Pages

Monday, January 28, 2008

VOA တိုက်ရိုက်လေလှိုင်း (Call-in Show) အစီအစဉ်မှာ စကားပြောဖြစ်တယ်။

၂၆၊ ဇန်၊ ၂၀၀၈။
VOA (မြန်မာပိုင်း အစီအစဉ်) က အပတ်စဉ် စနေနေ့ညပိုင်း (၉း၀၀-၁၀း၀၀) နာရီ် အစီအစဉ်မှာ တိုက်ရိုက်လေလှိုင်း ဆွေးနွေး ခန်း (Call-in show) အစီအစဉ်ကို ထုတ်လွှင့်ပေးနေပါတယ်။ အကြောင်းအရာအလိုက် တတ်သိပညာရှင်များ ပါဝင်ဆွေးနွေး စေပြီး သောတရှင်တို့ရဲ့ မေးခွန်းတွေကို ဖြေကြားစေတဲ့ အစီအစဉ်ပါ။ ဒီတပတ်မှာတော့ ကဗျာဆရာ ကိုအောင်ဝေးရယ်၊ ကျနော့်ကို ဖိတ်ခေါ်ပြောစေခဲ့ပါတယ်။

အကြောင်းကတော့ VOA site မှာ “မြန်မာပြည်သူတွေ တနေ့တခြား ပိုပိုပြီးတော့ ဆင်းရဲလာနေကြတဲ့အကြောင်းတွေကို ဆွေးနွေးပါမယ်။ ဆင်းရဲခြင်းလွတ်ကင်းအောင် နဂါးနီသီချင်းကလည်း မကယ်နိုင်ဘူးဆိုတော့ မဆင်းရဲရအောင် ဘယ်လို နည်းတွေနဲ့ မြန်မာပြည်သူတွေ ရုန်းကန်နေကြရပါသလဲ၊ ဆင်းရဲသားတွေများလာတဲ့ အကျိုးကြောင့် မြန်မာပြည်မှာ ရှေ့ ဆက်ပြီး ဘာတွေဖြစ်လာနိုင်မလဲ စသည် ဆွေးနွေးကြပါမယ်။” ဆိုပြီး ဖော်ပြထားပါတယ်။


အပြည့်အစုံကိုတော့ VOA link မှာ နားထောင်နိုင်ပါတယ်။


ဒီအစီအစဉ်မှာ ဆွေးနွေးရတာကတော့ အကန့်အသတ်ရှိပါတယ်။ မေးခွန်းအပေါ် မူတည်ဖြေရတာရယ်၊ ပြောချင် သလောက် မပြောနိုင်တဲ့ အချိန် အကန့်အသတ်လည်း ရှိပါတယ်။

တရုတ်နိုင်ငံက ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကတော့ ချမ်းသာကြွယ်ဝခြင်းဟာ ကောင်းတယ် ဆိုပြီး ပြောခဲ့ဖူးတယ်။ အခု ဆွေးနွေးကြရတဲ့ ခေါင်းစဉ်ကတော့ မြန်မာပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှု ပြဿနာ ဖြစ်နေရပါတယ်။ စိတ်မကောင်း စရာပဲ ပေါ့။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ မြစ်ကျိုးအင်းတခုမှာ ကျန်ခဲ့တဲ့ နိုင်ငံ ဖြစ်နေရတယ်။

ကျနော် ဒီအစီအစဉ်မှာ ပြောခဲ့တာကတော့ လိုအပ်ချက်လည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဖြည့်စွက်တင်ပြလိုတာပါ။
ကျနော်တို့ နိုင်ငံဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ အဆင်းရဲဆုံး နိုင်ငံ (၅၀) စာရင်း ထဲမှာ ပါသွားပါပြီ။ ကုလသမဂ္ဂ က တော့ ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေ (Least developed) ကို ဒီလို စံသတ်မှတ်ချက် (၃) ခုနဲ့ သတ်မှတ်ပါတယ်။

နှစ်စဉ် လူတဦးချင်းဝင်ငွေ (GDP per capita) ဒေါ်လာ ၉၀၀ အောက်နိမ့်ရင်၊ (၂) လူ့ဘ၀ရဲ့ အရည်အသွေးကိစ္စတွေဖြစ်တဲ့ လူ့ပျမ်းမျှသက်တမ်း၊ အဟာရ ရရှိမှု၊ မူလတန်းနဲ့ အလယ်တန်းပညာရေး ရရှိမှု၊ လူတိုင်း စာတတ်မြောက်မှု၊ (၃) စီးပွားရေး အရ နစ်နာနိုင်တဲ့ အကြောင်းတွေ ရှိရင် စသဖြင့် သတ်မှတ်ပြီး ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ပါတယ်။ လူ တယောက်ရဲ့ တနေ့ပျမ်းမျှဝင်ငွေ တဒေါ်လာအောက်ရောက်နေရင် ဆင်းရဲပြီလို့ သတ်မှတ်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူတဦးချင်းဝင်ငွေ (GDP/capita) က (၂၀၀၄) ခုနှစ် စာရင်းအရ တနှစ်လုံးမှ ၁၆၆ ဒေါ်လာပဲ ရှိပါတယ်။ တချိန် တည်းမှာ လာအိုနိုင်ငံက လူတယောက်က (၄၂၃) ဒေါ်လာ၊ ကမ်ဘောဒီးယားက လူတဦးက (၃၅၈) ဒေါ်လာ ၀င်နေ ပါတယ်။ ကျန်တဲ့ကိစ္စတွေကလည်း တွေ့ကြုံနေရတာ ရင်နာဖွယ်ပါပဲ။ လေ့လာမှုတွေအရ စစ်အစိုးရက ထုတ်ပြန်တဲ့ အိမ် ထောင်စု အသုံးစားရိတ် စစ်တမ်းကောက်ယူမှု (household survey) အရ မြန်မာနိုင်ငံမှာ ဆင်းရဲတယ်လို့ သတ်မှတ်ထား တဲ့ မျဉ်း (poverty line) အောက် ရောက်နေသူတွေက (၁၉၉၇) ခုနှစ်မှာ ၂၃% ရှိရာမှ (၂၀၀၁) ခုနှစ်မှာ ၃၂% ရှိလာပါ တယ်။ အရေအတွက်အရ (၁၁. ၂) သန်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်မှာ ပိုများပါတယ်။ (၇၀%)၊ ရှမ်းပြည်နယ် အရှေ့ ပိုင်းမှာ (၅၂)% ရှိပါတယ်။

လူတွေအများစုက သူတို့ဝင်ငွေရဲ့ အများစုကို အစားအသောက်အတွက် သုံးကြရပါတယ်။ လေ့လာမှုတခုအရ (၇၀%) အထိကို အစားအသောက်အတွက် သုံးရတယ်လို့ ဆိုပါတယ်။ အမေရိကန်လို နိုင်ငံတွေမှာ ၀င်ငွေရဲ့ (၁၀%) ကျော်ကျော် လောက်ကိုပဲ အစားအသောက်အတွက် သုံးကြတာပါ။

ကုလသမဂ္ဂ ကလေး (၃၀%) ကျော်က အဟာရချို့တဲ့မှု ဖြစ်နေပါတယ်။ အခု UNICEF ရဲ့ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ နေ့စဉ် ကလေးတွေ သေနေတဲ့နှုန်းဟာ ၂၇၀ ကနေ ၄၀၀ ကြားလောက် ရှိမယ်ဆိုပါတယ်။ ဆိုလိုတာက လေယာဉ်တစီး ပျက်ကျသလောက် နေ့စဉ် ကလေးတွေ သေနေတာပါ။ သဘောင်္တစီးမြုပ်သလောက် ကလေးတွေ သေနေကြပါတယ်။
ကူးစက်ရောဂါတွေ ဖြစ်တဲ့ ငှက်ဖျား၊ တီဘီ၊ HIV/AIDS တွေနဲ့လည်း ကူးစက်ဖြစ်ပွားနေကြပါတယ်။ ကလေး ၅၀% လောက် ဟာ ကျောင်းလုံးဝ မနေဖူးဘဲ၊ ၃၀% လောက်သော ကျောင်းနေကလေးတွေဟာလည်း မူလတန်းအပြီးမှာ ကျောင်းထွက်ကြ ရပါတယ်။

ဆင်းရဲမှုရဲ့ အကျိုးဆက်တွေကတော့ မနည်းလှပါဘူး။ ဆင်းရဲရင် ပညာရေးအတွက် မသုံးနိုင်တော့ဘူး။ ကလေးတွေ ကျောင်း ထုတ်ရမယ်။ ကျန်းမာရေးချို့တဲ့လာမယ်။ အဟာရ ချို့တဲ့လာမယ်။ အိမ်ထောင်ရေး အဆင်မပြေတာတွေ ဖြစ်လာ မယ်။ အိမ်တွင်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်။ ရာဇ၀တ်မှု ထူပြောလာမယ်။ လူတွေမှာ မှီခိုမှုကြီးလာမယ်။ လူလူချင်း ခေါင်းပုံ ဖြတ်မှုတွေ ရှိလာမယ်။ ကလေးတွေကို အလုပ်ခိုင်းစားတာတွေ ဖြစ်လာမယ်။ မိန်းမပျိုတွေ၊ လူတွေ ရောင်းစားတာ ဖြစ်လာ မယ်။ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်လာမယ်။ အမျိုးသမီးတွေ အခွင့်အရေးပိုဆုံးရှုံးမယ်။ စိတ်ကျရောဂါတွေ၊ စိတ် ဖိစီးမှုတွေ ဖြစ်လာမယ်။ သဘာဝပတ်ဝန်းကျင်တွေ ပိုပျက်စီးမယ်။ လူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု (empowerment) ကျလာမယ်။ ယုံကြည်မှု မရှိရင် ဖိနှိပ်သူကို တော်လှန်ရမှန်းတောင် သိတော့မှာ မဟုတ်ဘူး။ ဆုံးဖြတ်ခွင့်တွေကိုလည်း မတောင်းချင်တော့ ဘူး။ ဖာသိဖာသာ ဖြစ်လာမယ်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားတွေ၊ လူလိမ်တွေပေါလာ မယ်။ နောက်ဆုံး ကျရှုံးနိုင်ငံကြီး (failed state) အထိတောင် ဖြစ်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံလို သယံဇာတပေါကြွယ်ဝ တဲ့ နိုင်ငံတခုဟာ အခုလို လွဲမှားတဲ့ စီမံခန့်ခွဲရေးစနစ်တွေကြောင့် ဒီအခြေအနေအထိ ရောက်သွားရတာကတော့ ရင်နင့် စရာပါပဲ။ မြန်မာနိုင်ငံ မှာတော့ အစိုးရရဲ့ ၀န်ဆောင်မှုတွေက အညံ့ဆုံးအနေအထားမှာ ရှိပါတယ်။ လူတွေက ဘယ်သူ့ကို အားကိုးရမှန်း မသိ လောက်အောင် ဖြစ်လာကြပါတယ်။

မြန်မာနိုင်ငံလို အခြေအနေဟာ ဆူနာမီလိုမျိုး သဘာဝဘေးဒဏ်၊ စီးပွားပျက်ကပ်လိုမျိုး အခြေအနေတခုသာ ဆိုက်ခဲ့ရင် ဘယ်လောက်အထိ အခြေအနေ ဆိုးသွားနိုင်တယ်။ လူဆင်းရဲတွေ အဆမတန် ပိုများလာမယ်ဆိုတာ တွက်ချက်ဖော်ပြ ထား မှုတွေ ရှိပါတယ်။

ဒီလို ဆင်းရဲမှုကို တိုက်ဖျက်နိုင်ဖို့ နည်းလမ်းတွေကကော၊ ရှိပါတယ်။ မလွယ်လှပါဘူး။
အဓိကကတော့ ဆင်းရဲနေတဲ့ အခြေအနေကို အသိအမှတ်ပြုဖို့ပါပဲ။ အိန္ဒိယနိုင်ငံဟာ အင်အားကြီးနိုင်ငံတခုဖြစ်သော်လည်း သူ့လူထုတွေ ဆင်းရဲနေသေးတာကို မရှက်ပါဘူး။ ပြောပါတယ်။ တရုတ်နိုင်ငံကလည်း တိုင်းပြည်တွင်း ဆင်းရဲ-ချမ်းသာ ကွာဟမှုကို အဓိကထားညှိဖို့ ပြီးခဲ့တဲ့ ၁၇ ကြိမ်မြောက် တရုတ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ ထည့် ဆွေးနွေးခဲ့ကြတယ်။ ထိုင်းနိုင်ငံမှာလည်း ကျနော့်အတွေ့အကြုံအရ သဘောကျစရာလေးတွေ ရှိတယ်။ ရုပ်မြင်သံကြား အစီ အစဉ်မှာ သားထောက်သမီးခံမဲ့လို့ ဆင်းရဲနေကြရတဲ့ သက်ကြီးအိုတွေ၊ ဒုက္ခိတတွေ၊ ဆင်းရဲလွန်းလှတဲ့ ဘ၀ကို ရုန်းကန်နေ ကြရတဲ့ ကလေးတွေ၊ မိသားစုတွေအကြောင်း ရိုက်ပြပြီး သူတို့ကို ကူညီချင်ရင် ရုပ်မြင်သံကြားကတဆင့် ဆက်သွယ် ကူညီနိုင် တဲ့ အစီအစဉ်လေးတွေ လုပ်ပေးထားတယ်။ “ရုံဒွေး ချွေ့ကန်” ဆိုတဲ့ အပြန်အလှန် လူမှုရေးကိစ္စတွေ အကူအညီပေးနိုင်တဲ့ အစီအစဉ်တွေကိုလည်း ရုပ်မြင်သံကြားတွေက လုပ်ပေးပါတယ်။ တကယ်တော့ ဆင်းရဲခြင်းဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ အမေရိကန်လိုနိုင်ငံမှာလည်း အိုးအိမ်မဲ့တွေ အများကြီး ရှိနေသေးတာပဲ။ သို့သော်လည်း ကျနော် တို့ နိုင်ငံမှာက ဆင်းရဲခြင်း ဆိုတာ ရှက်စရာတခုလို မီဒီယာတွေက ဖုန်းကွယ်ထားကြတယ်။ မကောင်းသတင်းဆိုရင်၊ မမြင်ချင် မကြားချင်၊ “အားလုံး ကောင်းပါသည်ခင်ဗျား” ဆိုတာသာ ကြားချင်နေကြတဲ့ အစိုးရခေါင်းဆောင်တွေ ရှိနေတယ်။ အဲန်ဂျီအိုတွေက ၀င်ရောက် ကူညီတာကို ဒို့နိုင်ငံကို သိက္ခာကျအောင်လုပ်နေတယ်။ နိုင်ငံတကာအလယ်မှာ အရှက်ကွဲ အောင် လုပ်နေတယ်ဆိုတဲ့ စစ်ဗိုလ် ချုပ်အချို့ရဲ့ အမြင်လည်း ဖတ်ရဖူးပါတယ်။ တကယ်တော့ ဆင်းရဲနေတာကို အသိ အမှတ်ပြု လက်ခံပြီး ပြုပြင်မှသာပဲ ကျနော် တို့ အဖြေမှန်ကို ရပါလိမ့်မယ်။

နိုင်ငံကို တံခါးပိတ်ပြီး၊ ခေတ်သစ်နည်းပညာတွေကို ပစ်ပယ်ပြီးလည်း ဆင်းရဲမှုကို မတိုက်ဖျက်နိုင်ပါဘူး။ ၁၉၈၉ ခုနှစ်က စခဲ့ တဲ့ သတင်းနည်းပညာ (IT Revolution) မှာလည်း ကျနော်တို့ လက်လွတ်ခဲ့တယ်။ နောက်ထပ် နည်းပညာ အပြောင်း အလဲ တွေက ဘယ်လောက်မြန်မြန်ဆန်ဆန် လာဦးမှာလဲ။ ဆင်းရဲမှု တိုက် ဖျက်မယ်ဆိုရင်တော့ ကျနော်တို့ဟာ တံခါးဖွင့် ကြရပါ လိမ့်မယ်။ အကန့်အသတ်တွေ များနေတာကိုလည်း လျှော့ချကြရပါလိမ့်မယ်။ နိုင်ငံတကာ ပဋိပက္ခများလေ့လာရေး အဖွဲ့ (ICG) ရဲ့ အစီအစဉ်ခံစာတခုမှာ မြန်မာစစ်အစိုးရဟာ လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ဆို့နေသူဖြစ်တယ်။ လုပ်နေ တဲ့ မူဝါဒတွေကြောင့် မြန်မာပြည်သူတွေ ပိုလို့ နစ်နာစေတယ်လို့ ဖော်ပြထားတယ်။ ဆန်ထွက်တဲ့ မြန်မာနိုင်ငံမှာ တနေရာနဲ့ တနေရာ လွတ်လပ်စွာ သယ်ယူပို့ဆောင်ခွင့်တွေ မရှိတာကြောင့်၊ အကန့်အသတ်များလွန်းတာတွေကြောင့် အချို့ဒေသ တွေဟာ ငတ်နေကြရတယ်လို့ ဆိုထားတယ်။

တခါ မြန်မာပြည်မှာလုပ်နေတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ဒါရိုက်တာတဦးကလည်း ဘန်ကောက်မှာ လုပ်တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ သတင်းစာရှင်းပွဲတခုမှာ ဒီလိုပြောခဲ့သေးတယ်။

“ကျနော် မြန်မာပြည်မှာ ခရီးသွားနေစဉ်အတွင်း သတိထားမိတာကတော့ ဘယ်နေရာရောက်ရောက် စိမ်းလမ်းစိုပြေတဲ့ စိုက် ခင်းတွေ၊ လယ်ကွင်းတွေကို မြင်ခဲ့ရတယ်။ သည်လို စိုက်လို့ပျိုးလို့ သဘာဝအရ အခက်အခဲ မရှိတဲ့နိုင်ငံမှာ ဘာကြောင့် နိုင်ငံ သားတွေ စားရေရိက္ခာ ရှားပါးမှုကို ရင်ဆိုင်နေရတယ် ဆိုတာ ကျနော် ပထမတော့ နားမလည်နိုင်ခဲ့ဖူး။ အာဖရိကတိုက် က အချို့နိုင်ငံတွေလို မိုးခေါင်ပြီး ကျပ်တည်းကုန်း၊ သဲကန္တာရမြေတွေလို ဖြစ်နေရင်တော့ ထားပါတော့။ နောက်တော့ ကျနော် သဘောပေါက်သွားပါတယ်။ ဆန်ထွက်တဲ့အရပ်ကနေ ငတ်မွတ်မှုကို ရင်ဆိုင်နေရတဲ့ ဒေသဖက်တွေကို သယ်ယူ ပို့ဆောင်ရ ခက်ခဲနေတဲ့ ပြဿနာက အဓိကဖြစ်နေတာကို သွားတွေ့ရပါတယ်။ မြန်မာအစိုးရက ကျနော်တို့ ကုလသမဂ္ဂ ၀န်ထမ်းတွေ ဆန်သယ်ယူတဲ့ ကိစ္စကို ကြည်ကြည်ဖြူဖြူ သယ်ယူခွင့်မပေးပါဖူး။ အင်မတန် ရှုပ်ထွေး ကြန့်ကြာတဲ့ ဗြူရိုကရေစီစနစ်ကို ဖြတ်သန်းရတဲ့အတွက် လိုအပ်တဲ့အချိန်မှာ လိုအပ်နေတဲ့ စားနပ် ရိက္ခာတွေကို လိုအပ်တဲ့သူများဆီ အချိန်မှီဖြန့်ဖြူးခြင်း မပြု နိုင်ခဲ့ပါဖူး” ဆိုပြီး ပြောခဲ့ပြန်တယ်။

WFP အနေနဲ့ တလကို လူဦးရေ (၅၀၀,၀၀၀) အထိ ပစ်မှတ်ထားပြီး စားနပ်ရိက္ခာ ဖြန့်ဖြူးဖို့ စီစဉ်ထားခဲ့ပေမယ့် မြန်မာစစ် အစိုးရက ပူးပေါင်းကူညီမှု မရှိတာကြောင့် မှန်းထားတာရဲ့တ၀က် လူဦးရေ (၂၅၀, ၀၀၀) လောက်ကိုပဲ ကူညီခွင့်ရခဲ့တယ်။

စက်တင်ဘာသံဃာ့ လှုပ်ရှားမှုပြီးနောက် ကုလအထူးသံ မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ကိုသွားလို့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တဲ့အချိန်မှာ အတိုက်အခံတွေ၊ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလို့ “ဆင်းရဲမှု လျော့ပါးကျဆင်း ရေး ကော်မရှင်” တခု လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပေးဖို့ အကြံပေးခဲ့သေးတယ်။ စစ်အစိုးရကတော့ ဒါကိုလည်း ငြင်း ပယ် လိုက်တာပါပဲ။

တကယ်တော့ အခု အာဆီယံအဖွဲ့ဝင်ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေမှု ကျဆင်းစေဖို့ဆိုရင် ဒေသတွင်းကလည်း အကူအညီရနိုင်တဲ့ အစီအစဉ်တွေ ရှိနေပါတယ်။ ဥပမာအားဖြင့် ASEAN Vision 2020, Honoi Plan for Action, Honoi Decleration on Narrowing Development Gap for Closer ASEAN Integration, Initiative for ASEAN Integration ဆိုတဲ့ အစီအစဉ်တွေ ရှိပါတယ်။

နောက်ပြီး ကမ္ဘာ့ဘဏ်ကနေ အကူအညီရယူနိုင်တဲ့ Poverty Reduction Strategy Papers (PRSPs) ဆိုတဲ့ ဆင်းရဲမွဲတေ မှု လျှော့ချရေး မဟာဗျူဟာ စာတန်းများ ဆိုတဲ့ အကူအညီပေးရေး အစီအစဉ်တွေ ရှိနေတယ်။ မြန်မာနိုင်ငံကတော့ နိုင်ငံ ရေး ပြဿနာ တွေကြောင့် လက်လွတ်နေရဆဲပါ။

နောက်ပြီး စီးပွားရေး/ဖွံ့ဖြိုးရေးပညာရှင်တွေ အကြံပြုထားတဲ့ စပိန်နိုင်ငံ၊ ဘာစီလိုနားအစည်းအဝေး သဘောတူညီချက် (Barcelona Consensus) ဆိုတာတွေ ရှိပါသေးတယ်။ လိုက်နာချင်တယ်ဆိုရင်တော့ လေ့လာဖွယ်ရာတွေပေါ့။ နောက် တခုကတော့ သက္ကရာဇ် (၂၀၀၀) က မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကိုယ်တိုင် သဘောတူညီခဲ့တဲ့ ထောင်စုနှစ် ဖွံ့ဖြိုး ရေးဆိုင်ရာ ရည်မှန်းချက် (Millennium Development Goals) တွေလည်း အကောင်အထည်ဖော်ဖို့ ကျန်နေပါသေး တယ်။ ဒီရည်မှန်းချက်တွေကတော့ သက္ကရာဇ် ၂၀၁၅ ခုနှစ်ရောက်ရင် (၁၉၉၀) ခုနှစ်မှာ ရှိခဲ့တဲ့ ဆင်းရဲတဲ့သူဦးရေ တ၀က် အထိ ရောက်အောင် လျှော့ချနိုင်ဖို့ပါ။ မြန်မာပြည်ကတော့ မလျှော့တဲ့အပြင် ပိုတိုးလာဖို့သာ ရှိနေပါတော့တယ်။

နောက်ဆုံးအနေနဲ့ကတော့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ဆိုရင် ကောင်းမွန်တဲ့ အစိုးရစနစ် (good governance) ဖြစ်ဖို့ လည်း လိုအပ်ပါသေးတယ်။

No comments:

Recent Comments