Pages

Friday, February 13, 2009

နိုင်ငံသစ် မနက်ဖြန် (၆)။ လွတ်မြောက်နေသော အကျဉ်းသား


သောတရှင် မိတ်ဆွေများ ခင်ဗျား။
တောင်အာဖရိက လူမဲခေါင်းဆောင်လည်းဖြစ်၊ နှစ်ရှည်အကျဉ်းသားလည်း ဖြစ်နေရတဲ့ မင်ဒဲလားက လူဖြူ အစိုးရရဲ့ တရားရေး၊ ရဲနဲ့ အကျဉ်းထောင်များဆိုင်ရာ ဝန်ကြီး ကိုအက်ဆီးနဲ့ ဆွေးနွေးစကား ပြောဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ သူ့ရှေ့နေကြီး ဘီဇို့စ်ကို နိုင်ငံပြင်ပမှာ ရှိနေတဲ့ အေအဲန်စီအဖွဲ့နဲ့ ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ရှေ့နေကြီးဘီဇို့စ် ကလည်း မေတ္တာရပ်ခံတဲ့အတိုင်း ၂ ကြိမ် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အပြန်မှာတော့ သူက လူဖြူအစိုးရဝန်ကြီး ကိုအက်ဆီး ကို ဒီကိစ္စ တွေကို ပြန်ပြောပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်တာကတော့ သူ့လုံခြုံရေး အတွက် တကြောင်း ပါသလို၊ သူက သူလုပ်နေတဲ့ လုပ်ငန်းတွေဟာ ပြောင် လုပ်နေတာဖြစ်ကြောင်း၊ လျှို့ဝှက် နိုင်ငံရေး လုပ်ကြံမှု တွေမှာ ပါဝင် ပတ်သက်နေတာ မဟုတ်ကြောင်း သိစေချင် လို့ပါပဲ။

ဒီလိုဖြစ်နေတဲ့ အချိန်မှာပဲ ၁၉၈၆ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ အဖွဲ့ဝင် (၇) ဦးပါတဲ့ ဓနသယာဟနိုင်ငံတွေက ထင်ရှားတဲ့ နိုင်ငံ ခေါင်းဆောင်များအဖွဲ့က တောင်အာဖရိကနိုင်ငံကို လာဖို့ ဖြစ်လာပါတယ်။ ဒီသံတမန် ကိုယ်စားလှယ် အဖွဲ့လာရတာ ကတော့ ဘဟားမားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဓနသဟာယအဖွဲ့ဝင် နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ ရလဒ်ပါပဲ။ နိုင်ငံများ အများစုက တောင် အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားဖိနှိပ်နေတာကြောင့် အသင်းကြီးက စီးပွားရေးပိတ်ဆို့ အရေးယူပေးဖို့ တင်သွင်း ကြပါတယ်။ ဗြိတိသျှဝန်ကြီးချုပ်ဖြစ်သူ မာဂရက် သက်ချာက တောင်အာဖရိကနိုင်ငံဖက်က အပြင်းအထန် ကန့်ကွက်နေ ပါတယ်။ အဓိက စီးပွားကုန်သွယ်ဖက် ဖြစ်နေတဲ့ ဗြိတိန်မပါရင်လည်း ဒီလို ပိတ်ဆို့အရေးယူ မှုက ထိရောက်မှာ မဟုတ်ပါဘူး။ သည်တော့ အပြန်အလှန် ညိ‡နှိုင်းကြရင်း ဆုံးဖြတ်ချက် တခုနဲ့ ကျေလည်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကတော့ ဓနသဟာယ အဖွဲ့ကြီးက နိုင်ငံခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ တောင်အာဖရိကကို သွားပြီး လေ့လာကြမယ်။ နောက် နှစ်လည် ညီလာခံမှာ ပြန်တင်ပြကြဖို့ သဘောတူပြီး အခုလို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

ဒီကိုယ်စားလှယ် အဖွဲ့ကို သြစတြေလျဝန်ကြီးချုပ်ဟောင်း မလ်ကွန်ဖရေဇာနှင့် နိုက်ဂျီးရီးယားစစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ် အိုလူဆန်ဂန် အော့ဘ်ဆန်ဂျိုက ပူးတွဲခေါင်းဆောင်လာကြပါတယ်။ နိုက်ဂျီးရီးယားဗိုလ်ချုပ် ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဟောင်းပါ။ အရပ်သား အစိုးရလက်ထဲကို လိုလိုလားလား အာဏာပြန် အပ်ခဲ့တဲ့ အတွက်ကြောင့်လည်း နာမည်ကောင်းရသူ ဖြစ်ပါတယ်။ သူတို့အဖွဲ့က တောင်အာဖရိကနိုင်ငံ မြို့တော်နဲ့ ပြည်ပမှာ ရှိနေတဲ့ အေအဲန်စီဌာနချုပ်ကြား အပြန်ပြန်အလှန်လှန်သွားပြီး ဆွေးနွေးကြပါတယ်။ သူတို့က မင်ဒဲလားနဲ့လည်း တွေ့ခွင့် တောင်းပါတယ်။ ပထမပိုင်းမှာ ငြင်းပယ်ပြီး၊ ဗိုလ်ချုပ် အော့ဘ်ဆန်ဂျို တဦးတည်းကိုသာ ခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်း ကိုယ်စားလှယ် တဖွဲ့လုံးက မတ်လမှာ တကြိမ်၊ မေလမှာ တကြိမ် မင်ဒဲလားနဲ့ တွေ့ခွင့်ရပါတယ်။

မင်ဒဲလားက ဒီကိုယ်စားလှယ်အဖွဲ့ကို ပိုးလ်မောစ် အကျဉ်းထောင်ဧည့်ခန်းမှာ လက်ခံတွေ့ပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့က နောက်ဆုံး အစီရင် ခံစာ ပြန်တင်တင်ပြလာတဲ့အချိန်မှာ မင်ဒဲလားဟာ ချင့်ချိန်နိုင်စွမ်း ပြည့်ဝသူလို့ ချီးကျူးခဲ့ကြသလို၊ ကိုယ်စားလှယ်အဖွဲ့ရဲ့ အကြံ ပေးချက်တွေမှာတော့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့၊ အေအဲန်စီနဲ့ တရားမဝင် ကြေညာထားတဲ့ အဖွဲ့တွေကို ပြန်ရုပ်သိမ်းပေးဖို့၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့၊ ပါတီပေါင်းစုံ တွေ့ဆုံဆွေးနွေး နိုင်ကြဖို့ တိုက်တွန်းထားခဲ့ပါတယ်။

ဝန်ကြီးကိုအက်ဆီးနဲ့ မစ္စတာ မင်ဒဲလားတို့အကြားမှာလည်း နောက်ထပ်ဆွေးနွေးပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွေက လျှို့ဝှက်ပြုလုပ်ခဲ့ကြတာဖြစ်တော့ ဘယ်သူကမှလည်း အတိအကျတော့ မပြောနိုင်ပါဘူး၊ တခါတလေ ၂-၃ နာရီကျော်ကြာ ဆွေးနွေးကြသလို၊ မင်ဒဲလားကိုလည်း လေးလေးစားစားနဲ့ အစားအသောက် ယာမကာတွေနဲ့ ဧည့်ခံတတ်ပါတယ်။

သမ္မတဘိုသာနဲ့ တွေ့ခွင့်ရဖို့ မင်ဒဲလားက ခွင့်တောင်းပါတယ်။ ကိုအက်ဆီးက တင်ပြပေးခဲ့ပါတယ်။ သို့သော်လည်း သမ္မတ ဖြစ်သူ ပီ-ဒဗလျူ-ဘိုသာက တင်ပြလာချက်ကို စိတ်ဝင်စားသော်လည်း တိုက်ရိုက်အကြောင်း မပြန်ပါဘူး။ ဒီအကျဉ်းသားနဲ့ ရင်းနှီးခင်မင်စွာ ဆက်ပြီး ဆက်ဆံထားဖို့ပဲ ပြောပါတယ်။ ဒါပေမယ့်လည်း သမ္မတက အခြားဝန်ကြီးတွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ တလုံးမှ ဖွင့်ဟတိုင်ပင်တာ မရှိခဲ့ပါဘူး။ အေအဲန်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေတယ်ဆိုရင် သူပျော့ညံ့ တယ်လို့ လူတွေမြင်ကြမှာ စိုးရိမ်နေပါတယ်။

နောက်ပိုင်းမှာတော့ ဆွေးနွေးနေကြတဲ့ ခေါင်းစဉ်တွေ ပိုမိုကျယ်ပြန့်စေဖို့ဆိုပြီး လူဖြူအစိုးရဘက်က ကော်မတီ တခုကို ၁၉၈၈ မေလမှာ ဖွဲ့ပြီး လူမဲခေါင်းဆောင် မင်ဒဲလားနဲ့ စကားပြောခဲ့ကြပါတယ်။ ဒီကော်မတီမှာ အမျိုးသား ထောက်လှမ်းရေး ဌာန တာဝန်ခံ နီးလ် ဘားနဒ်၊ သူ့လက်ထောက် အရာရှိ မိုက်လော၊ ထောင် ကော်မရှင်မင်းကြီး ဝီလင်မ်ဆီး၊ အကျဉ်းထောင်များ ဆိုင်ရာဌာန ညွှန်ချုပ် ဖန်နု ဗန်ဒါမာဝီနဲ့ ဝန်ကြီး ကိုအက်ဆီး တို့ ပါဝင်ကြပါတယ်။ တခါတလေမှာ အကြာကြီးထိုင်လို့ သူတို့ ဆွေးနွေးစကားပြော ဖြစ်ကြပါတယ်။ တခါ တလေ ၇ နာရီ လောက်တောင်ကြာတတ်ပါတယ်။

မင်ဒဲလားရဲ့ အသေးစိတ်မှတ်တမ်းတွေအရ စုစုပေါင်း (၄၇) ကြိမ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မစ္စတာ မင်ဒဲလားက ကြိုတင် တွက်ဆထားတဲ့ အတိုင်း ဒီဆွေးနွေးပွဲတွေက ဘယ်ကိုမှမရောက် ဖြစ်နေပါတယ်။ ကြာရှည် အချိန်ဆွဲထားသလိုလည်း ဖြစ်နေပါတယ်။ ယခု ဆွေးနွေးပွဲတွေကနေပြီး ၄ နှစ်ကျော် ကြာလာသည် အထိ ရလဒ်အဖြစ် မင်ဒဲလား နဲ့ သမ္မတဘိုသာ တွေ့ဆုံဆွေးနွေးခွင့် မရသေးသလို၊ သူ့ကို ပြန်လွှတ်ပေးဖို့ အဆင့်အထိလည်း မရသေးပါဘူး။ သို့သော်လည်း ဒီစကားဝိုင်းတွေမှာ တောင်အာဖရိကနိုင်ငံရဲ့ အနာဂတ် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ စိတ်ကူး မျှော်မှန်း ကြည့်ခဲ့ကြပါတယ်။ လူဖြူ-လူမဲတွေ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ကြတဲ့အခါ ဘယ်လို ဖြစ်လာမယ်ဆိုတာကိုလည်း စဉ်းစားခဲ့ကြပါတယ်။ တောင်အာဖရိကနိုင်ငံ အနာဂတ်ကို ပုံဖော်ပေးခဲ့တဲ့ ဆွေးနွေးပွဲတွေ ဆိုရင်လည်း မမှားပါဘူး။

အခုလို မင်ဒဲလားကို ထောင်ထဲမှာ ထားပြီး ဆွေးနွေးနေရတာကို ဝန်ကြီး ကိုအက်ဆီးက စိတ်မကောင်းပါဘူး။ သက်တောင့် သက်သာ ရှိစေချင်ပါတယ်။ တချိန်ထဲမှာပဲ အနာဂတ် တချိန်ချိန်မှာ မစ္စတာ မင်ဒဲလားကို ပြန်လွှတ် ပေးရမယ်ဆိုတော့ သူ့ကို ပြင်ပလောကနဲ့ ထိတွေ့ဖို့အတွက်၊ လွတ်လာရင် နေသားကျဖို့အတွက် ပြင်ဆင်ပေး ထားဖို့လည်း သဘောရကြ ပါတယ်။ မင်ဒဲလားက ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ ရာစုနှစ် (လေးပုံတပုံ) နီးပါး၊ နှစ် အစိတ် ရှိပါတော့မယ်။ နောက်ပိုင်းမှာတော့ မင်ဒဲလားကို ပြင်ပ လေ့လာရေးခရီးထွက် ဖို့ ခေါ်သွားတတ်ကြပါတယ်။ မစ္စတာ မင်ဒဲလားကလည်း လူမြင်ကွင်းက ပျောက်နေခဲ့တာကြာပြီဆိုတော့ သာမန်အရပ်သားတွေက လမ်းတွေ့ရင်တောင် သူ့ကို မှတ်မိဖွယ် မရှိပါဘူး။ နောက်ပိုင်း ထောင်တခု ထပ်ပြောင်းပြီး သီးသန့်လုံးချင်းအိမ်ကလေးနဲ့ သူ့ကို ထားခဲ့ပါတယ်။ သူ့ရဲ့ဝေယျာဝစ္စ တွေအတွက်၊ ချက်ပြုတ်ဖို့အတွက် ထောင်ဝါဒါ ၄ ဦးကိုလည်း တာဝန်ချထားပေးခဲ့ပါတယ်။ သူ့အိမ်သော့ ကိုလည်း ခတ်တယ်ဆိုရုံခတ်ပြီး ညပိုင်းမှာ သူထွက်နားနိုင်ဖို့ မင်ဒဲလားကိုပဲ သော့ပေးထားခဲ့ပါ တယ်။ ကိုယ့် အချုပ်ခန်း သော့ ကိုယ်ကိုင်ခွင့်ရတဲ့ လွတ်မြောက် နေတဲ့ အကျဉ်းသားလို့ ခေါ်ရင်လည်း မမှားပါဘူး။

နောက်အပတ်မှာတော့ မင်ဒဲလားရဲ့ စိတ်လှုပ်ရှားဖွယ် ပြင်ပ ခရီးစဉ်တွေ အကြောင်းနဲ့၊ ၄-နှစ်ကြာကာလ ဆွေးနွေးပွဲတွေ အပြီးမှာတော့ မင်ဒဲလားက သမ္မတ ဘိုသာနဲ့ တခနတာ တွေ့ဆုံဖြစ်တဲ့ အကြောင်းတွေ ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)


No comments:

Recent Comments