Pages

Tuesday, February 12, 2008

တကယ် ပြည်ထောင်စုကို သစ်ချင်ရင်

ပြည်ထောင်စုနေ့နဲ့ ပတ်သက်လို့ ဘလော့ရေးသူတွေက “ပြည်ထောင်စုနေ့ တို့မမေ့” ဆိုတဲ့ ပိုစတာလေးတွေ တင်ထားတာ တွေ့ရပါတယ်။ ၀မ်းသာစရာပါ။ ကျနော်ကလည်း လွယ်လွယ် ဒီလို မတင်ချင်တော့ အတွေးရှည်မိတာတွေပါ။

တကယ်ကတော့ ပြည်ထောင်စုကို တကယ်သစ်ချင်ရင် ကျနော်တို့ ကိုယ်၌မှာကိုက ပြင်ရမယ့် အချက်တွေ အများကြီးပါ။


ကျနော့်ဇနီးက မွန်လူမျိုးဖြစ်တော့ (ကျနော်ကလည်း မွန်သွေးပါ ပါတယ်။) မွန်လူမျိုးတွေရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက် လေးတွေကိုလည်း သတိပြုမိပါတယ်။ အထူးသဖြင့် သင်္ကြန်တို့၊ အချို့ အခါကြီးနေ့ကြီး ရက်မျိုးတွေမှာ ကြုံရတတ်တာ လေးတွေပါ။ သင်္ကြန်မှာ မွန်လူမျိုးတွေရဲ့ ထူးခြားတဲ့သင်္ကြန် ကျင်းပပုံကို သတိပြုမိပါတယ်။ သက်ကြီးရွယ်အိုတွေ ရေချိုးပေး ပုံ နဲ့
ဘုရားရေသပ်ပါယ်ဖို့ ၀ါးရေတံလျောက်ကြီးတွေ ဆက်ပြီး ထူးခြားတဲ့ ရေသပ်ပါယ်ပုံ၊ ပြီးမှ တရွာလုံးက ရေကစားကြပုံ တွေကိုပါ။ အဲသည်လို သင်္ကြန်အချိန်မှာ မြန်မာရုပ်မြင်သံကြားက ထုတ်လွှင့်နေတာကိုလည်း ကျနော် ကြည့်ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံ မြန်မာရုပ်မြင်သံကြားက လွှင့်နေတာက ရန်ကုန်၊ မန္တလေး၊ မြို့ကြီးအချို့ရဲ့ သင်္ကြန်၊ “သင်္ကြန်မိုး” ရုပ်ရှင်၊ ငွေ ငန်း၊ ထူးပို့ ထူးပို့၊ မြို့မ ဒါတွေပဲ တွေ့နေရပါတယ်။ ကျနော်စဉ်းစားမိတာက “သင်္ကြန်မိုး” ရုပ်ရှင်ဆိုတာ ကျနော်တို့ ငယ်စဉ် ကတည်းကပါ၊ နှစ် (၂၀) ကျော်တော့မယ်။ ဒီနှစ် (၂၀) ကာလအတွင်းမှာ သင်္ကြန်မိုး အပြင် အခြား သင်္ကြန် ဇာတ်ကားကောင်း မထွက်ခဲ့ဖူးလား။ အခြား ပြစရာ မရှိတော့ဘူးလားပေါ့လေ။ နောက်ပြီး သင်္ကြန်ဆိုတာက လည်း ဗမာလူမျိုး တွေ သက်သက် မောင်ပိုင်စီးထားတဲ့ ကိစ္စလားပေါ့။ တကယ်တော့ မွန်ရိုးရာ သင်္ကြန်၊ ရခိုင်ရိုးရာသင်္ကြန်၊ ထားဝယ်သင်္ကြန်၊ ရှမ်းလူမျိုးတွေရဲ့ သင်္ကြန် မတူကွဲပြား ထူးခြားချက်တွေ ရှိသော်လည်း၊ ကျနော်တို့ အများစုက သင်္ကြန်ဆို ရင် ဖြစ်ရိုးဖြစ်စဉ်၊ တွေးရိုး တွေးစဉ် တွေကိုသာ စဉ်းစားကြပါတယ်။ တိုင်းရင်းသားတွေရဲ့ ထူးခြားတဲ့ ဓလေ့ ယဉ်ကျေးမှုတွေကို ပြရကောင်း မှန်း၊ သိရကောင်းမှန်း မသိကြပါဘူး။ ဒါနဲ့ပဲ ကျနော်တို့က ပြောပါသေးတယ်။ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာပါတယ်လို့၊ မခွဲခြားပါဘူးတို့... စသဖြင့်။

၂၀၀၆ ၀င်ကကျေးရွာမှ မွန်သင်္ကြန်ပုံ

နောက်တခုက စစ်အစိုးရက လုပ်နေတဲ့ အမျိုးသား ယဉ်ကျေးမှုမြှင့်တင်ရေး “ဆိုကရေးတီး” ပြိုင်ပွဲတွေလည်း ရှိပါသေးတယ်။ အဲသည်မှာလည်း ကရင်က ကရင်သင်တိုင်းဝတ်ပြီး သူ့ဘာသာစကားနဲ့ သီချင်း မဆိုရဘူး။ ဗမာသီချင်းကြီးကို စောင်းကောက် နဲ့ ဆိုနေရ တယ်။ ယဉ်ကျေးမှုဆိုတာ ဗမာကမှ ပိုမြင့်လေသလား။ မွန်ကလည်း ဗမာသီချင်းကြီး ဆိုရတယ်။ ကျန်တဲ့ ကျနော် တို့ကလည်း ဖာသိ ဖာသာ ကြည့်နေကြတယ်။

ဒါကတော့ စစ်အစိုးရလုပ်လို့ ထားလိုက်ပါတော့။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တခါကျင်းပတဲ့ ပြည်ထောင်စုနေ့ပွဲ ဗီဒီယို မှတ်တမ်းကိုလည်း ကြည့်ရသေးတယ်။ ဦးပါပါလေးတို့ ဖမ်းခံရအောင် ပျက်လုံးထုတ်မိတဲ့ပွဲပေါ့။ (၁၉၉၆ ခုနှစ် ထင်တယ်) အဲသည်မှာလည်း စည်းဘုံဆောင်း၊ အလံကိုင်ထားတဲ့ အမိမြန်မာပြည်ကို တိုင်းရင်းသားတွေက ၀ိုင်းပတ်လို့။ ကျနော်တို့ မြင် ထားတဲ့ ပြည်ထောင်စု ပုံစံက ဗမာတွေရှေ့က ဦးဆောင်၊ တိုင်းရင်းသားတွေကို ပံ့ပိုးမှုနေရာ၊ နောက်ကထား တဲ့ ပုံစံမျိုးပဲ ဖြစ် နေသေးတယ်။

နောက်တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ရေးတဲ့ ကျေကွဲဖွယ် အဖြစ်တွေလည်း ဖတ်ရပါသေးတယ်။ ထောင်ကျနေတဲ့ ကရင်တိုင်းရင်းသားအချို့က ဗမာစကား ကောင်းကောင်း မပြောတတ်ကြပါဘူး။ သူတို့ကို ထောင်ဝင်စာလာတွေတဲ့သူတွေက လည်း ဗမာတွေ မဟုတ်ကြတော့ မပြောတတ်ကြပါဘူး။ ဒီတော့ ထောင်ဝင်စာလာတွေ့စဉ်မှာ ဗမာစကားကလွဲပြီး အခြား ဘာသာ စကားကိုလည်း ပြောခွင့် မရှိပါဘူး။ ခွင့်ပြုမထားပါဘူး။ သည်တော့ တယောက်ကိုတယောက် တွေတွေကြည့်လို့၊ မျက်ရည်တွေကျလို့ စကားတလုံးမှ မပြောရပဲ ပြန်သွားကြရတယ်... ဆိုတာမျိုးတွေ ဖတ်ရပါတယ်။ မြန်မာနိုင်ငံက ထောင် လက်စွဲ (Jail Manual) က အင်္ဂလိပ်ခေတ် ထဲက လုပ်ထားတာဖြစ်ပြီး၊ ဗမာစကားက လွဲရင် အခြားစကား ပြောဆို ထောင်ဝင် စာမတွေ့ရ ဆိုတာမျိုး ကန့်သတ်ချက်တွေလည်း ရှိနေပါသေးတယ်။ ဒီလိုကိစ္စတွေလည်း ပြင်သင့်ပါပြီ။

စဉ်းစားကြည့်ပါ။ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသားစာပေနဲ့ ထုတ်ဝေတဲ့ သတင်းစာ ဘယ်နှစ်စောင်ရှိသလဲ။ ဒီလို ထုတ်ဝေခွင့် ရဖို့ ကျနော်တို့က၊ တိုင်းရင်းသားတွေက ဘယ်လောက်စောင့်ကြရမှာလဲ။ နောက်တခုက သြစတြေလျ၊ အင်္ဂလန် စတဲ့ အချို့ တက္ကသိုလ်တွေမှာ B. A (Burmese) ဆိုတာမျိုး မြန်မာစာလေ့လာလို့ ဘွဲ့ယူလို့ ရကြပါတယ်။ ကျနော်တို့ နိုင်ငံမှာတော့ တိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ကျောင်းဆိုတာမျိုး ရှိပေမယ့် B.A (Mon), B. A (Shan), B. A (Karen) ဆိုတာမျိုး လေ့လာ ပြီး ဘွဲ့ယူလို့ မရနိုင်ကြပါဘူး။ သည်လိုမျိုး တိုင်းရင်းသားတွေအကြောင်း၊ သူတို့စာပေတွေအကြောင်း ဘွဲ့မျိုးတွေယူ၊ လေ့လာ နိုင်ဖို့ဆိုရင် ကျနော်တို့က ဘယ်လောက်ကြာကြာ ပြင်ဆင်ကြ ရမှာလဲ...။

တခါက တောင်အာဖရိကနိုင်ငံ အပြောင်းအလဲတွေအကြောင်း စာရေးတဲ့ အလက်စ်တာ စပါ့ခ် (Alister Sparks) က တောင် အာဖရိက အသားအရောင်ခွဲခြားရေးနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ “တောင်အာဖရိကရဲ့ စိတ်နေသဘောထား” (The Mind of South Africa) (၁၉၉၀ ပြည့်နှစ်ထုတ်ဝေ) မှာ ဒီလိုရေးခဲ့ဖူးပါတယ်။ ပြန်ဖော်ပြချင်တာကတော့ ကျနော်တို့ နိုင်ငံက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်၊ ပြည်ထောင်စုသစ်အတွက် အရေးပါမယ်ထင်လို့ပါ။ သူက “အကန့်၊ အကန့်စီ ခွဲထားတဲ့ ပတ်ဝန်းကျင်တခုမှာ လူမျိုး၊ ဘာသာစကားမတူသူတွေဟာ တယောက်နဲ့တယောက် လက်တွေ့ဆက်ဆံမှု မရှိကြ သလို၊ တယောက်ရဲ့ ရင်ထဲ၊ နှလုံးသားထဲမှာ ဘယ်လို ခံစားနေရမယ်ဆိုတာလည်း အခြားတယောက်က မသိကြပါဘူးတဲ့”။

“လူဖြူ တောင်အာဖရိကန်တွေ ပြောကြတာရှိပါတယ်။ သူတို့က တောင်အာဖရိကန် လူမဲတွေကို သိကြတယ်။ သူတို့နဲ့ နှစ် ပေါင်း (၃၅၀) ကျော် အတူနေခဲ့တယ်။ လူမဲတွေရဲ့ လုပ်ပုံကိုင်ပုံ၊ အားနည်းချက်၊ စိတ်ဓါတ်တွေကို သိတယ်လို့ ပြောလေ့ရှိပါ တယ်။ ဒါပေမယ့် သူတို့က လူမဲတွေကိုသခင်နဲ့ကျွန် ဆက်ဆံရေးက လွဲပြီး တွေ့ဆုံ ဆက်ဆံတာမျိုး မရှိပါဘူး။ ဒီလို ပါဘဲ။ တောင် အာဖရိကလူမဲတွေကလည်း သူ့သမိုင်းတလျှောက်လုံးမှာ အဖိနှိပ်ခံခဲ့ရဘူးတဲ့ သူတွေလိုပဲ သူတို့ရဲ့ အနက်ရှိုင်းဆုံး တွေး ခေါ်မှုတွေကို ဖုံးကွယ်ပြီးတော့ လူဖြူတွေ ကြားချင်၊ မြင်ချင်တဲ့ပုံစံမျိုးကိုပဲ ပြောဆိုနေထိုင်တတ်တဲ့ ကာကွယ်ရေး စနစ်” တွေ ကို ကျင့်သုံးခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

ကျနော်တို့ကလည်း ပြောပါလိမ့်မယ်။ တိုင်းရင်းသားတွေကို ခံစားနားလည်နိုင်ပါတယ် ဆိုတာ။ သို့သော်လည်း အထက်က ကျနော်တင်ပြခဲ့တဲ့ အချက်အလက်လေးတွေကို ကြည့်ရင်၊ ကျနော်တို့ကလည်း ကိုယ့်ဖာသာ အဓိပ္ပါယ်ဖော်ထားတဲ့ ပုံနဲ့ မြင် တွေ့ခဲ့ကြတာပါ။ ဒါကလည်း အပြစ်တော့ မဆိုသာပါဘူး။ ကျနော်တို့ သင်ကြားခဲ့ရတဲ့ ပညာရေးစနစ်၊ သိခဲ့ရတဲ့ ၀ါဒဖြန့်ချိရေး တွေအောက်မှာ ကြီးပြင်းလာခဲ့ပုံက ဒီအဆင် အတိုင်း ဖြစ်နေခဲ့တာကိုး။ ဒါပေမယ့် ဒီလိုကိစ္စတွေက ပြန်ပြင်ဖို့ဆိုရင် ကျနော်တို့ အကြာကြီး လုပ်ကြရဦးမှာ ဖြစ်သလို၊ ဘယ်လောက်ထိ အားစိုက် ဆောင်ရွက်ကြရမယ်ဆိုတာ ဗမာတွေဖက်ကလည်း သိသင့် သလို၊ တိုင်းရင်း သားတွေဖက်ကလည်း မြင်သင့်ပါတယ်။ သို့သော် အချို့သော တိုင်းရင်းသားတွေက နစ်နာခံစားခဲ့ကြရတာ ကြာတော့ ခု ချက်ချင်းပြောင်း၊ အခုချက်ချင်း အခွင့်အရေးအကုန် ပြည့်ဝတာမျိုး လိုချင်ကြပါတယ်။ လွတ်လပ်ရေးရခဲ့တာ နှစ် (၆၀) ကြာပြီ ဆိုတော့ ဒီလိုဖြစ်ချင်တာလည်း အပြစ်တော့ မဟုတ်ပါဘူး။ သို့သော်လည်း အချို့သော တိုင်းရင်းသား ခေါင်း ဆောင်တွေ ကတော့ ဖယ်ဒရယ်စနစ်ကို သွားမယ်ဆိုတာ လုပ်ငန်းစဉ်မျှသာ ဖြစ်တယ်။ အခုသဘောတူညီ သံန္နိဌာန် ပြုထား ကြမယ်။ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ယူသွားမယ် ဆိုတာမျိုး မြင်ကြသူတွေလည်း ရှိပါတယ်။

တကယ်တော့ ပြည်ထောင်စုသစ်ခရီးက ခရီးရှည်သွားကြရမှာပါ။ အပြန်အလှန် အပေးအယူ ယုံကြည်မှုတွေ တည်ဆောက် သွား ကြရမှာပါ။ တခါက ပါလက်စတိုင်းနဲ့ အစ္စရေးကလေးတွေ အတွက် လုပ်တဲ့ အစီအစဉ်ကလေး ကြားမိတော့ သဘောကျ ရပါသေးတယ်။ သူတို့က အချင်းချင်းကြား ပဋိပက္ခတွေ ပြေ လည်စေရေး၊ နားလည်မှု ပိုရစေရေးအတွက် ကလေးတွေအတွက် ရုပ်မြင်သံကြား အစီအစဉ်တခုကို Sesame Street ပုံစံမျိုး ပုံစံယူလုပ်ကြတယ် ဆိုပါတယ်။

ဒီ Sesame Street လိုမျိုး လမ်းကလေးမှာ ဂျူးရော၊ ပါလက်စတိုင်းကလေးရော နေတယ်၊ တူတူကစားကြတယ် ဆိုတာမျိုး လုပ်တော့ တချို့က လက်မခံနိုင်ကြပါဘူး။ သူတို့ မြေကိစ္စ အငြင်းပွားမှုတွေကလည်း အကြီးအကျယ် ရှိတာကိုး။ ဒါနဲ့ ညှိနှိုင်းကြ ပြီး တလမ်းမှာက ပါလက်စတိုင်းတွေ နေတယ်။ တလမ်းမှာက ဂျူးတွေနေတယ်။ သူတို့က ကြားက ကစားကွင်းလေး တခုမှာ စုဆုံပြီး ကစားကြတယ် ဆိုတာမျိုးလုပ်တော့ သဘောတူကြပါတယ်။ သည်တော့ ကလေးတွေက သူတို့ဘာသာစကားနဲ့ပဲ သူတို့ ပြောရင်း ဆော့ကစားတဲ့၊ ချစ်ကြည်ရေး အစီအစဉ်လေး ဖြစ်လာရပါတယ်။ နောက်ပိုင်း ကြားရတာက အကြမ်းဖက်မှု တွေ၊ တိုက်ခိုက်မှုတွေ တိုးပွားလာပြီး နောက်ပိုင်း ဒီအစဉ်ကလေးတောင် ပျက်သွားရသတဲ့။ စိတ်မကောင်းစရာပါပဲ။

လူမျိုးပေါင်းစုံတဲ့ ကျနော်တို့ နိုင်ငံမှာလည်း ဒီလို ကလေးအစီအစဉ်တွေက စလို့ လုပ်စရာ အများကြီး လိုလိမ့်မယ် ဆိုတာ စဉ်းစားမိပါတယ်။ လုပ်စရာတွေကတော့ အများကြီးပါ။ ဒီကလေးတွေကပဲ ကျနော်တို့ရဲ့ အနာဂတ်သစ်ကို တည်ဆောက်နိုင် ကြမယ် မဟုတ်ပါလား။

ယောဟန်အောင်

1 comment:

Anonymous said...

တိုင်းရင်းသားတွေရဲ့အခြေအနေမှန် ကိုတကယ်နားလည်လာမှ အမျိုးသားပြန်လည်သင့်မြတ်မှာပါ။
ပြည်တောင်က တကယ်စုလာမှာပါ။
ဒီလိုနားလည်ဖို့က အခုလိုစာတွေများများရှိဖို့ များများသိဖို့လိုပါတယ်။
ဆရာယော များများဆက်ရေးနိုင်ပါစေ။
(ဘလူးစကိုင်း)

Recent Comments