Pages

Wednesday, February 11, 2009

နိုင်ငံသစ် မနက်ဖြန် (၁)


သောတရှင် မိတ်ဆွေများခင်ဗျား

ယခု စာအုပ်စင်ကဏ္ဍကနေ ကျနော်က တာဝန်ယူလို့ ဖတ်မိသမျှ ကောင်းနိုးရာရာ၊ မှတ်သားဖွယ်ရာ လေး တွေကို တာဝန် ယူ မိတ်ဆက်ပေးဖို့ အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ စားမြိန်ဖွယ် ဟင်းလျာ ကောင်းတွေကို တွေ့ရတဲ့အခါ မိတ်ဆွေတွေကို ဝေငှဖလှယ်ချင်သလိုပဲ၊ စာအုပ်ကောင်းလေးတွေ ဖတ်မိရင်လည်း မိတ်ဆွေ တွေကို ဝေငှဖလှယ်ချင်တဲ့ စိတ်က ကျနော့်မှာ ပေါ်ပေါ်လာတတ်ပါတယ်။ အခုလို အစီအစဉ်မှာ တာဝန်ယူ ရတော့ အတိုင်းထက် အလွန်ပေါ့ဗျာ။ ကျနော့် နာမည်ကတော့ အောင်သူငြိမ်းပါ။ ကျနော်က ရှေ့ဆက်လို့ ယခု "မိတ်ဆွေများသို့ စာလက်ဆောင်" လို့ အမည်ရတဲ့ ကဏ္ဍကလေး ကနေပြီး ရှေ့ဆက်လို့ ဖတ်မိတဲ့ စာအုပ်တွေထဲက ကောင်းနိုးရာရာများကို တင်ပြသွားဖို့ ရှိပါတယ်။

ယခု ပထမဦးဆုံးတင်ပြလိုတဲ့ စာအုပ်တအုပ်လည်း ရွေးထားပါတယ်။ စာအုပ်နာမည်က "မနက်ဖြန် ရောက်တော့ တိုင်းပြည် အသစ်တည်ကြလေပြီ (Tomorrow is another country: Inside Story of South Africa's Road to Change, Published by University of Chicago Press, 1996. ISBN# 0226768554, 9780226768557) လို့ အမည်ရတဲ့ စာအုပ်ပါ" ။ စာအုပ်ရေးသူ က ဝါရင့် သတင်းစာဆရာ အလက်စတာ စပါ့ခ် (Allister Sparks) ဖြစ်ပြီး၊ (၁၉၉၅) ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ပါ။ အဓိက အကြောင်းအရာကတော့ တောင်အာဖရိက နိုင်ငံမှာ အသားအရောင်ခွဲခြားရေး စနစ်ကနေ အပြောင်း အလဲတွေ ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းပါ။ ကျွန်တော်တို့ မြန်မာ ပရိသတ်အများစု ကတော့ တောင် အာဖရိက လွတ်မြောက်ရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားတို့၊ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့ ဆိုရင် မစိမ်းကြပါဘူး။

ကျနော်တင်ပြချင်တဲ့ စာအုပ်ရဲ့ ထူးခြားချက်ကတော့ ဒီလို တောင်အာဖရိက လူဖြူအစိုးရနဲ့ အေအန်စီ (ANC) လို့ ခေါ်တဲ့ အတိုက် အခံ အင်အားစုတွေအကြား ဆွေးနွေးပွဲတွေ မဖြစ်ခင်၊ ဖြစ်နေဆဲမှာလည်း နောက်ကွယ်မှာ အစိုးရ ထောက်လှမ်း ရေးဌာနတွေ၊ ပညာရှင်တွေ၊ ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင်တွေကြား ဖြစ်နေခဲ့တဲ့ လျှို့ဝှက်ဆွေးနွေးပွဲတွေ အကြောင်း အသေးစိတ်၊ အတွင်းကျကျ တင်ပြထားတာပါပဲ။ အခုလို မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှား နေတဲ့ ကာလမှာ အထူးပဲ သင့်လျှော်မယ်လို့ ယူဆမိပါတယ်။

စာရေးသူ အလက်စတာ စပါ့ခ် က တောင်အာဖရိက နိုင်ငံရဲ့အသားအရောင် ခွဲခြားရေးဝါဒ (Apartheid) နဲ့ပါတ်သက်ပြီး နှစ်ပေါင်း (၅၂) နှစ်ကြာ အစကနေအဆုံးအထိ ပြည်တွင်း ပြည်ပ သတင်းစာတွေမှာ ရေးသားခဲ့သူ ဖြစ်ပါတယ်။ သူက သက္ကရာဇ် (၂ဝဝဝ) ခုနှစ်တုန်းက မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ သွားခဲ့ဖူးပါတယ်။ ကံအကြောင်း မသင့်တော့ ဒေါ်စု ခရီးထွက် နေလို့ မတွေ့ဖြစ်ပါဘူး။ ဒီ ခရီးစဉ် မတိုင်ခင် ထိုင်းနိုင်ငံကို ရောက်လာတော့ မြန်မာအတိုက် အခံ အဖွဲ့တွေ နဲ့တော့ တွေ့ခဲ့ရပါတယ်။

တောင်အာဖရိကနိုင်ငံနဲ့ မြန်မာနိုင်ငံ ပြဿနာဟာ ထပ်တူမကျသော်လည်း လေ့လာစရာ အချက်အလက်တွေ ရနိုင်မယ် ယူဆလို့ ဒီစာအုပ်အကြောင်းကို သောတရှင် မိတ်ဆွေတွေကို မိတ်ဆက်ဝေငှ ပေးချင်တာပါပဲ။


နိုင်ငံရေးဟာ အတက်အကျ အပြောင်းအလဲများ အချိန်ပြည့် ဖြစ်ပေါ်နေတတ်တယ်။ အတိုက်အခံ ရန်ဖက် ပြုနေကြတဲ့ အင်အားစုတွေ အကြားမှာလည်း အာဏာ၊ အင်အားချိန်ခွင်လျှာ၊ က အမြဲတစေ အပြောင်း အလဲ ရှိနေတတ်တယ်ဆိုတာ ဒီစာအုပ်ကို ဆက်ဖတ်ရင် တွေ့ရပါလိမ့်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေဟာလည်း အတက်၊ အကျ ရှိတတ်ပါတယ်။ မျှော်လင့် ချက်တွေ ပွင့်လန်းနေတဲ့ ကာလမျိုး ရှိနိုင်သလိုပဲ၊ လမ်းစ မမြင်ရလောက်အောင် ပိန်းပိန်း ပိတ်မှောင်နေတဲ့ ကာလ မျိုးလည်း ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယခု ကျနော်တို့ နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ် အစိုးရ ကိုယ်စားလှယ် ဗိုလ်ချုပ် အောင်ကြည်တို့ ဆွေးနွေးစကားပြောနေချိန်၊ တချိန်တည်းမှာပဲ မြန်မာ စစ်အစိုးရက လမ်းပြ မြေပုံ နောက် အဆင့်တွေကို တဘက်သတ် သူ့ဘာသာချီတက်သွားဖို့ ပြင်ဆင်နေချိန်မှာ ဒီစာအုပ်ကတော့ အမြင် အသိသစ်တွေ ပေးနိုင်မယ် ယူဆပါတယ်။

ယခု စာအုပ်မှာတော့ အခန်း (၁၄) ခန်းခွဲလို့ စာရေးသူက တင်ပြထားခဲ့ပါတယ်။ ကျနော်တို့ သိကြတဲ့ ခေါင်းဆောင်ကြီး မင်ဒဲ လား၊ ဒီကလပ် သာမက နောက် ကွယ် ဘက်ပေါင်းစုံကနေ လှုပ်ရှားခဲ့ကြသူတွေ၊ သူတို့ စွန့်စား ဆောင်ရွက်ခဲ့ကြပုံ တွေကို ဖော်ပြထားပါတယ်။ စာအုပ်နဲ့ စာရေးသူကို ညွှန်းလို့ဖော်ပြနေရတာလည်း များပါပြီ။ ဒီတပတ်အတွက်တော့ စာအုပ်အဖွင့်မှာ အမှာသဖွယ် ရေးထားတဲ့ ကဏ္ဍလေးကိုပဲ မိတ်ဆက်ပေးရင်း ကျေနပ်ပါစေတော့ ခင်ဗျာ....

စာရေးသူကတော့ ထရောက်ငါး ငါးမျှားချိတ်တခု၏ ပုံပြင် ဆိုပြီး စိတ်ဝင်စားဖွယ် စာအုပ်ကို စလိုက်ပါတယ်။

၁၉၉၁ သြဂုတ်လ၊ နွေဦးရာသီ တရက်က အဖြစ်အပျက်ကို ဆွဲထုတ် ပြလိုက်ပါတယ်။ နောက်ခံအခြေအနေက တောင် အာဖရိက နိုင်ငံရဲ့ အသားအရောင်ခွဲခြားရေး ပဋိပက္ခ အဆင့်အမြင့်ဆုံး ရောက်နေခဲ့ပါပြီ။ လူဖြူအစိုးရက အာဏာကို ဆက်လက် ချုပ်ကိုင်ထားပေမယ့် နိုင်ငံတကာက ဝိုင်းဝန်း ပြစ်တင် ရှုပ်ချမှု ခံနေရတဲ့ အခြေအနေပါ။ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း ခံနေရပါပြီ။ လူမဲအာဖရိက တိုင်းရင်းသားတွေရဲ့ ဆန့်ကျင်အုံကြွမှုကလည်း တဖြည်းဖြည်း အရှိန်ရ ကြီးထွားလာနေပါတယ်။

လူဖြူအစိုးရနဲ့ အတိုက်အခံ အေအဲန်စီတို့အကြားမှာ ဆက်သွယ်ပေးပြီး နီးစပ်အောင် လုပ်ပေးနေသူတွေ လည်း ရှိပါတယ်။

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နစ္စဘတ် စတော့ဈေးကွက်မှာ စတော့ရောင်းဝယ်နေသူ စီးပွားရေးသမား မိတ်ဆွေ ဆစ်ဒနီ ဖရန်ကယ်က နှစ်ဖက် ကို မသိအောင် ဖိတ်ကြားပြီး သူ့အိမ်မှာ တွေ့ဆုံစေတဲ့ အဖြစ်အပျက်ကလေးတခုနဲ့ စထားပါတယ်။ သူတို့ အားလပ်ရက်မှာ ထရန့်စ်လို ဗီးလ်လို့ခေါ်တဲ့ òမိ့မှာ ရှိတဲ့ အပန်းဖြေစရာ ဇိမ်ခံအိမ်မှာ ထရောက်ငါးမျှားကြဖို့ ဖိတ်ထား ခဲ့ပါ တယ်။

လူဖြူအစိုးရဘက်က ရိုဖ့် မေယာကရဟတ်ယာဉ်တစင်းနဲ့ လာခဲ့ပါတယ်။ သူနဲ့ အတူသူ၏ သားငယ် (၂) ဦးလည်း ပါလာခဲ့ပါ တယ်။ ရိုဖ်မေယာက ဒီ အချိန်မှာ တောင်အာဖရိက လူဖြူအစိုးရရဲ့ ဖွဲ့စည်းပုံ အခြခံ ဥပဒေ ရေးဆွဲရေး ဆိုင်ရာ ဒု-ဝန်ကြီး အဖြစ် တာဝန်ယူထားသူပါ။ ထို့အပြင် တောင်အာဖရိက လူဖြူ အစိုးရနဲ့ အာဖရိကအမျိုးသား ကွန်ဂရက် (အေအဲန်စီ) အကြား ဆွေးနွေးပွဲတွေ ဖြစ်မြောက်စေရေးအတွက် တာဝန်ခံ အဖြစ် တာဝန်လည်း ယူထားပါတယ်။

အိမ်ရှင် ဖရန်ကယ်ကလည်း သူ့ဇနီး၊ သူ့သမီးနဲ့အတူ óကိစောင့်နေကြပါတယ်။ ဖရန်ကယ်က ထရောက်ငါးမျှားဖော် မျှားဖက် မိတ်ဆွေကြီး စီရေး ရာမာဖိုဆာ ကိုလည်း ဖိတ်ထားလို့ ရောက်နှင့်နေပါပြီ။ ရာမာ ဖိုဆာက အေအန်စီရဲ့ အထွေထွေအတွင်း ရေးမှူး ဖြစ်သလို၊ အာဖရိကန်ကွန်ဂရက် အတွက် ပင်မဆွေးနွေးရေးတာဝန်ခံ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခြားဧည့်သည် ဘယ်သူလာမယ်ဆိုတာ óကိတင် အသိပေးမထားခဲ့ပါဘူး။ စီရေးလ် ရာမာဖိုဆာနဲ့ အတူ သူ့ဇနီး "နိုမာဇီဇီ" လည်း ကြိုရောက် နေပါတယ်။ နောက်တော့မှ အသိပေးလိုက်တော့ သူလည်း စိတ်မသက်မသာနဲ့ စောင့်နေရပါတယ်။

ဒီအချိန်မှာပဲ ရဟတ်ယာဉ်က ရောက်အလာ၊ မျက်ခင်းပေါ်မှာ ပြေးဆော့နေတဲ့ ဖရန်ကယ်ရဲ့ (၁ဝ) နှစ်အရွယ်သမီး ဆူဆန်က ကျွမ်းထိုးနေရာက ချော်လဲပြီး လက်ကျိုးသွားတာနဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ ဒဏ်ရာကလည်း ဆိုးတော့ အိမ်ရှင်လုပ်သူ မိဘ များကလည်း စိတ်ပူပန်နေကြပါတယ်။ ရဟတ်ယာဉ် ရပ်တာနဲ့ သမီးကိုတင်ခွင့်တောင်းပြီး ဆေးရုံ လိုက်ပို့ကြရပါတော့တယ်။ ဒီအခါ လူဖြူအစိုးရဘက်က ရို့ဖ်မေယာနဲ့ အတိုက်အခံ အေအင်န်စီဘက်က ရာမာဖိုဆာ ဧည့်သည် (၂) ဦးနဲ့ သူတို့၏မိသားစု တွေသာ အိမ်မှာ ကျန်ခဲ့တဲ့ အခြေအနေ ဖြစ်လာရပါတော့တယ်။

ရို့ဖ်မေယာက ငါးမျှားတဲ့ကိစ္စ လုံးဝ သိတဲ့သူ မဟုတ်ပါဘူး။ သားတွေက အတင်းလာဆွဲခေါ်ကြတော့ သူလည်း ငါးမျှားဖို့ ထလိုက် ရပါတော့တယ်။ ဒီအခါမှာ ငါးမျှားကျွမ်းကျင်သူ ရာမာဖိုဆာလည်း ထလိုက်လာရ ပါတယ်။ ငါးမျှားဖို့ လုပ်နေတုန်း မှာပဲ ရို့ဖ် မေယာရဲ့ ဘယ်ဖက်လက်ထဲကို ငါးမျှားချိတ်ကြီးက မတော်တဆလွဲပြီး စိုက်ဝင်သွားခဲ့ပါတယ်။ ငါးမျှားချိတ် ဝင်သွားတာက လည်း အတော်နက်တော့ တဖွဲ့လုံး တပ်ဆုပ်လို့ အိမ်ကို ပြန်လာခဲ့ကြရပါတယ်။

အတိုက်အခံ အေအင်န်စီ၊ ရာမာဖိုဆာရဲ့ ဇနီး နိုမာဇီဇီက သူနာပြုဆရာမတဦးပါ။ ငါးမျှားချိတ်ကို ထုတ်ယူဖို့ ကြိုးစားကြ ပါတယ်။ တနာရီကျော်ကြာ အထိ မရပါဘူး။ ရိုဖ်မေယာကလည်း နာကျင်တာနဲ့ ဖြူလျှော်လျှော် ဖြစ်လာပါတယ်။ ဒါနဲ့ စီရေးရာမာဖိုဆာက ဝင်ရပါ တော့တယ်။

" ရို့ဖ် ... ဒီတခါတော့ တနည်းပဲရှိတော့တယ်" သူက ဝီစကီခွက် တဝက်ခန့်ကို ရို့ဖ်အတွက် ငှဲ့ပေးပြီး၊ ပလိုင်ယာတချောင်း နဲ့ အင်အားသုံး ဆွဲထုတ်ရပါတော့တယ်။ "ခင်ဗျား အရင်က အေအဲန်စီကလူတွေကို မယုံဘူးဆိုရင်တော့ ဒီတခါတော့ ယုံကြည် ပေတော့" လို့ပြောပြီး ငါးမျှားချိတ်ကို အားသုံး ဆွဲထုတ်လိုက်ရပါတော့တယ်။

နိုမာဇီဇီက ဒဏ်ရာက ထွက်လာတဲ့ သွေးတွေကို စည်းနှောင်ပေးနေတုန်း ရို့ဖ်မေယာကလည်း အသံသဲ့သဲ့နဲ့ ရာဖာမိုဆာကို ပြန်ပြောပါ တယ်။ "ဟေး စီရေးလ် ... ငါမင်းတို့ကို မယုံဘူးလို့နောက်နောင် မပြောပါနဲ့တော့”လို့ ဆိုလာပါတယ်။ ဒီမှာပဲ သူတို့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို တည်ဆောက်မိသွား ကြပါတော့တယ်။

နောက် (၁ဝ) လကြာတဲ့အခါမှာတော့ ရို့ဖ်မေယာက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ဆိုင်ရာ ဝန်ကြီးဖြစ်လာပါတယ်။ အစိုးရဖက်က ဆွေးနွေးပွဲဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်လာပါတယ်။ စီရေးလ် ရာမာဖိုဆာလည်း အတိုက်အခံတွေဖက်က အရေးပါတဲ့သူ တဦးဖြစ်လာပါတယ်။ သုံးနှစ်အကြာ နိုင်ငံသစ်တခု မွေးဖွားလာဖို့အတွက် သူတို့ နှစ်ဦး ကြိုးပမ်းမှုက အတော်လည်း အရေးပါခဲ့ကြပါတယ်။ စာရေးဆရာကတော့ ငါးမျှားချိတ်က စတဲ့ ဇာတ်လမ်းဆိုပြီး ဖွဲ့နွဲ့လိုက်တာပါ။

ရှေ့အပတ်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ ပဋိပက္ခ၊ ပြဿနာဖြစ်ရပုံ နောက်ခံသမိုင်းလေးကို ဆက်လက် တင်ပြသွား ပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments