Pages

Sunday, February 15, 2009

နိုင်ငံသစ် မနက်ဖြန် (၈)။ ကွဲလွဲချက်များ


သောတရှင် မိတ်ဆွေများခင်ဗျား၊

ယခင်တပတ်ကတော့ လူမဲခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားနဲ့ လူဖြူအစိုးရသမတ ဘိုသာ တို့ အကြား တွေ့ဆုံဆွေးနွေးပွဲ တခု ဖြစ်လာခဲ့တဲ့အကြောင်းကို ပြောခဲ့ပါတယ်။ သို့သော်လည်း ဒီ ဆွေးနွေးပွဲက ကနဦး သဘောမျှသာ ဖြစ်ပြီး၊ မင်ဒဲလား ကိုယ်တိုင် ၄ နှစ်တိုင်တိုင် ဒီလိုဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ စောင့်ခဲ့ရပေမယ့် တိတိကျကျရလဒ် ဘာမျှ မတွေ့ခဲ့ရပါဘူး။ မင်ဒဲလားက သူရဲ့ ရပ်တည်ချက် ၁၁ -မျက်နှာစာတမ်း တခုကိုလည်း တင်ပြခဲ့တာကို အမှတ်ရကြမှာပါ။ ဒီတခေါက်မှာ တော့ ဆွေးနွေးပွဲတွေရဲ့နောက်ကွယ်က အင်အားစုအသီးသီးရဲ့ ရပ်တည်ချက်တွေအကြောင်းလည်း တင်ပြလိုပါတယ်။

နောက်ခံအခြေအနေက သိကြတဲ့အတိုင်းပါပဲ။ တောင်အာဖရိကတနိုင်ငံလုံး ကြိမ်မီးအုံး၊ နိုင်ငံရေးတင်းမာမှုတွေ အနှံ့အပြား ဖြစ်ပေါ်နေချိန်ပါ။ သို့သော်လည်း နှစ်ဖက်စလုံးက ယခု ပဋိပက္ခတွေကို ပြေလည်နိုင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ ရှေ့ဆက်ရေးကို စိတ်ထက်သန်မှု ရှိကြပါတယ်။ အချိန်တိုအတွင်း ပြေလည်မှု ရနိုင်မယ် မဟုတ်ဘူးဆိုတာလည်း သူတို့ သိထားကြပါတယ်။ မင်ဒဲလားနဲ့ လူဖြူ အစိုးရကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးစဉ် တလျှောက်လုံးမှာရော၊ ထောက်လှမ်းရေး မှူးချုပ် နီးလ် ဘားနဒ်က နောက်ကွယ်ကနေ ထောက်လှမ်းစုံစမ်းနေ တဲ့ ကိစ္စတွေမှာရော သူတို့ဖက်က အချက် ၃-ချက်ကို စိတ်ဝင်စားနေခဲ့ပါတယ်။

ပထမတချက်ကတော့ တောင်အာဖရိကရဲ့ နိုင်ငံရေးပြဿနာတွေကို အကြမ်းဖက်တဲ့နည်းနဲ့ မဖြေရှင်းတော့ ဘူးလို့ အေအဲန်စီ ဖက်က ဆုံးဖြတ်ချက် အခိုင်အမာ ရှိထားပြီး-မပြီး၊ ဒုတိယ အချက်ကတော့ တောင်အာဖရိက ကွန်မြူနစ် ပါတီနဲ့ အေအဲန်စီတို့ ကာလကြာရှည် မဟာမိတ်အဖြစ် လက်တွဲလာခဲ့ကြပြီးတဲ့နောက် ကွန်မြူနစ်ဝါဒ အပေါ် သူတို့တွေက ဘယ်လို ဆက်လက် အမြင်ရှိနေကြသလဲ။ တတိယ အချက်ကတော့ မင်ဒဲလားအနေနဲ့ လူများစုဆန္ဒအရ အုပ်ချုပ်ရေးမူ (Majority rule) ကို ဆက်လက်ပြီး အသေကိုင်စွဲ ထား-မထား၊ အခြားညိ‡နှိုင်း ပြေလည်နိုင်တဲ့ ရွေးလမ်းတခုရှိ- မရှိ စသည်ဖြင့် အချက် အလက် တွေကို သိလိုနေကြ ပါတယ်။

မင်ဒဲလားအနေနဲ့ကတော့ ပုဂ္ဂိုလ်ရေးအရ တဖြောင့်တည်း စဉ်းစားတတ်သူ ဖြစ်ပါတယ်။ အေအဲန်စီ အနေနဲ့ နိုင်ငံရေး လွတ်လပ် ခွင့်တွေ ရဖို့ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တယ်။ အစိုးရဖက်က မတရားအသင်း ကြေညာတဲ့အခါမှသာ လက်နက်စွဲ ကိုင်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ရတယ်လို့ သူက စာတမ်းမှာ ရေးသား ဖော်ပြခဲ့ပါတယ်။ "အစိုးရအနေနဲ့ နိုင်ငံရေး အာဏာကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသ၍ နိုင်ငံတွင်းရှိနေကြ တဲ့ လူမဲတိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးအဖြေရှာလိုစိတ် နှစ်နှစ်ကာကာ မပြမချင်း လက်နက်စွဲကိုင် တော်လှန်ရေးကို စွန့်ဖို့ အကြောင်းမရှိဘူး။" လို့ သူရဲ့စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။

ကွန်မြူနစ်ဝါဒနဲ့ ပတ်သက်လို့လည်း မင်ဒဲလားက ပြောင်ပဲ ပြောပါတယ်။ အေအဲန်စီဟာ ကွန်မြူနစ်အဖွဲ့ မဟုတ်ပါဖူး။ သို့သော် လည်း တောင်အာဖရိကကွန်မြူနစ်ပါတီနဲ့ ၁၉၂ဝ ခုနှစ်များ ကတည်းက လက်တွဲပြီး၊ အသားအရောင် ခွဲခြားရေးစနစ်ကို တူတူ တိုက်ပွဲဝင် လာခဲ့ကြပါတယ်။ "ဘဝတသက်လုံး လက်တွဲလာတဲ့ မိတ်ဆွေ၊ ရန်သူကို တူတူ တိုက်ဖော်တိုက်ဖက် မိတ်ဆွေ၊ မိမိပြည်သူတွေ အကြားမှာ ယုံကြည်အားထားနေတဲ့ မိတ်ဆွေကို ဂုဏ်သိက္ခာရှိတဲ့ လူတိုင်းက လက်တွဲðဖတ်မှ မဟုတ်။" လို့လည်း မင်ဒဲလားက စာတမ်းမှာ သူရဲ့ ရပ်တည်ချက်ကို ရေးခဲ့ပါတယ်။

လူအများစုအုပ်ချုပ်ရေး (Majority rule) နဲ့ ပတ်သက်၍လည်း မင်ဒဲလားက၊ ဒီမူဟာ "ကမ္ဘာတဝှမ်းလုံးရှိတဲ့ ဒီမိုကရေစီ စနစ် တိုင်းမှာ ကျင့်သုံးနေတဲ့ အခြေခံမူ"လို့ ပြောပါတယ်။ “လူဖြူအချင်းချင်းအကြားမှာ ဒီမူ အတိုင်း ကျင့်သုံးနေရင်တော့ အမှန်၊ လူမဲတွေက ဒီမူကို တောင်းဆိုကြတဲ့အခါ ကမ္ဘာပျက်လုမတတ် ဖြစ်ရ တယ်။ ဒီလို လူများစုအုပ်ချုပ်ရေး အခြေခံ တရားကြီးကို ပစ်ပယ်ထားသမျှကာလပါတ်လုံး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးရဖို့ဆိုတာ မဖြစ်နိုင်ဘူး" လို့ မင်ဒဲလားက ပြောခဲ့ပါတယ်။ ဒါပေမယ့် လူဖြူတွေဖက်က စိုးရိမ်ချက် တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေအားဖြင့် အာမခံချက်ပေး၊ ကာကွယ်ပေးဖို့ လိုတယ် ဆိုတာလည်း မင်ဒဲလားက မြင်ပါတယ်။ ဒီအချက်တွေကိုတော့ စေ့စပ်ညှိနှိုင်းရင် ဖြစ်နိုင်တယ် လို့လည်း ထောက်ပြပါတယ်။

ဒီလို အခြေခံအားဖြင့် ဝေးနေသေးတော့လည်း ပြေလည်မှုရဖို့ဆိုတာ ရေရှည်ခရီးဆက်ကြရမယ့် ကိစ္စပါ။ သို့ပေမယ့် ဆွေးနွေး ဖက်တွေ အကြား အပြန်အလှန် လေးစားမှုတော့ ရှိကြပါတယ်။ မင်ဒဲလားကို ထောင်ထဲမှာ သက်တောင့်သက်သာ အလုပ် လုပ်နိုင်အောင် စီစဉ်ပေးခဲ့သလို၊ နောက်ပိုင်းမှာ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံခွင့် ရဖို့ အလည်အပတ် လေ့လာရေး ခရီးတွေ လည်း စီစဉ်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ ဖက်စ် စာပို့စက်သုံးခွင့်ရဖို့ မင်ဒဲလားက ခွင့်တောင်းတော့လည်း နောက်ပိုင်း မှာ စီစဉ်ပေးခဲ့ပါတယ်။ မင်ဒဲလားက တွေ့ဆုံလိုတဲ့ ဧည့်သည် တွေကိုလည်း တွေ့နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ နောက်ဆုံး ပြည်ပမှာရှိနေတဲ့ အေအဲန်စီပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အဲဖရက် ဇို နဲ့တောင် တယ်လီဖုန်း ပြောခွင့် ရခဲ့ပါတယ်။ သူ့ရဲ့ရှေ့နေဖြစ်သူ ဘီဇို့စ်နဲ့ လည်း ပုံမှန်တိုင်ပင် ခွင့်ရပြီး အကြံဉာဏ်တွေ ရယူနိုင်ခဲ့ပါ တယ်။ မင်ဒဲလားက ပြဿနာတခုလုံးကို ဖက်စုံ ထောင့်စုံ ရုပ်လုံးဖော်ကြည့်ဖို့ အခွင့်ရအောင်လည်း ခွင့်ပြုခဲ့ပါတယ်။

ဒီကာလအတွင်းမှာ နိုင်ငံရေးအရ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ လူဖြူအစိုးရဖက်ကလည်း ပြုပြင်ပြောင်းလဲမှု အချို့ လုပ် ဆောင်ခဲ့ ပါတယ်။ ဒါပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ သမ္မတ ဘိုသာ လက်ထက်မှာ ဖြစ်ဖြစ် မြောက် မြောက် ပြုပြင် ပြောင်းလဲမှုတွေ မရှိခဲ့ပေမယ့်၊ သမ္မတ ဒီကလပ်တက်လာတဲ့ အခါမှာတော့ သမ္မတအဖြစ် အဖွင့် မိန့်ခွန်းပြောတဲ့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့မှာ ကတည်းက တောင်အာဖရိက နိုင်ငံပြောင်းလဲရေးအတွက် လမ်းစကို ဖွင့်ပေးခဲ့ပါတယ်။ သူက ယခင်အတိုက်အခံ လူမဲ နိုင်ငံရေး ပါတီတွေကို တရားမဝင်ကြေညာထားတာ ရုပ်သိမ်းပေးခဲ့ပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲ တွေကိုလည်း ရှေ့ဆက် လုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

သို့သော်လည်း ပြုပြင်ပြောင်းလဲဖို့ ကမ်းလှမ်းခဲ့တဲ့ သမ္မတသစ် ဒီကလပ်ရဲ့ အမြင်ကိုယ်၌မှာက လူများစုအုပ်ချုပ် ရေးစနစ်ကို လက်မခံနိုင်ပါဘူး။ ဒီလို လက်မခံနိုင်ကြောင်းလည်း လူသိရှင်ကြား အကြောက်အကန် ငြင်းခဲ့ပါ တယ်။ ဒီကလပ်က "အနိုင်ရသူ အကုန်ယူကြေး" စနစ် မဖြစ်စေရဖူးလို့ ပြောပါတယ်။ "အာဏာ ခွဲဝေမျှယူတဲ့ စနစ်" ဆိုပြီး သူက အဆိုတခုကို အကြံပြု တင်ပြခဲ့ပါတယ်။ အစိုးရဖွဲ့စည်းတဲ့အခါ မတူကွဲပြားတဲ့ လူမျိုး အုပ်စု အသီးသီးတွေ အကြား၊ ခေါင်းဆောင် အများက ညှိနှိုင်း သဘောတူညီကြပြီး အစိုးရဖွဲ့၊ အုပ်ချုပ်ကြဖို့ သူက အဆိုပြုထားတာပါ။

သမ္မတသစ် ဒီကလပ်က တောင်အာဖရိကနိုင်ငံကို "လူနည်းစုတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ" လို့ ခေါ်ဝေါ် သုံးနှုံး ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံမှာက လူမဲ လူမျိုးစုပေါင်း (၁ဝ) ခုကျော် ရှိနေပါတယ်။ အလားတူ လူဖြူ အာဖရိကန်နာတွေ ကလည်း လူနည်းစုတခု အဖြစ် သူက ကိုယ်စားပြုပြီး တင်ပြပြောဆိုတာပါ။ သူရဲ့ တင်ပြ ချက်ကို အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း တခုကိုလည်း ရေးဆွဲ အဆိုပြုခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံအရ နိုင်ငံမှာ လွှတ်တော် ၂ ရပ်ရှိမှာ ဖြစ်ပါတယ်။ အောက်လွှတ် တော်မှာတော့ နိုင်ငံတကာက ကျင့်သုံးနေတဲ့ ပုံစံ အတိုင်း လူတိုင်းက မဲပေး ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် တွေ ရှိပါလိမ့်မယ်။ ဆီးနိတ် (အထက်လွှတ်တော်) မှာတော့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တန်းတူ ကိုယ်စားပြုခွင့် ရှိစေရမယ်လို့ ဆိုပါတယ်။ ၎င်းဆီးနိတ်ရဲ့ အများသဘောတူညီချက်ရမှသာ အရေးကိစ္စတွေကို ဆုံးဖြတ်ရမယ်လို့ တင်ပြပါ တယ်။ အစိုးရဖွဲ့တဲ့အခါကျတော့လည်း နိုင်ငံရေးပါတီ အားလုံးကနေပြီး ရွေးချယ် ဖွဲ့စည်းထားတဲ့ ကက်ဘိနက် ဝန်ကြီး အဖွဲ့ (Collegiate cabinet) တခု ရှိပါလိမ့်မယ်။ နိုင်ငံတော်သမ္မတကိုလည်း အင်အားအကြီးမားဆုံး ကိုယ်စားပြုနိုင်တဲ့ ပါတီကြီး (၃) ခု၊ ဒါမှမဟုတ် ပါတီကြီး (၅) ခုက ခေါင်းဆောင်တွေက အလှည့်ကျ သမ္မတ အဖြစ် ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ ကက်ဘိနက်ဝန်ကြီးအဖွဲ့က ဆုံးဖြတ်ချက်ချရာမှာတော့ လူအားလုံး သဘောဆန္ဒတူညီမှုရမှ (Consensus) မှ ဆုံးဖြတ်တဲ့ စနစ်နဲ့ သွားမယ်လို့ ဆိုပါတယ်။ သဘော ကတော့ အောက်လွှတ်တော်က တင်သွင်းလာသမျှ ဥပဒေမူကြမ်းတွေကို လူဖြူ လူနည်းစု ခေါင်းဆောင်တွေ ပါဝင်နေတဲ့ ဆီးနိတ်နဲ့ ဝန်ကြီးအဖွဲ့ ကက်ဘိနက်မှာ ဗီတိုအာဏာနဲ့ ငြင်းပယ်ခွင့် ရရေးပါပဲ။ လူဖြူလူနည်းစု အုပ်ချုပ်ရေးစနစ်ကတော့ အဆုံးသတ်သွားပါလိမ့်မယ်။ ဒါပေမယ့်လည်း လူမဲတွေလည်း အာဏာ အခိုင်အမာ ရရှိဖို့ မဖြစ်နိုင်တဲ့ စနစ်မျိုးပါ။

လူမဲခေါင်းဆောင်တွေကတော့ အခု အဆိုပြုတဲ့ "အာဏာခွဲဝေယူရေး အစီအစဉ်"ကို အတုအယောင် လှည့်စားမှုလို့ မြင်ကြပါ တယ်။ လူများစု အုပ်ချုပ်ရေးစနစ်ကို ပယ်ချရင်း "ရှုံးသူ အကုန်ယူကြေးစနစ်" ဖြစ်နေ ပြီလို့ လေ့လာသူတွေက ပျက်ရယ်ပြုကြ ပါသေးတယ်။ ဒီမူဟာလည်း အလုပ်ဖြစ်ဖွယ် မမြင်လှပါဘူး။ ဒီလို အခြေခံ စဉ်းစားချက်ခြင်း၊ အကျိုးစီးပွားချင်း ကွာခြားနေ လေတော့ တွေ့ဆုံဆွေးနွေးပွဲတွေ နီးစပ်အောင်မြင်ဖို့ လည်း ရေတိုကာလမှာတော့ မဖြစ်နိုင်သေးပါဘူး။ ပြဒါးတလမ်း-သံတလမ်းဆိုတဲ့ အခြေအနေ စစ်စစ်ပါ။ ရှေ့တပတ်မှာတော့ ပြည်ပမှာ ရှိနေတဲ့ အေအဲန်စီဖက် ကလည်း ပြည်တွင်းမှာ လှုပ်ရှား မှုတွေ အရှိန်မြှင့်ဖို့နဲ့ အင်အားတည်ဆောက်ဖို့ မြေအောက်လုပ်ငန်း စီမံချက်တွေ စတင်လာတဲ့အကြောင်းကို တင်ပြမှာပါ။ ဒီတပတ်တော့ နားကြပါစို့ရဲ့။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments