Pages

Monday, February 23, 2009

နိုင်ငံသစ် မနက်ဖြန် (၁၄)။ ကိုရွှေထောက်လှမ်းရေးတို့ ကြားဝင်ပြီ


သမ္မတ အက်ဖ် ဒဗလျူ ဒီကလပ်က တောင်အာဖရိကနိုင်ငံရဲ့ အပြောင်းအလဲ ရေတံခါးကို ဖွင့်ပေး လိုက်တာက တော့ မှန်ပါတယ်။ သို့သော်လည်း ဒီမတိုင်ခင်မှာ နောက်ကွယ်မှာ လူမသိ သူမသိ ဖြစ်ပေါ်နေတဲ့၊ မြင်သာထင် သာ မဟုတ်တဲ့ ရေစီးကြောင်းတွေ အနေနဲ့ ဖြစ်ပေါ်နေတဲ့ အနေအထား တွေလည်း ရှိခဲ့ပါတယ်။ အခုတကြိမ် မှာတော့ ဒီလို လျှို့ဝှက်ဖြစ်ပေါ်နေခဲ့တဲ့ တောင်အာဖရိက အစိုးရ ထောက်လှမ်းရေးဌာနနဲ့ အေအဲန်စီအဖွဲ့ဝင် တွေ အကြား ဆွေးနွေးပွဲတွေ အကြောင်းကို တင်ပြပေး မှာပါ။

သောတရှင် မိတ်ဆွေများခင်ဗျား။

တောင်အာဖရိက အစိုးရမပါဘဲ ဘရိုဒါဘွန်းလို့ခေါ်တဲ့ လူဖြူအမျိုးသားရေးဝါဒီတွေနဲ့ အေအဲန်စီ အကြား လျှို့ဝှက် ဆွေးနွေးပွဲတွေ လုပ်လာလိုက်တာ ၂ နှစ်ခွဲ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေကတော့ တောင်အာဖရိကနိုင်ငံရဲ့ အာဏာရ အစိုးရနဲ့ တိုက်ရိုက်လုပ်ဆောင်နေတဲ့ တွေ့ဆုံဆွေးနွေးမှု တွေတော့ မဟုတ်ပါဘူး။ သွယ်ဝိုက်ပြီးတော့ ဆက်စပ်နေတယ်လို့ ဆိုရင်တော့ ယူလို့ ရနိုင်ပါတယ်။ တချိန်တည်းမှာပဲ လူဖြူအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ လူမဲခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားတို့ ထောင်ထဲမှာ တွေ့ဆုံဆွေးနွေး နေကြတာလည်း အချိန်အတိုင်းအတာတခုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ တောင်အာဖရိကရဲ့ အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ နီးလ် ဘားနတ်က အေအဲန်စီနဲ့ တိုက်ရိုက် တွေ့ဆုံသင့်ပြီလို့ ယူဆလာခဲ့ပြီး၊ အဲဒီတုန်းက သမ္မတ ဘိုသာကို ခွင့်ပြုပေးဖို့ တင်ပြလာပါတယ်။ အချိန်က ဒီကလပ် ကို သမ္မတသစ်အဖြစ် ရွေးချယ်တင်မြေ‡ာက်ခြင်း မခံရသေးမီ၊ မိကျောင်းအိုကြီး ဘိုသာက သမ္မတအဖြစ် တာဝန်ယူနေရတဲ့ နောက်ဆုံးသက်တမ်း အချိန်ပါ။ ဘိုသာက ခွင့်ပြုပေးခဲ့ပါတယ်။ သို့သော်လည်း အပြင်မှာ သမ္မတ ဘိုသာက အေအဲန်စီနဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့ တင်းတင်းမာမာ လူသိရှင်ကြား ပြောထားလေတော့ ပေါက်ကြားလာခဲ့ရင်လည်း ပြဿနာ ရှိနေပါတယ်။ ဒီတော့ သူတို့က ယခုလိုတွေ့ဆုံတာဟာ သတင်းအချက် အလက်ရဖို့ သက်သက်သာ ဖြစ်တယ်လို့ အရေးကြုံရင် ရှောင်လွှဲသာအောင် ချွင်းချက်နဲ့ ခွင့်ပြုခဲ့ပါတယ်။ မင်ဒဲလားကို အသိမပေးဘဲ ဆောင်ရွက်ဖို့လည်း သူတို့ စဉ်းစားခဲ့ကြပါတယ်။

ပြောရမယ်ဆိုရင်တော့ တောင်အာဖရိက အစိုးရရဲ့ အမျိုးသားထောက်လှမ်းရေးဌာနလို့ခေါ်တဲ့ လျှို့ဝှက်ဌာန ဟာ တချိန်လုံး အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်ရေး ကရိယာအဖြစ် အသုံးတော်ခံလာခဲ့တာပါ။ ယခင်ကာလတွေ ကတည်းက သူတို့က ညစ်ပတ်တဲ့ ဗျူဟာတွေနဲ့ ဆောင်ရွက်ခဲ့ကြသလို လုပ်ကြံသတ်ဖြတ်မှုတွေတောင် ဆောင်ရွက်ခဲ့ကြပါတယ်။ လက်ရှိကာလတိုင် ကျင့်သုံး နေတဲ့ ဗျူဟာကလည်း သွေးခွဲအုပ်ချုပ်နိုင်ရေး ဗျူဟာပါ။ မင်ဒဲလားနဲ့ တိုင်းပြည်ပြင်ပက အေအဲန်စီအဖွဲ့အကြား သွေးခွဲရေး၊ မင်ဒဲလားနဲ့ လူမဲအမျိုးသား လွတ်မြောက် ရေး လှုပ်ရှားမှုတွေအကြား သွေးခွဲရေး စသဖြင့် ကျင့်သုံးနေခဲ့ ပါတယ်။

ယခင် အတိတ်ကာလ ၁၉၆ဝ ခုနှစ်များတုန်းကတော့ ထောက်လှမ်းရေးဌာနကို စတင်ဖွဲ့စည်းခဲ့ရာမှာ အတို ကောက်အားဖြင့် (BOSS) တနည်းအားဖြင့် နိုင်ငံတော်လုံခြုံရေးဗျူရိုလို့ ခေါ်ဆိုသုံးစွဲခဲ့ကြပါတယ်။ ဒီဌာနကို စတင်ဖွဲ့စည်းတင်ထောင်ခဲ့သူ ဗော့စတာက နောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးဖြစ်လာပြီး သူ့လက်ထက်မှာပဲ တင်းကျပ်တဲ့ ဥပဒေများစွာလည်း ပြဌာန်းခဲ့ ပါတယ်။ လူတွေ အမေးအမြန်းမရှိ ဖမ်းခံရတာ၊ နှိပ်စက်ညှဉ်းပမ်းခံရတာ၊ လက်စပျောက် သုတ်သင်ခံရတာ၊ ခုံရုံးမတင်ဘဲ ဖမ်းဆီးခံထားရတာတွေ လုပ်ခဲ့ပါ တယ်။ လူမဲခေါင်းဆောင်တွေ၊ လှုပ်ရှားသူတွေလည်း ညဆို အိမ်ကပျောက်သွားတာ၊ ရက်ရက်စက်စက် ညှဉ်းပမ်းထောင်ချခံရတာ၊ ထောင်ထဲမှာ ညှဉ်းပမ်းနှိပ်စက်ခံရလို့ သေဆုံးခဲ့ကြရတာလည်း မနည်းပါဘူး။ ၁၉၇၉ ခုနှစ် နောက်ပိုင်း သမ္မတဘိုသာ လက်ထက်မှာတော့ အဖွဲ့ နာမည်ကိုပါ အမျိုးသား ထောက်လှမ်းရေး ဌာနလို့ ပြောင်းလဲ ခေါ်ဝေါ်ပြီး တက္ကသိုလ်ပညာရှင် နီးလ် ဘားနဒ်ကို အုပ်ချုပ် စေခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တန် သလောက် လုပ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ နီးလ် ဘားနဒ်က မင်ဒဲလားနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ကိုယ်စားလှယ်အဖွဲ့မှာလည်း ဦးဆောင်ပါဝင်ခဲ့ရပါတယ်။

ဒီလိုနဲ့ သူတို့ လုပ်ငန်းစဖို့ ဖြစ်လာစဉ်မှာပဲ သမ္မတအပြောင်းအလဲဖြစ်ပြီး၊ ဒီကလပ်က ယာယီသမ္မတသစ် ဖြစ် လာခဲ့ပါတယ်။ သူတို့ ထောက်လှမ်းရေးအဖွဲ့က သမ္မတသစ် ဒီကလပ်ပါဝင်တဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီကို ဒီလျှို့ဝှက်ကိစ္စ ဆက်လက် ဆောင်ရွက်နိုင်ဖို့ တင်ပြပါတယ်။ တင်ပြပုံမှာလည်း စာသား၊ စကားလုံး သေချာရွေး ချယ်တင်ပြတဲ့ အတွက်ကြောင့် သမ္မတ လည်း အမှုမထားမိဘဲ အချိန်တိုအတွင်းမှာ ခွင့်ပြုချက် ရခဲ့ပါတယ်။ သူတို့က "အေအဲန်စီ နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ပိုမိုရဖို့ လိုတယ်။ ဤကိစ္စတွေ ဆောင် ရွက်နိုင်ရန်အလို့ငှာ တိုက်ရိုက်လုပ်ကိုင် ဆောင်ရွက်မှုမျိုး သီးသန့် လုပ်ဆောင်ရန် လိုတယ်၊ ဒီကိစ္စကိုလည်း အမျိုးသားထောက်လှမ်းရေးဌာနရဲ့ လက်တန်တွေက တာဝန်ယူ ဆောင်ရွက် မယ်" ဆိုတာမျိုး တင်ပြခဲ့ပါတယ်။ ဒီလို ရွေးချယ်သုံးနှုန်းထားတဲ့ စာသားတွေက မထူးသလို ရှိပေမယ့်၊ တချိန် ပေါက်ကြားလာခဲ့ ရင်လည်း အကာ အကွယ်ရဖို့ ရည်ရွယ်တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ ကိုရွှေထောက်လှမ်းရေးတွေရဲ့ ဝသီအတိုင်း ကိစ္စတခုကို စစ်ဆင်ရေးနာမည် တခု ပေးကြပါတယ်။ ယခု ကိစ္စကိုတော့ (Operation Flair) လို့ ခေါ်ပါတယ်။ ပြင်သစ်ဘာသာစကားနဲ့ အဓိပ္ပါယ်က အနံ့ခံစစ်ဆင်ရေးလို့ ခေါ်ထားတာပါ။ ထောက် လှမ်းရေးဌာနက လူဖြူအမျိုးသားရေးဝါဒီအဖွဲ့ (ဘရိုဒါဘွန်း) ရဲ့ ခေါင်းဆောင်ပညာရှင် အက်စတာဟူဆီး ကတဆင့် ကမ်းလှမ်း ပါတယ်။ အက်စတာဟူဆီးက လန်ဒန်ကို လေယာဉ်ပျံနဲ့သွားလို့ အေအဲန်စီခေါင်းဆောင်ဖြစ်သူ သာဘို အမ်ဘီကီ (အခု လက်ရှိသမ္မတ) ကို ပြောပြပါတယ်။ တကယ်တော့ အမ်ဘီကီဖက်ကကြည့်ရင် လည်း သံသယဖြစ်စရာတွေ အပြည့်ပါ။ စိတ်ချယုံကြည်လို့ မရနိုင်သေးပါဘူး။ သို့သော်လည်း အက်စတာ ဟူဆီးနဲ့ ရင်းနှီးမှု ခိုင်မာလို့ နေတာရယ်၊ သူတို့ရဲ့ တရားမဝင် ဆွေးနွေးမှုတွေကလည်း တဖြည်းဖြည်းတိုးတက် လာနေတာကြောင့် လက်ခံခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ တွေ့ကြဖို့ သဘောတူကြပါတယ်။ တောင်အာဖရိက ထောက်လှမ်းရေး ဌာနဖက်ကတော့ တွေ့မယ့်သူ ၂ ဦး၊ လုပ်ငန်း အဖွဲ့ဝင်သဘော အရံ ၃ ဦး လိုက်ပါလာ ပါတယ်။ အေအဲန်စီ ဖက်ကတော့ သာဘိုအမ်ဘီကီနဲ့ ဂျက်ကော့ ဇူးမားတို့ လာတွေ့ကြပါတယ်။ အပြန်အလှန် သံသယတွေ ရှိနေ ကြသေးတော့လည်း မတွေ့ခင် ကတည်းက ဖုန်းအကြိမ်ကြိမ်ခေါ်လို့ ချိန်းဆို ပြောကြရသလို၊ ဆက်သွယ်ရေး စကားဝှက်၊ နာမည် စကားဝှက် စတာတွေလည်း ဖလှယ်ခဲ့ကြရပါတယ်။

မတွေ့ခင်မှာတော့ စိတ်လှုပ်ရှားတင်းမာနေခဲ့ကြပါတယ်။ ဒါပေမယ့် တွေ့ပြီး မကြာခင်မှာပဲ ပြေပြေလည်လည် ဆွေးနွေးလို့ ရ လာခဲ့ပါတယ်။ နံနက် ၈ နာရီကနေ စလိုက်တဲ့ ဆွေးနွေးပွဲဟာ နောက်တနေ့ နံနက် ၃ နာရီတိုင်ခဲ့ ပါတယ်။ ဘာမှ လက်ဆုပ် လက်ကိုင် ဆုံးဖြတ်ချက်၊ သဘောတူညီချက် မရခဲ့ကြပေမယ့်လည်း အပြန်မှာတော့ ထောက်လှမ်းရေးအဖွဲ့ ကိုယ်စားလှယ် တွေက သမ္မတသစ်ဆီတင်ပြဖို့ အချက်အလက် တခု ခိုင်ခိုင်မာမာ ရလာခဲ့ပါပြီ။ ဒီအချက်ကတော့ အာဖရိက အမျိုးသား ကွန်ဂရက် (အေအဲန်စီ) အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေတဲ့ အကြောင်းပါပဲ။

သမ္မတရွေးကောက်ပွဲပြီးလို့ ကျမ်းသစ္စာ ကျိမ်ဆိုပွဲ မိန့်ခွန်းမှာ သမ္မတသစ် ဒီကလပ်က တောင်အာဖရိကရဲ့ အပြောင်းအလဲ ရေတာတမံကို စတင်ဖွင့်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ သူတို့ထောက်လှမ်းရေးအဖွဲ့နဲ့ အေအဲန်စီ အကြား လျှို့ဝှက် ဆွေးနွေးပွဲ တွေ ဆက်လက်ပြီး အကြိမ်ကြိမ် ဖြစ်လာရပါတော့တယ်။ ဒီဆွေးနွေးပွဲတွေမှာ နှစ်ဘက်ကြား သံသယ လျော့ပါးလာခဲ့ ကြတဲ့အပြင်၊ အပြောင်းအလဲ အတွက် မျှော်လင့်ချက် ရောင်ချီလည်း သန်းလာပါတယ်။ ဒီဆွေးနွေးပွဲအသစ်တွေမှာတော့ တရားမဝင်အဖွဲ့အစည်းတွေ မြေပေါ် ပြန်ရောက်လာစေဖို့ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ ပြည်တော်ပြန်ခန်းအတွက် လိုအပ်ချက် တွေကို စီစဉ်ဖို့ အသေးစိတ် ဆက်လက် ဆွေးနွေးခဲ့ကြရပါတယ်။

နောက်တပတ်မှာတော့ ပြည်တော်ပြန်ခန်းနဲ့ အပြောင်းအလဲအတွက် ဆွေးနွေးပွဲတွေ တရားဝင် စတင်လာပုံကို တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments