Pages

Friday, February 13, 2009

နိုင်ငံသစ် မနက်ဖြန် (၅)။ ၄ နှစ်ကြာ လျှို့ဝှက်ဆွေးနွေးပွဲ (၂)


သောတရှင် မိတ်ဆွေများခင်ဗျာ။
တောင်အာဖရိကနိုင်ငံရဲ့ လူမဲခေါင်းဆောင် အကျဉ်းသား နယ်လ်ဆင်မင်ဒဲလားနဲ့ လူုဖြူအစိုးရ ဝန်ကြီး ကိုအက်ဆီးတို့ ဆွေးနွေးပွဲတော့ အစပြုခဲ့ပါပြီ။ ဒါပေမယ့်လည်း ပဋိပက္ခ နှစ်ဖက်လုံးမှာ ဖြစ်ပေါ်နေ ကြတဲ့ လူဖြူ လူမဲ လူထုတွေရဲ့ ခံစားချက်တွေက ပြင်းထန်နေဆဲ ရှိပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတခု စတင်ဖို့တောင် အဆင်သင့် မဖြစ်သေးပါဘူး။ မလွယ်ကူလှပါဘူး။ လူမဲလူထုတွေကလဲ ဆန့်ကျင် ကြမှာဖြစ်သလို၊ အလားတူ အစိုးရဖက်က လူဖြူတွေကလည်း တွေ့ဆုံဆွေးနွေးတာကို ဆန့်ကျင်ကြဖို့ အနေအထား ရှိနေပါတယ်။ ဒါပေမယ့်လည်း ယခုလို ပဋိပက္ခ အဆုံးသတ်နိုင်ဖို့က တွေ့ဆုံဆွေးနွေး ရေးသာ တခုတည်းသော နည်းလမ်း အနေနဲ့ ရှိပါတယ်။ သည်တော့ အစွမ်းကုန် လျှို့ဝှက်ပြီး သိုသို သိပ်သိပ်နဲ့ လုပ်ကြဖို့ကလည်း အရေးကြီးပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းကို ရှေ့ဆက် လုပ်ဆောင်ကြ ဖို့တော့ ယခု ခေါင်းဆောင် ၂ ဦးလုံးက ဆုံးဖြတ်ပြီး ကြပါပြီ။

၁၉၈၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှာ မင်ဒဲလား ဆေးရုံးက ပြန်ဆင်းလာတော့၊ ပိုးလ်စ်မော အကျဉ်း ထောင်တာဝန်ခံ က ပြောလာပါတယ်။ မစ္စတာ မင်ဒဲလားအတွက် သီးသန့်အခန်း စီစဉ်ထားတယ်။ ထောင် ခေါင်မိုး အပေါ်ထပ်မှာရှိတဲ့ အခြား သူ့ရဲဘော်အကျဉ်းသားတွေနဲ့ အတူတူ၊ ပေါင်းနေဖို့ မလိုတော့ဘူးလို့ လာပြောပါတယ်။ သူ့ကို ဆေးရုံမှာ အခန်း စီစဉ်ပေးပါ တယ်။ မင်ဒဲလားက စိုးရိမ်လာပါတယ်။ သူ့ရဲဘော်တွေက သူ သစ္စာဖောက်ပြီး၊ အပေးအယူလုပ်တော့မယ်လို့ ထင်နေကြ ပါလိမ့်မယ်။ ထောင်မှူးကလည်း အထက်အမိန့် အရသာ သူဆောင်ရွက်ရကြောင်း၊ ဘာမှ မသိကြောင်း ပြောပါတယ်။

မင်ဒဲလားက သူ့ရဲဘော်အကျဉ်းသားတွေနဲ့ တွေ့ခွင့်တောင်းတော့၊ တွေ့ခွင့် ပြုပါတယ်။ "အခုလို ကျနော်တို့ကို ခွဲခြားထားမှု အတွက်တော့ တိုက်ပွဲမလုပ်သင့်ဘူးလို့ ကျနော်ယူဆတယ်။ သူတို့တွေအနေနဲ့ စဉ်းစားထားထား၊ မထားထား၊ အပြောင်း အလဲအတွက် အခြေအနေအသစ်တော့ အစပျိုးပြီလို့ ထင်တယ်။ ကိုယ်တို့ဖက်က စတင် ချဉ်းကပ်ပြီး သူတို့လူဖြူအစိုးရနဲ့ အေအဲန်စီကြားဆွေးနွေးပွဲတွေ ဖြစ်လာဖို့ တွန်းရမယ့်ကာလလို့ မြင်တယ်။" ဆိုပြီး ကျန်ခေါင်းဆောင်တွေကို နားချခဲ့ပါတယ်။

တချိန်ထဲမှာပဲ ပိုလို့ လျှို့ဝှက်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ ဖြစ်လာပါတယ်။ ဒီလို အခြေအနေကို ဘယ်လိုပဲ ဖြစ်ဖြစ် လက်လွတ် ခံလို့ မဖြစ်ဖူးလို့ မင်ဒဲလားက မြင်ထားပါတယ်။ မင်ဒဲလားနဲ့ ဝန်ကြီး ကိုအက်ဆီးတို့ တွေ့ဆုံ ဆွေးနွေးပွဲ အပြီး ရက်အနည်းငယ် အကြာမှာတော့၊ မင်ဒဲလားက သူရဲ့ ဥပဒေရေးရာအကြံပေးရှေ့နေ ဂျော့ ဘီဇို့စ်နဲ့ တွေ့ခွင့်တောင်းပါတယ်။ ထောင်ဆေးရုံမှာပဲ ၃ နာရီကျော် စကားပြောခွင့် ရပါတယ်။ ဒီတကြိမ် စကားပြောခွင့်ရတာဟာ အကြာဆုံးဖြစ်သလို ထောင်အာဏာပိုင်တွေကလည်း လွတ်လွတ်လပ်လပ် စကားပြောဆိုခွင့် ပြုပါတယ်။ မင်ဒဲလား အကျဉ်းကျစဉ်ကာလမှာ တွေ့ဆုံခွင့်ရသူဆိုလို့ ရှေ့နေ ဂျော့ ဘီဇို့စ် ရယ်၊ သူရဲ့ လက်ထောက်ရှေ့နေ အစ္စမေးလ် အာယော့ဘ် ၂ ဦးထဲသာ ရှိပါတယ်။

ဂျော့ဘီဇို့စ်က ဥပဒေနယ်နှံ့စပ်ကျွမ်းကျင်တဲ့ ရှေ့နေဖြစ်သလို နှလုံးသားကြီးတဲ့သူပါ။ မင်ဒဲလားနဲ့ လူမဲ ခေါင်းဆောင်တွေကို ၁၉၆၄ ခုနှစ်က၊ ခုံရုံးတင် တရားစွဲစဉ်ကလည်း သူတို့ဖက်ကကောင်းကောင်းရပ်တည် ရှေ့နေ လိုက်ပေးခဲ့ သူပါ။ မင်ဒဲလားရဲ့ ယုံကြည်ခြင်းခံရတဲ့ ရှေ့နေ၊ မိတ်ဆွေ၊ တနည်းအားဖြင့် လူယုံလည်း ဖြစ်ပါတယ်။ ဘီဇို့စ်က လူမျိုးအားဖြင့် ဂရိလူမျိုးဖြစ်ပြီး ဂျာမန် နာဇီတွေ သူတို့နိုင်ငံထဲဝင်လာတော့ သူ့အဖေနဲ့အတူ တောင်အာဖရိကနိုင်ငံကို ထွက်ပြေးလာတဲ့သူပါ။ လူငယ်ဘဝက တက်ကြွတဲ့ ကျောင်းသားလှုပ်ရှားသူ တဦးလည်း ဖြစ်ခဲ့ပါတယ်၊ လူမဲကျောင်းသား လှုပ်ရှားမှုတွေ ပါဝင်ကူညီမိလို့ တောင်အာဖရိက နိုင်ငံသားဖြစ်ခွင့် အချိန်အတန်ကြာ ငြင်းပယ်ထား ခံရတဲ့သူလည်း ဖြစ်ပါတယ်။ အခုတော့လည်း ဆံပင်တွေ ငွေရောင်သန်းလို့ အသက် ၅၇ နှစ်အရွယ် ရှိလာခဲ့ပါပြီ။

နယ်လ်ဆင် မင်ဒဲလားက စိုးရိမ်နေပါတယ်။ သူနဲ့ ဝန်ကြီး ကိုအက်ဆီးတို့ တွေ့ဆုံပွဲဟာ တနည်းနည်းနဲ့ အပြင်ကို ပေါက်ကြား သွားပြီး၊ နိုင်ငံပြင်ပက (အေအဲန်စီ) အာဖရိကအမျိုးသား ကွန်ဂရက် ခေါင်းဆောင်တွေက ကြားသိရင်၊ သူတို့ သဘောတူညီချက် မပါဘဲ အပေးအယူ လုပ်နေပြီလို့ ထင်မှာလည်း သူသိပ်စိုးရိမ်နေပါတယ်။ သည်တော့ ဘီဇို့စ်ကို အေအဲန်စီ ဥက္ကဌ အိုလီဗာ တမ်ဘို နဲ့ ဆက်သွယ် အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံခဲ့ ပါတယ်။ အေအဲန်စီ ခွင့်ပြုချက် မပါဘဲ မင်ဒဲလားက သူဘာမှ သဘောတူမှာ မဟုတ်ကြောင်းလည်း အသိပေး ခိုင်းပါတယ်။

ရှေ့နေ ဘီဇို့စ်က စဉ်းစားပါတယ်။ အခုကိစ္စလုပ်နေတာက လျှို့ဝှက်လုပ်ကြံတဲ့ နိုင်ငံရေးကိစ္စတွေ ခိုးကြောင် ခိုးဝှက်လုပ်နေ တာမျိုး သူ အထင်မခံချင်ပါဘူး။ တဖက်မှာလည်း သူ့လံခြုံရေးကိစ္စက ရှိပါတယ်။ သည်တော့ တဖက်နိုင်ငံမှာ တော်လှန်ရေး လုပ်နေတဲ့ အေအဲန်စီခေါင်းဆောင်တွေနဲ့ မတွေ့ခင်၊ ဝန်ကြီး ကိုအက်ဆီးနဲ့ အရင်ဦးဆုံး တွေ့ဆုံဖို့ ဘီဇို့စ်က ဆုံးဖြတ်ပါတယ်။ "ကျနော့် ရည်ရွယ်ချက်က (၂) ခု ရှိတယ်။" ဘီဇို့စ်က နောက်တော့ ပြန်ပြောပြပါတယ်။ "တခုကတော့ ကျနော့လုံခြုံရေးအတွက် အာမခံချက်ရဖို့ပါ။ ကျနော်သိတယ်။ ကျနော် သွားတွေ့တာကို အာဏာပိုင်တွေက တနည်းမဟုတ်တနည်း သိမှာပဲ။ လျှို့ဝှက် နိုင်ငံရေးကြံစည်မှုထဲမှာ ပတ်သက် နေတယ်လို့ အထင်မခံချင်ဘူး။ ဒါ့အပြင် နောက်တချက်က မင်ဒဲလားက ယူဆထားသလို အခြေအနေက တကယ်ပဲ တိုးတက်မှု ရှိ-မရှိ ကျနော် ကိုယ်တိုင် လေ့လာကြည့်ချင်သေးတယ်။" လို့ ရှေ့နေ ဘီဇို့စ်က ပြောပါ တယ်။ သူက သံသယ ရှိနေပါတယ်။ မင်ဒဲလားကိုသုံးပြီး အတွင်း-အပြင် ခွဲဖို့ အကြံနဲ့ လုပ်တာလို့ ထင်နေပါတယ်။

ဘီဇို့စ်က ဝန်ကြီး ကိုအက်ဆီးရဲ့ ရုံးကို ဖုန်းဆက်ပြီး ဆွေးနွေးခွင့်တောင်းပါတယ်။ ဟိုဖက်ကလည်း ပိုပြီး လျှို့လျှို့ ဝှက်ဝှက် တွေ့ကြ ဖို့ အကြောင်းပြန်ပါတယ်။ သည်နောက်တော့ လေယာဉ်ခရီးစဉ် တခုမှာ အတူလိုက်ပါရင်း ဆုံဖို့ အကြောင်းပြန် ပါတယ်။ ဒီလိုနဲ့ တွေ့ဖြစ်ကြပါတယ်။ သဘာဝ ပေး ရာသီဥတုကလည်း သူတို့ ဆွေးနွေးပွဲ အချိန်ကြာစေဖို့ အကြောင်းဖန် လာခဲ့ပါတယ်။ ဂျိုဟန် နစ္စဘတ် လေဆိပ်မှာ မြူတွေပိတ်ဖုန်းနေလို့ သူတို့ စီးလာတဲ့ လေယာဉ် တက်ဆင်းမရ ဖြစ်နေခဲ့ပါတယ်။ လေယာဉ်က လမ်းကြောင်းပြောင်းပြီး အခြားလေဆိပ် တခုမှာ ခေတ္တနား၊ နှင်းကွဲချိန်မှ ပြန်လာရတော့ သူတို့ (၄) နာရီကျော် ကြာ စကားပြောဖြစ်ခဲ့ပါတယ်။

ဝန်ကြီး ကိုအက်ဆီးက မင်ဒဲလားအကြောင်းကို ထပ်ပြီး မေးပါတယ်။ သူက ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်နေပါတယ်။ မင်ဒဲလားရဲ့ ရှေ့နေကြီး ဘီဇို့စ်ကို အသေးစိတ်မေးပါတယ်။ ဘီဇို့စ်ကလည်း ရှေ့နေလိုက် ဖြေတာများ လွန်းလို့ ကျနော့ကို ဒီလောက် တရားဟောစရာလည်း မလိုပါဘူးဆိုပြီး ဝန်ကြီးကတောင် ပြန်ဟန့်ရပါသေး တယ်။ ရှေ့နေကြီးက ဝန်ကြီးကို ပြောပါတယ်။ အခြားနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲ သူ့ကို ကွက် ပြီး လွှတ်ပေးတာမျိုး မင်ဒဲလားက လက်ခံမှာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။ ကိုအက်ဆီးက အတော် အခု ဆွေးနွေးပွဲကို အတော် စိတ်ဝင်စားပုံပြပါတယ်။

နောက်ပိုင်းမှာတော့ ရှေ့နေကြီး ဂျော့ ဘီဇို့စ်က အေအဲန်စီဌာနချုပ်ရုံး စိုက်ထားရာ လူဆာကာမြို့ကို လေယာဉ်ပျံနဲ့ သွားပါပြီး၊ ဟိုတယ်တခုမှာ တည်းနေပါတယ်။ လူဆာကာမြို့ဆိုတာကတော့ အိမ်နီးချင်း ဇမ်ဘီယာနိုင်ငံရဲ့ မြို့တော်ပါ။ ယခင် လူဖြူတွေ လွှမ်းမိုးထားတဲ့ ရိုဒီးရှားနိုင်ငံကနေ ၁၉၆၄ ခုနှစ်မှာ ဇမ်ဘီယာ က လွတ်လပ်ရေး ရလာပါတယ်။ သည်တော့ လူမဲ အမျိုးသား အချင်းချင်း ဇမ်ဘီယာနိုင်ငံ အစိုးရက၊ အေအဲန်စီ (အာဖရိက အမျိုးသား ကွန်ဂရက်) ရဲ့ လှုပ်ရှားမှုတွေကိုလည်း အပြည့်အဝ တလျှောက်လုံး ထောက်ခံအားပေး လာခဲ့ပါတယ်။ ဇမ်ဘီယာ သမတဖြစ်သူ (ကက်နက် ကာအွန်ဒါ) က အေအဲန်စီဌာနချုပ်ရုံးကို သူမြို့တော်မှာ ဖွင့်ခွင့်ပေးထားတဲ့ အထိ ထောက်ခံပံ့ပိုးပေးခဲ့ပါတယ်။

ည (၁ဝ) နာရီခွဲလောက်မှာ အေအဲန်စီရဲဘော်တွေက အေအဲန်စီအဖွဲ့ရဲ့ ဥက္ကဌ အိုလီဗာတန်ဘိုကို ရှေ့နေကြီး ဂျော့ ဘီဇို့စ် အခန်းဆီ ခေါ်လာခဲ့ပါတယ်။

ဒီအစည်းအဝေးက အင်မတန် စိတ်လှုပ်ရှားဖွယ်ရာ ပြန်လည်တွေ့ဆုံပွဲ ပါပဲ။ ယခု ရှေ့နေကြီးနဲ့ အေအဲန်စီ ဥက္ကဌ ဖြစ်သူ အိုလီဗာ တန်ဘိုတို့က ယခင်ကျောင်းသားလှုပ်ရှားမှုတုန်းက လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေပါ။ တန်ဘိုကတော့ လူ ခပ်သေးသေး၊ စကားပြော ပျော့ပြောင်းပါတယ်။ သို့ပေမယ့်လည်း လျှို့ဝှက်သိုသိပ်တဲ့ အသွင်ဆောင်ပါတယ်။ မင်ဒဲလားကတော့ ထောင် မောင်း၊ ခန့်ညားပြီး လူရိုသေဖွယ် ဟိတ်ဟန်ကို ပိုင်ဆိုင် ပါတယ်။ ၁၉၆၁ ဥက္ကဌ တန်ဘို တောခိုသွားပြီး ကတည်းက မတွေ့ကြ ရတော့ပါဘူး။ တမ်ဘိုနဲ့ မစ္စတာ မင်ဒဲလားတို့က လည်း ပြောစရာ မလိုတဲ့ မိတ်ဆွေရင်းတွေပါ။

