Pages

Friday, February 13, 2009

နိုင်ငံသစ် မနက်ဖြန် (၇)။ သမ္မတဘိုသာနှင့် မင်ဒဲလား တွေ့ဆုံပွဲ


သောတရှင်မိတ်ဆွေများခင်ဗျား၊
လူမဲအကျဉ်းသား နယ်လ်ဆင်မင်ဒဲလားနဲ့ လူဖြူအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးစကား ပြော နေကြတာ ၄- နှစ် ရှိလာခဲ့ပါပြီ။ ဆွေးနွေးပွဲက ရှေ့တဆင့် မတက်နိုင်သေးသလို၊ မင်ဒဲလားကို လွှတ် ပေးဖို့ ကိစ္စတွေကလည်း မဖြစ်နိုင်သေး ပါဘူး။ ဒီ ၄-နှစ်ကာလကြားထဲမှာတော့ တောင်အာဖရိက နိုင်ငံရဲ့ သမိုင်းတလျှောက် လူမဲအမျိုးသားတွေရဲ့ ထကြွလှုပ်ရှားမှု အပြင်းထန်ဆုံးကာလလို့ ပြော ရင်ရပါတယ်။ လူမဲအမျိုးသားတွေရဲ့ အုံကြွလှုပ်ရှား မှုက ၁၉၈၄ ခုနှစ်၊ စက်တင်ဘာလက စတင်ခဲ့ပြီး ကတည်းက တောင်အာဖရိကနိုင်ငံရဲ့ တည်ငြိမ်နေတဲ့ စနစ်၊ အခြေခံ အဆောက်အဦတခုလုံးကို လှုပ်ခါနေစေ ခဲ့ပါတယ်။ လူဖြူသမတ ဘိုသာက အင်အားသုံး အကြမ်းဖက် နှိပ်ကွပ်နေပေမယ့်လည်း ငြိမ်သက်မသွားပါဘူး။

အရေးပေါ်အခြေအနေ (၂) ခါတိုင်တိုင် ကြေညာပြီး နှိမ်နင်းခဲ့ရ တဲ့တိုင် အရာပေါ်နေဆဲပါပဲ။ ဒီလိုနဲ့ ၁၉၈၉ ခုနှစ်ရောက်လာ တဲ့အခါမှာ ဒီလိုနိုင်ငံရေးမငြိမ်မသက်မှုများကြောင့် လူ (၄,ဝဝဝ) ကျော်အသက်ဆုံးခဲ့ရပါပြီ၊ လူ (၅ဝ,ဝဝဝ) ကျော်ကို တရားခုံရုံး မတင်ပဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့ ရပါပြီ။ နိုင်ငံတကာဖိအား၊ ဒဏ်ခတ်ပိတ်ဆို့တွေကိုလည်း ကြုံနေကြရပါပြီ။ ဒါပေမယ့် မင်ဒဲလားအနေနဲ့က လျှို့ဝှက် ဆွေးနွေးပွဲတွေအဆင့်ကနေ မကျော်နိုင်သေးပါဘူး။

ဒါပေမယ့် လျှို့ဝှက် စကားပြောနေကြတဲ့ ဆွေးနွေးဖက်တွေအကြားမှာတော့ နားလည်မှုအတော်အတန် တိုးတက်ရလာပြီလို့ ဆိုနိုင်ပါတယ်။ မင်ဒဲလားကို လွှတ်မပေးနိုင်သေးသော်လည်း သက်တောင့် သက်သာရှိအောင် စီစဉ်ပေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ကိပ်တောင်းမြို့ အပြင်ဘက်က ဗစ်တာဗာ့စတာ အကျဉ်းထောင် အတွင်းမှာ သီးသန့်အိမ်တလုံး စီစဉ် ပေးခဲ့ပါ တယ်။ အိမ်မှာ သော့ခတ်တယ်ဆိုရုံ ထားပေမယ့်၊ မင်ဒဲလားရဲ့ ဝေယျာဝစ္စတွေအတွက်နဲ့ ချက်ပြုတ်ဖို့အတွက် ထောင်ဝါဒါ ၄ ယောက်ကို ထားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့ မင်ဒဲလားကို ပြင်ပလေထုနဲ့၊ ပြင်ပဝန်းကျင်နဲ့ ထိတွေ့စေအောင်ဆိုပြီး ပြင်ပလေ့လာရေး ခရီးတွေလည်း ထွက်စေခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့ ကိပ်တောင်းမြို့ ဆင်ဖြေဖုန်းရပ်ကွက်တွေကို သွားကြပါတယ်။ မြို့ထဲလမ်းတွေမှာ လျှောက်ကြပါတယ်။ ကိပ် တောင်း ပင်လယ်ကမ်းခြေက တံငါရွာတွေ၊ ဆိပ်ကမ်းတွေ၊ သမုဒ္ဒရာ ၂ ခုဆုံရာ အငူစွန်းကလေး ကိုလည်း သွားလည်တတ် ကြပါတယ်။ ထောင်ထဲမှာချည်း နှစ် ၂ဝ ကျော်ဖြတ်သန်းလာခဲ့ရတဲ့ မင်ဒဲလားအဖို့ မြင်ရသမျှ အဆန်းချည်းပါပဲ။ တခါတလေ ကုန်တိုက်ပေါ်ကိုပါ ခေါ်သွားတတ်ကြပါတယ်။ လုံခြုံရေး ခြံရံပြီး သွားတယ် ဆိုပေ မယ့်လည်း၊ တခါတလေ ကားပေါ်မှာ သော့တန်းလန်းနဲ့ တယောက်ထဲ ထားပစ်ခဲ့တတ်လို့လည်း စိတ်အနှောက်ယှက် ဖြစ်ရသေးတယ်လို့ မင်ဒဲလားက ပြန်ပြော ပြပါတယ်။

မင်ဒဲလားကို ပြင်ပ အလည်အပတ်ထွက်ခွင့်သာ မဟုတ်ပါဘူး။ ထောင်ကို ဧည့်သည်တွေ့ခွင့်လည်း ပြုထားပါတယ်။ တော် လှန်ရေးအပေါ် စိတ်ဝင်စားတဲ့ လူငယ်တွေအဖို့ မင်ဒဲလားနဲ့ တွေ့ခွင့်ရခြင်းဟာ မဟာအခွင့်အရေး ကြီးပါ။ သူတို့ လွတ်မြောက် ရေးအတွက် ကြွေးကြော်ခဲ့ကြတဲ့ တေးသီချင်းတွေမှာ ကြားဖူးခဲ့ကြပါတယ်။ သူတို့ မျှော်မှန်းကြည်ညိုခဲ့ကြတဲ့ အိမ်မက်ထဲမှ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ မင်ဒဲလားက အကျဉ်းကျနေသူတွေထဲက သူ တွေ့ချင်သူတွေနဲ့လည်း တွေ့ဆုံခွင့် တောင်းတာမျိုး ရှိပါတယ်။ ဒီလိုကာလတွေမှာ မင်ဒဲလားက အပြင်းအထန် အလုပ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အကျဉ်းကျခံနေရာ အိမ်ကိုလည်း ရုံးခန်းသဖွယ် ပြောင်းပစ်ပြီး အလုပ်တွေ လုပ်ခဲ့ပါတယ်။ ဒီလို သူတွေ့ချင်တဲ့ ဧည့်သည်တွေတွေ့တာ၊ စာဖတ်တာ၊ စာရေးတာ တောက်လျှောက် လုပ်နေ ပြီး သမ္မတဘိုသာနဲ့ တွေ့ခွင့်ရဖို့ ပြင်နေခဲ့ပါတယ်။ မင်ဒဲလားက သူသိချင်တာတွေအတွက် အေအဲန်စီအဖွဲ့ဝင် ဟောင်းတွေက အချက်အလက်တွေ စုဆောင်းပါတယ်။ သူ့အတွေးအခေါ်ကို ရှင်းအောင် စုစည်းပါတယ်။ တိုင်းပြည်အတွင်းမှာ ပိုမိုပြင်းထန်လာနေတဲ့ ပဋိပက္ခအခြေအနေကို သူမြင်နေရပြီး၊ ပြန်စေ့စပ် မရနိုင်လောက်တဲ့ အမျိုးသား ရေး အစွန်း ၂ ဖက်ရောက်သွားမှာကိုလည်း သူက စိုးရိမ်နေပါတယ်။ ဒီလို ဧည့်သည်တွေ တွေ့တဲ့ နေရာမှာ မင်ဒဲလားက လူတဦးချင်းရဲ့ အသေးစိတ် အချက်အလက်တွေကို အလေးထားတာ၊ မှတ်မိနေတတ် တာကိုလည်း လူတွေက အံ့သြကြရ ပါတယ်။

နှစ်ဖက်စလုံးက ဆွေးနွေးပွဲကို ဆက်တက်လှမ်းလိုကြသော်လည်း၊ အချိန်ရွေးချယ်မှု ပြဿနာ ရှိနေပါတယ်။ ဒီလိုနဲ့ နောက်ဆုံး မင်ဒဲလားနဲ့တွေ့ဖို့ သမ္မတ ဘိုသာက ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ တညနေမှာ တွေ့မယ်လို့ သဘောတူခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို စီစဉ်ဖို့ ထောက်လှမ်းရေးမှူးချုပ် ဖြစ်သူ၊ မင်ဒဲလားနဲ့လည်း ဆွေးနွေးပွဲ တွေမှာ တောက်လျှောက်ပါလာခဲ့သူ နီးလ်ဘားနဒ်ကို တာဝန်ပေးပါတယ်။ အကယ်၍ တစုံတရာ ပစ်လား၊ ခတ်လား ဖြစ်လာကြရင်တောင် အရေးပေါ် အခြေအနေအတွက် လိုအပ် တဲ့သွေး အမျိုးအစားတွေ စုဆောင်း ထားဖို့အထိ အသေးစိတ်ပြင်ဆင်ခဲ့ကြရပါတယ်။

ဒီဆွေးနွေးပွဲ ဖြစ်လာစေဖို့လည်း ဝန်ကြီးကိုအက်ဆီးနဲ့ နီးလ်ဘားနဒ်တို့က သမ္မတကို အတော်နားချကြရပါ သေးတယ်။ "မင်ဒဲလား နဲ့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် သူ့အဖို့ဘာမှဆုံးရှုံးစရာ မရှိဖူးဆိုတာ တနာရီလောက် ကျနော်တို့နားချ ကြရ တယ်။" ဘားနဒ်က ပြန်ပြောပြခဲ့ပါတယ်။ "ဆွေးနွေးပွဲက လိုချင်တဲ့အတိုင်း ဖြစ်မလာရင်၊ မှားနေတယ်ထင်ရင် ကျနော်တို့ ပြန်ဆုတ်လိုက်ရုံပဲ။ အကယ်၍ အဆင်ပြေမယ်ဆိုရင် သမိုင်းမှာ ခင်ဗျားကို ချီးကျူးကြလိမ့်မယ်။" ဒီလို တိုက်တွန်းခဲ့ကြပါတယ်။

သမ္မတ ဘိုသာက သူ့နောက်ခံအင်အားစု လူဖြူတွေနဲ့ကင်းကွာသွားမှာ စိုးနေပါတယ်။ သူ့ နောက်က အခိုင် အမာရပ် ပေးနေတဲ့ စစ်တပ်နဲ့ လုံðခံရေးအင်အားစုတွေရဲ့ ဖိအားကိုလည်း ထည့်တွက် စိုးရွံ့နေ ပါတယ်။ သူ့ကို ပျော့ညံ့တဲ့သူ၊ အလျှော့ပေးတတ်သူ လို့ အမြင်မခံချင်တဲ့ အကြောင်းတခုလည်း ပါပါတယ်။ တခါကလည်း မင်ဒဲလားနဲ့ ဆွေးနွေးရေးကိစ္စမှာ သူကွဲခဲ့ဖူးပါသေးတယ်။ သူက နိုင်ငံတကာက မိတ်ဆွေတွေ အကြံ ပြုတာ နားဝင်လာပြီး "မင်ဒဲလားအနေနဲ့ အကြမ်းဖက် တော်လှန်ရေးကို စွန့်လွှတ် တယ်လို့ ကြေညာ၊ ကျနော်တို့ ကလည်း သူ့ကို ချွင်းချက်မရှိလွှတ်ပေးမယ်လို့ ကြေညာခဲ့ဖူး ပါတယ်။" ဝန်ကြီး ကိုအက်ဆီးနဲ့ အနည်းစုက ဒီအဆို ကို ကန့်ကွက်ပေမယ့်၊ အများစုက လက်ခံလို့ ဘိုသာက ကြေညာ ခဲ့တာပါ။

နောက်ဆုံးမှာ လူမဲတွေက ၁၉၈၅ ဖေဖေါ်ဝါရီလ (၁ဝ) ရက်နေ့မှာတော့ ဆိုဝီတို ဂျူဘလီနီအားကစားကွင်းကြီး မှာ လူထောင် ပေါင်း များစွာ စုဝေးကြပြီး၊ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ မင်ဒဲလားရဲ့ သမီးငယ် ဇင်ဇီက သူ့အဖေရဲ့ သဘောထားကို လူအများရှေ့ဖတ်ပြခဲ့ပါတယ်။

"ကျနော့ လွတ်မြောက်မှုကို ကျနော်တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျနော့အနေနဲ့ ခင်ဗျားတို့လူအများရဲ့ လွတ်မြောက်ရေး ကိုပဲ ပိုအရေးထားလိုပါတယ်။ ကျနော့အနေနဲ့ ဘဝကိုခင်တွယ်တယ်ဆိုတာ ခင်ဗျားတို့ အားလုံးထက် မလျော့ပါဘူး။ ဒါပေမယ့် ကျနော့ရဲ့ မွေးရာပါလွတ်လပ်ခွင့်ကို မရောင်းနိုင်ပါဘူး။ ဒါ့အပြင်... ... ပြည်သူ့လူထုရဲ့ အဖွဲ့အစည်းများ ပိတ်ပင်ခံထားရချိန်မှာ ကျနော့လွတ်မြောက်မှု ကမ်းလှမ်းတာဟာ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ လွတ်လပ်တဲ့သူသာ ညှိနှိုင်းဆွေးနွေးနိုင်ပါတယ်။ အကျဉ်း သားနဲ့ သဘောတူစာချုပ်ချုပ်ဖို့ မဖြစ်နိုင်ပါဘူး။" ဒီကြေညာချက်ကို မင်ဒဲလားရဲ့ သမီးငယ်က ဖတ်ပြခဲ့ပါတယ်။

ယခုတကြိမ် တွေ့ဆုံဖို့ကတော့ တကယ်ဖြစ်လာပါပြီ။ ဒီလိုအခြေအနေမှာ ပိုလို့ သတိထားနေတာလည်း ရှိနေကြပါတယ်။ လျှို့ဝှက် ထောက်လှမ်းရေးဌာန အကြီးအကဲ နီးလ်ဘားနာ့ဒ်က အေအဲန်စီနဲ့ ပါတ်သက်လို့ သူသိလိုတာတွေ တီးခေါက် နေပါတယ်။

မင်ဒဲလားက ကိုအက်ဆီးခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲ သေချာလောက်တဲ့ အချိန်မှာ (၁၁) မျက်နှာရှိတဲ့ စာတမ်းတခုကို သူ့သဘောထားအဖြစ် တင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်၊ မတ်လ၊ သမ္မတ ဘိုသာ နှလုံးရောဂါ ပြန်သက်သာလာတဲ့ ကာလမှာတော့ ဒီစာတမ်းက သူ့လက်ထဲရောက်လာခဲ့ပါ တယ်။ ဒီကြားထဲမှာလည်း မင်ဒဲလားက အဆုပ် ရေဝင်လို့ အတော်အနားယူလိုက်ရပါသေးတယ်။ အဖွဲ့အစည်း ပေါင်းစုံပါဝင်တဲ့ အမျိုးသားညီလာခံတခု ခေါ်ဆိုဖို့ တိုက်တွန်းထားပြီး၊ ခါးသီးပြင်းထန်လှတဲ့ လူမျိုးရေးပဋိပက္ခ တွေကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့ အဆုံးသတ်ဖို့ တိုက်တွန်း ထားပါတယ်။ ဒီစာတမ်းရပြီး တပတ်အကြာမှာပဲ သမ္မတ ဘိုသာဆီက တွေ့ဆုံမယ်လို့ ပြန်ကြားလာခဲ့တာပါ။

မင်ဒဲလားအနေနဲ့ နှစ်များရှည်ကြာစောင့်ခဲ့ရတဲ့ သမ္မတဘိုသာနဲ့ တွေ့ဆုံ အစည်းအဝေး တကယ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အစပျိုး ပုံမှန်တွေ့ဆုံပွဲမျိုးသာ ဖြစ်ပြီး၊ အရေးကြီးတဲ့ အကြောင်းအရာတွေကိုလည်း မဆွေးနွေးခဲ့ရပါဘူး။ အရေးကြီးတဲ့ ဘာဆုံးဖြတ်ချက်မှလည်း မချမှတ်နိုင်ခဲ့ပါဘူး။ ပြီးတော့ မင်ဒဲလားလည်း ထောင်ထဲ ပြန်ရောက်လာပါတယ်။

နောက်တပတ်မှာတော့ ဒီဆွေးနွေးပွဲတွေမှာ သူ့အမြင်-ကိုယ့်အမြင်ကွဲနေတာ၊ သူတင် ကိုယ်တင်ဖြစ်နေတဲ့ ကိစ္စလေး တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments