Pages

Tuesday, March 3, 2009

နိုင်ငံသစ် မနက်ဖြန် (၂၁)။ ဆီရေးနှင့် ရိုအက်ဖ်၊ ဆွေးနွေးပွဲ နောက်ကွယ်က လူစွမ်းကောင်း ၂ ဦး


သောတရှင်မိတ်ဆွေများခင်ဗျား။
တောင်အာဖရိကနိုင်ငံ ဒီမိုကရေစီစနစ်သစ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ဆွေးနွေး ကြတဲ့ ဒုတိယ အကြိမ်မြောက် ပါတီပေါင်းစုံ ညီလာခံ၊ ကိုဒက်ဆာ -၂ က ၁၉၉၂ ခုနှစ် နှစ်လည်မှာ ပြဿနာ တင်းမာမှုတွေနဲ့ ရပ်ဆိုင်း သွားခဲ့ပါတယ်။ လူမဲအုပ်စုတွေအကြား သွေးထွက်သံယို တိုက် ခိုက်မှုတွေကလည်း ပြင်းထန်လာနေ သလို၊ နိုင်ငံရေး မတည်ငြိမ်မှုက သိသိသာသာ မြင့်လာနေ ပါတယ်။ အေအဲန်စီခေါင်းဆောင်အချို့က လူထုအုံကြွ မှုနဲ့ ဒေသအချို့မှာ အားစမ်းခဲ့ပေမယ့် အကြမ်းဖက်ဖိနှိပ်တာကြောင့် သွေးစွန်းတဲ့ဖြစ်ရပ်တွေနဲ့သာ အဆုံးသတ် ခဲ့ရပါ တယ်။ အုပ်စိုးသူ လူဖြူ အစိုးရနဲ့ အေအဲန်စီအကြားမှာလည်း ထုတ်ပြန်ကြေညာချက် စစ်ပွဲကြီးနွှဲနေခဲ့ပါတယ်။

ပြင်ပက လေ့လာသူတွေက ဒီအခြေအနေဆိုရင်တော့ တောင်အာဖရိကနိုင်ငံရဲ့အနာဂတ်က သွားပါပြီ လို့ ဝေဖန်မှုတွေ တောင် ရှိလာနေကြပါပြီ။ လူမျိုးရေးကြောင့် သွေးထွက်သံယို ပြိုကွဲရတဲ့ ယူဂိုဆလားဗီးယား ဆရာဂျေဗိုလမ်းကို တရွေ့ရွေ့ သွားနေပြီ လို့တောင် နှိုင်းယှဉ် ဝေဖန်လာကြပါပြီ။ ဒါပေမယ့်လည်း ၁၉၉၂ ခုနှစ်၊ စက်တင်ဘာ ၂၆ နိုင်ငံရေးထိပ်သီး ခေါင်းဆောင်တွေ အစည်းအဝေးအပြီးမှာတော့ တောင်အာဖရိကနိုင်ငံရေး အခြေအနေက မျှော်လင့်စရာ ပြန်ရှိလာပါတယ်။ လမ်းကြောင်းမှန် ပေါ် ပြန်ရောက်လာခဲ့တယ်လို့ ပြောရင်လည်း မမှားပါဘူး။ ဒီအစည်းအဝေး အောင်မြင်လာတော့မှပဲ လူတွေကလည်း သက်ပြင်း ချလို့ အကောင်းဖက် အနာဂတ်ကို မျှော်လင့်နိုင်ကြပါတော့တယ်။

တောင်အာဖရိကနိုင်ငံရဲ့ နိုင်ငံရေး ဒီလို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာဖို့ နောက်ကွယ်က တစိုက်မတ်မတ် ကြိုးပမ်း လာကြတဲ့သူ ၂ ဦးက ဘယ်သူတွေလဲ ဆိုတာ နောက်ပိုင်း အခြေအနေတွေအေးမှ သိလာကြရပါတယ်။ သူတို့ ၂ ဦးက တရားဝင် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေသည့်တိုင် လက်မလျှော့ဘဲ ပြေလည်ရာ ပြေလည်ကြောင်း လမ်းကို ဆက်လက် ဆွေးနွေးရှာဖွေ နေ ခဲ့ကြတဲ့သူတွေပါ။ အဖွဲ့အစည်းတွေ အချင်းချင်းကြား တင်းမာနေ ပေမယ့် တဦးချင်းသဘောနဲ့ တူညီ နိုင်တဲ့အချက်တွေကို ဆက်လက်ရှာခဲ့ကြတဲ့သူတွေပါ။

သူတို့ ၂ ဦးကတော့ ရိုအက်ဖ်မေယာနဲ့ ဆီရေးလ် ရာမာဖိုဆာတို့ ဖြစ်ပါတယ်။ ဒီစာအုပ်အကြောင်း ကျနော်စပြောတုန်းက၊ နိဒါန်းပိုင်းမှာ ငါးမျှား ချိတ်တခုရဲ့ ပုံပြင်ဆိုပြီး သူတို့ ၂-ဦး စတင်ရင်းနှီးခဲ့ရတဲ့ အကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ မိတ်ဆွေ တဦးရဲ့ အိမ်မှာ အပန်းဖြေငါးမျှားအသွားမှာ ရိုအက်ဖ်က ငါးမျှားချိတ် စူးမိသွားပါတယ်။ ဒါကို ယခင်က ရန်သူတွေဖြစ်ခဲ့ ကြတဲ့ အေအဲန်စီခေါင်းဆောင် ရာမာဖိုဆာနဲ့ ဇနီးက ခဲခဲယင်းယင်း ကူညီထုတ်ပေးရင်း ပုဂ္ဂိုလ်ရေးအရပါ ခင်မင်မိသွား ခဲ့ကြတဲ့ ဇာတ်လမ်းပါ။

ရိုအက်ဖ်မေယာက အဲသည်အချိန်က အသက် ၄၅ နှစ်ရှိပါပြီ။ အေအဲန်စီက ဖွဲ့စည်းပုံညီလာခံ ကိုဒက်ဆာကို သပိတ်မှောက် ထွက်သွားတဲ့အချိန်မှာ သူက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ ဝန်ကြီး ဖြစ်လာပါတယ်။ တချိန်တည်းမှာ လူဖြူ အစိုးရ ဖက်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ဆွေးနွေးရတဲ့သူ အဖြစ်ပါ တာဝန်ပေးခံရ ပါတယ်။ သူကတော့ လယ်သမား မျိုးရိုးက ဆင်းသက်လာပြီး အဝတ်အစားကို ကြယ်သီးအပြည့်တပ် ဝတ်ဆင် တတ်တဲ့ နိုင်ငံရေးသမားမျိုးပါ။

ဆီရေးလ် ရာမာဖိုဆာကတော့ အသက် (၄ဝ) ရှိပါပြီ။ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့် တင်းပြီး သတ္တုတွင်းအလုပ်သမားသမဂ္ဂ ခေါင်းဆောင် အဖြစ်ကနေ အေအဲန်စီအဖွဲ့ထဲမှာ ခေါင်းဆောင်မှုနေရာ ရလာသူပါ။ သူက အာဖရိက အမျိုးသား ကွန်ဂရက် အေအဲန်စီဖက်က ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်နေသူပါ။ နှစ်ဖက်အဖွဲ့တွေက တက်ကြွနုပျိုနေကြတဲ့၊ အလား အလာကောင်းတဲ့ လူငယ်ခြေတက် နိုင်ငံ ရေးသမားတွေဆိုရင်လည်း မမှားပါဘူး။

သူတို့မှာ ကျန်တာတွေ ကွဲပြားပေမယ့် တူညီတဲ့အချက်ကတော့ စိတ်ရှည် သည်းခံပြီး လိုချင်တာကို ရအောင်ညှိယူ တတ်ကြတဲ့ အချက် ဖြစ်ပါတယ်။ ငါးမျှားချိတ် ဇာတ်လမ်းကစလို့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရုံ မက၊ ယုံကြည်မှု ရှိလာကြပေမယ့် လည်း သူတို့က အစည်းအဝေးတွေမှာ သိပ်မဝေးလွန်း၊ မနီးလွန်း နေကြပါတယ်။ အလုပ်သဘောအရ ဆက်ဆံရေးမျိုးကို တိတိကျကျ ထားကြ ပါတယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်၊ မူတွေကို ပါ လိုက်လျောရမယ့် အဖြစ်မျိုး မဖြစ်အောင် သတိထားပြီး ဆက်ဆံခဲ့ကြတယ်လို့ ဆိုပါတယ်။

တရားဝင် ဆွေးနွေးပွဲတွေပျက်လို့ နိုင်ငံရေးရာသီက မှုန်မှိုင်းနေတဲ့အချိန်၊ အနေအထားက တင်းမာပြီး ပဋိပက္ခ အနံ့တွေ ရနေ တဲ့အချိန်မှာ သူတို့က လက်မလျှော့ဘဲ နှစ်ဦးထဲကြားမှာ ဆွေးနွေးပွဲကို ဆက်ခဲ့ကြပါတယ်။ တဦးချင်း အလွတ်သဘော နဲ့ အကြိမ်ပေါင်းများစွာ တွေ့ကြပါတယ်။ သတင်းတွေ ပေါက်ကြားမှာ စိုးနေကြရပြန် တာကြောင့်လည်း ဟိုတယ် အခန်း တခုမှာ လျှို့ဝှက်တွေ့ကြရပါတယ်။ òပိကွဲသွားတဲ့ အစိတ်အပိုင်းတွေကို တစစီ ပြန်ကောက်ယူသလိုမျိုး ဖြစ်နိုင်တဲ့ အခြေအနေ ကောင်းတွေကို သူတို့က ရှာခဲ့ကြပါတယ်။ သဘောတူညီချက် ရတာတွေကို မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ပြင်ပမှာ ပဋိပက္ခ တွေ ပြင်းထန်နေစဉ်မှာပဲ သူတို့၂ ဦးကြားက ဆွေးနွေးပွဲကတော့ တိုးတက်နေခဲ့ပါတယ်။ ဆွေးနွေးဖက် ပါတီ ၂ ခုအကြားမှာလဲ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနေပါတယ်။

တောင်အာဖရိကကို အုပ်ချုပ်နေတဲ့ လူဖြူတွေရဲ့ အမျိုးသားရေးပါတီ ခေါင်းဆောင်တွေထဲမှာလည်း ဒီအချိန်မှာ သဘော ထား အမြင် ၂ ခု ဖြစ်လာကြပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ ဝန်ကြီးတွေနဲ့ အသက်ငယ်ရွယ်သူ ဝန်ကြီး တွေ အကြားမှာပါ။ အသက်ငယ်သူ ဝန်ကြီးတွေက အခုချမှတ်ထားတဲ့ အေအဲန်စီ ဆန့်ကျင်ရေးတပ် ပေါင်းစုကို ဖွဲ့၊ အနိုင်ယူ ဆိုတဲ့ မဟာဗျူဟာ အပေါ် သံသယရှိလာနေကြပါတယ်။ သူတို့အစိုးရက မဟာမိတ်လုပ် ထားတဲ့ ဇူးလူး အင်ကာသာ အဖွဲ့ခေါင်းဆောင် ဘူသာ လီဇီရဲ့ မူမမှန်ပုံတွေကို မကြိုက်ကြသလို၊ အကြမ်းဖက်မှုတွေ ကြောင့် သူတို့ပါတီဂုဏ်သိက္ခာ ထိခိုက်ရတယ်လို့ မြင်လာပါ တယ်။ စီးပွားရေးကလည်း ထိုးကျဆင်းနေ ပါတယ်။

အစိုးရဘက်မှာ သက်ကြီး ဝန်ကြီးတွေ ပါတီခေါင်းဆောင်တွေကတော့ အတိတ်က သူတို့လုပ်ခဲ့တာ မမှားကြောင်း ဆင်ခြေပေး ဖို့၊ အပြောင်းအလဲတွေက များများ မဖြစ်နိုင်ကြောင်း ပြောဖို့လောက်လုပ်နေပြီး ကိုယ့်ဖာသာ နှစ်သိမ့်နေကြ ပါတယ်။ လူငယ် ပါတီခေါင်းဆောင်တွေကတော့ တချိန်ပြောင်းလဲမှုတွေ ဖြစ်လာမှာကို ကြိုမြင်နေ ကြပြီး သူတို့တွေ ရဲ့ အနာဂတ်နဲ့လည်း ဆက်စပ် နေပါတယ်။ အနာဂတ်မှာ အမှန်တရားကို ငြင်းကွယ်ပြီး နေလို့မဖြစ်နိုင်တာ မြင် ကြပါတယ်။ အသားအရောင် ခွဲခြား ရေး မီးလည်ဆွဲကြီးနဲ့ ဝဋ်ဒုက္ခခံနေရမှာ မလိုလား ကြပါဘူး။ ဒီအုပ်စုတွေက အေအဲန်စီနဲ့ ဆက်လက် ညှိနှိုင်းပြေလည် လိုကြ ပါတယ်။ ဒါပေမယ့်လည်း အံ့သြ စရာကတော့ မင်ဒဲလားနဲ့ ဆွေးနွေးပွဲတွေ စတင်ခဲ့တဲ့ဝန်ကြီး ကိုဘီ ကိုအက်ဆီးက သက်ကြီး တွေ၊ ရှေးရိုးစွဲ တွေးသူတွေကြားထဲမှာ ရောက်နေတဲ့ ကိစ္စပါပဲ။

လူမဲတွေရဲ့ အာဖရိကအမျိုးသားကွန်ဂရက် (အေအဲန်စီ) ဖက်မှာလည်း အလားတူပါ။ ချမယ်-နှက်မယ် သဘောထား ပြင်းထန် နေသူတွေ ရှိကြသလို အခြေအနေကို ကျိုးကြောင်းဆီလျော် စဉ်းစားနေကြသူတွေလည်း ရှိပါတယ်။ သဘောထား ပျော့ပြောင်း သူတွေကို ဦးဆောင်နေတာကတော့ အေအဲန်စီရဲ့ အဖွဲ့ဝင်တခုဖြစ်တဲ့ အာဖရိက ကွန်မြူနစ်ပါတီ ဥက္ကဌ ဂျိုး ဆယ်လ်ဗိုပါ။

သူက ကနဦးတွေ့ဆုံပွဲတွေမှာ တောင်အာဖရိက အစိုးရ ဖက်က ရွံကြောက်ကြောက်လို့ မပါဝင်ရ ဆိုပြီး ငြင်းပယ်ခံခဲ့ရတဲ့ သူပါ။ သူက အာဖရိကတိုက်က ကွန်မြူနစ်အဖွဲ့ တွေရဲ့ ဂျာနယ်တစောင်မှာ ဆောင်းပါးတခု ရေးခဲ့ပါတယ်။ "ကျနော်တို့က စစ်ရှုံးပြီး ဒူးထောက်လာတဲ့ ဗိုလ်ချုပ် တွေနဲ့ စကား ပြောနေတာ မဟုတ်ဘူး။ ဆွေးနွေးပွဲ စားပွဲဝိုင်း တဖက်မှာ ရှိနေတဲ့ အစိုးရကို ချွင်းချက် မရှိ လက်နက်ချဖို့၊ ကျနော်တို့ကို အရှုံးပေးဖို့ ခိုင်းနေတာ မဖြစ်နိုင်ဘူး" လို့ သူက ရေးပါတယ်။

သူ့အမြင်က လူမဲတွေက ရွေးကောက်ပွဲမှာ အသာစီးရလို့ အစိုးရဖွဲ့နိုင် တယ်ထားဦး၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အစိုးရ ဗျူရိုကရေစီ ယန္တယားမှာ အခု လူဖြူတွေလွှမ်းနေ တဲ့ ယန္တယားရဲ့ ဆက်လုပ်ရဦး မယ်လို့ မြင်ပါတယ်။ အဲသည်တော့ အာဏာခွဲဝေကျင့်သုံးပြီး ကာလတခုတိုင် သွားရဦးမယ်လို့လည်း မြင်ပါတယ်။ ဒါဟာ အခြေခံရပ်တည် ချက်တွေကို စွန့်ပယ် တာမဟုတ်ဘူး။ မဟာဗျူဟာ သဘောအရ ခေတ္တဆုတ်ခွာတာလို့ သူက ပြောခဲ့ပါတယ်။ "အရေ အတွက် သဘောနဲ့ အရည် အချင်းသဘော" ကို ခွဲခြားနားလည်ဖို့လည်း သူက တိုက်တွန်းပါတယ်။

ဒီလို တော်လှန်ရေးထဲ အနစ်နာခံစွမ်းစွမ်းတမန်လုပ်လာ တဲ့ ခေါင်းဆောင်တဦးက ရေးသားတော့လည်း ကျန်တဲ့သူတွေက ပြစ်တင် ဝေဖန်ရမှာ ခက်နေကြပါတယ်။ ဂျိုး ဆယ်လ်ဗို အမြင်ကို ကျန်ခေါင်းဆောင်ပိုင်းက အတည်ပြုပါတယ်။ သမ္မတ ဒီကလပ်နဲ့ ညွှန့်ပေါင်းမဟာမိတ်ဖွဲ့ဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရအဖြစ် ၃ နှစ်တန်သည်၊ ၅- နှစ်တန်သည် သွားဖို့ သဘောထားချကြ ပါတယ်။

ဒီအချိန်မှာ အေအဲန်စီခေါင်းဆောင်တွေက ဂျာမဏီနိုင်ငံကို လေ့လာရေးခရီးတခု ထွက်ဖြစ်ကြပါတယ်။ သူတို့က ဖယ်ဒရယ်မူ ကျင့်သုံးအောင်မြင်နေကြတာကို တွေ့လို့ သဘောကျပါတယ်။ ပြန်လာတဲ့အခါကျတော့ ကြေညာ ချက်တခုလုပ်ရာမှာ "တောင် အာဖရိကဟာ ညီညွတ်တဲ့နိုင်ငံတခု ဖြစ်သင့်သော်လည်း ဗဟိုချုပ်ကိုင်မှု အလွန် အမင်း မလိုအပ်ဖူး၊ အာဏာကို ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ဒေသဆိုင်ရာ အဆင့် လိုအပ်သလို ခွဲခြားပေးသွား နိုင်တယ်" လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုမူတွေက လူဖြူအစိုးရ ဖက်က လူငယ်ဝန်ကြီးအုပ်စုတွေကို ဆွဲဆောင်နိုင်တဲ့မူ ဖြစ်လာခဲ့ပါတယ်။ ဒီမူတွေကြောင့် အေအဲန်စီသာ အာဏာရလာရင် ကွန်မြူနစ်အယူရှိကြလို့ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်နဲ့ သွားမှာလား ဆိုတဲ့ အရင်က စိုးရိမ်ချက်တွေလည်း ပျောက်လာ ကြပါတယ်။

ဒီအခြေအနေတွေကြောင့် နောက်ဆုံး ပါတီခေါင်းဆောင် ၂-ဦးရဲ့ ထိပ်သီး ဆွေးနွေးပွဲက ၁၉၉၂ ခုနှစ်၊ စက်တင် ဘာလ ၂၆ ရက်နေ့မှာ ဖြစ်လာခဲ့ပါတယ်။ မင်ဒဲလားကလည်း အရင် တောင်းဆိုချက် ၁၄ ချက်ကနေ၊ ယခု ၃ ချက်သာ တောင်းဆိုပါ တော့တယ်။ ဆီရေးလ် ရာမာဖိုဆာ- ရိုအက်ဖ် မေယာ ဆွေးနွေးပွဲတွေကလည်း သဘော တူညီနိုင်ချက်တွေကို ရထားကြ ပါပြီ။ ထိပ်သီး ဆွေးနွေးပွဲမှာ အဖုအထစ်အနည်းငယ် ရှိခဲ့ပေမယ့် ပြေလည်နိုင်ခဲ့ ကြပါတယ်။ သမ္မတကလည်း တောင်းဆို ထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဖွဲ့စည်းပုံဆွေးနွေးပွဲတွေလည်း ပုံမှန်အတိုင်း ပြန်စနိုင်ကြတော့မှာပါ။

ဒီလိုအခြေအနေမျိုး ရှိလာတာတောင်မှ တခြားပြဿနာတွေ နောက်ထပ်ကြုံကြရပုံ၊ ရင်ဆိုင်ဖြေရှင်းလို့ တောင်အာဖရိက လွတ်လပ်ရေး ခရီးရှည် ဆက်လျှောက်ကြရပုံကို နောက်အပတ်မှာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments