Thursday, February 12, 2009
နိုင်ငံသစ် မနက်ဖြန် (၃)။ တင်းနစ်ကစားပွဲနဲ့ သံရေးတမာန်ရေး
သောတရှင် မိတ်ဆွေများခင်ဗျား၊
တောင်အာဖရိကမှာ လူမဲတွေရဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေက ၁၉၆ဝ ခုနှစ်၊ အစောပိုင်း ကာလ တွေမှာ ပြင်းထန် ပေါက်ကွဲ အုံကြွလာခဲ့ပါတယ်။ လူမဲတွေရဲ့ အာခံရေး တိုက်ပွဲပေါင်းစုံ အပြီး အုပ်ချုပ် သူ လူဖြူအစိုးရက လူမဲတွေကို နယ်မြေကူးသန်းသွားလာခွင့် ပိတ်ပင်တာကစလို့၊ တင်းကျပ် ကန့်သတ်မှု ပေါင်းစုံလုပ်ပါတယ်။ ရှပ်ပီ ဗီးလ်လို့ခေါ်တဲ့ မြို့ကလေးမှာ အကြမ်းမဖက်ဆန္ဒပြကြသူ (၆၉) ဦးကို အစုအပြုံလိုက် အသတ်ခံခဲ့ကြရ ပါတယ်။
လူမဲတွေက အာဖရိက အမျိုးသား ကွန်ဂရက် (အေအန်စီ) ကို ဖွဲ့စည်းလို့ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ ကြပါ တယ်။ လူဖြူအစိုးရက အေအန်စီအဖွဲ့ကို ၁၉၆ဝ ခုနှစ်မှာ မတရားအသင်း အဖြစ် ကြေညာလိုက် ပါတယ်။ ဒီအခါမှာ လူမဲခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားက တောခိုပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်ဖို့ ပြင်ခဲ့ပါတယ်။ (Umkhonto we Sizwe) နိုင်ငံရဲ့ လှံတော်လို့ အမည်ရတဲ့ လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့ကို ဦးဆောင် ဖွဲ့စည်းပါတယ်။ နောက်တော့ တောင်အာဖရိကကို ပြန်လာပြီး မြေအောက်လုပ်ငန်းတွေ ဆက်လုပ်နေပါ တယ်။ ၁၉၆၃ ခုနှစ်မှာတော့ မင်ဒဲလား အဖမ်းခံရပြီး၊ နိုင်ငံကနေ တရားမဝင် ထွက်ခွါသွားတဲ့ အမှုနဲ့ ထောင် (၅) နှစ်အပြစ်ပေးပါတယ်။ နောက်တနှစ်မှာတော့ "ရီဗွန် နီယား လူဖမ်းပွဲကြီး" လို့ နာမည် ကြီးတဲ့ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နစ္စဘတ်မြို့ပြင် ရပ်ကွက်တခုမှာ အခြား အေအန်စီ ခေါင်းဆောင်အများအပြား လည်း အဖမ်းခံခဲ့ရပါတော့တယ်။ ဖမ်းခံရတဲ့ လူမဲခေါင်းဆောင် သူတို့တွေကို ရော်ဘင် အကျဉ်း ထောင်ကို ပို့ခဲ့ပါတယ်။ ရော်ဘင်အကျဉ်းထောင်ဆိုတာကတော့ တကျွန်းပါ။ ကိပ်တောင်းမြို့ကနေ ၆ မိုင်ဝေးတဲ့ ကျွန်း ကလေး တခု ပေါ်မှာ တည် ထားပါတယ်။ နှိပ်စက်ညှဉ်းပမ်း ကျပ်တည်းလွန်းလို့လည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောင်ပါ။
လူမဲခေါင်းဆောင်တွေ အကုန်ဖမ်းရတော့ မစ္စတာ မင်ဒဲလားအပါအဝင် ခေါင်းဆောင်အားလုံးကို နိုင်ငံပုန်ကန်မှုနဲ့ တသက် တကျွန်း အပြစ်ပေးပါတယ်။ သူတို့ နိုင်ငံရေးအကျဉ်းသားတွေကို (ဒီ) အုပ်စုလို့ သတ်မှတ်ပါတယ်။ ရိုးရိုးရာဇဝတ်သားတွေ ကတော့ (စီ) အုပ်စုပါ။ (ဒီ) အုပ်စုဝင် နိုင်ငံရေး အကျဉ်းသားတွေကတော့ ပိုလို့ ဖိနှိပ်ခံရပါတယ်။ အခွင့်အရေးတွေအားလုံး ငြင်းပယ်ခံရပါတယ်။ သတင်းစာမဖတ်ရ။ ရေဒီယိုနားမထောင်ရ။ ထောင်ဝင်စာလက်ခံတွေ့ခွင့် မရှိ။ ပင်ပင်ပန်းပန်း အလုပ် ကြမ်းခိုင်းစေတာလည်း ခံကြရပါတယ်။
ဒီလို ခေါင်းဆောင်တွေ ဖမ်းဆီးလိုက်လို့လဲ လှုပ်ရှားမှုတွေက မòပိကွဲသွားပါဘူး။ (၁၉၇၆) ခုနှစ်မှာ အာဖရိ ကန်နာ လူဖြူ ဘာသာစကားကို လူမဲကျောင်းများတွေမှာ ကျောင်းသုံးဘာသာစကားအဖြစ် သင်ကြားဖို့ ပြဌာန်းလာတဲ့အခါ ကျောင်းသား ဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။ ဒီဆန္ဒပြပွဲတွေကို နှိမ်နင်းလို့ လူပေါင်း (၆ဝဝ) ခန့် သေဆုံးခဲ့ကြရပါတယ်။ ၁၉၈ဝ နှစ်လယ် ပိုင်းကာလတိုင် သပိတ်တွေလည်း တလုံးပြီးတလုံး ဆက်တိုက်မှောက် နေခဲ့ကြပြီး၊ တိုင်းပြည်အခြေအနေလည်း ပေါက်ကွဲ လုနီးပါး ဆူပွက်နေခဲ့ပါပြီ။ လူမဲလူငယ်တွေရဲ့ သတ္တိကလည်း အံ့မခန်း။ ဖိနှိပ်မှုတွေကြားထဲကပဲ ရဲရဲတောက်။ တိုက်ပွဲတွေ ဆက်နေခဲ့ကြပါတယ်။
ဒီအချိန်မှာ မင်ဒဲလားရဲ့ဇနီးဖြစ်သူ မစ္စ ဝင်နီ မင်ဒဲလားကိုလည်း မြို့ငယ်ကလေးတခုမှာ အကျယ်ချုပ်ထားဖို့ ဖြစ်လာ ပါတယ်။ လူငယ်တွေကို ဦးဆောင်စည်းရုံး လှုပ်ရှားနေတဲ့ မစ္စ ဝင်နီ မင်ဒဲလားကြောင့်လည်း အာဏာပိုင်တွေ ခေါင်းကိုက်နေကြရပါ တယ်။ ၁၉၇၆ ဆူဝီတို ဒေသ အဓိကရုံးတွေ ပြီးကတည်းက အာဏာပိုင်တွေက ဝင်နီ မင်ဒဲလားကို နယ်နှင်ဖို့ ကြိုးပမ်းကြ ပါတယ်။ ဒီလိုနဲ့ သူ့ကို ဘရန်းဖို့ဒ်မြို့ကလေးဆီ ပို့လိုက်ကြပါတယ်။ မြို့ကလေးမှာ သူ့ကို နာရီမလပ် စောင့်ကြည့်နိုင်သလို၊ အစိုးရ လုံခြုံရေး ဌာနချုပ်နဲ့လည်း မလှမ်းမကမ်း နီးတဲ့နေရာပါ။
ဒီမြို့ကလေးကို ပို့လိုက်တော့ ဝင်နီ မင်ဒဲလားက ထူးထူးဆန်းဆန်း ဖြစ်နေရပါတယ်။ တကယ့် ဘာကိုမှ အမှု မထားတဲ့ သူရဲ ကောင်းမ တယောက်ပမာ ဖြစ်နေပါတယ်။ သူက ဘယ်လို ဥပဒေ ကန့်သတ်ချက်မျိုးကိုမှ ကရု မစိုက်ပါဘူး။ လူမဲ လွတ်မြောက် ရေး လှုပ်ရှားမှုရဲ့ သက်ရှိထင်ရှား အာဇာနည်တဦးလည်း ဖြစ်နေပါတယ်။ သူရဲ့ ထင်ရှားတဲ့ တက်ကြွတဲ့ ပုံသွင်က မြို့ငယ် ကလေးက လူအများအကြား လွှမ်းမိုးထားပါတယ်။ ဝင်နီ မင်ဒဲလားက မြို့ကလေးက ရှေးရိုးစွဲဝါဒီ အာဖရိကန်နာ လူဖြူများကို လှုပ်ရှားသွားစေပါတယ်။ လူဖြူတွေ တွေ့ဖူးတဲ့ အမြဲတစေ ကျိုးနွံနေတဲ့၊ နိမ့်ကျတယ်လို့ အမြင်ရှိထားတဲ့ လူမဲအမျိုးသမီး တဦးက မြို့ကလေး လမ်းမတွေပေါ် မှာ အာဖရိက ရောင်စုံအဝတ်ကို ဆင်မြန်းပြီး၊ ဘုရင်မတပါးသဖွယ် တလွှားလွှား သွားလာနေတတ် ပါတယ်။
ဒီမှာပဲ မြို့ကလေးရဲ့ တဦးတည်းသောရှေ့နေ ပီယက် ဒီဝေါနဲ့ ခင်မင်ရင်းနှီးဖို့ အကြောင်းဖန်လာပါတယ်။ ဒီ မြို့ကလေးကနေ ဝင်နီ မင်ဒဲလားအနေနဲ့ ဘယ်ကိုမှထွက်ခွာခွင့် မရှိတာကြောင့် အကယ်၍ အမှုအခင်း ကိစ္စ ကြုံလာရင် ဥပဒေကြောင်းအရ ကူညီ ဖြေရှင်း ပေးဖို့ ပီယက် ဒီဝေါကို ဝင်နီ မင်ဒဲလားရဲ့ ပုဂ္ဂိုလ်ရေးရှေ့နေက ပြောပါတယ်။ ဒီဝေါက အန္တရာယ်ရှိတဲ့ လူစိမ်းနဲ့ မဆက်ဆံ ချင်ပေမယ့် ရှေ့နေကျင့်ဝတ်အရ လုပ်ပေးဖို့ တာဝန်ရှိသလို၊ မလုပ်ပေးရင် ဥပဒေရေးရာ အသိုင်းအဝိုင်းကို တိုင်မယ်လို့လည်း ဝင်နီ မင်ဒဲလားရဲ့ ရှေ့နေက ခြိမ်းခြောက်ထားတဲ့အတွက် မတတ်သာဘဲ ဆက်ဆံရာကနေ ဝင်နီ မင်ဒဲလား နဲ့ ရင်းနှီးလာရပါ တယ်။
ဒီဝေါက သူ့လုံခြုံရေးအတွက်လည်း စိုးရိမ်ပါတယ်၊ မတတ်သာ၍ ဆက်ဆံနေရသော်လည်း လူမဲတွေ သီးသန့် ရပ်ကွက်ကို သူသွားတဲ့အခါ ရဲတွေက သူ့ကို ပြဿနာရှာမှာလည်း စိုးပါတယ်။ သို့သော်လည်း ကံကောင်း ထောက်မချင်တော့ ဒီကာလ မှာပဲ သူနဲ့ ကျောင်းနေဘက် သူငယ်ချင်း၊ တင်းနစ် ကစားဖော် ကစားဖက် ဟင်းဒရစ် ဂျက်ကိုဘတ်စ် ကိုအက်ဆီး က တရားရေး၊ ရဲနဲ့ အကျဉ်းထောင်များဆိုင်ရာ ဒုဝန်ကြီးကနေ- ဝန်ကြီး အဖြစ် ရာထူးတိုးလာခဲ့ပါတယ်။ သူက ဒါနဲ့ တင်းနစ်ကစားဖော် မိတ်ဆွေကို စာရေးရပါတော့တယ်။
"မိတ်ဆွေကြီး" လို့ခေါ်ပြီး သူငယ်ချင်း ဝန်ကြီးဆီ စာတွေ ရေးပါတယ်။ အကြောင်းကတော့ ဒီမြို့ ကလေးမှာ ဝင်နီ မင်ဒဲလား ကို ချုပ်ချယ်ထားတာ ပြန်စဉ်းစားသင့်ကြောင်းတွေ ပါပါတယ်။ " ဒီမြို့မှာ ကိုယ်တယောက် ထဲပဲ ရှေ့နေ ဆိုလို့ရှိတယ်။ ကိုယ်ဘာလုပ် ရမှာလဲ။" သူ့ အခက်အခဲတွေကို ရေးပြပါတယ်။ ဝန်ကြီးလုပ်သူ ကိုအက်ဆီးက တော့ ရင်းရင်းနှီးနှီးပဲ ကူညီပေးဖို့ အကြောင်းပြန် ပါတယ်။ သူတို့ တက္ကသိုလ်မှာ တင်းနစ် ကစားခဲ့ပုံ ရှေးဟောင်း နှောင်းဖြစ်တွေ ပြန်ဖော်ရင်း၊ မစ္စမင်ဒဲလားရဲ့ ဥပဒေကြောင်း ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ကိုင်တွယ် လုပ်ပေးဖို့ တိုက်တွန်းပါတယ်။
အနေကြာလာတော့ ဒီဝေါ မိသားစုနဲ့ ဝင်နီ မင်ဒဲလားတို့ ရင်းနှီးလာကြပါတယ်။ ဒီရင်းနှီးမှုကြောင့် ယခင်က ရှိနေတဲ့ ကြားခံ အတားအဆီးတွေ အားလုံးကို ပျောက်သွားစေပါတယ်။ ဝင်နီ မင်ဒဲလားက သူ့ဇနီးကို ကျမရဲ့လူဖြူအမကြီးလို့ ခေါ်တယ်။ ဒီဝေါ ဖက်ကလည်း ဝင်နီ မင်ဒဲလားရဲ့ အမြင်၊ အယူအဆတွေကို နားထောင်ရပြီး လူမဲတွေရဲ့ အကြောင်းကို နားလည် သဘော ပေါက်လာ တယ်။
နောက်ပိုင်းတော့ ဒီဝေါက သူငယ်ချင်း ဝန်ကြီးဖြစ်သူ ကိုအက်ဆီးကို စာမှန်မှန်ရေးပါတယ်။ စာတွေက တပိုင်းမှာ အစီရင်ခံစာ သဘောပါသလို၊ နောက်ပိုင်းမှာတော့ သူ့အမြင်တွေကိုပါ ဖော်ပြလာခဲ့ပါတယ်။ သူက ဝင်နီ မင်ဒဲလား အပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို ဖယ်ရှားပေးသင့်တဲ့ အကြောင်း၊ နယ်ဆင်မင်ဒဲလား ပြန်လွှတ်ပေးရေးအတွက် စဉ်းစားသင့် ကြောင်း ချိန်ချိန်ဆဆနဲ့ တိုက်တွန်း စာရေးခဲ့ပါတယ်။ အဲသည်အချိန်မှာ မင်ဒဲလားကို အကျဉ်းချထားတာ (၁၇) နှစ်ကျော်နေ ပါပြီ။
တကယ်တော့ ဒီစာတွေဟာ အာဖရိကန်နာ လူဖြူအမျိုးသားတွေထဲက ဝန်ကြီးတယောက်ထံ ပထမဦးဆုံး တွေ့ဆုံဖို့၊ လူမဲ တွေ အရေး တမျိုးတဖုံ စဉ်းစားနိုင်ဖို့ စတင်တိုက်တွန်းခဲ့တဲ့ စာတွေ ဖြစ်ခဲ့ပါတယ်။ ဒီစာတွေက ဝန်ကြီး ကိုအက်ဆီး အပေါ်လည်း သက်ရောက် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီစာတွေက သူ့ အပေါ် ဘယ်လောက် သြဇာ သက်ရောက်ခဲ့တဲ့ အကြောင်း၊ စဉ်းစားစရာတွေ ပေးခဲ့တဲ့ အကြောင်း ပြန်လို့ ဝန်ခံ ပြောပြခဲ့ပါတယ်။ "အဲဒီ ပီယက် ဒီဝေါက ရေးတဲ့ စာကစလို့ အခုဆွေးနွေးပွဲကြီးတခုလုံး အထမြောက်လာခဲ့ရ တယ်လို့ ခင်ဗျားတို့ ဆိုရင်လည်းဆိုနိုင်တယ်။ ကျနော် က ဒီဝေါကို ယုံတယ်။ အဲဒါကြောင့် ကျနော်အတွက် ပိုစဉ်းစားစရာ ဖြစ်လာရတာ" ဆိုပြီး ပြောပြခဲ့ပါတယ်။
ရှေ့နေ ပီရက်ဒီဝေါလ်နဲ့ သူရဲ့လူဖြူမိသားစုနဲ့ ဝင်နီ မင်ဒဲလားတို့ ဆက်ဆံ ရင်းနှီးမှုက လူဖြူ-လူမဲအကြား ခြားနားနေမှု တံတိုင်း၊ သံသယ စိတ်တံတိုင်းတွေကို òဖိချလိုက်ပါတယ်။ ဒီအဖြစ်အပျက်က မြို့သေးသေးလေးမှာ စတင်လာခဲ့ပါတယ်။ သို့သော်လည်း အဲဒါ တောင်အာဖရိက နိုင်ငံအပြောင်းအလဲတွေ ဖြစ်လာစေဖို့ အစဆိုရင် လည်း မမှားပါဘူး။ နောက် တပတ်မှာတော့ ဒီဝေါ တိုက်တွန်းခဲ့လို့ စိတ်ကူးစိတ်သန်းတွေ ပြောင်းလာခဲ့တဲ့ ဝန်ကြီး ကိုအက်ဆီးက ထောင်ချခံနေရတဲ့ လူမဲခေါင်းဆောင် မင်ဒဲလား နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ဖြစ်တဲ့ အကြောင်းကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
1 comment:
မင်ဒဲလား အကျဉ်းချခံ ခဲ့ ရတယ်..
ဒါပေမဲ့..အနည်းဆုံးတော့..
သူ့မိန်းမ က သူ့ရဲ့ ရာဇ၀င် သမိုင်ကွင်း ဆက် ကို မပြတ်သွား အောင်
ထိန်းပေးနိုင်ခဲ့ တယ်..
......
ဘာပြောပြော...
သူတို့ မှာ..လူ့အခွင်းအရေး အနည်း ငယ်
ရှိနေခဲ့သေး တာတော့ အမှန်ပါပဲ...
မမသီရိ
Post a Comment