Thursday, February 12, 2009
နိုင်ငံသစ် မနက်ဖြန် (၄)။ ၄-နှစ်ကြာ လျှို့ဝှက် ဆွေးနွေးပွဲ- အပိုင်း (၁)
သောတရှင် မိတ်ဆွေများခင်ဗျား။
အရင်တပတ်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ တရားရေး၊ ရဲနဲ့ အကျဉ်းထောင်များဆိုင်ရာ ဝန်ကြီး ဖြစ်လာသူ ကိုအက်ဆီး ဆီကို၊ ကျောင်းသားဘဝက တင်းနစ်ကစားဖော် မိတ်ဆွေ၊ ယခုတော့ မစ္စ ဝင်နီမင်ဒဲလားရဲ့ အကျိုး ဆောင်ပေးနေရတဲ့ လူဖြူရှေ့နေဖြစ်သူ ဒီဝေါက အကြံပေးစာတွေ ရေးတဲ့ အကြောင်း၊ ဝန်ကြီးကလည်း လူဖြူ လူမဲပြဿနာတွေကို အမြင်သစ် နဲ့ လေးလေးနက်နက် စဉ်းစား စရာ ဖြစ်လာတဲ့ အကြောင်းတွေ ပြောခဲ့ပါတယ်။
ကိုအက်ဆီးက လူကောင်းလို့ ပြောလို့ရသလို အမြင်ကျယ်သူလို့လည်း ပြောလို့ရနိုင်ပါတယ်။ သူက တရားရေး၊ ရဲနဲ့ အကျဉ်းထောင်ဝန်ကြီး ဖြစ်လာချိန်ကစလို့ သူတတ်နိုင်တဲ့ အာဏာ၊ လုပ်ပိုင်ခွင့် အတွင်းက ပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ် မင်ဒဲလားအပါအဝင် လူမဲ နိုင်ငံရေးခေါင်းဆောင်တွေ ပထမဦးဆုံး အကြိမ် ရော်ဘင် ကျွန်း အကျဉ်းထောင်ကို ရောက်လာစဉ်က အဆိုးတကာ့ အဆိုးဆုံးအခြေအနေနဲ့ ညှဉ်းပမ်း နှိပ်စက်ခံခဲ့ကြရပါတယ်။ လေပြင်းထန်လွန်းတဲ့ တကျွန်းပေါ်မှာ နိုင်ငံရေး နိုင်ငံရေး အကျဉ်းသားတွေက သံခြေ ကျင်းတွေနဲ့ အလုပ်ကြမ်း လုပ်ကြရပါတယ်။ လူမျိုးရေးခွဲခြား ဖိနှိပ်လိုတဲ့ ထောင်ဝါဒါတွေကလည်း အကြောင်း မရှိ အကြောင်းရှာ နှိပ်စက် ပါတယ်။ နေပြင်းပြင်း ပူတဲ့ အောက်မှာ သဲထည်း လည်ပင်းထိမြုပ်ကာ နှိပ်စက်တာ၊ သူတို့က ရေတောင်းတဲ့အခါ ပါးစပ်ထဲ သေးပေါက်ချတာ၊ ညအချိန်မတော်လာပြီး အေးစက်နေတဲ့ ဆောင်းညတွေမှာ ကိုယ်လုံးတီးချွတ်ခိုင်းပြီး စစ်ဆေးတာတွေ လုပ်ပါတယ်။ မင်ဒဲလားကိုယ်၌က နှိပ်စက် မခံခဲ့ရဖူး ဆိုသော်လည်း သူ့ရဲဘော်အများစုကတော့ ကြာပွတ်နဲ့ ရိုက်ခံရ၊ တင်းပုတ်နဲ့ ရိုက်နှက်ခံရတာတွေ ရှိခဲ့ပါတယ်။
ကိုအက်ဆီး ဝန်ကြီး ဖြစ်လာချိန်မှာတော့ သူတို့ ထောင်ထဲဖြတ်သန်းခဲ့ရတာ ၁၇ နှစ် ရှိနေပါပြီ။ သူက အခြား ဝန်ကြီး အချို့ကို စည်းရုံးပြီး၊ အကျဉ်းသား သက်သာချောင်ချိရေးကိစ္စတွေ၊ ပြစ်ဒဏ် လျှော့ပေါ့ပေးတာတွေ လုပ်ခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ် သတင်းစာဖတ်ခွင့်၊ ရေဒီယိုနားထောင်ခွင့်၊ ရုပ်မြင်သံကြား ကြည့်ခွင့် ခွင့်ပြု ခဲ့ပါတယ်။ ဒီအချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ နိုင်ငံတကာက ဖိအားတွေ တိုးတက်ပေးတာ ခံနေရတဲ့ အချိန်ပါ။ ဝန်ကြီး ကိုအက်ဆီးကတော့ အင်တာဗျူးတခုမှာ "ကျနော့ အမြင်ကတော့ မင်ဒဲလားနဲ့ သူ့ ရဲဘော်တွေကို တချိန်ချိန်မှာတော့ လွှတ်ပေးရမယ်။ ဒီအတွက်လည်း သူတို့ပြင်ဆင် နိုင်ရမယ်။ " ဆိုပြီး နောက်ပိုင်းမှာ သူ့စဉ်းစားချက်ကို ပြန်ပြောခဲ့ပါတယ်။
ဒီအချိန်မှာ လူမဲ နိုင်ငံရေးအကျဉ်းသားတွေကလည်း လှုပ်ရှားမှု အရှိန်အဟုန် မြင့်လာတာနဲ့အမျှ တိုးတက်များ ပြားလာနေ ပါတယ်။ ဒီလူငယ် လှုပ်ရှားသူတွေက ထောင်တွေကို မင်ဒဲလားတက္ကသိုလ် လို့ ခေါ်ကြပါတယ်။ နိုင်ငံရေး အကျဉ်းသား ဝါရင့်ကြီးတွေက တောက်ပြောင်တဲ့ လှုပ်ရှားသူမျိုးဆက်တွေကို ထပ်မံမွေးထုတ်နေကြတဲ့ နေရာ ဖြစ်လို့ပါပဲ။
၁၉၈၅ ခုနှစ် နိုဝင်ဘာလမှာတော့ ကိုအက်ဆီးနဲ့ ရှေ့နေ ဒီဝေါရဲ့ အကြံဖြစ်တဲ့ မစ္စတာ မင်ဒဲလားနဲ့ တွေ့ဆုံ ဆွေးနွေးရေး ကိစ္စကို အကောင်အထည်ဖော်ဖို့ အကြောင်းစလာခဲ့ပါတယ်။ မင်ဒဲလားက ဒီအချိန်မှာ အကျဉ်းသားဘဝ ဆီးကျိပ်ရောင် ရောဂါနဲ့ ကိပ်တောင်းမြို့ဆေးရုံတခုမှာ ခွဲစိတ်ကုသမှု ခံယူရပါ တယ်။ ဆေးရုံကို လူနာ တွေ့ဖို့လာတဲ့ သူ့ဇနီး မစ္စ ဝင်နီ မင်ဒဲလားနဲ့ သူ့ကိစ္စနဲ့ သူ ခရီးထွက်လာတဲ့ ဝန်ကြီး ကိုအက်ဆီးတို့က လေယာဉ်တစီးထဲပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံကြပါတယ်။ ကိုအက်ဆီးက ဝင်နီမင်ဒဲလားကို လူမှုရေးအရ ခဏရပ်ပြီး နှုတ်ဆက်ပါတယ်။ သူ့ ခင်ပွန်း ကျန်းမာရေး အတွက် အစိုးရ အနေနဲ့လည်း စိုးရိမ်ပူပန်မှုရှိကြောင်း ပြောပါတယ်။ ခဏကြာတော့ ဘာကိုမှ စိုးရိမ်ကြောက်လန့်စိတ် မရှိတဲ့ ဝင်နီမင်ဒဲလားက လေယာဉ်ရဲ့ ရိုးရိုးတန်း ထိုင်ခုံကနေထပြီး ဝန်ကြီးဘေး အထူးတန်းထိုင်ခုံကို သွားထိုင်ပါတယ်။ လေယာဉ်ပျံသန်းနေချိန် (၂) နာရီကျော် အတွင်းမှာ သူတို့စကားပြောခွင့်ရကြပါတယ်။ ဒီတွေ့ဆုံ မှုက အောင်မြင်တယ် ပြောရပါလိမ့်မယ်။
လေယာဉ်မြေကြီးပေါ်ကို ဆင်းလာတဲ့အချိန်မှာပဲ ကိုအက်ဆီးက ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်ချ ဖြစ် သွားပါတော့တယ်။ သူက ဆေးရုံတက်နေတဲ့ မစ္စတာ နယ်လ်ဆင် မင်ဒဲလားနဲ့ သူ ကိုယ်တိုင်တွေ့ဆုံတော့မယ်လို့ ဆုံးဖြတ် လိုက်ပါတော့တယ်။
ဝန်ကြီးက တွေ့ဆုံဆွေးနွေးရေးစဖို့ အကြံနဲ့ နိုင်ငံရေး လူမဲအကျဉ်းသားခေါင်းဆောင်တွေကို ရော်ဘင်ကျွန်း ကနေ၊ ကိပ်တောင်းမြို့ ဆင်ဖြေဖုန်းမှာရှိတဲ့ ပိုးလ်စ်မော အကျဉ်းထောင်ကို ရွှေ့ခဲ့ပါတယ်။ အခြား အကျဉ်းသား တွေနဲ့ ခွဲပြီး ထောင်ရဲ့ အပေါ်ဆုံးထပ် အခန်းကျယ်ကြီးမှာ ခွဲချုပ်ထားပါတယ်။ သူစဉ်းစားတာကတော့ ဒီလို တွေ့ဆုံ ဆွေးနွေးတဲ့ ကိစ္စတွေက လျှို့ဝှက် လုပ်ကြရမှာ ဖြစ်သလို၊ အောင်မြင်မယ်-မအောင်မြင်ဖူး မသေချာ သေးတဲ့ အချိန်မှာ ပေါက်ကြားခံ လို့လည်း မဖြစ်ပါဘူး။ မင်ဒဲလားကိုတော့ ဆေးရုံမှာ ရှိနေစဉ် သူသွားတွေ့ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ မင်ဒဲလားဆေးရုံက ပြန်ဆင်းလာတော့လည်း သူ့ကို ယခင်ရဲဘော်တွေနဲ့ အတူနေရတဲ့ နေရာမှာ မထားတော့ပါဘူး။ ထောင်ဆေးရုံ အောက်ထပ်မှာ အခန်းသီးသန့် စီစဉ်ပေးခဲ့ပါ တယ်။
မစ္စတာ နယ်လ်ဆင် မင်ဒဲလားကလည်း အမြင်ကြီးတဲ့ ခေါင်းဆောင်ပါ။ သူက ၁၉၆၁ ခုနှစ်၊ လက်နက်ကိုင် တော်လှန်ရေး စမယ်လို့ မစဉ်းစားမီ၊ အာဖရိက အမျိုးသားကွန်ဂရက် (အေအန်စီ) ကို မတရားအသင်း ကြေညာခံရပြီးနောက်ပိုင်း ကာလ မှာတောင်မှ လူဖြူ အစိုးရကို ဆွေးနွေးကြဖို့ တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။ သူက တောင်အာဖရိကနိုင်ငံမှာ ရှိတဲ့ လူမျိုးပေါင်းစုံ တက်ရောက်နိုင်မယ့် အမျိုးသား ညီလာခံတခု ခေါ်ပေးဖို့ စာရေး တောင်းဆိုခဲ့ပါတယ်။ အကြောင်းမပြန် တော့မှသာ လက်နက် ကိုင်တော်လှန်ရေး စဖို့ သူဆုံးဖြတ်ခဲ့တာပါ။
မင်ဒဲလားက အခြေအနေပေါင်းစုံကို အကဲဖြတ် သုံးသပ်လို့ ဒီအချိန်ဟာ ဆွေးနွေးပွဲစတင်ခေါ်ဖို့ အချိန်ကောင်း လို့ မြင်ပါတယ်။ ဒီအခြေအနေကို အခွင့်ကောင်းယူလို့ အေအဲန်စီက လူဖြူအစိုးရကို စတင်ကမ်းလှမ်းသင့် တယ်လို့ မြင်ပါတယ်။ မစ္စတာ မင်ဒဲလားကလည်း ဒီအချိန်က သမတဖြစ်သူ ဘိုသာနဲ့ ဆွေးနွေးချင်ပါတယ်။ ဒါနဲ့ သူက ဝန်ကြီးဖြစ်သူ ကိုအက်ဆီးဆီကို သူနဲ့ လာရောက်တွေ့ဖို့ စာရေးအကြောင်းကြားပါတယ်။ အဲသည် အချိန်က ကိုအက်ဆီးက အကြောင်းမပြန်ခဲ့ပါဘူး။ အခု ၁၉၈၅ ခုနှစ်ရောက်မှ အခြေအနေပေးလာတာပါ။
ကိုအက်ဆီးက မင်ဒဲလားနဲ့ ဆေးရုံပေါ်မှာ တွေ့ဖို့ ဆုံးဖြတ်ပါတယ်။ အချို့သူတွေက မစ္စတာ မင်ဒဲလားကို ထောင်ထဲမှာ ထားပြီး မတွေ့သင့်ဘူးလို့ အကြံပေးခဲ့ကြပါတယ်။ "ကျနော်ကတော့ သူ့ကို လွတ်လပ်နေတဲ့ လူတယောက်လို့ပဲ မြင်တယ်။ အကျဉ်းသား တဦးလို့ မမြင်ဘူး။ သူ့စိတ်ထဲမှာလဲ အဲသလိုပဲ ခံစားထားစေချင် တယ်။" လို့ ကိုအက်ဆီးက ပြန်ပြောပြ ပါတယ်။ သူက မစ္စတာ လို့ ရှေ့ကတပ်ပြီး သူ့အကျဉ်းသားကို လေးလေး စားစား ခေါ်ဝေါ်ဆက်ဆံပါတယ်။
ဒီလိုနဲ့ ကိုအက်ဆီးက အကျဉ်းသားအမှတ် (၄၆၆/၆၄) မစ္စတာ မင်ဒဲလားနဲ့ စကားပြောဖြစ်ပါတော့တယ်။ "ကျနော် မျက်စိမှိတ် လိုက်ရင်တောင် အခုထက်ထိ ပြန်မြင်ယောင် နေသေးတယ်။" ကိုအက်ဆီးက ပြန်ပြော ပါတယ်။ ဝန်ကြီးက လူနာခန်းကို အကျဉ်းထောင်ဆိုင်ရာကော်မရှင်မင်းကြီး ဗိုလ်ချုပ် ဂျိုဟန် ဝီလင်ဆီးနဲ့အတူ တက်လာခဲ့ပါတယ်။ အပြာရောင်ဝတ်စုံကြီးနဲ့ စောင့်နေတဲ့ အကျဉ်းသားက ထိုင်နေရာက ထရပ်ပြီး၊ သူ့ကို ထောင်ချထားတဲ့သူကို မိတ်ဆွေဟောင်းတွေလို နှုတ်ဆက်ပါတယ်။ "ကျနော့ကို လာမတွေ့ဘဲ နေနိုင်လှချည့်၊ နောက်ကျလှတယ်လို့ပုံစံမျိုး ပြောလိုက်သေးတယ်။ တွေ့ဆုံပွဲတခုလုံးကို သူက ဦးဆောင်သွားတယ်။ သူက အိမ်ရှင်။ သူက ကျနော် တို့ကို ထိုင်ဖို့နေရာပေးတယ်။ ဗိုလ်ချုပ် ဝီလင်ဆီး သက်တောင့်သက်သာ ဖြစ်ရဲ့လား။ ကျနော် ဘာ လုပ်ပေးရမလဲလို့တောင် မေးလိုက်သေးတယ်။ ကျနော်သူ့အကြောင်း အများကြီးဖတ်ခဲ့ရဖူးတယ်။ ကျနော့် စားပွဲပေါ်ကို နေ့စဉ်ရောက်လာတဲ့ သူ့ပြောစကားတွေ၊ အစီရင်ခံစာတွေက တဆင့် ကျနော်ဖတ်ခဲ့ရဘူးတယ်။ ဘာကြောင့် ဒီလူကို နိုင်ငံတကာက အာရုံစိုက်နေကြရတာလဲ။ ဘာကြောင့် ဂုဏ်ðပဘွဲ့တွေ၊ နိုင်ငံတကာ ဆုတွေ ပေးနေကြ တာလဲ။ ဘယ်လိုလူစားလဲဆိုတာ ကျနော် သိချင်ခဲ့မိတယ်။ ကျနော်သူနဲ့တွေ့တွေ့ချင်းပဲ သဘောပေါက်သွားတယ်။ သူဟာ စာတွေထဲက ရှေးခေတ် ရောမနိုင်ငံသားတွေ ကျင့်ထုံးဖြစ်တဲ့ ဂုဏ်ကို ထိန်းသိမ်းခြင်း၊ တည်ကြည်ခြင်း၊ ရိုးသားခြင်း၊ ဖြူစင်ခြင်း အပြည့်ရှိတဲ့သူပဲ" ဆွေးနွေးပွဲ ပြီးနောက်မှာ ကိုအက်ဆီးက မင်ဒဲလား အပေါ် သူ့အမြင်ကို ပြန်ပြောပါတယ်။
မင်ဒဲလားကလည်း "ကိုအက်ဆီးက သူများနဲ့ မတူတဲ့ လူတမျိုးပဲ။ သူက သိပ်ယဉ်ကျေးတယ်။ ဒါပေမယ့် သူက နိုင်ငံရေး လုံးဝ မဆွေးနွေးဘူး။ သူက လာအကဲစမ်းတာပဲ။ ဒါကတော့သေချာစနစ်ကျတဲ့လူ။ ဒါပေမယ့် လုပ်ပုံ ကိုင်ပုံက လုံးဝ နူးညံ့သိမ်မွေ့ တယ်။ " ဆိုပြီး ကိုအက်ဆီးအပေါ် အမြင်ကို ပြန်ပြောပါတယ်။ ဒီလို တွေ့ဆုံမှု ကတော့ စဖြစ်ပါပြီ။ အဆင်ပြေတယ်လို့ ပြောရင် ရပေမယ့်လည်း အခြေအနေက သိပ်တော့မထူး သေးပါဘူး။ အကဲစမ်း တဲ့ အဆင့်လောက်ပဲ ရှိနေပါသေးတယ်။ မင်ဒဲလားကို လွှတ်ပေးရင် လက်ခံမှာလားလို့ လည်း ကိုအက်ဆီးက မေးခဲ့ပါတယ်။ မင်ဒဲလားကလည်း သူ့ရဲဘော်တွေ အားလုံးလွတ်မှာလား လို့ ပြန်မေးခဲ့ပါ တယ်။ အဖြေတော့ မရှိ ပါဘူး။ ဒါပေမယ့်လည်း မင်ဒဲလားက အခြေအနေက တစုံတရာ အပြောင်းအလဲ လာတော့ မယ်လို့ အာရုံရ လာပါတယ်။ လမ်းစတော့ ပွင့်လာတယ် ပြောလို့ ရပါလိမ့်မယ်။ ဘာမှ အာမခံချက် တော့ မရှိသေး ပါဘူး။ အခုလို ဆွေးနွေးပွဲအတွက် ပြင်ဆင်ဖို့ ခေါင်းဆောင်တွေကို သီးသန့်ခွဲချုပ်ထားတာတွေ၊ မင်ဒဲလားကို သီးသန့် ခွဲချုပ်ထားတာတွေ ဖြစ်လာတော့ လူမဲခေါင်းဆောင်တွေဖက်ကလည်း သို့လော၊ သို့လော အတွေးပွားစရာတွေ ဖြစ်လာပါ တယ်။
နောက်တပတ်မှာတော့ မင်ဒဲလားက သူ့အပေါ် သံသယမပွားစေဖို့၊ ကြိုးပမ်းရသလို ဒီလို လျှို့ဝှက်ဆွေးနွေးပွဲ တွေ အောင်မြင် အောင် နှစ်ဖက်စလုံးက သိုသိုသိပ်သိပ်နဲ့ ရှေ့ဆက်ကြရပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင် ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment