ပြဿနာ ရှာနေတဲ့ ဇူးလူးအင်အာကာအဖွဲ့နဲ့ လူဖြူလက်ကျာစွန်းရောက် အင်အားစုတွေကို ရွေးကောက်ပွဲ တွေမှာ တတ်နိုင်သမျှ ပါဝင်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ဖို့ပဲ ကျန်ပါတော့တယ်။

သို့သော်လည်း ဒီလိုအခြေအနေမျိုးမှာတောင်မှ ပြဿနာတွေ၊ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ကြုံခဲ့ကြရပါသေးတယ်။ လူဖြူ လက်ကျာစွန်းရောက် အင်အားစုတွေဖြစ်တဲ့ လယ်သမား ဘိုးဝါးတပ်ဖွဲ့တွေ၊ အေ-ဒဗလျူ-ဘီ (AWB) အုပ်စုတွေက လူဖြူ တွေသက်သက် ဗော့စတက် လွတ်လပ်တဲ့နိုင်ငံတော်ပေးဖို့ တောင်းဆိုနေကြပါတယ်။ တခါ ဘိုဖူသာဆွာနာ ဒေသမှာ ပြဿနာ တက်တော့ မင်းဂုပ် အမည်ရတဲ့ ဒေသရဲ့ အာဏာရှင်ဘုရင်က သူတို့ လူဖြူတပ်ဖွဲ့တွေကို သပိတ်ဖြိုခွဲဖို့၊ ဆန္ဒပြနေကြ တဲ့ သူတွေကို နှိမ်နင်းဖို့ အကူအညီတောင်းခဲ့ပါတယ်။ သူတို့က လည်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အင်အားပြဖို့ ကြိုးစား ခဲ့ကြပါ တယ်။ လူဖြူအစွန်းရောက်တပ်ဖွဲ့တွေက မြို့ထဲ ကို စည်းမရှိ ကမ်းမရှိ၊ ဝင်ရောက်သောင်းကျန်းကြပြီး လူမဲတွေကို နစ်နစ် နာနာဆဲရေး၊ မြို့ထဲက လူအုပ်တွေထဲ ကိုလည်း သေနတ်တွေနဲ့ ပရမ်းပတာ ပစ်ခတ်ကြတာကြောင့် နောက်ဆုံး ဘုရင် မင်းဂုပ်ရဲ့ လက်အောက်ခံတပ် တွေကတောင် မခံရပ်နိုင်တော့ဘဲ အုံကြွပုန်ကန်တာမျိုးတွေ ဖြစ်ခဲ့ရပါ သေးတယ်။

ဒီလိုလူဖြူအစွန်းရောက်တွေရဲ့ အင်အားပြမှုကလည်း အရှက်တကွဲ အကျိုးနဲစွာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီတကြိမ်မှာတော့ သူတို့နဲ့ အေအဲန်စီ (အာဖရိက အမျိုးသားကွန်ဂရက်) ခေါင်းဆောင်တွေကြားမှာ အကြိမ် ၂ဝ ကျော် တွေ့ဆုံ ဆွေးနွေးပြီး ပြေလည်အောင် ကြိုးပမ်းတာမျိုးတွေလည်း လုပ်ခဲ့ရပါသေးတယ်။

နောက်ပြဿနာတဖွဲ့ကတော့ ဘူသာလီဇီ ဦးဆောင်တဲ့ ဇူးလူးအင်ကာသာ လွတ်မြောက်ရေး အဖွဲ့ပါ။ အစိုးရက အေအဲန်စီ အဖွဲ့ နဲ့ ပြေလည်ပြီးနောက်ပိုင်းလျှောက်လုံးမှာ သူက ကဏ္ဍကောစ တိုက်နေခဲ့ပါတယ်။ သူ့အဖွဲ့က ပိုလို့စိုးရိမ်စရာ ကောင်းပါတယ်။ လေ့ကျင့်ထားတဲ့ လက်မရွံ့အကြမ်းဖက်သမားတွေ ရှိနေသလို လူမဲတွေကြား ဖြစ်နေကြတဲ့ သွေးထွက်သံယို ပဋိပက္ခတွေမှာ လည်း လက်ယဉ်နေကြတဲ့ အင်အားစုပါ။ နောက်ဆုံးမှာ အင်အားသုံး ဖြေရှင်းရမယ့်နည်းကိုတောင် စဉ်းစားလာကြရပါတယ်။ အစိုးရ လုံðခံရေးတပ်ဖွဲ့တွေက ဇူးလူး အင်ကာသာတွေရဲ့ လေ့ကျင့်ရေးစခန်းတွေကို ရှာဖွေပြီး လက်နက်သိမ်းဆည်း တာတွေ လည်း လုပ်ခဲ့ပါတယ်။ ဘူသာလီဇီက နည်းပေါင်းစုံသုံးပြီး နောက်ဆုံး သူ့အတွက် နည်းလမ်းမကျန်တော့မှ ရွေးကောက်ပွဲ မကျင်းပမီ ၇ ရက်အလိုမှာ ရွေးကောက်ပွဲမှာ ပါဝင်မယ်လို့ ဆိုလာခဲ့ပါတယ်။

ဒီအချိန်မှာ နိုင်ငံသား သန်း (၈ဝ) အတွက် မဲပြားတွေ ရိုက်ပြီးနေကြပါပြီ။ အသစ်ထပ်ရိုက်ဖို့ဆိုတာ အချိန်မလုံလောက် တော့ပါ ဘူး။ ဒါပေမယ့်လည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက အင်ကာသာပါတီ အမည်ကို ကပ်စရာ စတစ်ကာတွေနဲ့ ထပ်ရိုက်ပြီး မဲပြားပေါ်ကပ်ပေးမယ်၊ အချိန်မီ ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီလို အင်ကာသာပါတီအတွက် တံဆိပ်တွေကို ထပ်ကပ်နေရတာကြောင့် ရွေးကောက်ပွဲကို အချို့နေရာတွေမှာ ၆-နာရီ၊ ၇- နာရီလောက် နောက်ကျပြီးမှ ကျင်းပခဲ့ရတာတွေ ရှိပါတယ်။ ဒီလိုနဲ့ ၁၉၉၄ ခုနှစ် ဧပြီလ (၂၇) ရက်နေ့ မှာတော့ ရွေးကောက်ပွဲကြီး စတင်နိုင်ပါ တော့ တယ်။

ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ကြတာတွေလည်း ရှိပါသေးတယ်။ လူဖြူအမျိုးသားရေး အစွန်းရောက် တွေက ဗုံးခွဲတာ ၃-၄ ကြိမ်ရှိခဲ့ပြီး လူ ၁၉ ဦးသေ၊ ၉ဝ ကျော် ဒဏ်ရာရခဲ့ပါသေးတယ်။ မဲရုံ ၆-ခုထဲကိုလည်း မဲပေးနေတုန်း ဗုံးတွေနဲ့ ပစ်သွင်း တာတွေ ရှိခဲ့ပါသေးတယ်။ ရည်ရွယ်ချက်ကတော့ လူတွေကို စိုးရိမ်ကြောက်ရွံ့ စေပြီး ရွေးကောက်ပွဲပျက်ပြားအောင် လုပ်တာ ပါပဲ။ ဒါပေမယ့် လူတွေက နောက်မတွန့်ဘဲ မဲဆန္ဒပေးခဲ့ကြပါ တယ်။ သူတို့က ပထမဦးဆုံး အသားအရောင်၊ လူမျိုး ပေါင်းစုံ မဲပေးကြရတဲ့ ရွေးကောက်ပွဲကို စိတ်ရှည်သည်းခံ စွာ၊ မိုင်ကျော်ရှည်လျားတဲ့ လူတန်းကြီးတွေမှာ စောင့်လို့ မဲပေး ခဲ့ကြပါတယ်။ မဲပေးသူ လူဖြူ-လူမဲတွေက ချစ်ချစ်ခင်ခင်ရှိကြသလို၊ သူတို့ဟာ ဖြစ်လာတော့မယ့် ကိစ္စတခုအတွက် စိတ်လှုပ်ရှားနေကြ တယ်လို့ စာရေးသူ အယ်လစ်စတာ စပါ့ခ်က ပြောခဲ့ပါတယ်။ လူတွေရဲ့ ခံစားမှုက ဂျာမဏီက ဘာလင် တံတိုင်း ပြိုခါနီး စုဝေး ကြတဲ့ လူတွေရဲ့ ခံစားချက်နဲ့ ဆင်ဆင်တူမယ်လို့ စာရေးတဲ့သူက ဆိုပါတယ်။ မကြာခင်မှာ မကောင်း ဆိုးရွား မိစ္ဆာ အယူအဆ ကြီး ပြိုလဲကျသွားတာကို သူတို့ မြင်ကြရတော့မယ်။ ဒီအတွက် ဝမ်းမြောက်နေကြပေမယ့်လည်း တကယ်လည်း အပြည့်အဝ အောင်ပွဲခံပြီလို့ မဆိုနိုင်သေးတဲ့ အခြေအနေပါ။ သည်တော့ လူတွေက တိတ်ဆိတ် နေကြပြီး ဝမ်းသာမှုကို အရိပ်အယောင် လောက်သာ ပြနိုင်သေးတဲ့ အနေအထားပါ။

တကယ်ကတော့ လူမဲတွေက အနှောင်အဖွဲ့က လွတ်မြောက်ခဲ့ပြီ ဖြစ်သလို၊ လူဖြူတွေကလည်း အပြစ်ကျူးလွန် နေတယ် လို့ ခံစားနေကြရတဲ့ သူတို့ရဲ့ စိတ်အနှောင်အဖွဲ့က လွတ်မြောက်ကြရတဲ့ အခြေအနေပါ။ လူဖြူတွေ အနေနဲ့ကလည်း လူမဲ တွေရဲ့ ဇာတိပုည ဂုဏ်မာနကို ချိုးနှိမ်ဖျက်ဆီးရင်း သူတို့ကိုယ်တိုင်လည်း ဝဋ်ငရဲခံနေရ တဲ့ အခြေအနေပါ။ လူဖြူ-လူမဲ အချင်းချင်း အပြန်အလှန် ဖျက်ဆီးနေကြတဲ့ သံသရာကနေ ဒီနေ့အချိန်မှာ တော့ လွတ်မြောက်ကြပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေ ထွက်လာတော့ အေအဲန်စီပါတီက တနိုင်ငံလုံး စုစုပေါင်းမဲရဲ့ ၆၅ ရာခိုင်နှုန်း၊ လူဖြူ အမျိုးသား ပါတီက ၂ဝ ရာခိုင်နှုန်းကျော်၊ ဇူးလူးအင်ကာသာ ပါတီက ၁ဝ ရာခိုင်နှုန်းကျော်နဲ့ အခြားပါတီငယ် တွေက ကိုယ်စားလှယ် တွေလည်း နိုင်ကြပါတယ်။ အဲသည်နောက်မှာတော့ အမျိုးသားညီညွတ်ရေး ညွန့်ပေါင်း အစိုးရကို ဖွဲ့နိုင်ခဲ့ကြပါတယ်။

၂- ပတ်အကြာ ကျမ်းသစ္စာကျိမ်ဆိုပွဲမှာတော့ ၂၇-နှစ်ကြာ အကျဉ်းသားဘဝကနေ သမ္မတဖြစ်လာသူ နယ်လ်ဆင် မင်ဒဲလားက "ဒီနေ့ကစပြီး တောင်အာဖရိကနိုင်ငံကို နိုင်ငံတွင်းမှာ နေထိုင်တဲ့ ပြည်သူအားလုံးနဲ့ ပြန်တည်ဆောက်ကြမယ်။ လူမဲရော၊ လူဖြူပါ မကျန် အားလုံး ရင်ကော့ပြီး လမ်းလျှောက်နိုင်ရမယ်။ သူတို့ စိုးရိမ်စိတ်ထဲမှာ ဘာကြောက်ရွံ့စိုးရိမ်စိတ်မှ မရှိစေရဘူး။ သူတို့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ဖြစ်တဲ့၊ ခွဲခြား မရနိုင်တဲ့ လူ့ဂုဏ်သိက္ခာကို အာမခံချက်ရှိတဲ့ နိုင်ငံ ဖြစ်စေရ မယ်။ ကမ္ဘာ့ မိသားစုနဲ့ အတူတကွ ရပ်တည်တဲ့၊ ငြိမ်းချမ်းတဲ့၊ သက်တန့်သဖွယ် ရောင်စုံဖြာလှနိုင်တဲ့ နိုင်ငံတခု အဖြစ် တည် ဆောက်ကြ မယ်" လို့ မိန့်ခွန်းပြောခဲ့ ပါတယ်။

ဒါပေမယ့်လည်း ဒီလို ပဋိပက္ခတွေက အလုံးစုံ ချုပ်ငြိမ်းသွားတာ မဟုတ်ဘဲ အတိတ်က တစ္ဆေကတော့ ပြန်လို့ ခြောက်လှန့် နေတုန်းပဲလို့ စာရေးသူ အယ်လစ်စတာ စပါ့ခ်က ဆိုခဲ့ပါတယ်။ ဒီလို လူမျိုးရေး ပဋိပက္ခတွေက တချိန် ပြန်ကြွလာလေ မလား။ တောင်အာဖရိက နိုင်ငံက အခြားအာဖရိကနိုင်ငံတွေလို ဆင်းရဲတွင်းနက်ထဲ ပြန်ဆင်းသွားလေမလား။ အစွန်း ရောက် အင်အားစုတွေရဲ့ မီးက သေပါ့မလား စသဖြင့် စိုးရိမ် ပူပန်ကြသူတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီလို အခြေအနေ တွေ မရှိနိုင် ကြောင်း စာရေးသူက အချက် (၁ဝ) ချက်နဲ့ ထောက်ပြ ခဲ့ပါတယ်။

ဒီအချက်တွေထဲမှာ တောင်အာဖရိကနိုင်ငံက တိုက်ထဲမှာ နောက်ဆုံးမှ လွတ်မြောက်လာတဲ့နိုင်ငံ ဖြစ်လေတော့ အကြံတူ နောက်လူသာစမြဲဆိုသလို သင်ခန်းစာရယူစရာ အချက်တွေ ရှိနေတာ အားကောင်းချက်တချက်လို့ ဆိုပါတယ်။ ထောင် ၂၇ နှစ်တိုင်တိုင် အကျဉ်းချထားခံရတဲ့ သမ္မတ မင်ဒဲလားက အညိ‡ုးအတေးမထားဘဲ၊ သဘောထားကြီးတာ၊ အေအဲန်စီပါတီရဲ့ အမျှော်အမြင်ကြီးတာတွေကလည်း အားကောင်းချက်လို့ ဖော်ပြပါ တယ်။ နောက်တခုက ဖွဲ့စည်းပုံရဲ့ ဆွေးနွေး အဖြေရှာ ထားတဲ့ အားကောင်းချက်ဖြစ်ပြီး၊ တောင်အာဖရိကနိုင်ငံ ကိုယ်၌က ညိ‡နှိုင်းအဖြေရှာတဲ့ ယဉ်ကျေးမှုနဲ့ အသားကျ နေခဲ့ပြီ လို့ဆိုပါတယ်။ ဒါကလည်း အားကောင်းချက်ပါ ပဲ။ နောက်တခုက ယခင်အစိုးရရဲ့ ဗျူရိုကရေစီ ယန္တယားအပေါ် အခြေတည် ပြီး အစိုးရသစ်က အလုပ်လုပ်ကြ ရတဲ့အတွက် ညှိနှိုင်းလုပ်ဆောင်ရတာတွေကလည်း ဆက်ဖြစ်နေပါတယ်။ ဒါတင်မက တောင် အာဖရိကနိုင်ငံက အာဖရိကတိုက်မှာ စီးပွားရေးအင်အားကောင်းတဲ့ နိုင်ငံတခုဖြစ်နေသလို၊ နိုင်ငံရဲ့ အရပ်ဖက် လူမှု အဖွဲ့ အစည်း တွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေကလည်း အင်အားကောင်းကောင်း တည်ရှိနေလေတော့ ဒီလိုအခြေ အနေဆိုးမျိုး မရောက်နိုင်ဖူးလို့ စာရေးသူကတော့ မျှော်မှန်း နိဂုံးချုပ်ခဲ့ပါတယ်။ သို့သော်လည်း ရာစုနှစ်ပေါင်း များစွာ ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေ၊ ဒဏ်ရာဒဏ်ချက်တွေကတော့ လူ့အဖွဲ့အစည်းမှာ ကျန်နေကောင်း ကျန်နေပါလိမ့်မယ်။ ဒါကိုလည်း ပြန်လို့ အနာပျောက်ကင်းအောင် သူတို့ ဆက်ကြိုးစားကြရပါဦးမယ်။ "အနာဂတ်ကိုသွားတဲ့လမ်းဟာ အမြဲတမ်းပဲ မဆုံးနိုင် ဆက်လက်ဖောက်လုပ် နေကြဦးမှာ ဖြစ်ပါတယ်။" ဒါကတော့ တောင်အာဖရိကနိုင်ငံမှ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းဟာလည်း ဆက်လက်လို့ ကောင်းရာကောင်းကြောင်း ဖောက်လုပ်နေကြရဦးမယ် ဖြစ်ပါတယ်။

ဒီတပတ်တင်ပြချက်နဲ့ စာရေးဆရာ အယ်လစ်စတာ စပါ့ခ်ရဲ့ "မနက်ဖြန်တော့ နိုင်ငံအသစ်တည်ကြလေပြီ" (Tomorrow is Another Country) စာအုပ် အကြောင်းကို နိဂုံးချုပ်ပါရစေ။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments