Friday, February 13, 2009
ပျောက်ဆုံးသွားတဲ့ ခြေရာတွေနဲ့ မြစ် (၅)။ ပုဂံရွှေပြည်အစ၊ ပထမ မြန်မာများ
သောတရှင် မိတ်ဆွေများခင်ဗျား
ဆိုပါစို့၊ သမိုင်းအထာက်အားအရ ပြန်ကြည့်ရင် လွန်ခဲ့တဲ့ နှစ် (၂ဝဝဝ) လောက်က ကမ္ဘာ့မြေပုံ ကို ပြန်ကြည့်ရင် ကမ္ဘာ ပေါ်မှာ အင်ပိုင်ယာကြီး ၄ ခုပဲရှိ တာတွေ့ကြရပါလိမ့်မယ်။ ရောမ၊ ပါရှား၊ အိန္ဒိယမှာရှိတဲ့ မောရိယအင်ပိုင်ယာနဲ့ တရုတ်က ဟန်အင်ပိုင်ယာတို့ ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအင်ပိုင်ယာတွေကြားမှာ လစ်ဟနေတဲ့၊ သူတို့သြဇာ လွှမ်းခြုံသက်ရောက်မှု မရှိတဲ့ ဒေသတွေလည်း ရှိပါသေးတယ်။ မြောက်ဖျား တိဘက်ဒေသကနေ၊ ဧရာဝတီမြစ်ဝှမ်းလွင်ပြင် အထိဒေသတွေ ဟာလည်း ဒီလို အင်ပိုင်ယာတွေရဲ့ သြဇာကင်းတဲ့ ဒေသတွေထဲမှာ တခု အပါ အဝင်ပါ။ ဒီဒေသတွေမှာ တချိန် မြန်မာ ဖြစ်လာမယ့်လူတွေရဲ့ ဘိုးဘေးတွေ နေထိုင်ခဲ့ကြပါ တယ်။
ဒါပေမယ့် ဧရာဝတီမြစ်ဝှမ်းဒေသက ယဉ်ကျေးမှု၊ ကုန်သွယ်ရေး လမ်းကြောင်းတွေကတော့ တစုံတရာ ဖွံ့ဖြိုးနေပါပြီ။ ခရစ် မပေါ်မီ ၁၃၉ ခုနှစ် ဘီစီမှာ တရုတ်အရာရှိ ချန်ကျီယန် (Zhang Qian) က အင်ပိုင်ယာမြို့တော်ကနေ နောက်လိုက် နောက်ပါ တွေနဲ့ လူသူမပေါက်သေးတဲ့ အနောက်ဖက်ဒေသကို ခြေဆန့်ခဲ့ပါတယ်။ သူက အိန္ဒိယ၊ နောက်ဆုံး ဒီနေ့ အာဖဂန်နစ္စတန်အထိ ခြေဆန့်နိုင်ခဲ့ပါတယ်။ ဧရာဝတီမြစ်ဝှမ်းဒေသကတဆင့် အိန္ဒိယနဲ့ ကုန်သွယ်နိုင်တဲ့ လမ်းကြောင်း ကိုလည်း တွေ့ခဲ့ပြီး၊ ကုန်သည် တွေက အရင်ပေါက်ရောက်နှင့်တဲ့အကြောင်း၊ ဒီ ဒေသက ဆင်စွယ်၊ အဖိုးတန် ကျောက်မြက် တွေ၊ ရွှေငွေ၊ အကောင်ငယ် ပေမယ့် သန်မာတဲ့ မြင်းတွေ၊ သူတို့ တန်ဖိုးထားကြတဲ့ ကြံ့ချိုတွေ ကုန်သွယ်နိုင်တဲ့အကြောင်း ကိုလည်း တရုတ်ဘုရင့်ထံ ပြန် သံတော်တင်နိုင်ခဲ့ပါ တယ်။
ရောမအရှေ့ဖက်က ဖြစ်နိုင်တာက အလက်ဇန်းဒါးဘုရင်ရဲ့ သံအဖွဲ့တွေကလည်း ခရစ်ပေါ်ပြီး အေဒီ ၉၇ မှာ ဧရာဝတီ မြစ်ဝှမ်း ဒေသကို ဖြတ်လို့ တရုတ်ဆီကို သံအဖွဲ့သွားခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ လှေသင်္ဘောတွေ ပေါ်လာတော့ မလက္ကာ ရေလက်ကြားကတဆင့် ရေလမ်းခရီးကို အသုံးပြုနိုင်ခဲ့ကြပေမယ့် သေချာတာက တချိန်က မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသဟာ ကုန်သည်တွေ၊ ခရီးသွားတွေအတွက် လမ်းမကြီးပေါ်မှာတည်ရှိ စည်ပင်ဖွံ့ဖြိုးခဲတယ် ဆိုတာပါပဲ။
မြန်မာတွေ လက်ခံယုံကြည် ပြောဆိုလာခဲ့ကြသလို ကုန်သည် ၂ ဦးဖြစ်တဲ့ တဖုဿနဲ့ ဘာလိကတို့ ညီနောင် ၂ ဦးက ဗုဒ္ဓနဲ့ ကိုယ်တိုင် ကိုယ်ကျတွေ့ဆုံလို့ အပြန်မှာဆံတော် ၈ ဆူကို ပူဇော်သယ်ဆောင်လာပြီး ရွှေတိဂုံဘုရား ကို တည်ခဲ့ကြတယ် ဆိုပါတယ်။ ဒါပေမယ့် ဒီကနေ့ ကျနော်တို့အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်က လွန်ခဲ့တဲ့ နှစ် ၅ဝဝ လောက်က တည်ခဲ့တဲ့ ဗိသုကာ လက်ရာတွေဖြစ်ပါတယ်။ ယခင်ရှေးဟောင်းလက်ရာတွေက အတွင်းမှာ ဌာပနာ ကျန်ရစ်နိုင်သလို မူလက ဘယ်လိုပုံရှိမယ် ဆိုတာ မပြောနိုင်ကြပါဘူး။ ဒါပေမယ့် သေချာတာ ကတော့ ဗုဒ္ဓဘာသာဟာ မြန်မာ့မြေထဲကို အစောကြီး ကတည်းက ရောက်နေနှင့်နိုင်ပါတယ်။ ဒါပေမယ့် စာရေး သူ ဦးသန့်မြင့်ဦးက မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်လာပုံက နှောင်းပိုင်းကာလမှ ရောက်လာတာဖြစ်နိုင်ပြီး၊ ကုန်းလမ်းခရီးထက်စာရင် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်လာတဲ့ ရေလမ်း၊ အိန္ဒိယတောင်ပိုင်း ဗုဒ္ဓဘာသာက နေ ဆင်းသက်လာတယ်လို့ ယူဆပါတယ်။ ဘင်္ဂလားပင်လယ် အော်ကို ဖြတ်လို့ ကုန်သွယ် ကြရင်း ဗုဒ္ဓဘာသာ သာမက ဟိန္ဒူအနုပညာနဲ့ အခြားတတ်ကျွမ်း လေ့လာစရာတွေကို ရယူခဲ့ပုံရတယ်လို့လည်း သုံးသပ် ပါတယ်။ ဒီလို ယူဆောင်လာတဲ့ ကိုးကွယ်ယဉ်ကျေးမှု၊ အနုပညာတွေကို ဧရာဝတီ မြစ်ဝှမ်းဒေသမှာ ရှိပြီးသား ယဉ်ကျေးမှု နဲ့ပေါင်းစပ်ခဲ့ကြပါတယ်။
ဒီအချိန်မှာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းသွားလာနေတဲ့ ရေလမ်းက ပုံမှန် အသုံးပြုနေကြ ဖြစ်ဟန်တူပါတယ်။ ပထမ ထောင်စုနှစ်ရဲ့ အစောပိုင်းရာစုတွေကို ပြန်ကြည့်ရင် အရှေ့တောင် အာရှဒေသ၊ အထူးသဖြင့် ဂျာဗား၊ ကမ်ဘော ဒီးယား၊ ဆူမတြာ၊ ဆိုင်ယမ် (ဒီနေ့ထိုင်း) နဲ့ မြန်မာ မင်းတွေက အိန္ဒိယဘွဲ့ကို ခံကြသလို၊ အိန္ဒိယအနုပညာ ဆောက်လုပ်ရေး ဗိသုကာ ပညာတွေကို လည်း အလေးထားအတုယူခဲ့ကြတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ပြည်အရပ်က အုပ်ချုပ်သူတွေကိုယ်၌က ဝိကရမ်၊ ဝါမန် စတဲ့ အိန္ဒိယ အမည်တွေ ခံခဲ့ကြပါတယ်။ အေဒီ ၄ ရာစုမှာတော့ ဧရာဝတီမြစ်ဝှမ်းဒေသတခုလုံးမှာ တောင်ပိုင်း ဗုဒ္ဓဘာသာကို လက်ခံ ယုံကြည်နေကြပြီလို့ ဆိုပါတယ်။ ဒါကိုလည်း တရုတ်ခရီးသွားရဲ့ မှတ်တမ်းမှာ ထည့်သွင်းဖော်ပြခဲ့ ပါတယ်တဲ့။
ဒါပေမယ့် ဘီစီအစောပိုင်းကာလတွေနဲ့ ခရစ်တော်ပေါ်ပြီး အေဒီ ၉ ရာစုအကြားမှာတော့ ဧရာဝတီမြစ်ဝှမ်း ဒေသကို မြောက် အရပ်၊ ဟိမဝန္တာတောင်ခြေက အင်အားသစ်၊ အုပ်စုသစ်က ထိုးဝင်လာခဲ့ပါတယ်။ အဲဒါကတော့ ဒီနေ့မြန်မာ ဖြစ်လာမယ့် အုပ်စုပဲ ဖြစ်ပါတယ်။
အေဒီ ၈ ရာစုမှာ မူစလင်တပ်တွေက ဥရောပ စပိန်အထိ ချဲ့ထွင်တိုက်နေတဲ့အချိန်မှာ ဒါလီကန်အနီးက ၆ ပြည်ထောင်က စုစည်းလို့ နန်ချောင် ဧကရာဇ်နိုင်ငံကို ထူထောင်ခဲ့ကြပါတယ်။ နန်ချောင်ရဲ့ အဓိပ္ပါယ်က "တောင်ပိုင်းဒေသရဲ့အရှင်" ဖြစ်ပါ တယ်။ နန်ချောင်တို့က သံလွင်မြစ်ဝှမ်းဒေသကို လွှမ်းမိုးထားသလို၊ မြောက်ဖက်ဆိုရင် တိဘက်အထိ၊ အရှေ့ဖက်ကို တန်ဧကရာဇ်တရုတ်ပြည်အထိ သြဇာကြီးခဲ့ကြပါတယ်။ အဲသည် အချိန်က ဧရာဝတီမြစ်ဝှမ်းဒေသဟာလည်း နန်ချောင်တို့ရဲ့ သြဇာစက်အောက်နေရမှာ မလွဲပါဘူး။ စစ်လိုလား ကြတဲ့ နန်ချောင်တွေကလည်း တောင်ဖက်ကို ဖိဆင်းလာမှာ မလွဲပါဘူး။ ခရစ်သက္ကရာဇ် ၈၃၂ မှာတော့ နန်ချောင်တို့က ဟန်လင်းမြို့ကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ သုံ့ပန်းအများအပြားလည်း ဖမ်းဆီး ခေါ်သွားခဲ့ကြပါ တယ်။
နောက်ပိုင်း အေဒီ ၁ဝ ရာစုမှာတော့ နန်ချောင်အင်ပိုင်ယာ အားလျော့ပြိုကွဲစ ပြုလာပါပြီ။ နန်ချောင်အင်ပိုင်ယာက လူမျိုးစု တွေဟာလည်း ဧရာဝတီမြစ်ဝှမ်းကို ဘင်္ဂလားပင်လယ်အော် ပေါက်သည့်တိုင်အောင် ထိုးဆင်း လာကြပါတယ်။ ရာစုနှစ် တခုကျော်ကြာ ချေမှုန်းခံထားရတဲ့ ဖိနှိပ်ခံထားရတဲ့ ဧရာဝတီမြစ်ဝှမ်းမှာ မူလနေသူတွေ ပြင်းပြင်း ထန်ထန် မတွန်းလှန် သာတော့ပါဘူး။ နောက်ရောက်လာတဲ့ သန်မာတဲ့ မြင်းသည်တော်တွေကတော့ တောင်ဖက်ကို ဖြစ်နိုင်တာက မြစ်ကြောင်း အတိုင်း ဆင်းလာပြီး အခြေချခဲ့ကြပါတယ်။ နောက်ပိုင်းမှာ စပါးစိုက် ပျိုးဖို့ မြေဆီသြဇာကောင်းတဲ့ ဒီကနေ့မန္တလေးဒေသ အနီးတဝိုက်မှာ အခြေချခဲ့ကြပါတယ်။ သူတို့ကိုယ် သူတို့က မြန်မာလို့ခေါ်ကြပြီး၊ ဒီကနေ့ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ ဘိုး ဘေး တွေ ဖြစ်လာပါတော့တယ်။ ဒီလို နဲ့ အေဒီ ၈၄၉ မှာတော့ နန်ချောင် မြင်းသည်တော်ဟောင်းတွေက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတခုလုံးကို လွှမ်းမိုး ချုပ်ကိုင်နိုင်ခဲ့ပြီး ပုဂံမှာ မြို့ရိုးရင်တား အခိုင်အခန့်နဲ့ မြို့ပြကို စတင် တည်ဆောက်ခဲ့ ပါတော့တယ်။
ပုဂံသမိုင်းပြောရင် တုတ်ထမ်း၊ ဒါးထမ်း ပြောရတယ်ဆိုတာမျိုး ဆိုရိုးရှိဖူးပါတယ်။ အငြင်းပွားစရာ များလွန်းလို့ပါ။ နောက် တပတ်မှာတော့ မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ အခြေခံအဖြစ် တချိန်က ဘုန်းမီးနေလတောက်ခဲ့တဲ့ ပုဂံ၊ တနည်းပေါက်ကံရဲ့ ဖွဲ့စည်းပုံ၊ စနစ်တွေ အကြောင်းကို စာရေးသူ ဦးသန့်မြင့်ဦး သုံးသပ်ထားပုံတွေကို ဆက် လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment