Pages

Wednesday, February 13, 2008

ချစ်သူအတွက် စာတစောင်

ဒီဝတ္ထုတိုကလေးကို ရေးထားတာ ၂-လ ကျော်ပြီ။ “သံလွင်အိပ်မက် မဂ္ဂဇင်း” က စာမူတောင်းလို့ ရေးပေးထားတာ။ သူတို့ မဂ္ဂဇင်းကလည်း မထွက်နိုင်ဘူး။ သူတို့လည်း အခက်အခဲတွေ ရှိမှာပါ။ သို့သော်လည်း “ဗယ်လင်တိုင်းနေ့” မှာ ကျနော်တင် ပေးချင်လာလို့ သူတို့ကို မစောင့်တော့ပဲ တင်ပေးလိုက်ပါတယ်။ ခွင့်လွှတ်နိုင်လိမ့်မယ် ယူဆပါတယ်

..........................................

ချစ်သူအတွက် စာတစောင်

ထင်မှတ်မထားဘဲ ထိုင်းရုပ်ရှင်ကားလေးတကားကြည့်ရတယ်။

ဒီရုပ်ရှင်လေးအကြောင်း အရင်ပြောကြပါစို့။ (The Letter) “ချစ်မေတ္တာစာ”လို့ခေါ်တဲ့ ဇာတ်ကားလေးပဲ။ အချစ်ဇာတ်လမ်း လေးပဲပေါ့။ မင်းသမီးဖြစ်တဲ့ ဒျူး (Dew) (Ann Thongprasom) က အမေဆုံးသွားတဲ့အချိန်၊ ချင်းမိုင်မြို့ကို ဈာပနအပြန် ဖူးစာ ဘက်နဲ့ မထင်မှတ်ဘဲ တွေ့ခဲ့ကြတယ်။ သူက ဘန်ကောက်က ကွန်ပြူတာကုမ္ပဏီတခုမှာ ၀က်ဘ်ဆိုက်တွေရေးတဲ့ ပညာရှင်။ ဇာတ်လိုက်ကတော့ ချင်းမိုင် အပြင်ဘက်နားက ရွာသားလူငယ်လေး၊ စိုက်ပျိုးရေး သုတေသေန ခြံတခုမှာ အပင်ပေါက်လေး တွေ ပျိုးသူ၊ ရိုးရိုးသားသားနဲ့ ဘ၀ကို ဖြတ်သန်းနေတဲ့ သူ။ သုမ့် (Tom) (Uttaporn Teemakorn) လို့ ခေါ်တယ်။ နောက်တော့ သူတို့ ဓာတုချင်း တိုက်ဆိုင်ကြ၊ ဓါတ်ပြုကြ၊ ကံဆုံကြတယ်ပေါ့။ ကံဆိုးချင်တော့ ဒျူး ရဲ့ အခန်းဖော်သူငယ်ချင်း အမျိုးသမီးဟာ အင်တာနက်မှာ ငြိလာရတဲ့သူနဲ့ လူချင်းဆုံဖို့ အသွား တနေ့မှာ အသတ်ခံလိုက်ရတယ်။ တုန်လှုပ်ဖွယ် အဖြစ်တွေနဲ့ ဆက်တိုက် လှုပ်ယမ်းခံရတဲ့ ဒျူးဟာ ဘ၀မှာ ဟာလာကျင်း သလို ဖြစ်ခဲ့၊ တွယ်ရာမဲ့သလို ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာတော့ ဒျူးနဲ့ သုမ့် က ဖုန်းအပြောအဆိုတော့ ရှိနေကြပြီ။ နောက်တော့ ချင်းမိုင်က သုမ့်ရဲ့ စိုက်ပျိုးရေးခြံကို စိတ်ပြေလက်ပျောက် အနားယူဖို့ လာခဲ့တယ်။

ဆိုကြပါစို့။ သူတို့ ချစ်ကြွမ်းဝင်ကြပြီး မင်္ဂလာဆောင်ဖြစ်ကြတယ်။ အဆင်ပြေ ချောမွေ့လို့။ ဇာတ်လမ်းရဲ့ ကျောရိုးဖြစ်တဲ့အချစ် စာတွေ အကြောင်းရောက်လာတယ်။ သုမ့်က သတ္တုမုန့်ပုံးတခုမှာ ယခုတိုင်သိမ်းထားသေးတဲ့ သူ့အဖေက အမေကို ပေးခဲ့တဲ့ အရင်က မေတ္တာစာတွေ လာပြတယ်။ သူလည်း ဒျူးဆီကို အလားတူ ချစ်မေတ္တာစာတွေ ရေးချင်သေးတယ်လို့ ပြောလာတယ်။ သို့ပေသော်လည်း သူတို့က အိမ်ထောင်ကျနေကြပြီ။ ဒျူးက ခေတ်ဆန်သူပီပီ ပိုလက်တွေ့ကျတယ်။ နေ့တိုင်း တွေ့နေရတဲ့ လင် မယားဘ၀မှာ ချစ်စာ ရေးကြစရာ လိုသလားပေါ့။ ဒျူးက သူ့ရဲ့ ၀က်ဘ်ဆိုက်ရေးတဲ့အလုပ်ကို အဝေးကနေ ကန်ထရိုက် သဘောယူပြီး ချင်းမိုင်မြို့ငယ်လေးမှာ နေပြီး ဆက်လုပ်နေခဲ့တယ်။ သို့သော်လည်း သူတို့ လင် မယားက ရုံးချိန်တွင်း ခဏ တာမှာတောင် အီး-မေးလ်အတိုလေးတွေ ရေးပြီး မေတ္တာပို ခဲ့ကြပေါ့။

သူတို့ မေတ္တာဇာတ်လမ်းက ရုတ်ချည်းမုန်တိုင်းထန်လာခဲ့တယ်။ သုမ့်မှာ မျိုးရိုးအရ ပါလာတဲ့ ရောဂါတခုက အတော့်ကို ပြင်း ထန်ဆိုးရွား ဖြစ်လာခဲ့တယ်။ သုမ့်အတွက် နောက်ဆုံးအချိန်လို ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ နေမကောင်းနာတာရှည် ဖြစ် နေပြီး သုမ့် ဆုံးသွားခဲ့တယ်။ ဒျူးအဖြစ်ဟာလည်း ကြေကွဲဖွယ်၊ တကိုယ်ရေတည်း ဘ၀ကို ရှေ့ဆက်လျှောက်ရတော့မယ့် အခြေ အနေ ဖြစ်လာပြန်ပေါ့။ ချစ်သူ မရှိတော့တဲ့ ဒီမြို့ကလေးမှာပဲ ဆက်နေရနိုး၊ ဘန်ကောက်ပြန်ရနိုး ဝေခွဲမရ ဖြစ်နေချိန်။ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်လာခဲ့တယ်။ သူ့ဆီကို စာတွေ မှန်မှန်ရောက်လာတယ်။ ဘယ်က ပို့သလဲဆိုတာတော့ လိပ်စာပါ မလာခဲ့ဘူး။ သို့သော်လည်း သူ့ချစ်သူ သုမ့် ကိုယ်တိုင်က ရေးထားတဲ့ စာတွေဖြစ်နေတယ်။ ဆိုပါစို့။ တယောက်ထဲ ကျန်နေ ရတဲ့ အချိန်မှာ အားမငယ်ဖို့ အားပေးထားတဲ့စာတွေ။ နှစ်သိမ့်ထားတဲ့ မေတ္တာစာတွေ။ ဒျူးက အံ့သြတုန်လှုပ်နေမိတယ်။ သုမ့် ရဲ့ လက်ရေးကလည်း မူရင်း အစစ်အမှန်ပဲ။ ဒျူး အတွက် ပဟေဠိတွေဖြစ်နေရတယ်။

ဒီဇာတ်လမ်းလေးက ဆွတ်ပျံ့ကြည်နူးဖွယ်၊ ကြေကွဲလှိုက်မောဖွယ် မေတ္တာဖွဲ့ ဇာတ်လမ်းလေးပါ။ ချင်းမိုင်ဒေသက လှပတဲ့ ရှုခင်းတွေနဲ့အတူ ပြထားတယ်။ ဇာတ်လမ်းမှာ အဓိကကျတဲ့ သုမ့်နဲ့ ဖွားဖက်တော်လို့ ဆိုနိုင်တဲ့၊ သူမွေးတဲ့နေ့မှာပဲ သူ့အဖေ က စိုက်ပေးခဲ့တယ်ဆိုတဲ့ အထီးကျန်သစ်ခြောက်ပင် တပင်ကလည်း လွမ်းမောဖွယ် ဇာတ်ကောင်တကောင်အနေနဲ့ သရုပ်ဆောင် ခဲ့တာပေါ့။ ဒီသစ်ခြောက်ပင်က တောင်ကြား လွင်ပြင်တခုကနေ လှမ်းကြည့်လိုက်ရင် စီးမိုးထားတဲ့ တောင်ကမ်းပါးပြတ် တခု မှာ ရှိနေတယ်။ မြင့်မားတဲ့ တောင်တန်းစိမ်းစိမ်းတွေမှာ မြူခြေဆိုင်းလို့။ တိမ်တွေ လွင့်ပျံနေတဲ့ မြင်ကွင်းမျိုးတွေနဲ့ ဒီရုပ်ရှင်ကို ယက်ရှယ် ဖောက်သီထားတယ်။

........ .......... .........

အချစ်ဆိုတာ အသက်အရွယ် ကြီးကြီးငယ်ငယ်၊ ပျိုပျိုအိုအို မဆို လူသားတိုင်းအတွက် စီးဆင်းကူးဆက်နိုင်တဲ့ လှိုင်းတွေလေ။
နွေးထွေးပြီး အကြည်ဓာတ်တွေ လွင့်ပျံလာစေနိုင်တဲ့ လူသားချင်းချင်း ဆက်ဆံရေးမျိုးပဲ။ သို့သော်လည်း ဒီလို အချစ်ကိစ္စ တွေ အတွက် တယောက်နဲ့ တယောက် ဆက်သွယ်ဖို့တော့ လိုတာပေါ့။ ဒီလိုနဲ့ မေတ္တာစာတွေ ရှိလာခဲ့။ ချစ်သူဖတ်ဖို့ အတွက် စာ တွေ ရေးခဲ့ကြ။ သီချင်း ကဗျာတွေ ဖြစ်လာခဲ့။ တေးသံတွေက ပိုလို့ ပြောင်းနွဲ့လာခဲ့။ အကြည့်အမြင်တွေက ပိုမို ရောင်စုံ လှပ လာခဲ့။ ခွန်အားတွေပြည့်ဝလာခဲ့ကြတယ်။ ချစ်ဒုက္ခတွေလည်း ဖြစ်ခဲ့ကြတာပေါ့။ ချစ်သတ္တိတွေလည်း မွေးမြူ ခဲ့ကြပေါ့။

သည်ဇာတ်ကားကို ကြည့်မိတော့ ကျနော့ရဲ့ သက်တမ်းမှာ ငယ်ဘ၀ ချစ်ဇာတ်လမ်းတွေကလည်း အနှေးပြကွက်တွေလို ပြန် ပေါ်လာခဲ့တယ်။ ကျနော်လည်း ချစ်မေတ္တာစာတွေ ရေးဖူးသပေါ့။ ချစ်သူဖတ်ဖို့စာတွေ ရေးခဲ့ဖူးသပေါ့။

မပေးဖြစ်တဲ့စာတွေ ရှိသလို၊ ကဗျာအဖြစ် အသွင်ပြောင်းသွားတဲ့ မေတ္တာစာတွေလည်း ရှိခဲ့သပေါ့။
ကျနော့်ဘ၀မှာ ပထမဦးဆုံး မေတ္တာစာပေးတဲ့ အတွေ့အကြုံကို သတိရနေမိသေးတော့တယ်။ ကျနော်က ငယ်ရွယ် သွေးဆူနေ ချိန်။ အချစ်ဆိုတာ ရှုပ်ပါတယ်ဆိုတာကနေ၊ နွေးထွေးကြည်လင်မှုပါလားလို့ စသိလာတဲ့အချိန်...
“ငါ့ကို ဘယ်သူအိပ်မက်မက်မှာလဲ...
ငါ ခုန်ဝင်လာခဲ့မှာပဲ...” ဆိုတဲ့ ကဗျာတိုစတွေလည်း ရေးမိတဲ့အချိန်။ သို့သော်လည်း လူပျိုဖြစ်နောက်ကျတယ်တော့ ဆိုရမယ်။ ငယ်ငယ်က စာဂျပိုးဖြစ်ခဲ့တော့ အသက် ၂၀ ကျော်မှ ရင်ခုန်လာ၊ သူများအတွဲတွေမြင်မှ အားကျငေးမောလာမိတဲ့ အချိန်။ မိန်းမတယောက်အတွက် သီချင်းတွေ ရင်ကွဲလောက်အောင် အော်ကြီးဟစ်ကျယ် ဆိုတတ်လာတဲ့အချိန်။ တက္ကသိုလ် ကျောင်း သူတွေရဲ့ အဆောင်ရှေ့မှာ ညကြီးမင်းကြီး သီချင်းဆိုရတာကို သဘောခွေ့လာတဲ့အချိန်။ ပြူတင်းပေါက် ခန်းစီးစလေး လှုပ် လာတာကိုပဲ မျှော်မောကြည်နူးလာတတ်တဲ့ အချိန်။

...... ............ ............ ........

သို့သော်လည်း ကောင်မလေးတယောက်ကို မေတ္တာစာပေးဖို့ ကျနော် ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဘာကိစ္စတွေမှန်း မသိရဘဲ ကျနော်စိတ်တွေ ညစ်ညူးနေခဲ့မိတာလည်း သတိရနေမိသေးတယ်။ ကိုယ့်ရဲ့ အဇ္ဈတ္တမှာ ပလာကျင်းသလို ဖြစ်နေပေမယ့် ဘာ ကိုဖြည့်ဆီး ထည့်သွင်းရမယ် ဆိုတာလည်း မသဲမကွဲ ဖြစ်နေတယ်။ ကျနော် စိတ်ညစ်နေတဲ့ အခြားကိစ္စတွေလည်း ရှိသေး တယ်။

စိတ်ညစ်ညူးနေတာ ကျောင်းစာမေးပွဲကိစ္စတွေ ပါသလို၊ အိမ်က ကျောင်းလခ ပေးထာတာတွေ သုံးထားမိလို့ ဘယ်လို ပြန် ရှာဆပ်ရမှန်း မသိတဲ့ကိစ္စတွေလည်း ပါသေးတယ်။ ဒါနဲ့ တနေ့သားမှာတော့ ကျနော်နဲ့ အတန်းတူ ကျောင်းသူတယောက် ကို မျက်စေ့ကျနေမိတော့တယ်။ သူ့ကို ကျနော်တပတ်ကြာလောက် ရက်ဆက် ငေး ငေးကြည့်နေမိတယ်။ ကြည့်ရင်း ကြည့်ရင်း ကြည့် ကောင်းတယ်လို့ ထင်လာသလို၊ သူကလည်း သတိပြုမိလာပုံရတယ်။ ကျနော့ဒြဗ်စင်တွေလည်း ကြွလာခဲ့ တယ်။ တပတ်လောက် အကြာမှာပဲ ကျနော်သူ့ကို အချစ်စာပေးတော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။

ကျနော့်ဘ၀ရဲ့ ပထမဦးဆုံး အချစ်စာကို အထူးသီကုံးရမှာပေါ့။ “ထူးရှယ်” ဆိုတာမျိုး ဖြစ်စေရမယ်ပေါ့။
ကိုယ်ကလည်း ကဗျာရူး စာရူးဆိုတော့ ကွန့်ညွန့်သီဖွဲ့ ချင်နေသေးခဲ့တယ်။ နောက်ဆုံး ကျနော်ကြိုက်နေတဲ့ မာယာကော့ဖ် စကီးရဲ့ ကဗျာတပိုဒ်ကို ယူသုံးလိုက်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘယ်နှစ်ည စဉ်းစားခဲ့ရသလဲတော့ မသိဘူး။ ကျောင်းသွားစဉ် ၉-ကား စီးရင်လည်း ဒီစာအကြောင်း ခေါင်းထဲမှာ။ လက်ချာလိုက်နေစဉ်မှာတောင် စာအုပ်နောက်ကျော တေးတေး ထားမိသေးတာမျိုး။

နောက်ဆုံး အချစ်စာ တစောင်တော့ ရခဲ့တယ်။

“မဥမ္မာ...

ကိုယ်ဘာတွေများ ရေးရမလဲ...
ကိုယ့်ဘ၀တခုလုံးဟာ မင်းအတွက် စာတစောင်ပဲ..
ဒီစာကို လက်ခံလိုက်ပါတော့ကွယ်။

ထာဝရ..

ယောဟန်” လို့ ချရေးလိုက်တယ်။ ဒါပဲ။
တိုတောင်းပြီး လုံးဝပြည့်စုံတဲ့စာ။ “ချစ်တယ်” ဆိုတာမျိုး ပြောင်ပြောတာမျိုး၊ ဘလိုင်းကြီး ပြောလိုက်တာမျိုး မပါဘဲ၊ ဆိုလိုရင်းကို ရောက်စေတဲ့စာ။
ဘယ်လောက် သိမ်မွေ့လိုက်ပါသလဲ...။
ရေရှည် ရည်မှန်းထားကြောင်းပါအောင် “ထာဝရ” ဆိုတဲ့ စာသားလေး ၃-လုံးကို ထည့်လိုက်တယ်။ သူ့ကို ရင်တွေခုန်လာ စေမယ့်စာ..။ အနည်းဆုံး ၃-၄ ညလောက် အိပ်မပျော်အောင် ဖြစ်သွားစေမယ့်စာပေါ့။ ကျနော်ရဲ့ မစတာ ပိစ် (တသက် တပုဒ်) ဆိုတဲ့ စာမျိုးလည်း ဖြစ်စေနိုင်သပေါ့။

အဲသည် အချိန်မှာ အိမ်မှာလည်း သူ့ပုံကို ကရေယွန်ဖယောင်းနဲ့ ဆွဲနေသေးတယ်။ တသက်တကားရေးတဲ့ ပန်းချီကားမျိုး။ တချိန် အဆင်ပြေရင် ဒီပန်းချီကားကို သူ့ကို ပေးမယ်လို့လည်း ရည်ရွယ်ထားသေးတယ်။ အိမ်မှာ မောင်နှမကများတော့ အညို အညင် အများသား။ အမေကလည်း ဒီအရွယ်တိုင် ရည်းစားသနာရှိတယ်ဆိုရင် ပြောချင်ပြောနိုင်သေးတယ်။ တအိမ်လုံး အိပ် မောကျတဲ့ အချိန်ကို ရွေးပြီးမှ ဆွဲရတယ်။ ခြင်မကိုက်အောင်ထွန်းထားတဲ့ ခြင်ဆေးခွေတွေနဲ့ ရီဝေမူးနောက်ပြီး ဒီပုံ ကို အပြီး သတ်ခဲ့တယ်။ အနုပညာအရ မြောက်-မမြောက် မသိနိုင်တာတောင် အချိန်ထည့်သွင်းမှု တန်ဖိုးတော့ မြင့်သပေါ့။

သည်လိုနဲ့ ချစ်ရသူကို စာပေးဖတ်ဖို့ ဖြစ်လာတောတယ်။ ကျနော် စာရေးတော့ ပန်းပွင့်လေးတွေပုံပါတဲ့ စာရွက်တွေ ရွေးမိ သေးလား။ ရေမွှေးဘောပင်လေးတောင် သုံးခဲ့သေးသလား မသိဘူး။ သို့သော် သုံးမိမယ်တော့ မထင်ဘူး။ ကျနော်က အရိုး သားဆုံးဆိုတာလည်း ပြချင်တော့ ဒီလို ပကာသနတွေ သုံးချင်မှ သုံးမိလိမ့်မယ်။

ဒီစာကို ပေးဖို့ လူရှင်းပြီး ဆိတ်ငြိမ်တဲ့ နေရာမျိုး ရွေးရပေလိမ့်မယ်။ ဒီလိုနဲ့ ကျောင်းနောက်ဘက်က လက်ဘက်ရည်ဆိုင်ကို ရွေးလိုက်တယ်။ လက်ဖက်ရည်မကောင်းလှပေမယ့် ဆိတ်ငြိမ်လူရှင်းတဲ့ဆိုင်။ သူ့ကို အဆောင်ကနေ ကျနော် ခေါ်ထုတ်လာ ခဲ့တယ်။ ရင်းနှီးမှုကတော့ တစုံတရာ ရှိနေတော့လည်း သူက လိုက်လာတယ်။
“ကျနော် ခင်ဗျားကို စကားလေးဘာလေး ပြောချင်လို့။ အေးအေးဆေးဆေးပေါ့”
“လက်ဘက်ရည် သွားသောက်ကြရအောင်လေ....”
ကျနော် အတည်ငြိမ်ဆုံး လုပ်ထားပေမယ့် သိပ်သတ္တိမရှိသလို ခပ်ရွံ့ရွံ့.. သူကလည်း “သွားတာပေါ့” ဆိုပြီး လိုက်လာတယ်။ တလမ်းလုံး စကားတလုံးမှ မပြောဖြစ်ကြဘူး။
အခုပဲ ပေးလိုက်ရတော့မလား..
ဟိုရောက်မှ စာကို ပေးရမလား... ဝေခွဲမရ။ ပြောလာတာတော့ အဆောင်က ဟင်းကောင်းလား၊ ဒီနေ့ ဘာချက်လဲ။ ဆိုးတယ်။ ဒီနေ့ အဆောင်မှာ ရေမလာဘူး ဆိုတာတွေ။

လက်ဘက်ရည်ဆိုင် ရောက်လာတယ်။ မှောင်ကုတ်ကုတ် ဆိုင်ထဲမှာ ထိုင်လို့ လက်ဘက်ရည်တွေမှာလိုက်ကြတယ်။ ကံဆိုး ချင်တော့ ကျနော်တို့ အတန်းက တယောက်၊ နှစ်ယောက်က ဆိုင်မှာ ထမင်းကျော်လာ စားနေကြတယ်။ သေပါပြီ။ ဟိုပြော ..သည်ပြောနဲ့ နေရတယ်။ ခြောက်သွေ့နေတာတော့ အမှန်။ မထူးပါဘူး။ ပြန်မှ ပေးတော့မယ်လို့ ဆုံးဖြတ်ချက်တွေ လည်း ပြင်ဆင်ခဲ့ပြန်တယ်။ သိပ်မကြာဘူး။ ဘောလုံးပွဲပြီးလို့လား မသိဘူး။ အားကစားသမား တအုပ်ရောက်လာပြီး ဆူညံ နေတယ်။ “လူများတယ်၊ ပြန်ရအောင်” ဆိုပြီး ပြန်ခဲ့တယ်။

၁၀-မိနစ်...။ ဒီကနေ အဆောင်ကို ပြန်ရောက်မယ့်အချိန်။ ဒီကြားထဲတော့ ကျနော်လှုပ်ရှားရတော့မယ်။ ၁၀-မိနစ်။
ချိန်ကိုက်ဗုံးလိုပဲ ကျနော့်ဦးဏှောက်က တစ်တောက် လှုပ်ရှားနေတယ်။ အင်းလျားကန်နားက သစ်ပင်ကြီးတွေပေါ်မှာ ဗျိုင်း တွေက အိပ်တန်းတက်ဖို့ ကျိုးကျိုးကြည်ကြည် အော်မြည်လို့.. ကျောင်းရှေ့ကား မှတ်တိုင်မှာလည်း လူတွေက ဒီနေ့မှ ပိုများ သလို။ ဘတ်စ်ကားက မလာသေးဖူးလား။

ကျနော်စာကို ဆွဲထုတ်လိုက်တယ်။ သေချာစီရင်ခဲ့တဲ့ အချစ်စာ။
“ဥမ္မာရယ်.. စိတ်မဆိုးပါနဲ့။ ကျနော် စာတစောင်ရေးထားတာ ရှိတယ်။ ဖတ်ကြည့်ပါ။ ကျနော်အခု ပြောချင်တာလည်း ရေးထားပါတယ်။”
“ဟဲ့ နင်ကလည်း လူကြားထဲမှာ.. ”
ကျနော့စာကို လွယ်အိတ်ထဲ ပြန်ထည့်လိုက်ရတယ်။
အဆောင်ရှေ့ရောက်တော့မှ “ပေးတော့” လို့ ဆိုလာတယ်။
ဝှူးးးးး... ပြီးတော့ ကိုင်ထားတယ်။ ခပ်တည်တည်ပဲ။ ကျနော်ကတော့ မျက်နှာကြီးနီနေသလား မသိပါဘူး။ “နင်ကလဲ.. ငါလည်း နင့်ကို စိတ်ဝင်စားပါတယ်။ နောက်ဆိုရင် အဆောင်လာလည်..”
ကျနော့ မေတ္တာစာကို ဖတ်မကြည့်ဖူး။
တထိုင်တည်း အဖြေပေးသလို ပြောချလိုက်တယ်။

ကျနော် အိမ်ပြန်လာတော့ ပျော်ရမယ့်အစား၊ ရင်လေးသလိုကြီး ဖြစ်လာနေတယ်။ အခု ရည်းစားဖြစ်သွားပြီလား။ ကျနော်တို့ သူများအတွဲတွေလို တွဲလို့ရပြီလား။ ဘာလုပ်ရမလဲ...၉ ကားပေါ်မှာ ရင်တွေပူလို့ ပြန်လာခဲ့တယ်။ ကျနော်မမှားပါဘူး။ သေချာ သလားဆိုတော့လည်း အကြိမ်ကြိမ် မေးခွန်းတွေဖြစ်နေတုန်း။ တအုံနွေးနွေးဆိုတာမျိုးပေါ့။

နောက်တော့ ပန်းချီကား မပေးဖြစ်ဖူးထင်ပါတယ်။ ကျနော်သေချာ မမှတ်မိတော့ဘူး။ ကျနော်နဲ့ သူနဲ့တွေ့တယ်။ ကျနော့ ဓါတု က သိပ်မကြွသလိုပဲ။
ကျနော်တို့ ကျောင်းမှာ ကျနော်အမုန်းဆုံးက အတွဲတွေဖြစ်ကြရင် “လာ... တူတူ စာဖတ်ကြရအောင်” ဆိုပြီး လုပ်လေ့ရှိ တာ။ စာတူတူထိုင်ဖတ်ဖို့ ရည်းစားထားကြတာမှ မဟုတ်တာ။ ဒီကိစ္စကိုတော့ မလုပ်နိုင်ဘူးလို့ ကျနော် ကြိုပြောထားမိတယ်။ သူနဲ့ နေရင်တော့ ကျနော်စိတ်ပျော်ပါတယ်။ ဒါပေမယ့် ဒြဗ်စင်နှစ်ခု ဓါတ်မပြုဖူးလို ဖြစ်နေတယ်။ ဘာလိုနေမှန်းတော့ မသိဘူး။

ကျနော်က စာတိုပေစတွေရေးပြီး သူ့ကို ဆက်ပေးတယ်။ ထင်တာကတော့ အနာဂတ် ကိုယ့်အမြင် (vision) ကို နားလည်မှု သံစဉ်ညှိနေတယ်လို့ ထင်နေမိတယ်။ ကျနော့စာတွေ ဖတ်ပြီးရင် ပိုနားလည်လာလိမ့်မယ်လို့ ထင်နေမိတယ်။ ကိုယ့်စိတ်ကူး မှာတော့ ချစ်သူဖတ်ဖို့စာပေါ့။ “လူတယောက်ရဲ့ အိမ်”၊ “လူတယောက်ရဲ့ အိပ်မက်”၊ “လူတယောက်ရဲ့ ရုပ်ရှင်” စသဖြင့် ပေါင်းစုံပဲ ဆီးရီးအလိုက် ကျနော်ဆက်လို့ ရေးပေးနေမိတယ်။ သူကတော့ “နင့်ဟာ ဖတ်လို့ ကောင်းသားပဲ” လို့ ပြောရှာ တယ်။ သူ့အတွက် ရည်ရွယ်ရေးတာမဟုတ်တဲ့ ၀တ္ထုတပုဒ်ကို ဖတ်နေရသလို။ ဒီထက်တော့ သိပ်မပြောဖြစ်ကြဘူး။ သူက တခါ တလေ ကျနော်နဲ့ အတူ သွားလည်ချင်တယ်။ သူ့အမေကြီးနဲ့လည်း မိတ်ဆက်ပေးချင်တယ်။ ကျနော်ကလည်း ဘာတွေ ရှုပ်နေ မှန်း မသိဘူး။ အချိန်ကလည်း ပိုက်ဆံတွေသိမ်းပြီး တရားမ၀င်ကြေငြာပြီးစ ကာလ၊ ဘရုတ် ဘရက်ကာလ။

“နင်ကလေ.. ငါ့ကို ဘာလို့ကြိုက်တာလည်း မသိဘူး၊ စာတွေ ရေးချင်နေလို့ ကြိုက်တာများလားဟယ်” ဥမ္မာက ပြောလာခဲ့ တယ်။ “မဟုတ်ပါဘူးဟာ” လို့တော့ ပြောဖြစ်တယ်။

ဟုတ်နေသလားတော့ ကျနော်လည်း မသဲကွဲဘူး။ စာတွေမှာ ဖတ်ဖူးတာက အချစ်ဆိုတာ တြိဂံလိုပဲတဲ့။ ရင်းနှီးမှု၊ ယုံကြည်မှု၊ လိင်အရဆွဲဆောင်နိုင်မှု “၃ နားညီ” မှသာ လှတယ်ဆိုတယ်။ ကျနော်တို့ တခုခုလိုနေခဲ့သလိုပဲ။ ကျနော်ကပဲ စိတ်ကူးယဉ် သမား ဆန်လွန်းနေသလားတော့ မသိဘူး။

..... ........ ........ .....

သူဒီလိုပြောလာတော့ မြသန်းတင့်ရေးတဲ့ “အုံးအုံးကြွက်ကြွက်” ၀တ္ထုထဲက ပါမောက္ခကြီးကို သတိရလာမိတယ်။ ပါမောက္ခကြီး က စာတွေ၊ ကျမ်းတွေရေးတယ်။ သူခင်နေတဲ့ အခြား သူငယ်ချင်း အမျိုးသမီးတယောက်ကို ပေး ပေး ဖတ်လေ့ရှိတယ်။ ဘာ ကျမ်းတွေ ဆိုတာ ခေါင်းစဉ်တွေတော့ ကျနော် အတိအကျ မမှတ်မိတော့ပါဘူး။

ဆိုပါစို့ရဲ့။
“မြောက်ဝင်ရိုးစွန်းရေခဲတောင်များ အရည်ပျော်နေခြင်းနှင့် လူများ၏ မူလဘူတ ခြိမ်းခြောက်မှု” တို့၊
“စက်တင်ဘာ လှုပ်ရှားမှုအပြီး အင်တာနက်များ ဖြတ်တောက်ခဲ့ခြင်းနှင့် လူမှုရေး၊ စီးပွားရေးကဏ္ဍများ အပေါ် ဘက်စုံ ရိုက်ခတ်မှု” စသဖြင့်... စသဖြင့်ပေါ့။

သူ့ သူငယ်ချင်း အမျိုးသမီးကလည်း တလေးတစားဖတ်ပြီး ကောင်းတယ်လို့ပြောလေ့ရှိ။ အကြံတွေ ပြန်ပေးလေ့ရှိတယ်။ ဒီလိုနဲ့ နေလာခဲ့ကြတယ်။

နောက်ဆုံးတော့ ပါမောက္ခကြီးက ရောဂါတခုနဲ့ ကွယ်လွန်ခါနီး ဖြစ်နေရတဲ့အချိန်... သူက စာတစောင်ထုတ်ပေးလာတယ်။
“က ခ ဂ ဃ င
စ ဆ ဇ စ် ည
ဋ ဌ ၮ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ယ ရ လ ၀ သ
ဟ ဠ အ” လို့သာ ရေးထားတယ်။

ပါမောက္ခကြီးက ပြောတယ်။ “ကိုယ်တသက်လုံး ပေးလာတဲ့ စာတွေဟာ ကိုယ်ရေးချင်တာတွေ မဟုတ်ခဲ့ပါဘူး။ အခု ဒီစာ ဟာလည်း ကိုယ်ရေးချင်တဲ့ အကြောင်းတွေ မဟုတ်သေးဘူး။ ဒါပေမယ့် မင်းနားလည်မယ် ထင်ပါရဲ့ကွယ်” လို့ ပြောလာခဲ့ တယ်။ သူ့ သူငယ်ချင်း အမျိုးသမီးကြီးကလည်း မျက်ရည်တွေ ထွေထွေကျလို့ ခေါင်းငြိမ့်ပြတယ်။ “ကျမနားလည်ပါတယ်” လို့ ပြန်ပြောတယ်။ ကကြီး၊ ခခွေးတွေချည်းပဲလည်း အချစ်စာ ဖြစ်နိုင်တာပဲ။

ကျနော်က ဥမ္မာပြောသလို၊ စာရေးချင်နေလို့ သူ့ကို ကြိုက်တာများလား ဆိုတာတော့ သေချာ ပြန်မဖြေဖြစ်ခဲ့ဖူး။ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းတွေ အကြာကြီးပိတ်။ နှစ်တွေအကြာကြီးဝေး၊ နောက်ဆုံး ကျနော်တို့ မဆုံဖြစ်ကြတော့ဘူး။

..... ......... ....... .........

နောက်ဆုံးတော့ ထိုင်းနိုင်ငံမှာ ကျနော် အိမ်ထောင်ကျဖြစ်တယ်။
ကျနော့်ဘ၀မှာ ပထမဦးဆုံး အချစ်စာ ပေးခဲ့တဲ့သူနဲ့တော့ မဟုတ်ဘူး။ တောပန်းအလှလေးပဲ ဆိုပါတော့။
ကျနော့် အမျိုးသမီးက မွန်လူမျိုး၊ သူ့မိဘတွေနဲ့ အတူ ထိုင်းမှာ ပြောင်းရွှေ့အခြေချပြီး နေလာတာ ကြာပြီဆိုတော့ ထိုင်း လူမျိုး တပိုင်းလိုလည်း ဖြစ်နေခဲ့ပြီ။ သူက ထိုင်းသီချင်းတွေနားထောင်သလို၊ ထိုင်းတီဗွီဇာတ်လမ်းတွေကို ခံစားနေတဲ့သူ။ မြန်မာ စကားဆိုတာတော့ ပြောဆိုဆက်ဆံလို့ ရရုံပဲ။ ကျနော်နဲ့ တွေ့စကတောင် မြန်မာစကား ရေရေလည်လည် မပြော တတ်ရှာ ဘူး။ မြန်မာပြည်မှာ ၂-တန်းလောက် နေလာတယ်ဆိုပေမယ့် မြန်မာစာလည်း မဖတ်နိုင်ဘူးလို့ပဲ ဆိုရမယ်။ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ မေတ္တာမျှခဲ့ကြ၊ ဓါတ်ပြုနိုင်ခဲ့ကြတယ်။ တခုရှိတာ ကဗျာရူး၊ စာရူးလို ဖြစ်နေတဲ့ ကျနော့ ကဗျာတွေကို တော့ သူ မခံစားနိုင်ဘူးပေါ့။

ဒီလို ပေါင်းဖက်ပေးလိုက်တာလည်း လောကကြီးက၊ ဒါမှမဟုတ် ဘုရားသခင်က ရယ်စရာလုပ်လိုက်တာ မဖြစ်နိုင်ဘူးလား။ သူက မလုပ်ရင်တောင်မှ မျှားနတ်မောင်ဆိုတဲ့လူကို ခိုင်းနိုင်သပေါ့။

တခါတလေမှာလည်း ငိုအားထက် ရယ်အားသန်ခဲ့ကြရတာ ရှိသေးတယ်။
အိမ်ထောင်ပြုခါနီး တညနေပေါ့။
“အချစ်... ဖူးစာ ဆိုတာသိသလား။”
ကျနော်က ဖူးစာဆုံလို့ အခုလို ကြုံကြရတယ် ဆိုတာမျိုး ဖွဲ့နွဲ့ပြောချင်နေတယ်။ ကျနော်တို့ လူတွေယုံကြည်စွဲလမ်းထားကြ သလို ကောင်းကင်က ကြယ်နက္ခတ်တွေ အကြောင်းပေါင်းဆုံတိုက်ဆိုင်လို့ တွေ့လာကြရသလို... မင်းသမီးကလေးကို လာကယ်တဲ့ သူရဲကောင်းမင်းသားလေးရဲ့ အိပ်ယာဝင် ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရသလို၊ ယုံမှတ်မှားချက်တွေက အပြည့်ရှိနေ ကြတယ်။
ကျနော်က အကြာကြီး မေ့ထားပြီးမှ သူ့ဆီ ပြန်အလာ။ တွေ့လိုက်ရတဲ့ နေ့မှာပဲ ကျနော် စိတ်ဒုံးဒုံးချလိုက်တယ်။ သူပဲ... ကျနော့် ဖူးစာဘက်ဆိုတာ။ ကြယ်နက္ခတ်တွေကလည်း စုံညီတိုက်ဆိုင်နေတယ်။

ပြန်တွေ့တဲ့နေ့က သူက အင်္ကျီကရင်မ်အရောင်ကို ၀တ်ထားတယ်။ ပါးတွေက နူးညံ့နီထွေးနေတယ်။ အင်္ကျီ အပေါ်မှာ ဇာ ပေါက်လိုလိုမျိုး တထပ် ထပ်ဝတ်ထားပြီး၊ အပြင်ဇာအင်္ကျီက လူလှုပ်ရှားလိုက်တိုင်း ယိမ်းနွဲ့နေပုံက လသာနေတဲ့ည ပုံမျိုး၊ ရေလှိုင်းကြက်ခွပ်တွေလိုမျိုး ကျနော့စိတ်ကို လှုပ်ရှားနေစေတယ်။ “ဘာလို့ ပြန်လာတာလဲ” သူက မေးခဲ့တယ်။ နောက်တော့ ကျနော်တို့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ကျနော်က ဖူးစာအကြောင်း ပြောမလို့ မေးတော့..
“သိတာပေါ့” လို့ သူက ပြန်ပြောတယ်။
“ဆီးသီး မဟုတ်ဘူးလား” တဲ့။ ထိုင်းစကားနဲ့က ဆီးသီးကို “ဖုစာ” လို့ခေါ်တယ်။ ကျနော်လည်း ကိုယ်ပြောချင်တာတွေ ရှေ့ ဆက်လို့ မရတော့ဘူး။ နဖူးကို လက်နဲ့ ရိုက်မိတော့တယ်။ ကျနော် ထိုင်းစကားတတ်တာက အကျိုးအပဲ့။ သူက မြန်မာ စကား တတ်တာကလည်း ချို့ချို့ငဲ့ငဲ့...ဘာသာပြန်တဲ့နေရာမှာ အရေးကြီးတာတွေ တော်တော်များများလည်း ကျန်နေတတ်တယ် ဆိုတာ သဘောပေါက်လိုက်မိတယ်။
သို့သော်လည်း ကျနော်တို့ ပြဿနာမရှိခဲ့ကြပါဘူး။

ကျနော်ဖတ်ထားဖူးတဲ့ “အချစ်တြိဂံ”လိုပဲ ၃-နားညီကြတယ်။ ပါမောက္ခကြီးရေးလိုက်တဲ့ “က၊ ခ၊ ဂ” တွေနဲ့လည်း အလုပ်ဖြစ် နိုင်ခဲ့တယ် မဟုတ်လား။ သူကတော့ ရိုးရိုးသားသားပဲ ပြောတယ်။ “အကို့ဆီက ဘာမှမျှော်ကိုးလို့ ကျမယူတာ မဟုတ်ဘူး။ အခု စီးပွားရေးလုပ်ငန်းနဲ့လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်။ ကလေးမွေးလာရင်လည်း ကြည့်ထားနိုင်တယ်။ ကောင်းကောင်းနေရင် ပြီးရော”တဲ့။

ကျနော်ကလည်း သူ့ကို “တသက်လုံး လက်ဖျားနဲ့မတို့ပါဘူး။ မရိုက်ပါဘူး။ ကောင်းကောင်းနေပါ့မယ်”လို့ ပြန်ကတိပြုခဲ့ တယ်။ ဒီကိစ္စက နိုင်ဝင်းဆွေရဲ့ “နွေတည”ကို ဖတ်ရစဉ်ကတည်းက ဇာတ်လိုက် ရထားစာရေးလေးက ထန်းလျက်သည် ကောင် မလေးကို ကတိပေးခဲ့ပုံကို သဘောကျခဲ့လို့၊ အိမ်ထောင်ပြုရင် ဒီလိုတော့ ပြောလိုက်မယ်လို့ စိတ်ကူးခဲ့တဲ့စကားပေါ့။

တနေ့မှာတော့ အထက်က ကျနော်ပြောခဲ့တဲ့ (The Letter) ဆိုတဲ့ ရုပ်ရှင်ကားလေး ကျနော်တို့ လင်မယား ၂-ယောက် အတူ ထိုင် ကြည့်ဖြစ်ကြတယ်။

ဘယ်ကလာမှန်း မသိပဲ ရောက်လာနေတဲ့၊ သေပြီးတဲ့ ချစ်သူဟောင်းရဲ့ စာကို တွေ့လို့၊ ၀မ်းလည်း ၀မ်းသာ ကြေကွဲလည်း ကြေကွဲနေရ၊ ပဟေဠိလည်း ဖြစ်နေရတဲ့ ဒျူးကိုလည်း သနားနေမိကြတယ်။ နောက်ဆုံးခန်း ဇာတ်ရှိန်မြင့်တဲ့နေရာကို ရောက် လာခဲ့တယ်။ နောက်ဆုံးတော့ ဒျူးဆီကို စာအိပ်တအိပ် ရောက်လာခဲ့တယ်။ အရင်စာအိပ်တွေထက် ပိုကြီးနေတယ်။ ဖွင့်လိုက် တဲ့အခါ ဗီဒီယိုအခွေသေးတခု ထွက်လာတယ်။ နောက်ဆုံးလာတဲ့ သုမ့်ဆီက စာပဲပေါ့။ သုမ့် မဆုံးပါးခင် သူ့ဘ၀ရဲ့ နောက်ဆုံး အချိန်လို့ သိစဉ်ကတည်းက ဒျူးမသိအောင် စာတွေ တိတ်တိတ်ခိုးရေးနေခဲ့ပြီး၊ သူသေသွားတဲ့အခါ တယောက်က လျှို့ဝှက် ပို့ ပေးနိုင်အောင် စီစဉ်ခဲ့တာ။ အခု ဗီဒီယိုက သူရဲ့ နောက်ဆုံးမေတ္တာစာ။ သူ ကျန်းမာရေးကြောင့် စာမရေးနိုင် တော့တဲ့ အချိန် မှာ သူ့ကိုယ်သူ ဗီဒီယို ရိုက်ပြီး နောက်ဆုံးစာအဖြစ် ပဟေဠိကို ပြန်ရှင်းပြခဲ့တာ။

[You tube မှာ Thai movie: the letter ဆိုပြီးရှာရင် ရပါတယ်။]




သုမ့်ကပြောတယ်။
“အခု စာမရေးနိုင်တော့ဘူးနော်။ မျက်နှာကလည်း ကြည့်လို့ မကောင်းတော့ဘူးနော် ... ဟုတ်လား။ အခု စာရေးဖို့လည်း မတတ်နိုင်တော့ဘူး။ ရေးရင်လည်း ဖတ်လို့ ရတော့မှာ မဟုတ်ဘူး။ လက်ရေးက ဆိုးနေမယ်။ ဒျူးကို တခုပဲ တို့ ..ပြောပြ ချင်ပါ တယ်။ တို့ကို မမေ့လိုက်ပါနဲ့ကွယ်....
ဇာတ်လမ်းက ရွာတော့မယ့်မိုးသားတွေလို ညို့တက်လာတယ်။ ကြည့်နေရသူတွေ ရင်ထဲမှာလည်း တိမ်စိုင်မိုးသားတွေ အလိပ် လိုက် တက်တက်လာခဲ့တယ်။

“ကိုယ်မထင်ခဲ့ဘူး။ အခုလို ထူးခြားလှပနေတဲ့ မိန်းကလေးမျိုးကို ဘ၀မှာ ပိုင်ဆိုင်ရလိမ့်မယ် မထင်ခဲ့ဘူး။ ဒျူးကို တွေ့ရတဲ့ နေ့ ကစလို့ ကိုယ့်လေ ကိုယ့်ဘာသာ ပြန်ပြောနေမိတယ်။ မင်းအတွက်ဆိုရင် ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်ပေးပါ့မယ်။ တို့ ဖြည့်ဆီးပေး ပါ့မယ်။ ဒီ လောကကြီးမှာ ဒျူးကို အမြဲတမ်း ချမ်းသာသုခနဲ့ ပြည့်စုံတဲ့ မိန်းကလေးမျိုး ဖြစ်စေရပါ့မယ်။ .... ဒျူးကို မျက်ရည် တွေ ဆက်မကျနေစေချင်ပါဘူး။ ဒျူးကို တခုပဲ ကိုယ်တောင်းဆိုချင်ပါတယ်။ တို့ကို မမေ့လိုက်ပါနဲ့နော်... အခုလို ရှေ့ဆက် သွားကြလို့ ကာလကြာလာတဲ့အခါ ...ဘယ်လောက် ကြာမယ်တော့ မသိဘူးပေါ့....ကိုယ် ရောက်အောင် ပြန်လာခဲ့ပါ့မယ်။ နောက်တကြိမ် ပြန်ဆုံကြရမှာပေါ့.... ကိုယ် သစ္စာပြုပါတယ်ကွယ်..... ဒျူး..... ကိုယ် ....ချစ်တယ်နော်.....”

ရုပ်ရှင် ဇာတ်သိမ်းပိုင်းမှာ ဒျူးရော.... ဗီဒီယိုဖန်ပြင်ပေါ်က သုမ့်ရော ငိုနေကြတယ်....

ကျနော်လှည့်ကြည့်လိုက်တော့ ကျနော့ဇနီးရော၊ ကျနော်ပါ မျက်ရည်တွေဝဲနေကြတယ်။
နှစ်ယောက် ပိုပြီးလည်း ချစ်မိသွားကြတယ်။
ကျနော့ဘ၀ကိုလည်း သူ့အတွက်စာတစောင်လို ဆက်ရေးသွားဖို့ ဆုံးဖြတ်လိုက်တယ်။

ယောဟန်အောင်
ဒီဇင်ဘာ ၅၊ ၂၀၀၇။

4 comments:

Anonymous said...

I value 'love' more after reading this. thank you.

sawthanlwin said...

very nice written and story
i admire you....

Anonymous said...

အန်ကယ်ရေ ကောင်းတယ်
ဖတ်ရင်းနဲ့ သတိရလာတာရှိတယ်
၂၀၀၈ တုန်းက ဂျပန်မှာနာမည်ကြီးသွားတဲ့ ကားတကားရှိတယ်
ps ilove u ဆိုတဲ့ ကားကို ထိုင်းလို ပြန်ပြုထားတာပေါ့ အဓိက ကျောရိုးအပိုင်းက
အဲ့ ကားကြည့် ပီး ကျွန်မတို့ လည်းငိုတယ်
အန်ကယ်တို့ လို ပဲ ပိုချစ်သွားကြတယ်
ကံကြမ္မာ က ဘယ်လို မှန်းမသိတော့ 
ချစ်ချစ်ခင်ခင်နေကြဆို့ ဘ၀တွေကတိုလွန်းလို့ 

ကေဇီလင်း said...

ဖတ်လို့အရမ်းကောင်းပါတယ်။ သုံးနားညီတဲ့ အချစ်တြိဂံ နဲ့ တွေ့တဲ့သူတိုင်း စိတ်ချမ်းသာရမှာပဲနော်။

Recent Comments