Pages

Monday, August 18, 2008

ဒီလေထု

လေထုဟာ စေးပျစ်နှစ်နေတယ်
စေးပျစ်နှစ်နေတာမှ နာဂစ်အနံ့ထောင်းထောင်း
အမျိုးတွေ အကျိုးစီးပွားကောင်းအောင်
ကြည့်နေတဲ့ခေတ်ဆိုတော့လည်း
ရွေ့လို့ကို မဖြစ်နိုင်တော့ဘူး။

မနက်ဖြန်ကို သူတို့ခိုးဖို့ ကြံထားမှတော့ နိုးပေါ့
ဂုတ်ချိုးခွစီးထားတာကို ခွါချလိုက်ရမှာပဲ နိုးပေါ့
အသက်အောင့်ပြီး "နိုး" ခလုတ်ကို ဖြုတ်ချလိုက်တာတောင်မှ
၉၂ ရာခိုင်နှုန်းဆိုတော့ ကောင်းပါလေရော။

လူတွေက သူတို့အသည်းနှလုံးကို ကိုယ်တိုင်လိမ်တယ်
"နာနာရိုက်နေတဲ့ တုတ်ကိုလျှာနဲ့ ရက်နေပုံမျိုး"
ကျိုးကျိုးနွံနွံ လိမ်ခဲ့တယ်
တခါက လှိုင်းထန်တာကို မေ့ခဲ့တဲ့ ပင်လယ်လို..
မုန်တိုင်းလွန် လေပြေညင်းလို...
ကောလာဟလသတင်း
အလဇ္ဇီ အတင်းအဖျင်း အနံ့တွေနဲ့ ကျေနပ်ပွဲဖွဲ့လို့။
ပေးစာကမ်းစာလောက်နဲ့
အဲသည်နွံထဲမှာပဲ သူငယ်နာလို နစ်လို့...။

မေမေ
၂၀၀၈ မှာ တခုခု ဖြစ်လာမှာလား
မေမေ..
သား အိုလံပစ်မီးရှုးတိုင် သွားပြေးလုရမလား။
မေမေ...
ဂျော်ဂျီယာနဲ့ ရုရှား သား ဘယ်သူ့ဘက်က ရပ်ရပါ့
မေမေ..
ဇင်ဘာဘွေမှာ
တိတ်ဆိတ်နေပုံက မသင်္ကာစရာ
မေမေ..
၂၀၁၀ ဆန္ဒမဲရေတွက်နေတာကို
အသက်မရှုဘဲ စောင့်နေကြဦးမှာလား...

ကမ္ဘာဦးည မှောင်မဲထဲမှာ
ကျနော်ပေါက်ကွဲတယ်... မေမေ
နံရံ ကျောကပ် တန်းစီ ပစ်လိုက်ရရင်တော့
စစ်ဗိုလ်ချုပ်တွေချည်း သက်သက် မဟုတ်လေဘူး
ကျနော်ပါ သွားရပ်ရလိမ့်မယ်။ ။

ယောဟန်အောင်
သြဂုတ် ၁၈၊ ၂၀၀၈။

11 comments:

အောင်သာငယ် said...

အင်း... အဖော်တော့ ရနေပြီ ကိုယောရေ့

Moe Cho Thinn said...

သူတို့ပဲ အရင် သွားရပ်ပါစေဦး..။

ကျော်ကျော်သိန်း said...

ကိုအောင်သူ
ကျနော့်လည်း လက်တို့ပါ။ အဖော်ပါတော့ အားရှိတာပေါ့။
ကေတူးတီ

မေငြိမ်း said...

အင်းး ခုတလော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သူတွေ များလာပီ.. ကျမပါ အပါ..။ ခက်တာက ချိုသင်းပြောသလို.. သူတို့ပဲ သွားရပ်ပါစေဦးး

ခင်မင်းဇော် said...

သူတို့လဲ လုပ်ချင်ရာလုပ် ကိုယ်လဲ လုပ်ချင်ရာ လုပ်ပေါ့ .. ဒါပဲ မဟုတ်လား.. ဇာတ်လမ်းက ရိုးပါတယ်...

pandora said...

ဒီလိုတော့ မလုပ်ကြနဲ့လေ။ ကျနော်တို့လည်း ရပ်ရမှာပေါ့။ ရှေ့ကမဟုတ်တောင် နောက်ကပေါ့။

ကောင်းကင်ကို said...

ကဗျာလေး ရင်ထဲထိလွန်းလို့ အထပ်ထပ် ခံစားသွားတယ်ဗျာ

Kay said...

သူတို့နဲ့အတူ ရပ်စရာ မလို ပါဘူး။ ရပ်ချင်း ရပ် ကိုယ့်ဖာ ကိုယ် ပဲ သပ်သပ် ရပ် ပေါ့။း)

အင်း.. ကဗျာကတော့..ထုံးစံ အတိုင်း..

Anonymous said...

ဒီကဗျာဟာ နယ်စပ်ရောက် ကျောင်းသားတွေရဲ့ အနှစ်နှစ်ဆယ် ကို နိဂုံးချုပ်ရာမှာ အသေအချာ ထည့်သွင်း စဉ်းစားရမယ့် အချက်အလက်မှန် လေထု ဖြစ်တယ်။
ဖြတ်သွားဖြတ်လာ ခံစားရင် နက်နက်ရှိုင်းရှိုင်း အဖြစ်အပျက် တွေကို ဆုံးရှုံးရလိမ့်မယ်။
ကဗျာဆရာဟာ စိတ်ကျနေတယ်၊ အဆိုးမြင်နေတယ်ဆိုတာ လည်း ပြောသံတွေကြားရတယ်။
ဘာပဲဖြစ်ဖြစ် ကဗျာဆရာဟာ ဒီကဗျာကို သတ္တိရှိရှိ ရေးလိုက်တာပါပဲ။ ရေနစ်တဲ့ ခံစားမှုဆိုတာက ရေနစ်ဖူးသူတွေပဲ ထပ်တူခံစားနိုင်မှာ.. အောင်မြင်တဲ့ကဗျာ ပါပဲ...

Nge Naing said...

ဆရာရေ အသစ်တင်ထားလားလို့ လာကြည့်ရင်းနဲ့ ပို့စ်အဟောင်းတွေကို ပြန်ဖတ်ရင်း ဆရာ့ကဗျာကို ခံစားသွားပါတယ်။ အများစုကြီးက အကြာက်တရားတွေကို မလွန်ဆန်နိုင်လို့ သင့်တင့်လျောက်ပတ်သလို လိုက်လျောညီထွေအောင် ကိုယ်ကျင့်သိက္ခာတွေနဲ့ လဲလည်ကာ ပုတ်သင်ညို လုပ် Evolution အတိုင်း Adaptation လုပ်ပြီး သွားနေကြသလို ဆရာတို့ ကျွန်မတို့ရဲ့ Revolution ကလည်း ကိုယ်ချမှတ်ခဲ့တဲ့ လမ်စဉ်အတိုင်း မလုပ်ဆောင်နိုင်ခဲ့တာတွေ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ Revolution ကို အများစုပါဝင်ဆင်နွဲမှ အောင်ပွဲဆိုတာ ရမှာဖြစ်တဲ့အတွက် လုံလောက်တဲ့ လူဦးရေနဲ့ Revolution မှာ ၀ါဝင်လာမည့် အချိန်ကို စောင့်ဖို့ ကျွန်မကတော့ ”တော်လှန်ရေးသည် ငါတို့ကျောင်းငါတို့ တက္ကသိုလ်” ဆိုတဲ့ ကျွန်မတို့ဆုပ်ကိုင်ခဲ့တဲ့ ဆောင်ပုဒ်နေရာမှာ ”ရောက်တဲ့နေရာတိုင်းဟာ ငါတို့ကျောင်းငါတို့ တက္ကသိုလ်” လုပ်ပစ်လိုက်ပြီး အချိန်ကို အသုံးချနေပါတယ်။

မသက်ဇင် said...

ကိုယောဟန်အောင်ရေ
မငယ်နိုင်ပြောတာကိုအကြိုက်ဆုံးပဲ

”တော်လှန်ရေးသည် ငါတို့ကျောင်းငါတို့ တက္ကသိုလ်” ဆိုတဲ့ ကျွန်မတို့ဆုပ်ကိုင်ခဲ့တဲ့ ဆောင်ပုဒ်နေရာမှာ ”ရောက်တဲ့နေရာတိုင်းဟာ ငါတို့ကျောင်းငါတို့ တက္ကသိုလ်” လုပ်ပစ်လိုက်ပြီး အချိန်ကို အသုံးချနေပါတယ်။

Recent Comments