Wednesday, February 11, 2009
ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့မြစ် (၂)
သောတရှင် မိတ်ဆွေများခင်ဗျား
ဦးသန့်မြင့်ဦးရဲ့ ခြေရာဖျောက်မြစ် (The River of Lost Footsteps) စာအုပ်မှာ ပထမအခန်း ကို ပါတော်မူခန်း ကာလ အခြေအနေနဲ့ စခဲ့ပါတယ်။ ကျနော်တို့ကတော့ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကျငှန်းနဲ့ မင်းနေပြည်တော်လို့ မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် သီပေါမင်းပါတော် မမူမီ ကာလ အခြေအနေကို စာရေးသူက မထောက်မညှာဘဲ တင်ပြခဲ့ပါတယ်။ တချိန်က ဗမာမင်း တွေရဲ့ အင်ပိုင်ယာချဲ့ထွင်ရေးစိတ်ကူးတွေဟာ ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်တွေ မှာ အင်္ဂလိပ်-မြန်မာ ပထမ-ဒုတိယစစ်ပွဲတွေ ရှုံးပြီးတဲ့ကာလမှာတော့ ရပ်ဆိုင်းထားခဲ့ရပါပြီ။
ကမ်းရိုးတန်းတလျှောက်ကို သိမ်းပိုက်ထားတဲ့ ဗြိတိသျှ တွေက မြန်မာနိုင်ငံစီးပွားရေးကို ထိန်းချုပ်ထားနိုင်ခဲ့ သလို၊ အိမ်နီးချင်း တရုတ်နိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်မီး ကြောင့် လည်း သက်ရောက်ရိုက်ခတ်မှုတွေ ရှိနေခဲ့ပါတယ်။ နန်းတွင်း အရှုပ်တွေပုံတွေကလည်း ရှိနေပါသေးတယ်။
ပြောရရင် အင်းဝရွှေနန်းတော်ရဲ့ စီးပွားရေးအခြေအနေက ယိုယွင်းကျဆင်းနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖောက် ပြန်ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ အယ်လ်နီနို (Al Nino) အပူလှိုင်းကြောင့်လည်း မိုးခေါင်ရေရှားဒဏ်ကို ဆိုးဆိုး ရွားရွား ခံစားနေခဲ့ကြရပါတယ်။ အထက်မြန်မာနိုင်ငံက နိုင်ငံရေးအရ ခိုလှုံလာသူ ဒုက္ခသည်တွေ၊ စီးပွားရေးအရ ပြောင်းရွှေ့လာသူ တွေကလည်း ဗြိတိသျှတွေ ထိန်းချုပ်ထားတဲ့ ကမ်းရိုးတန်းဒေသတွေဆီကို တဖွဲဖွဲ ပြောင်းရွှေ့ အခြေချ လာနေကြပါတယ်။ ပြောရကြေးဆိုရင်လည်း ဗြိတိသျှတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေက ပိုလို့ လုံခြုံရေးရှိသလို လုပ်စားကိုင်စား ပိုကောင်း သလိုတောင် ဖြစ်နေခဲ့တယ် ဆိုပါတယ်။ မြန်မာအစိုးရအဖို့ကတော့ အထွေထွေ ဖက်ပေါင်းစုံ အကျပ်အတည်းတွေ ကြုံနေရတဲ့ ကာလပါ။
ဒီအချိန်မှာ မြန်မာနိုင်ငံကို ကျူးကျော်လာတော့မယ့် ဗြိတိသျှကိုလိုနီတွေဖက်က အခြေအနေကိုလည်း စာရေး သူက နှိုင်းယှဉ် တင်ပြထားခဲ့ပါတယ်။ မြန်မာပြည်ကို သိမ်းပိုက်လာမည့် စစ်ဗိုလ်ချုပ် ဟယ်ရီ ပရင်ဒါဂတ်စ် က ထူးချွန်နာမည် ကြီးနေတဲ့ စစ်သားပါ။ အိန္ဒိယတပ်တွေ ပုန်ကန်မှုကို နှိမ်နင်းခဲ့ဖူးသလို၊ အဘစ်ဆီးနီးယားဒေသကိုလည်း ကျူးကျော် သိမ်းပိုက် အောင်မြင် ထားတဲ့သူပါ။ သူကိုယ်၌က မြန်မာပြည်ကို ကျူးကျော်ရေးအတွက် စိတ်ဝင်တစားဖြစ်နေသလို၊ ကိုယ်တိုင် ဘယ်သူမှ မခိုင်းဘဲ ကင်းထောက် အချက်အလက်စုဆောင်းထားတာ တွေ ရှိနေပါတယ်။ သူက စနစ်တကျ ပြင်ဆင်အစီအစဉ်ချပြီး၊ လိုအပ်တဲ့ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေ ဖြတ်ပြီးတဲ့ အခါမှာတော့ အဆင်သင့်လို ဖြစ်နေပါပြီ။ သူ့ရဲ့ ဗမာပြည်သိမ်း ရှေ့တန်းတပ်ဖွဲ့မှာ စစ်သားအင်အား ၁၀,၀၀၀ ပါပြီး ခြေလျှင်တပ်မ ၃ ခုပါပါတယ်။ မြန်မာပြည်သိမ်း စစ်ဆင်ရေးက နောက်နောင်မှာ စစ်ကျောင်း တွေ သင်ရမယ့် တကယ့်အစီအစဉ်တကျမျိုးဖြစ်အောင် သူက ပြင်ဆင်ခဲ့ပါ တယ်။ နောက်ဆုံးပေါ် စစ်လက်နက်တွေ ကိုလည်း စမ်းသုံးဖို့ ပြင်ထားခဲ့ပြီး သူ့ရဲ့ ရေတပ်မီးသင်္ဘောတွေက ၅ မိုင်ကျော် ရှည်လျားတယ်လို့ ဆိုပါတယ်။ အဲသည် အချိန်က မက်ဇင် (Maxim) လို့ခေါ်တဲ့ ကျည်တွဲနဲ့ ပစ်ရပြီး တမိနစ်ကို ကျည် ၅ဝဝ ကျော်ပစ်နိုင်တဲ့ နောက်ဆုံးပေါ် စက်သေနတ်ကိုလည်း မန္တလေး တိုက်ပွဲမှာ စမ်းသုံးကြည့်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။
တဖက်မှာ ဗြိတိန်မှာရှိနေတဲ့ အစိုးရကိုလည်း ကြည့်ရအောင်ပါ။ အဲသည်အချိန်က ဝန်ကြီးချုပ်က ကွန်ဆာဗေးတစ်ပါတီက ရန်းဒေါ့ဖ် ချာချီ ပါ။ နောက်ပိုင်း လူသိများတဲ့ ဝန်ကြီးချုပ် ဝင်စတန်ချာချီ ရဲ့ ဖခင်ဖြစ်သူပါ။ ၁၈၈၅ ခုနှစ်ကာလ အစက ဗြိတိန် အတွက် အခြေအနေမလှတဲ့ နှစ်လို့ဆိုရင်ရပါတယ်။ တရုတ်နိုင်ငံမှာ လယ်သမား သူပုန်ကို နှိမ်နင်းနိုင်ခဲ့တဲ့ ဗြိတိသျှ တိုက်တိုင်း အောင်တပ်က အာရှမိုင်းနားဒေသ အီဂျစ်မှာ အလဲအကွဲဖြစ်ခဲ့ရ ပါတယ်။ သတင်းစာတွေက ရေးကြတော့လည်း အရှက်ရစရာ အခြေအနေပါ။ တဖက်မှာ အမေရိကန်က အင်အားတက်လာပြီး စီးပွားရေး-နယ်မြေရေးရာတွေမှာလည်း အပြိုင်ဖြစ်လာနေ ပါပြီ။ ပြည်တွင်းမှာ စီးပွားကျ ဆင်းနေပြီး အိုင်ယာလန်သူပုန်ထမယ့် အရေးလည်း ရှိနေပါတယ်။
မြန်မာပြည်ကို သိမ်းပိုက်မယ့် အရေးကတော့ အကြောင်းပြချက်တော့လည်း လိုပါသေးတယ်။ အဲဒီအချိန်မှာ နန်းတွင်း အရှုပ် တော်ပုံကြောင့် မင်းညီမင်းသားတွေကို သီပေါဘုရင်က ရိုက်သတ်တဲ့ကိစ္စတွေကလည်း အိန္ဒိယ သတင်းစာတွေမှာ ဖော်ပြ ရေးသားခဲ့ကြပြီး မြန်မာနိုင်ငံအဖို့ အတော့်ကို အမြင်မကောင်းဖွယ် ဖြစ်နေရတဲ့ အခြေအနေပါ။ ဥရောပတိုက်သား တွေ အမြင်မှာတော့ သီပေါဘုရင်က မူးယစ်ဖိနှိပ်နေတဲ့ အရည်မချင်း မရှိတဲ့ ဘုရင်ပါ။ တဖက်မှာလည်း အဲသည် အချိန်က စကော့လူမျိုး တောင်အာဖရိကကို စူးစမ်းလေ့လာခဲ့သူ ပညာရှင် အာချီဘော ကိုလ်ကူဟွန်း (Archibald Colquhoun) ရဲ့ စာအုပ်တွေကလည်း သူ့အပေါ် သြဇာသက်ရောက်မှု ရှိခဲ့တယ် ဆိုပါတယ်။ ပညာရှင် အာချီဘောက မြန်မာနိုင်ငံနဲ့ ဗမာ လူမျိုးအကြောင်းတွေ ရေးခဲ့ဖူးပြီး၊ သူက မြန်မာပြည်ဟာ ကမ္ဘာ့ အကောင်းဆုံး တံခါးမဖွင့်ရသေးတဲ့ ဈေးကွက်ကြီးလို့ ဆိုခဲ့ပါတယ်။ ဗြိတိသျှကူးသန်း ရောင်းဝယ်ရေးနဲ့ စက်မှု လုပ်ငန်းတွေ ပြန်ခေါင်းထောင်လာစေဖို့ ဒီလမ်းကို ဖြတ်ရလိမ့် မယ်လို့ ဆိုပါတယ်။ မြန်မာဘုရင်ကို ဖြုတ်ချခဲ့ရင် မြန်မာပြည်ဟာ ဗြိတိန်ရဲ့ မိတ်ဆွေကောင်းဖြစ်လာမယ်။ အိမ်နီးချင်း တရုတ်နိုင်ငံက အခွင့်အလမ်း၊ ကြွယ်ဝမှုတွေ နှိုက်ယူဖို့လည်း လမ်းပေါက်ပဲလို့ ရေးခဲ့ပါတယ်။
ဒါပေမယ့် ချာချီက လွတ်လပ်တဲ့ နိုင်ငံတခုကို အလကားနေရင်း စစ်ကြေညာလို့ မရပါဘူး။ မဟာဗျူဟာမြောက် အကျိုးစီးပွား တွေကလည်း လိုပါသေးတယ်။ အဲသည်အချိန်မှာ ပရပ်ရှားအင်ပိုင်ယာကို စစ်ရှုံးခဲ့တဲ့ ပြင်သစ်က ဥရောပဒေသ အပြင်ဖက် အာရှတိုက်မှာ အင်အားပြန်ပြဖို့ ကြိုးစားနေခဲ့ပါတယ်။ ဗီယက်နမ်၊ အာနန်၊ တုံကင် ဒေသတွေ၊ ကမ်ဘောဒီးယား၊ လာအိုဒေသ တွေကို သြဇာချဲ့ထားပါပြီ။ ပြင်သစ်ကို အင်ဒိုချိုင်းနားကို ပေးထားတာ တော်လှပြီ။ သီပေါမင်းနန်းတော်ကို ခြေရှုပ်လာတာကို တော့ ဗြိတိသျှက သည်းညည်းခံကြည့် မနေနိုင် တော့ပါဘူး။
ဒါပေမယ့် ပြင်သစ်က ခြေရှုပ်တာထက်စာရင် မြန်မာဖက်က သံတမာန်ရေး ခုခံဖို့ ဆက်စပ်ခဲ့တာလို့လည်း ဆိုပါတယ်။ မြန်မာ ပြည်ကို အချုပ်အခြာပိုင် နိုင်ငံတခုအဖြစ် အသိအမှတ်ပြုဖို့ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး မှာ အင်းဝရွှေနန်းတော်က သံအဖွဲ့တွေ ဥရောပကို လွှတ်ခဲ့ပါတယ်။ အင်္ဂလန်ကတော့ မြန်မာပြည်အရေးကို ကလကတ္တားမှာရှိတဲ့ အိန္ဒိယအစိုးရကသာ တဆင့်ကိုင် တွယ်မယ်။ လန်ဒန်က နိုင်ငံခြားရေးရုံးက မကိုင်တွယ်ဖူး ဆိုပါတယ်။ တနည်းပြောရရင် အချုပ်အခြာ အာဏာ ပိုင် နိုင်ငံတခု အဖြစ် အသိအမှတ် မပြုတာပါပဲ။ သည် တော့လည်း မြန်မာဘုရင်က ပြင်သစ်ဖက်ကို လှည့်ရပါတယ်။ နောက်ပိုင်းတော့ စစ်ကြေညာစရာ လက်ငင်း အကြောင်းတွေ ဖြစ်လာတဲ့ ဘုံဘေဘားမား သစ်ကုမ္ပဏီ အငြင်းပွားမှု တွေအကြောင်းတွေ အရှည်မပြောလို တော့ပါဘူး။
ဒီလိုနဲ့ မြန်မာပြည်သိမ်း စစ်ဖြစ်လာပါတော့တယ်။ ဒီနေရာမှာ စာရေးသူက လျှို့ဝှက်သည်းဖို ချစ်ဇတ်လမ်းတခု ကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။ အကြောင်းကတော့ မြန်မာဘုရင့် မိဘုရားရဲ့ ကိုယ်လုပ်မောင်းမတွေ ထဲ မှာ မက်တီ ကာလို ဂရိဒီလို့ ခေါ်တဲ့ မန္တလေးဖွား ဂရိ-မြန်မာကပြား အမျိုးသမီးတဦး ရှိခဲ့ပါတယ်။ သူက ဘုရင် ခန့်ထားတဲ့ ပြင်သစ် အင်ဂျင်နီယာ တယောက်နဲ့လည်း မေတ္တာမျှကြပါသတဲ့။ နောက်တော့ ပြင်သစ် အင်ဂျင်နီယာက ပြန်သွားပြီးတဲ့နောက် ပြင်သစ်မှာ အခြား တယောက်နဲ့ လက်ထပ်ခဲ့တယ် ဆိုပါတယ်။ သည်တော့ အသည်းကွဲရတဲ့ မက်တီက အမျက်ကြီးပြီး ပြင်သစ်ကို လက်စားချေဖို့ ကြံတယ်လို့ ဆိုပါတယ်။ သူက ဘုရင့် နန်းတော်အရာရှိတွေထဲက အင်္ဂလန်ကို ကျောင်းတက် ပညာတော်သင်သွားဖူးတဲ့၊ ၁၈၇၂ မှာ ဗြိတိန်ဘုရင်မ ဝိတိုရိယကို သံအဖွဲ့နဲ့အတူ ပါသွားဖူးတဲ့ နေမျိုးသိဒ္ဓိ ကျော်ထင် ကို မေတ္တာရှိဟန်ဆောင်ပြီး ရွှေနန်းတော်ရဲ့ လျှို့ဝှက်ချက်တွေ ခိုးယူ၊ အင်္ဂလိပ်ဆီကို အီတလီလူမျိုးသူလျှို ဂျီယိုဗန်နီ အင်ဒရီနို ကတဆင့် ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ လျှို့ဝှက်အကြောင်းကတော့ ပြင်သစ်ကနေ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဆီကို ရေးတဲ့စာလို့ ဆိုပါ တယ်။ ပြင်သစ်က မြန်မာ ဘုရင်ဆီကို မဲခေါင် တုံကင်ဒေသကနေ လျှို့ဝှက် လက်နက်တွေ ထောက်ပံ့ ပေးမယ်။ အပြန်အလှန် အနေနဲ့ မြန်မာဘုရင်က ပြင်သစ်ကို ကျောက်စိမ်းဈေးကွက် လက်ဝါးကြီး အုပ်ခွင့် ပေးဖို့လို့ ဆိုပါတယ်။
ဒီအချက်က ဘယ်လောက် သြဇာသက်ရောက်မှုရှိတယ်တော့ သေချာ မပြောနိုင်ပါဘူး။ နောက်ဆုံး ၁၈၈၆ ခုနှစ် နိုဝင်ဘာ ၂၈ နေ့မှာတော့ ဗိုလ်ချုပ်ပရင်ဒါဂတ်စ် မန္တလေးကို ခြေချလို့ မြန်မာနန်းကို သိမ်းပိုက်ခဲ့ပါတော့ တယ်။ မြန်မာတွေဖက်က တတ်နိုင် သမျှ ခုခံခဲ့ကြပေမယ့်လည်း မြန်မာပြည်သိမ်းစစ်ပွဲက ထင်သလောက် မကြာ ခဲ့ပါဘူး။ ဒီလိုနဲ့ သီပေါဟာ မြန်မာ တွေရဲ့ နောက်ဆုံးမင်းဆက်ဖြစ်ခဲ့ရပြီး မြန်မာပြည်ဟာလည်း သူ့ကျွန်ဘဝ ရောက်ခဲ့ရပါတော့တယ်။ နောက်တပတ်မှာတော့ ဒီစစ်ပွဲ ကာလ နန်းတွင်းအခြေအနေတွေနဲ့ ပါတော်မူနောက်ပိုင်း အခြေအနေတွေကို ဆက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment