Pages

Wednesday, February 13, 2008

ဘူတာရုံ

ဒီဘူတာရုံလေးပဲ ပြန်ဆိုက်လာရတယ်။
ဥသြသံ တန်းလန်းနဲ့ မြို့ပတ်ရထားလေးလို
သံယောဇဉ်တွေက အလံချိုးပြတဲ့အတိုင်း။

ဒီဘူတာရုံလေးပဲ ပြန်ဆိုက်လာရတယ်။
သမာဓိလေးနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြ
ကိုယ့်ဖောင်ကို သူများတွေက ၀ိုင်းဖျက်လိုက်ကြတဲ့အကြောင်းလဲ ပါသပေါ့။

ဒီဘူတာရုံလေးပဲ ပြန်ဆိုက်လာရတယ်။
ခေါင်းမှာ ပတ်တီးတွေနဲ့ အရှိုက်မှာလည်း ရဲပတောင်းခတ်
သိုင်းဇာတ်ကားထဲက ဇာတ်လိုက်လို။

ဒီဘူတာရုံလေးပဲ ပြန်ဆိုက်လာရတယ်။
သူတို့မကောင်းကြောင်းနဲ့ ထောင်းထောင်းကြေနေတဲ့ ဘ၀တွေ
အော်သံနက်ကြီးတွေလည်း ပဲ့တင်ပြန်လို့။

ငါ့ကိုယ်ငါ ပန်းရထားလေးလို သူ့ကိုမွှေးစေချင်တာပေါ့
တကယ်တော့ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ငါ့ရထားလေးကလည်း အပူတွေ၊ အရှုပ်တွေနဲ့ ခုတ်မောင်းနေရတာပါ။

ဒီဘူတာရုံလေးပဲ ပြန်ဆိုက်လာရတယ်။
ဥမင်အမှောင်ကိုဖြတ်သန်း နေကြာဝါ၀ါတွေ လန်းတဲ့ဆီ
ခရီးသည်တွေ ညာသံပေး ခေတ်ပြောင်းတေးသီလာချိန်မှာ
ဘူတာရုံကလေးကိုပါ တင်ခေါ်သွားချင်လို့....။

ယောဟန်အောင်
၁၃၊ ဖေဖေါ်ဝါရီ ၂၀၀၈။

2 comments:

ATN said...

ဆရာယောရေ- ကိုယ့်ကိုကိုယ်ရော။ ညီအကိုတော် ရဲဘော်တွေကိုရော ဆရာယောရထားရဲ. ပြတင်းတံခါးမှန်တွေမှာ ပြန်မြင်နေရပါပေါ့။

ဆောင်းယွန်းလ said...

ဒီဘူတာရုံလေးပဲ ပြန်ဆိုက်လာရတယ်။
ဥမင်အမှောင်ကိုဖြတ်သန်း နေကြာဝါ၀ါတွေ လန်းတဲ့ဆီ
ခရီးသည်တွေ ညာသံပေး ခေတ်ပြောင်းတေးသီလာချိန်မှာ
ဘူတာရုံကလေးကိုပါ တင်ခေါ်သွားချင်လို့....။
ကဗျာလေးကခံစားချက်တွေကိုမျှဝေယူသွားတယ်
ကိုယောရေ

Recent Comments