Pages

Wednesday, March 4, 2009

နိုင်ငံသစ် မနက်ဖြန် (၂၂)။ ပြဿနာများ ထပ်ကြုံရခြင်း


သောတရှင်မိတ်ဆွေများခင်ဗျား။
၁၉၉၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့ နိုင်ငံရေးထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေး အပြီးမှာ တော့၊ အထူးသဖြင့် သမ္မတဒီကလပ်နဲ့ မင်ဒဲလားတို့ တွေ့ဆုံမှုအပြီးမှာတော့ တောင်အာဖရိက နိုင်ငံ ရေး အခြေအနေက လမ်းကြောင်းမှန်ပေါ် ပြန်လည်ဦးတည်လာခဲ့ပြီလို့ ပြောရင်ရနိုင်ပါတယ်။ နိုင်ငံရေးပိတ်ဆို့နေတဲ့ အခြေအနေ၊ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပေါက်ကွဲလုဆဲဆဲ အခြေအနေက စိတ်အေးပြီး သက်ပြင်းချလို့ မျှော်လင့်ချက်သစ် တွေနဲ့ အားတက်ဖွယ် ပြန်ရှိလာပါတယ်။

လူဖြူအစိုးရနဲ့ အာဖရိက အမျိုးသားကွန်ဂရက် (အေအဲန်စီ) အကြား သီးသန့်တွေ့ဆုံမှုတွေလည်း ဆက်လက် ကျင်းပခဲ့ကြ ပါတယ်။ ဘို့စ်ဘာရက်ခေါ်တဲ့ ဆိတ်ငြိမ်ရာအရပ်မှာ အတူနေ၊ အတူစား အပန်းဖြေပြီး ယုံကြည်မှု ပြန်လည်တည်ဆောက် ကြတဲ့ အစည်းအဝေး ၂ ခု အပြီးမှာ နားလည်မှုသစ်တွေ ပိုလို့ခိုင်ခိုင်မာမာ ရလာကြပါ တယ်။ အစည်းအဝေး ၂ ခုကို ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလမှာတကြိမ်၊ ၁၉၉၃ ခုနှစ် ဇန်နဝါရီလမှာတကြိမ် ကျင်းပ ကြပါတယ်။ ၄ ရက် ၄ ညတိုင်တိုင် အတူနား၊ အတူစား၊ အပြေး လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ကြရင်တောင် အတူ လုပ်ခဲ့ကြ ပါတယ်။ ညပိုင်းမှာလည်း တမ်ဘိုတီ သစ်ပင်အောက်မှာ မီးပုံဖိုလို့ တယောက်အကြောင်း တယောက်နှီးနှောခဲ့ကြပါတယ်။ အရင်ကတော့ ရန်ဖက်တွေ၊ အခုတော့ မိတ်ဆွေရင်းချာ မဖြစ်ရင်တောင်မှ တဦးသဘောထားကို တဦးပိုသိလာကြပါတယ်။

နောက်ပိုင်းလတွေမှာတော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အဆောက်အဦးမှာ ပုံမှန်ဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပပြီး နိုင်ငံရေးပါတီ ၂၆ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ပါတီကြီး ၂ ခုက ပြေလည်မှု ရလာပြီ ဆိုတော့ လည်း အဖုအထစ် သိပ်မရှိတော့ပါဘူး။ အစည်းအဝေးမှာ လိပ်ခဲတည်းလည်းဖြစ်စရာ ပြဿနာလေးတွေ ပေါ်လာရင်လည်း ကျနော် တို့ဇတ်လိုက်ကြီး အစိုးရကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ရိုအက်ဖ် မေယာနဲ့ အေအဲန်စီခေါင်းဆောင် ရာမာ ဖိုဆာတို့က လှစ်ကနဲ ပျောက်သွားတတ်ကြပါတယ်။ သူတို့ ၂ ယောက် ခေါင်းချင်းရိုက်ကြပြီး ခဏအကြာမှာ ကြားချထားတဲ့ အဆိုပြု ချက်တခုကိုတင်လို့ အစည်းအဝေးကို ပြေပြေ လည်လည် ရှေ့ဆက်ခဲ့ကြပါတယ်။ ဒီလိုစွမ်းဆောင်နိုင်ခဲ့ကြတဲ့ ညှိနှိုင်းရေး သမားကောင်းတွေဖြစ်တဲ့ မေယာနဲ့ ရာမာဖိုဆာကို သတင်းစာတွေကတောင် သတိထားမိလာကြပြီး "သူတို့ နှစ်ဦး အစွမ်းပြပွဲ" လို့ တောင် ဖော်ထုတ်ရေးတာတွေ ရှိလာပါတယ်။

ဒါပေမယ့် ခေါင်းခဲစရာ ပြဿနာတွေကတော့ ရှိနေမြဲပါ။ ချောချောမွေ့မွေ့ ဖြတ်ခဲ့ရတဲ့ ခရီးလမ်းတော့ မဟုတ်ပါဘူး။ အရင် က အစိုးရ ကျောထောက်နောက်ခံရခဲ့တဲ့ ဇူးလူး အင်ကာသာအဖွဲ့ခေါင်းဆောင် ဘူသာလီဇီက အစိုးရနဲ့ အေအဲန်စီ ပြန်သင့်မြတ်ကြ တော့ စိတ်ဆိုး၊ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး ဖွဲ့စည်းပုံ ဆွေးနွေးပွဲတွေ က နှုတ်ထွက်ခဲ့ပါတယ်။ သမ္မတဒီကလပ် ကတော့ ဘူသာလီဇီဆွေးနွေးရင် အချိန်မရွေး သူက တွေ့ဆုံမယ်လို့ ကမ်းလှမ်းပေမယ့်လည်း ဘူသာ လီဇီက မတုံ့ပြန်ခဲ့ပါဘူး။ သွေးထွက်သံယို အကြမ်းဖက်မှုတွေကလည်း ပြန်စလာခဲ့ပါတယ်။

ညှိနှိုင်းဆွေးနွေးပွဲတွေ အရှိန်ရလို့ စိတ်အေးမယ် ကြံကာရှိသေး ပြဿနာကြီးတခုက ထပ်တက်လာပြန်ပါတယ်။
ညှိနှိုင်းဆွေးနွေးပွဲတွေစလို့ တလအကြာမှာ အေအဲန်စီအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ခရစ္စ ဟန်နီ လုပ်ကြံခံ လိုက်ရတဲ့ ကိစ္စ ဖြစ်လာပါတော့တယ်။ သူက အတိုက်အခံဖက်က အရည်အချင်းရှိတဲ့ အညွန့်တလူလူ ဖြစ်နေတဲ့ လူငယ် ခေါင်းဆောင် တဦး ဖြစ်သလို၊ လူမဲ လူထုတွေအကြားမှာလည်း လူကြိုက်များ ထောက်ခံမှုရပါတယ်။

ဖြစ်ပုံကတော့ ဧပြီလ ၁ဝ ရက်နေ့မှာ သူ့ကို အိမ်ကအထွက် သေနတ်သမားတဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။ လူမဲ လူငယ် တွေအတွက်ကတော့ ခရစ္စ ဟန်နီက ပုံပြင်ထဲက သူရဲကောင်းတဦးပါ။ အရင်က လက်နက်ကိုင် တိုက်ပွဲတွေမှာ လည်း နာမည် ကောင်းရခဲ့ပြီး အေအဲန်စီ ပြောက်ကျားတပ်မတော်ရဲ့ စစ်ဦးစီးအရာရှိချုပ် အဖြစ် တောင် ရွေးချယ် တာဝန်ပေးခံခဲ့ရတဲ့သူပါ။ တိုက်ပွဲတွေမှာလည်း တိုက်ရင် သူက ရှေ့ကတက်တယ်၊ ရဲဘော်တွေကို နောက်က လိုက်ဖို့သာ ခိုင်းတယ် ဆိုတဲ့ ကောင်းသတင်း တွေနဲ့ လူမဲလူငယ်တွေက ကြည်ညိုနေတဲ့သူပါ။ နောက်ပိုင်း သူ့ကိုလုပ်ကြံတဲ့သူကို ဖော်ထုတ်သိရှိလာတဲ့အခါကျတော့ ဂျာနုဇ် ဝေါလုဇ် ဆိုတဲ့ လူဖြူတဦးဖြစ် နေပါတယ်။ လုပ်ကြံသူကို နောက်ပိုင်းမှာ သေဒဏ်ပေးခဲ့ပါတယ်။

ခရစ္စ ဟန်နီ လုပ်ကြံခံရတဲ့သတင်းက တောင်အာဖရိကကို မိုးကြိုးထစ်ချုံးလိုက်သလို ရိုက်ခတ်သွားပါတယ်။ စစ် သွေးကြွ လူမဲ လူငယ်တွေကလည်း လူထုတွေ မကျေမနပ်ဖြစ်နေကြတဲ့ ယမ်းပုံကြီးကို ဒီအခွင့်အရေးနဲ့မှ မဖောက်ခွဲရင် နောက်ထပ် ဒီလောက်ကောင်းတဲ့ မီးပွားမျိုး မရှိနိုင်တော့ဘူးဆိုပြီး ဆူဆူပူပူ ဖြစ်လာနေကြပါပြီ။ ခရစ္စ ဟန်နီရဲ့ ဈာပနကို ဧပြီ ၁၉ မှာ ကျင်းပဖို့ လျာထားပါတယ်။ ဒီကစလို့ ဆူပူမှုတွေ၊ သွေးထွက်သံယို ပဋိပက္ခတွေ အတောမသတ်ဖြစ်လာနိုင်တာကိုလည်း မြင်နေကြရပါပြီ။ ဈာပန အခမ်းအနားကျင်းပတော့ လူသိန်း ချီ ပို့ဆောင် အလေးပြုကြပါတယ်။ ရုန်းရင်းဆန်ခတ်မှုတွေ၊ ရဲနဲ့ လူမဲလူငယ်တွေအကြား သူတပြန် ကိုယ်တပြန် တိုက်ခိုက် မှုတွေလည်း ရှိခဲ့ပြီး ဒီဈာပနအပြီး စာရင်းချုပ်တော့ လူ ၆ ဦး သေ၊ ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဈာပနအခမ်းအနားမှာတော့ ကားမီးရှို့တာတွေ၊ အိမ် အချို့မီးရှို့ခံရတာ၊ မျက်ရည်ယို ဗုံး တွေနဲ့ ပစ်တာ တွေ ရှိခဲ့ပေမယ့်လည်း စိုးရိမ်နေကြသလောက် အထိ အခိုက် မရှိခဲ့ဘူးလို့တော့ ဆိုရပါလိမ့်မယ်။

အဆိုးထဲက အကောင်းဆိုသလို အခု လုပ်ကြံမှု အကျပ်အတည်းကြောင့် ဖက် ၂ ဖက်ကို ပိုနီးကပ်စေဖို့ တွန်းအား ဖြစ်ခဲ့ပါ တယ်။ ဆွေးနွေးပွဲတွေကို အချိန်ဆွဲနေလို့ မရဘူးဆိုတာလည်း မြင်လာကြပါတယ်။ အေအဲန်စီ က ဆွေးနွေးပွဲတွေကို အမြန်ရှေ့ဆက် ချီတက်ဖို့ သံန္နိဌာန်ပြုတဲ့အပြင်၊ အစိုးရဖက်ကလည်း ဆွေးနွေးပွဲတွေ ဖျက်သိမ်းဖို့ ကြိုးပမ်းမှုတွေကို လက်မခံနိုင်ကြောင်း၊ ဒါဟာ ခရစ္စ ဟန်နီကို လုပ်ကြံတဲ့ လူသတ်သမားလုပ်ရပ်နဲ့ အတူတူပဲလို့ ပြောလာခဲ့ပါတယ်။ မင်ဒဲလားအနေနဲ့ကလည်း အမျိုးသား ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ ပိုလို့ ရှေ့တန်း ရောက်လာရပါတယ်။ အကြောင်းကတော့ တိုင်းပြည်မှာ မငြိမ် မသက်မှုတွေ ဖြစ်လာရင် ထိန်းသိမ်းနိုင်တဲ့သူဟာ သမ္မတ ဒီကလပ်မဟုတ်တော့ဘဲ မင်ဒဲလားသာ ဖြစ်ကြောင်း ပိုလို့ ထင်ရှား လာနေတာကြောင့် ဖြစ်ပါတယ်။

ပြဿနာတွေက မဆုံးသေးပါဘူး။ လူဖြူ အစွန်းရောက်တွေဖက်က တစခန်းထလာပြန်ပါတယ်။ ခရစ္စ ဟန်နီ လုပ်ကြံခံရပြီး နောက်ထပ် ရက်သတ္တ ၆ ပတ်အကြာမှာ သဘောထားတင်းမာသူ လူဖြူ ၃ဝဝဝ ခန့်က ဆွေးနွေး ပွဲ ကျင်းပနေရာ အဆောက် အဦးကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ သူတို့ကတော့ အေ-ဒဗလျူ-ဘီ (AWB) လို့ လူသိများတဲ့ အစွန်းရောက် လူဖြူ အုပ်စု ကပါ။ အာဖရိကန်နာ လူဖြူ လွတ်မြောက်ရေး လှုပ်ရှားမှုလို့ သူတို့ ဘာသာ သူတို့ခေါ်ကြပြီး အထိမ်းအမှတ် တံဆိပ်က နာဇီ စကြာ ဆန်ဆန်ပါ။ သူတို့က အနက်ရောင်ယူနီဖောင်း တွေ ဝတ်လာကြသလို၊ ခြောက်လုံးပြူး ခါးထိုး လာကြပါတယ်။ ပြောင်းရှည် သေနတ်တွေလည်း ကိုင်ဆောင်လာ ကြပါတယ်။ သူတို့အုပ်စုမှာ လယ်သမားတွေပါသလို၊ မိန်းမတွေလည်း ကလေး ခါးထစ်ခွင်ချီလို့ လိုက်လာကြပါ တယ်။ သူတို့က လွတ်လပ်တဲ့ ဗော့စ်တက် အာဖရိကန်နာ နိုင်ငံထူထောင်ဖို့ တောင်းဆို ကြပါတယ်။

သူတို့ဝင်လာတာကို ရဲတွေကလည်း ဘာမှ မထိန်းသိမ်းကြပါဘူး။ သူတို့က အဆောက်အဦဝင်းထဲ ဝင်လာကြပြီး ကားမှန် တွေ ရိုက်ခွဲတာတွေ၊ အဆောက်အဦးကို ခဲနဲ့ပေါက်တာတွေ လုပ်ကြပါတယ်။ သူတို့က နောက်ဆုံး ဆွေးနွေးပွဲ ခမ်းမကို ရောက်လာပြီး ဘားဆိုင်က အရက်တွေယူသောက်၊ ဖျော်ရည်တွေ ကော်ဇောပေါ် သွန်ပစ်၊ ခုံတွေကို သေးနဲ့ပန်း၊ အော်ဟစ် ဆဲဆိုတာတွေ လုပ်ကြပါတယ်။

မကြာသေးမီကမှ ရွေးထားတဲ့ (AWB) အဖွဲ့ဥက္ကဌ အရင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ကွန်စတန် ဝီလ် ဂျိုအန်က လိုက်ထိန်းဖို့ ကြိုးစားသော်လည်း သူ့လူတွေ သောင်းကျန်းနေတာကို သူက မနိုင် တော့ပါဘူး။ နောက်ဆုံးတော့ သူတို့က စိတ်ရှိ လက်ရှိ ဖျက်ဆီးပြီးတော့ ပြန်ဆုတ်သွားခဲ့ကြပါတယ်။ သူတို့ကတော့ တောင်အာဖရိက ဒီကလပ် အစိုးရကို သူတို့လူဖြူတွေ မွေးရာပါ အခွင့်အရေးကို မရောင်းစားလိုက်ဖို့ သတိပေးနိုင်လိုက်တယ် ဆိုပြီး အကျေနပ်ကြီး ကျေနပ်ကြ ပါတယ်။ ဒါပေမယ့် အစိုးရဖက်ကတော့ သူတို့ တိုက်တွန်းချင်တာ၊ လိုချင်တာ နဲ့ ဆန့်ကျင်ဘက် လမ်းကို လျှောက်ခဲ့ပါ တယ်။ အစိုးရ ဖွဲ့စည်းပုံ ရေးဆွဲရေး ဒု-ဝန်ကြီးက “သေချာတာကတော့ ကျနော်တို့ ဒီလို လူဖြူအာဖရိကန်နာ အရူးတွေနဲ့ လမ်းခွဲလိုက်ပြီ” လို့ သတင်းစာ ကို ပြောခဲ့ပါတယ်။ အခု ဆွေးနွေးပွဲတွေကို ဆက်လက်ကာကွယ်သွားဖို့လည်း နှစ်ဖက် စလုံးက ပိုလို့ ခိုင်ခိုင်မာမာ ပြောလာကြ ပါတယ်။

ဒီလို အခက်အခဲတွေက ကြားက ဖြတ်ကျော်လာခဲ့ပြီး ၁၉၉၃ ခုနှစ် နိုဝင်ဘာလ (၁၈) မှာ ဖွဲ့စည်းပုံ နောက်ဆုံး အပိုဒ်ကို သဘော တူညီ ရေးနိုင်ခဲ့ကြပါတော့တယ်။ မင်ဒဲလားနဲ့ တိတ်တဆိတ် ဆွေးနွေးပွဲတွေ စတင်ခဲ့တဲ့ အချိန်က စလို့ ပြန်ရေတွက် ကြည့်မယ် ဆိုရင် ၈ နှစ်ကျော် ကြာခဲ့ပါတယ်။ အခုတော့ အဆင့်သစ်တခုကို ရောက်လာပြီး မျှော်လင့်ချက်တွေ ပြည့်လျှမ်းနေတဲ့ တောင် အာဖရိကနိုင်ငံ ဖြစ်လာပါပြီ။ ကျနော်တို့နိုင်ငံမှာ လည်း ပြေလည်သင့်မြတ်နိုင်ကြရင် ကောင်းမှာပဲလို့ ကျနော်ကတော့ စိတ်ကူး နေမိပါတယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments