Pages

Wednesday, February 11, 2009

နိုင်ငံသစ် မနက်ဖြန် (၂)


သောတရှင်မိတ်ဆွေများ ခင်ဗျား

မိတ်ဆွေများအတွက် စာလက်ဆောင်ပေးဖို့ နောက်ထပ်တပတ်ကို ရောက်ရှိခဲ့ ပြန်ပါပြီ။ အရင် အပတ် က ကျနော်ပြောပြခဲ့တဲ့ စာရေးဆရာ အလက်စတာ စပါ့ခ်ရဲ့ “မနက်ဖြန် ရောက်တော့ တိုင်းပြည် အသစ် တည်ကြလေပြီ” ဆိုတဲ့ တောင်အာဖရိကနိုင်ငံရဲ့ အပြောင်းအလဲ အကြောင်းတွေကို ဆက် ကြရအောင်ပါ။

ဒီတပတ်မှာတော့ တောင်အာဖရိကရဲ့ နောက်ခံသမိုင်းလေးတွေကို ဆက်လေ့လာ ကြည့်ကြရအောင် ပါ။ စာရေးဆရာက သူရဲ့ စာအုပ် ဒုတိယအခန်းကို ရူဘီကွန်မြစ်ကမ်းပါး၌လို့ နာမည်ပေးထားပါတယ်။ ရူဘီကွန်ဆိုတာက အီတလီနိုင်ငံက မြစ်တခုဖြစ်ပြီး ၄၉ ဘီစီက ရောမ အင်ပိုင်ယာပြည့်ရှင် ဂျူးလီး ယက် ဆီဇာက စစ်ဆင်ရာမှာ ဒီမြစ်ကိုဖြတ်လို့ ပြန်မလှည့် တန်း စစ်ဆင်ခဲ့တာကို ညွှန်းတာပါ၊ ကျွန်တော်တို့ မြန်မာလိုမှာတော့ ဘုရင့်နောင် ဖောင်ဖျက်တဲ့ ဥပမာမျိုးနဲ့တော့ တူပါလိမ့်မယ်။

အစမှာ သူက တောင်အာဖရိကနိုင်ငံရဲ့ သမတသစ် ဖရက်ဒရစ် ဝီလီယမ် ဒီကလပ်က သမတအဖြစ် လွှတ်တော်အဖွင့် မိန့်ခွန်း ပြောတဲ့ အခန်းနဲ့ စထားပါတယ်။ အချိန်က ၁၉၉ဝ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ နေ့လယ်ပိုင်းပါ။ သူ့မိန့်ခွန်းက (၃၅) မိနစ်သာ ကြာပါတယ်။ သို့သော်လည်း ဒီမိန့်ခွန်းအပြီးမှာတော့ ပြန်ချိုးကွေ့ လှည့်ပြောင်းစရာ မရှိတော့တဲ့ အပြောင်း အလဲကြီးတခု တောင် အာဖရိကနိုင်ငံမှာ ဖြစ်လာပြီဆိုတာ လူတိုင်းက သိလိုက်ကြရပါတော့တယ်။

လူအများစုကတော့ သမတသစ် ဒီကလပ် မိန့်ခွန်းကို သိပ်မျှော်လင့်မထားခဲ့ကြပါဘူး။ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အနည်း အကျဉ်းလုပ်ဖို့၊ သိပ် ထူးမခြားနား အဖွင့်မိန့်ခွန်းမျိုးပဲ လို့သာ ယူဆထားကြပါတယ်။

ယခင် သမတဟောင်း ပီ-ဒဗလျူ-ဘိုသာ တုန်းကလည်း ၁၉၈ဝ ခုနှစ်များမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါမယ် ဆိုပြီး အကြိမ်ကြိမ် ကတိကဝတ်တွေပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး မူရင်းအတိုင်း ဖိနှိပ်တာ၊ ပြန် တင်းကျပ်တာ တွေနဲ့ပဲ သံသရာ ပြန်လည်နေခဲ့ပါတယ်။ နောက်ဆုံး လူဖြူတွေရဲ့ နိုင်ငံရေးပါတီ အမျိုးသား ပါတီ (National Party) က သူနှလုံးရောဂါ အခြေအနေကြောင့် အနားပေးရချိန်အထိ ဘယ်လို ðပပြင်ပြောင်းလဲမှုမျိုး ကိုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။ လူတွေ ကတော့ သူ့ကို ကွယ်ရာမှာ "မိကျောင်းအိုကြီး" လို့ နာမည်ပြောင် ပေးထားကြပါတယ်။ သူလည်း တောဟေဝန် စံအိမ်ကြီးမှာ နားနေပါပြီ။

တောင်အာဖရိကနိုင်ငံသမိုင်းကိုလည်း ပြန်ကြည့်ရအောင်ပါ။ လူဖြူတွေက အကြောင်းမျိုးစုံ၊ နေရာမျိုးစုံကနေ အာဖရိက တောင်ဖက်စွန်းနေရာမှာ (၁၇) ရာစုက စလို့ အခြေချနေထိုင်ခဲ့ကြပါတယ်။ နေလာခဲ့ကြတာ သားစဉ် မြေးဆက် နှစ်ပေါင်း (၃၅ဝ) ကျော် နေလာခဲ့ကြပြီး၊ သူတို့ကိုယ် သူတို့ ဒေသခံတွေလို့သာ ခံယူကြပါတော့ တယ်။ ယခင် သူတို့ လာရာ ဒတ်ခ်ျလူမျိုး၊ ဟော်လန်နိုင်ငံနဲ့ လျှော့ရဲရဲ ဆက်နွယ်မှုရှိတယ်လို့တော့ ခံယူ ကြပါတယ်။ သို့သော်လည်း အများအပြား ပြောင်းခဲ့ပါပြီ။ သူတို့ဘာသာစကားက အသစ်ဖြစ်လာပြီး (အာဖရိကန်နာ) လို့ သူတို့ကိုယ်သူတို့ ခေါ်ကြပါတယ်။ လူဦးရေကလည်း နည်းနည်း နောနော မဟုတ်ပါဘူး။ စုစုပေါင်း လူဦးရေ သန်း (၄ဝ) မှာ ၅ သန်းမျှ ရှိပါလိမ့်မယ်။ ယခင် ကိုလိုနီကျွန်ပြုခဲ့ကြတဲ့ သူတွေလို သူတို့မှာ ပြန်စရာ မြေ၊ ပြန်စရာ နိုင်ငံလည်း မရှိကြတော့ပါဘူး။

လူမဲနိုင်ငံသားတွေက လူများစုဖြစ်တော့ သူတို့ကို လွှမ်းမိုးဖိနှိပ်လိမ့်မယ် လို့လည်း မတန်တရာကြောက်စိတ် ဝင်နေကြ ပါတယ်။ သူတို့က အစဉ်သဖြင့် ရန်သူဝိုင်းနေသလို ခံစားနေကြရပါတယ်။ သူတို့က အာဏာရှိနေကြ တဲ့သူတွေဖြစ်တော့ ကြောက်စိတ် ရှိတဲ့အတိုင်း လူမဲတွေကို အသားအရောင်ခွဲခြားရေး စနစ်နဲ့ဖိနှိပ်အုပ်ချုပ်ခဲ့ကြ ပါတော့တယ်။ သူတို့ကို အခြား ကမ္ဘာနေရာ တခုခုကို အတင်းအကျပ်တွန်းပို့မယ် ဆိုရင်လည်း သူတို့ မသွားချင်ကြတော့ပါဘူး။ ဒီမြေမှာပဲ မဆုတ်တမ်း ခံတော့မယ့် အသွင်ဖြစ်လာပါတယ်။ သူတို့ ကိုးကွယ်တဲ့ ဘာသာတရားက အစ ပိုရှေးရိုးစွဲကျပြီး၊ ခက်ခဲကြမ်းတန်းတဲ့ ဘဝမှာ ရုန်းကန် နေကြရတဲ့အတွက် သေနတ် တဘက်၊ သမ္မာကျမ်းစာတဘက် ကိုင်စွဲပြီး၊ ရှင်သန်အောင်ကြိုးပမ်း နေကြရတဲ့ယုံကြည်မှုအသစ် ပုံစံဖြစ်လာပါ တယ်။ သူတို့နေထိုင်ရာမြေကိုလည်း ဗော့စ်တက် ဘုရားသခင်က အပ်နှင်း ထားတဲ့ မြေလိုမျိုး ယူဆလာကြ တယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာတော့ လွတ်လပ်ရေးလှုပ်ရှားမှုတွေ အာဖရိကတိုက် နိုင်ငံတွေမှာ ဖြစ်လာပါ တယ်။ ကမ္ဘာတဝှမ်း လုံးမှာလည်း ကိုလိုနီစနစ် ဖျက်သိမ်းရေးလှုပ်ရှားမှုတွေ ကြီးမားကျယ်ပြန့်လာနေတယ်။ တောင် အာဖရိက နိုင်ငံမှာလည်း အာဖရိက အမျိုးသားကွန်ဂရက် (အေအဲန်စီ) က လက်နက်ကိုင် တော်လှန် ရေးဆင်ပြီး သူတို့ လွတ်မြောက်ရေး လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တယ်။ ဒီလို ရိုက်ခတ်လာတာနဲ့ အမျှ လူဖြူ လူနည်းစုတွေက စိုးရိမ်စိတ် ပိုပြီး ကြီးထွားလာကြတယ်။

လွတ်လပ်ရေး ပေးလိုက်ကြရတဲ့ ကင်ညာ၊ ရိုဒီးရှား၊ ကွန်ဂို၊ မိုဇမ်ဘစ်နိုင်ငံတွေကနေ လူဖြူများ တဖြေးဖြေး ပြောင်းရွှေ့ ဆုတ် ဆင်း အခြေချလာကြတာ တောင်အာဖရိကမှာ နောက်ဆုံး ဆုံရပ်ဖြစ်နေတယ်။ ဒီနေရာက လွဲရင် ဆက်ဆင်းစရာ မြေမရှိတော့။ ပင်လယ်ပဲ ရှိတော့တယ်လို့ သူတို့ယုံကြည်လာကြတယ်။ သူတို့အဖို့ လူမျိုးကွယ် ပျောက်တော့မယ်။ အန္တရာယ်ကြုံနေရပြီလို့ ထင်လာကြတယ်။ ဒီစိတ်ခံစားမှုများကနေပြီး ဘယ်လိုလူမျိုးမဆို၊ မိခင်နိုင်ငံတခု မရှိဘဲ ရပ်တည်လို့ မရနိုင်ဘူး။ တောင် အာဖရိကဟာလည်း သူတို့ နိုင်ငံပဲ၊ ဒါကြောင့် လူမျိုးရေး ရောနှောဆက်ဆံခြင်းဖြင့် သူတို့ အာဖရိကန်နာ လူဖြူတွေအတွက် နိဂုံးဖြစ်တော့မယ်လို့ မြင်လာတယ်။

လူမဲ လှုပ်ရှားမှုများက တဖြည်းဖြည်း မြင့်တက် အရှိန်ရလာပါတယ်။ နာမည်ကြီး ခေါင်းဆောင် မင်ဒဲလား အပါအဝင် အများကို ထောင်သွင်း အကျဉ်းချထားရပြီး၊ ပြည်ပမှာလည်း အာဖရိက အမျိုးသားကွန်ဂရက် (အေအဲန်စီ) က အခြေချ လှုပ်ရှားနေပါ တယ်။ ပြည်တွင်းမှာတော့ အလုပ်သမားသမဂ္ဂတွေ၊ ယူဒီအက်ဖ် လို့ ခေါ်တဲ့ ညီညွတ်သော ဒီမိုကရေစီ တပ်ပေါင်းစု (ပြည်တွင်း က တက်ကြွလှုပ်ရှားသူတွေ) တပ်ပေါင်းစုရဲ့ လှုပ်ရှား မှုတွေ ရင်ဆိုင်နေကြရပါတယ်။

ဒီအခြေအနေကို မြင်လာတော့ လူမဲတွေကို စုထားပေးလို့ မရတော့ဘူး၊ နယ်မြေ အစိတ်စိတ် ခွဲခြားပြီး ဟုမ်းလင်းဒ် (Homeland) လို့ခေါ်တဲ့ ကန့်သတ်ထားတဲ့ နယ်မြေမှာ နေထိုင်စေတဲ့ စနစ်မျိုး ကျင့်သုံးလာကြပါတယ်။

သမတသစ် ဒီကလပ် တက်လာတဲ့အချိန်မှာ ကြုံတွေ့နေရတဲ့ အခြေအနေက အကျပ်အတည်းမှာ ဗိုလ် လုပ်ရတဲ့ အခြေအနေ မျိုးပါ။ ထိန်းနိုင်သိမ်းနိုင် အခြေအနေမျိုး မဟုတ်ပါဘူး။ လက်ရှိအစိုးရကို ဖြုတ်ချခံရ လောက်အောင် လက်ငင်း ခြိမ်းခြောက်ခံ နေရတဲ့ အခြေအနေမျိုး မဟုတ်သေးပါဘူး။ စစ်တပ်နှင့် ရဲတွေသုံးပြီး နိုင်နိုင်နင်းနင်း ထိန်းထားနိုင်ပါသေး တယ်။ ဒါပေမယ့် လည်း လူမဲများအုံကြွမှုကို မချေမှုန်းနိုင်တော့ပါဘူး။ ဒီလို ဖိနှိပ်နေတဲ့ မူဝါဒ လုပ်ရပ်တွေကြောင့်လည်း နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုလည်း ကြုံတွေ့နေရပါတယ်။ နိုင်ငံတခုခုက စစ်ရေးအရ စွက်ဖက်လာဖို့လည်း အလား အလာမရှိပါဘူး။ ခေါင်းဆောင် လုပ်သူ လူဖြူတွေက ခပ်တင်းတင်း၊ ဖိနှိပ် အုပ်ချုပ်မယ် ဆိုလျှင်တော့ နှစ်ပေါင်း အတော် များများ ဆက်ထိန်းချုပ် ထားနိုင်ဖွယ်တော့ ရှိပါတယ်။ (၁၇) ရာစုအလယ်ပိုင်း လောက်ကစပြီး တောင်အာဖရိကနိုင်ငံမှာ စဉ်ဆက်မပြတ် အုပ်ချုပ်လာကြတဲ့ တောင်အာဖရိကနေ လူဖြူတွေအတွက် မခိုင်မာ၊ ပျော့ညံ့နေမယ်ဆိုရင် သူတို့အတွက် အခန်းကဏ္ဍ၊ နေစရာတောင် ရှိမယ်မဟုတ်ဘူး ဆိုတာ သိထားကြပါတယ်။

သမတရဲ့ (၃၅) မိနစ်တာ မိန့်ခွန်းအဆုံးမှာတော့ လူအားလုံးက အံ့အားသင့်ခဲ့ကြရပါတယ်။ ချက်ချင်း အပြောင်းအလဲ လာမယ် မဟုတ်ရင်တောင်မှ အပြောင်းအလဲတခုအတွက် အစနိဒါန်း စာမျက်နှာသစ်ကို ဖွင့်ခဲ့ပါပြီ။ တောင်အာဖရိက နိုင်ငံကို စနစ် ဟောင်းကနေ လူနေမှုဘဝအသစ်သို့ ပြောင်းလဲဖို့အတွက် တိုက်ဖြို တည်ဆောက်ကြတော့မယ့် အင်အားစုတွေကို ကြိုးဖြေ လွှတ်ပေးလိုက်သလို ဖြစ်သွားပါပြီ။

ဘဝချင်း မတူတဲ့ တောင်အာဖရိက နိုင်ငံသစ်တခုကို အတူတကွ တည်ဆောက်ကြဖို့ သမတသစ်က ကမ်းလှမ်း ဖိတ်ခေါ်လိုက်ပါ တယ်။ နိုင်ငံအသစ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ်။ အလံတော် အသစ်။ နိုင်ငံတော် သီချင်းအသစ်နဲ့ ဝိုင်းဝန်း တည် ဆောက်ကြဖို့ ဖိတ်ခေါ်လိုက်တာပါ။

ဒီကလပ်က ပေါက်ကွဲလုနီးနီး တောင်အာဖရိက အခြေအနေကို တံခါးဖွင့်ပေးခဲ့ပါတယ်။ သူရဲ့ ၁၉၉ဝ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ မိန့်ခွန်းက နိုင်ငံမှာ နောက်ပြန်ဆုတ်မရအောင် ပြောင်းစေခဲ့ပါပြီ။ အရပ် ပုပြတ်ပြတ်။ ခပ်ဖိုင့်ဖိုင့်၊ ခေါင်းပြောင်နေသူ။ သိပ်ထက်မြက်လှဟန် မရှိသူ သမတ၊ စကားပြောရင် စာကလေးကို ခေါင်းကို ဆတ်ကနဲ ဆတ်ကနဲ လှုပ်တတ်သူ သမတက နှစ်ပေါင်း (၃ဝဝ) ကျော် တည်မြဲနေခဲ့တဲ့ သမိုင်းကို ပြောင်းလဲ ပေးခဲ့ပါပြီ။

လွန်ခဲ့တဲ့ နှစ် (၃ဝ) က တရားမဝင်ကြေငြာခဲ့တဲ့ အဖွဲ့အစည်းတွေ မြေပေါ် ပြန်ရောက်လာပြီး၊ ဆွေးနွေးပွဲအသစ် တွေလည်း စတင်ဖြစ်လာပါတော့မယ်။ နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်လာကြပါတော့မယ်။ လူတွေက အံ့သြ မင်သက်နေကြ ပါတယ်။ နိုင်ငံအတွင်း ပြန်ကြည့်ရင် စိတ်နာစရာ၊ ကြေကွဲနာကျည်းစရာ၊ ယုံကြည်ချက် ပျက်လုအောင် နှိပ်စက်ညှဉ်းပမ်း ခံထားရရာ ဘဝကနေပြီးတော့ အပြောင်းအလဲတွေ ဖြစ်လာတော့မယ့် စိတ်လှုပ်ရှား စရာ၊ အာရုံဦး ရောင်နီကို တွေ့လာကြ ရပါပြီ။

ဒီ သမတသစ်ရဲ့ မိန့်ခွန်းကတော့ တောမီးပမာ ပြင်းထန်စွာ ပျံ့နှံ့ရိုက်ခတ်သွားပါတော့တယ်။ နောက်တပတ်မှာ တော့ ဒီမိန့်ခွန်းရဲ့ ဂယက်၊ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်ပြီး ပြောပြလိုပါသေးတယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

2 comments:

Moe Cho Thinn said...

အားကျလိုက်တာ..

Anonymous said...

ကျမတို့ ဆီမှာလဲ..
ဒီအခြေနေမျိုး ရှိခဲ့တယ်လေ..
၁၉၈၈ မတိုင်ခင်..
ဦးနေ၀င်းကြီး ရဲ့ ရေဒီယို က နေ ပြောကြားခဲ့ တဲ့
နောက်ဆုံး မိန့် ခွန်း...
ဒီမိန့် ခွန်းကြောင့် ပဲ...လူတွေ
ထောင်ပေါင်းသောင်းပေါင်း များစွာ
လမ်းမ ထက်တွေ တက်ပြီး
နိုင်ငံတော် သစ် တစ်ခု အတွက်
မျှော်လင့် ချက်တွေ ချ ပြခဲ့ ကြ တယ်...
ရောက် ..မရောက် က တော့ တစ်ပိုင်းပေါ့ နော်...

မမသီရိ

Recent Comments