ဒီလိုနဲ့ မိတ်ဆွေဟောင်းဖြစ်ကြတဲ့ ရှေ့နေကြီး ဘီဇို့စ်နဲ့ အေအဲန်စီ ဥက္ကဌ တန်ဘိုတို့ လူဆာကာမြို့ ဟော်တယ် အခန်း အတွင်း မှာ နံနက် ၃ နာရီခွဲတိုင် စကားထိုင်ပြောဖြစ်ကြပါတယ်။ "ကျနော်ယူလာတဲ့ သတင်းကြားတော့ တန်ဘို တက်ကြွနေတယ်။" ဘီဇို့စ် က ပြန်ပြောပြပါတယ်။ မင်ဒဲလားကျန်းမာရေးကောင်းတယ်။ အခြေအနေ အားလုံး သူကောင်းကောင်းထိန်းနိုင်တယ်။ သူတို့ကို စိတ်မပူကြဖို့။ သူဘာတခု လုပ်လုပ် ခင်ဗျားတို့ အေအဲန်စီ ရဲ့ သဘောတူညီချက် မပါဘဲ လုပ်မှာမဟုတ်ဘူးဆိုတာကို ရှေ့နေကြီး က အာမခံပြောပြခဲ့ပါတယ်။

တခါ ၁၉၈၆ ခု။ ဖေဖေါ်ဝါရီလ ၂၈ မှာလည်း လူဆာကာဆီကို ရှေ့နေကြီး ရောက်လာပြီး ဒုတိယအကြိမ် ထပ် တွေ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ ဇမ်ဘီယာသမတရဲ့ ဧည့်ခမ်းဆောင်မှာ တွေ့ဆုံစကားပြောနိုင်ကြပါ တယ်။

အေအဲန်စီ ဥက္ကဌ အိုလီဗာ တန်ဘိုက အပြောင်းအလဲဖြစ်လာတော့မယ့် အရိပ် အယောင်တွေအတွက် စိတ် လှုပ်ရှားနေပါတယ်။ သူကလည်း မင်ဒဲလားကို ယုံကြည်တယ်၊ ဆက်လုပ်ဖို့၊ အပြည့်အဝ ထောက်ခံကြောင်း ရှေ့နေကြီး ဘီဇို့နဲ့ အကြောင်းပြန်ခဲ့ပါ တယ်။ ဒီအခြေအနေကတော့ ထောင်ကျနေတဲ့ လူမဲ ခေါင်းဆောင်တွေနဲ့ ပြည်ပမှာ ရှိနေတဲ့ အေအဲန်စီခေါင်းဆောင် တွေ အကြား သွယ်ဝိုက်လို့ ဆက်သွယ်မှု ရလာခဲ့တာ ပထမဦးဆုံး အကြိမ်ပါပဲ။

တဖက်မှာလည်း မင်ဒဲလားနဲ့ တွေ့ဆုံတဲ့အကြောင်းကို တရားရေး၊ ရဲနဲ့ အကျဉ်းထောင် ရေးရာ ဝန်ကြီးက သမတ ဘိုသာဆီကို အစီရင်ခံခဲ့ပါတယ်။ သမတ ဘိုသာကတော့ ဒီအကျဉ်းသားနဲ့ ဆက်ဆံရေးလမ်းကြောင်း ကို ထိန်းထားဖို့ အမိန့်ပေးပါတယ်။ သူက မင်ဒဲလားကို လွှတ်ပေးလိုပေမယ့်လည်း၊ သူကိုယ်၌က အားနည်း ပျော့ညံ့သူ မဟုတ်ကြောင်း၊ နိုင်ငံတကာဖိအားတွေကို ကရုစိုက်သူ မဟုတ်ကြောင်း ပြချင်နေတော့လည်း အခက်တွေ့နေရပါတယ်။

လူဆာကာမြို့တော်က အပြန်မှာတော့ ရှေ့နေကြီး ဘီဇို့စ်က ဝန်ကြီးကို ဒီအခြေအနေတွေ၊ သူ့ခရီးစဉ်ကိစ္စတွေ ပြန်ရှင်းပြဖို့ စဉ်းစားခဲ့ပါတယ်။ နောက်တပတ်မှာတော့ "လွတ်မြောက်နေတဲ့ အကျဉ်းသား"ဆိုတဲ့ မင်ဒဲလားနဲ့ ဆက်ဆံရေး တိုးတက် လာပုံ၊ ယခုလို လျှို့ဝှက်သိုသိပ်စွာ ရှေ့ဆက်နေစဉ် နိုင်ငံတကာ၊ ပြည်တွင်း နောက်ခံ အခြေအနေတွေ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments