Pages

Wednesday, January 7, 2009

အလိုတော်

မလိုချင်တာကို
ကြုံရတော့
အလိုတော်အရလို့ပဲ ဖြေသိမ့်နေရတယ်
တခါတခါ ကိုယ်ကိုယ်တိုင် လက်မှိုင်ချနေရတဲ့ ကာလမျိုးမှာပေါ့။

ငါက စစ်ပွဲတွေအတွက် မွေးလာသူ မဟုတ်ပါဘူးကွဲ့
အဲသလိုမဟုတ်ရင် ငြိမ်းချမ်းရေးဇာတာထူးလည်း မပါခဲ့ပြန်ဘူး။
ဒါပေမယ့်
ထူးထူးခြားခြား အကျပ်အတည်းတွေကိုသာ အမွေဆက်ခံနေရ
အလိုတော် အရပဲလား။

ပြာမှုန်မှိုင်းနေတဲ့
စီးပွားတိမ် ရာသီအောက်မှာ
မြောက်ကမ္ဘာခြမ်းကို ပြန်ရောက်လာရ
ဘ၀အဓိပ္ပါယ်ကို တွေးဖို့ ခဏခဏ ပြန်နိုး
ငါ့အိမ်ယာကို လွမ်းနာခလုတ်နှိုးချိန်လေ...

တီဗွီနဲ့ သတင်းတွေမှာ နားခိုမှု ရှာပါတယ်...
အင်တာနက်မှာ အလွမ်းဖြေပါတယ်...
အလိုတော်အရ မြေတဲ့..
အလိုတော်အရ စစ်တွေတိုက်တယ်။
အလိုတော်အရ တီဗွီတွေက စစ်ပွဲတွေကိုပဲ ပြတယ်။
အလိုတော်အရ အနာဂတ်ကို ပူပန်နေအောင် လှုံ့ဆွတယ်။
အလိုတော်အရ ဒေါသတွေကို ပြန်ပြန်မြိုချအောင်
စိတ်လိုက်မာန်ပါ မလုပ်မိအောင် တရားပြတယ်။
အလိုတော်အရ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ကို ဒီအတိုင်းထားလိုက်တယ်။
အလိုတော်အရ စစ်ပွဲပြီးတဲ့အခါ အောင်မြင်သူတွေသမိုင်းနဲ့ သူရဲကောင်းတွေကို ရွေးပြောလိုက်တယ်။
(အပျက်အစီးနဲ့ ဒုက္ခသည်တွေကိုတော့ ခပ်မှိန်မှိန်ပဲ ချန်ခဲ့ရတော့တယ်။)

အလိုတော်အရပေါ့
ကုလသမဂ္ဂလည်း သုံးမရပါဘူး။
အလိုတော်အရပေါ့
လမ်းပြမြေပုံပေါ် တရွတ်ဆွဲရလေဦးမယ်..
ဒါပေါ့..
တို့မှာလည်း ဒီပါးစပ်ပဲ ရှိတာကို။

အလိုတော်အကျ
ဘ၀ကို အေးခဲထားရတယ်။
အလိုတော်အရ
နှင်းခဲတွေကျ.. မှောင်မဲညတွေထဲ ပြန်နစ်တယ်။
အလိုတော်အရပေါ့
အရုဏ်ကျင်းတော့
ပြူတင်းမှာ အလင်းတစ ဖြာကျနေသေးတယ်။

ယောဟန်အောင်
ဇန် ၇၊ ၂၀၀၉။

8 comments:

ATN said...

အလိုတော်အရ ကဗျာတွေ ပြန်ဖတ်ရတာ ၀မ်းသာတယ်ဗျို့...

ဆောင်းယွန်းလ said...

အလိုတော်အတိုင်းကဗျာလှိုင်းစီးသွားတယ်ကိုယောရေ..

mama said...

စိတ်ပျက် လက်ပျက် ကြီးပါ လား..
ဒါပေမဲ့..
အရမ်း ကြိုက် ပါတယ် ရှင်..

kay said...

အလင်းတစ မြင်နေရသေးတာကိုက..အလိုတော်အရ- ကျေနပ်စရာ မျှော်လင့်ချက် တခု ဖြစ်နေသေးတယ်..မဟုတ်လား။

Kaung Kin Ko said...

ကဗျာလေး ခံစားသွားတယ်ဗျာ။

Moe Cho Thinn said...

အင်း..အလိုတော်အရ ရွှေပြည်ကြီးလဲ ဘယ်သောင် ဘယ်ကမ်း ဆိုက်ပါ့မယ်..။
ကဗျာလေးတွေ ပြန်ဖတ်ရတာ ၀မ်းသာလိုက်တာ။ rate 5 ပေးခဲ့တယ်။

မသင်းသင်း said...

ဘာကိုမှ မမျှော်လင့်တတ်တော့တာလည်း အလိုတော်အရပါပဲ အကိုယောရေ

ခရေ said...

ကဗျာလေးတစ်ပုဒ် ဖတ်ရလို့ ၀မ်းသာပေမယ့်
ဒီလိုရာသီဥတုနဲ့ ဒီအကြောင်းတွေပဲ ဖွဲ့နေရတာမို့ ၀မ်းနည်းမိတယ် ဒီလိုရာသီသေကြီးဖြစ်နေတာကို မုန်းလိုက်တာ

Recent Comments