Pages

Monday, January 28, 2008

ဖခင်တယောက်ရဲ့ ဒုက္ခ

မိခင်မြေနဲ့ ဝေးပြီး ရေခြားမြေခြားမှာ ကြီးပြင်းရတဲ့ ကလေးတွေ၊ ဒုက္ခသည် စခန်းမှာ ကြီးပြင်းရတဲ့ကလေးတွေ၊ တပါးသူ နိုင်ငံ မှာ သူစိမ်းအိမ်မှာ ကြီးပြင်းရတဲ့ ကလေးတွေ တဖြည်းဖြည်းများလာခဲ့တယ်။ ဒီကလေးတွေနဲ့ မူ ရင်း မိခင်နိုင်ငံက ယဉ်ကျေးမှု က မျိုးရိုးဗီဇထဲ ရေးလာကြတဲ့ သူတို့ဖခင်၊ မိခင်တွေက တခါတလေလည်း ကွဲ ပြားမှုတွေ ထင်ထင်ရှားရှား တွေ့လာရတယ်။ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းလို ဖြစ်လာတယ်။ မေတ္တာနဲ့ နား လည်မှုပေးကြရတာလည်း ရှိသလို၊ တခုခုကို စွန့်လွှတ်လိုက် ကြရသလို၊ တခုခုကို ဆုံးရှုံးသွားသလို ခံစားကြရတာလည်း ရှိတာပေါ့။ ကျနော်က ကလေးတွေ၊ မိသားစုတွေကို တွေ့ခဲ့ဖူး တယ်။ ဒီရွာကြီးကိုပဲ ကမ္ဘာကြီးမှတ်လို့ ဒုက္ခသည်စခန်းထဲမှာ ကြီးလာရတဲ့ ကလေးတွေလည်း မြင်ဖူးတယ်။ သူတို့ကို ကြီးလာ ရင် ဘာလုပ်မလဲဆိုတာ ကျနော် မမေးချင်တော့ဘူး။ သူတို့ မြင်ဖူးတာက ဆေးမှူး၊ ရွာလူကြီး၊ အစည်းအဝေးနဲ့ တော်လှန်ရေး စစ်သား၊ ဘယ်ကလေးက အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်လို့ ဖြေပါ့မလဲ။ ဖက်ရှင် မယ် လုပ်ချင်တယ်၊ ရုပ်ရှင်မင်းသမီး လုပ် မယ်လို့ ဖြေပါ့မလဲ။ အဲသလိုပဲ အမေရိကန်ရောက် မိသားစုတွေမှာ ကြီး လာ တဲ့ ကလေးတွေလည်း မြင်ဖူးတယ်။ အဖေ၊ အမေ က ရုန်းကန်နေရချိန်မှာ ဂိမ်းနဲ့ တီဗွီနဲ့ ကြီးလာတဲ့ ကလေးတွေ၊ အင်္ဂလိပ်စကားမပီတဲ့ သူတို့ အဖေ၊ အမေတွေကို တုံးတယ်လို့ ထင်လာကြတဲ့ ကလေးတွေလည်း တွေ့ရဖူးတယ်။ သူတို့ကြည့်တဲ့ ကာတွန်းတချို့ကလည်း လူကြီးတွေဆိုရင် ခပ်ကြောင် ကြောင် တွေလို၊ ကလေးတွေလောက် မထက်မြက်ဖူး လိုလို လုပ်ထားကြတာလည်း ရှိတယ်။ လိမ်မာရေးခြား ရှိသူတွေလည်း အများအပြားပါ။ နောက်တော့ ထိုင်းနိုင်ငံ ထဲက ပြောင်းရွှေ့မိသားစုကလေးတွေ၊ တရားမ၀င်နေထိုင်ကြရတဲ့ ဘ၀တွေက ကလေးတွေကိုလည်း မြင်ခဲ့ဖူးပါတယ်။ ထိုင်းပုလိပ် လာဖမ်းပြီဆိုရင် အငိုတိတ်လောက်အောင် သူတို့ ကလေးတွေက သွေး ထဲ က ကြောက်လာကြတယ်။ သိပ်ပြောင်ပြောင် ယောင်ယောင် မရှိလှတဲ့ အလုပ်ရှင်ကို တောင် “သူဌေး” လွယ်လွယ် ခေါ်လိုက်ဖို့ ၀န်မလေးသူတွေ၊ ဦးကျိုးနေသူတွေ ဖြစ်လာကြရတယ်ပေါ့။ ကျနော့် ရဲ့ ဖခင် အတွေ့အကြုံ ကလည်း ဒီအများထဲက တခုသာ ပါ။ သူတို့တတွေထက်တော့ ကံကောင်းတယ် ယူဆနိုင် ပေမယ့် ဖခင်တယောက် ခံစားချက်ကတော့ ကိုယ့်ဘာသာ ထူးခြားနေ တာပါပဲ။ ခံစားနားလည် နိုင်ကြမယ် ယူဆပါရဲ့။

ကျနော်ထိုင်းမှာ အိမ်ထောင်ကျဖြစ်တယ်။ ကျနော့်အမျိုးသမီးက မွန်လူမျိုးဆိုပေမယ့် သူတို့ ထိုင်းမှာ အခြေ ချလာတာကြာ တော့ ထိုင်းနိုင်ငံသား ဖြစ်နေကြပြီ။ စဉ်းစားပုံ ပြောပုံကအစ ထိုင်းလူမျိုး တပိုင်းလို ဖြစ်လာကြ တယ်။ ဒီလိုနဲ့ ၂၀၀၀ ခုနှစ် မှာ သမီးလေးတယောက်ရပါတယ်။ အခုဆိုရင် ၇ နှစ်ကျော်လို့ ၈ နှစ်ထဲ ရောက် ပါတော့မယ်။ ကျနော့်ရဲ့ အချစ်ရဆုံးသော နှလုံး သည်းပွတ် တဦးတည်းသော သမီးလေးပါပဲ။ ဒီသမီးလေးရမှပဲ မိဘမေတ္တာကို ပိုနားလည် လာရသလိုပါပဲ။ ကျနော်က ပထမ ဦးဆုံး ကလေးရရင် သားထက်၊ သမီးကို ပိုလိုချင်ခဲ့တယ်။ သမီးက ငြိမ်းချမ်းမယ် ယူဆထားသလို၊ ဘာဖြစ်လို့မှန်း မသိဘူး သမီးလေးတယောက်ကို ပိုလို ချင်ခဲ့တယ်။ ပညာတတ်ဉာဉ်အတိုင်း တောင်တောင်အီအီ ကလေးမယူသေးဖူး ၂-နှစ်၊ ၃-နှစ် နေဦးမယ် စဉ်းစား ပေမယ့် ယောက်ခမတွေကတော့ ရှေးရိုးစဉ်လာ ကလေးရှိရင် အိမ်ထောင်ပိုမြဲတယ်လို့ ယူဆ ကြတယ်။ ဒီလိုနဲ့ ကျနော့်ဇနီးကိုယ်ဝန်ရှိလာတော့ ကလေးယူဖြစ်လိုက်တယ်။ သမီးရခါစက မိတ်ဆွေအချို့က နောက်ပြောင် ကျတယ်။ “ခင်ဗျားတော့ တဂိုး ရှုံးသွားပြီ” တို့၊ “ကိုယ့်လူတော့ နာပြီ” တို့ ဆိုကြသေးတယ်။ ကျနော်ကတော့ “ခင်ဗျားတို့ ဗျာ... မဟာ ဖိုဝါဒ မစင်သေးဘူး၊” လို့ ပြန်ပက်လိုက်တယ်။ “သမီးမိန်းကလေးရတော့ မြေးအ စစ်ချီရတာပေါ့ဗျ” လို့လည်း ခပ် နောက် နောက် ပြောမိတယ်။

သို့ပေမယ့် ကျနော်က ကလေးနဲ့ ကြာကြာ မနေလိုက်ရဘူး။ သူကလေး ကြီးလာခါစအရွယ်မှာ ကျနော် အမေရိကန်ကို ရောက်၊ ကျောင်းလာတက်ရတယ်။ ပြီးတော့ နိုင်ငံရေးခိုလှုံခွင့်လျှောက်နဲ့ သောင်တင်နေလိုက်တာ အ တော် ကြာသွားတယ်။ ကျနော် ပြန်ရောက်တော့ သူက ၃-နှစ်ခွဲလောက် ဖြစ်နေပြီ။ ကြီးခါစ အချိန်မှာ ကျနော် မရှိတော့ ကလေးက ဗမာစကား မပြောတတ် တော့ဘူး။ အနေနီးတဲ့ ကလေးတွေလိုပဲ မွန်စကားပြောတယ်။ ထိုင်းစကား ပြောတယ် ဖြစ်နေတယ်။

ကျနော် အမေရိကန်မှာ ရှိနေစဉ် မိတ်ဆွေတယောက်က သမီးဓါတ်ပုံကို ရိုက်လာခဲ့ပေးတယ်။ သူ့မျက်လုံး တွေ ဟာ အားငယ် နေသလိုပဲ။ လူကတော့ ၀တုတ်တုတ်ကလေးပေါ့။ ဒီပုံကလေးကို ကျနော်ကြည့်တိုင်း သမီးကို သနားနေမိတယ်။ အဲသည် အချိန်က အချိန်တွေကလည်း အကုန်မြန်လှတယ်။ လက်သည်းခြေသည်း တခါရှည်လာလို့ ညှပ်ရရင် တပတ်ကြာပြီ၊ ဆံပင် ညှပ်ချိန်ရောက်ရင် တလကြာပြီဆိုတာ ကျနော် မှတ် ထားနေမိတယ်။ ဆံပင်တွေ အကြိမ်ကြိမ်ညှပ်ရတယ်။ အိမ် ပြန် မရောက် နိုင်ခဲ့ဘူး။



နောက်တော့ အိမ်ပြန်ရောက်ခဲ့တယ်။ ကျနော်က အထုပ်အပိုးတွေနဲ့ ကားပေါ်က ဆင်းသွားတော့ သူက ကျနော့် ကို ကြည့် နေ တယ်။ ကျနော်က တမင်မနှုတ်ဆက်ဘဲ ထားတယ်။ သူ့အဖိုးက “အဲဒါ နင့်အဖေပဲ” ဆိုပြီး ထိုင်းလို ပြော လိုက်တယ်။ သူက ကပ် လာပြီး လက်အုပ်ချီ “ဆ၀ါဒီ” လာလုပ်တယ်။ ကျနော်က ခပ်တည်တည်နဲ့ အိပ်ခပ် သေးသေး တလုံး ကို ယူလာခဲ့လို့ ပြောပြီး ရှေ့က ကော့ကော့.. ကော့ကော့နဲ့ အခန်းထဲကို ၀င်သွားတယ်။ သူက အိပ်ဆွဲပြီး နောက်က လိုက် လာတယ်။ ၃-နှစ်ခွဲသမီး လောက် ရှိနေပြီ။ အခန်းထဲလည်း ရောက်ရော၊ ကျနော်က ကောက်ချီပြီး မွှေးမွှေးပေးလိုက်တယ်။ သွေးက စကားပြောတယ် ထင်တယ်။ သူကလည်း ချက်ချင်းပဲ သူ့အတွက် ဘာအရုပ်ပါသလဲဆိုတာတွေ တရစပ် မေးလာ တယ်။ သူ့ အမေက ပြောထား တယ် ထင်ပါတယ်။ သူ့အတွက် ဟိုဟာ သည်ဟာပါလား ချက်ချင်းမေးပြီး ရင်းနှီးမှုရသွား တော့တယ်။ ဒီလူဟာ သူ့အဖေ အစစ် ပဲလို့ ယုံကြည်သွားပုံပါပဲ။

ကျနော့်သမီး မွေးတော့ ကျနော်က “ဣနြေ္ဒမော်နိုင်” လို့ နာမယ်ပေးတယ်။ အမိုက်စား နာမည်မျိုးပေါ့။ အင်္ဂလိပ် လိုခေါ်ရင်လည်း အနီးစပ်ဆုံး အသံထွက်တူအောင် ရွေးထားတာ။ သူ့နေ့ သူနံ မဟုတ်ပေမယ့်ကျနော်က ကျနော့် သူငယ်ချင်း ဗေဒင် ဆရာ ကိုလူမော်နဲ့ တွက်ချက်ပေးတာ။ ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာက ဒီနာမည်ကို ဘယ်သူမှ မခေါ်ကြပါဘူး။ ဆေးရုံက ပေးလိုက်တဲ့ ထိုင်းနာမည်၊ “အမွန်ရတ်ခ် ကျလင်ဟွန်စာ” က တရားဝင် နာမည်ဖြစ်လာပြီး၊ နာမည်အတို “နောင်းဖရဲ” က အများခေါ် ဖြစ်လာတယ်။ “ဖရဲ” ဆိုတာက ထိုင်းဘာသာစကားနဲ့ ဆိုရင် ဖဲစ (ပိုးစဖဲစလိုမျိုး) ပေါ့။ မြန်မာလို မရွှေဖဲ ဆိုတာမျိုး ဖြစ်မယ်ထင်တယ်။ မွန်နာမည်ကတော့ “ဟွိုက်စွန့်” (မငွေအိမ်) လို့ ဖြစ်လာတယ်။ နောက်တော့ ကျနော် လည်း သူ့ကို “ဖရဲ” ၊ “လုစောဝ်” (သမီး)၊ လုစောဝ်နရာ့ခ် (သမီးချစ်) လို့ပဲ ခေါ်ရတော့တယ်။

ကျနော် အမေရိကန်မှာ ရှိနေစဉ်က သူကစားဖို့ဆိုပြီး “စကူတာ” ဘီးကလေး ၀ယ်ပို့ဖူးတယ်။ တရွာလုံးမှာ သူ သာဒီစကူ တာ လက်ကိုင် သုံးဘီးကလေးရှိတော့ သမီးက ဂုဏ်ယူလိုက်ရတာ။ ဖုန်းဆက်လာတော့ “နို ဒီကျိုင်မာ့ခ်” လို့ဆိုလာတယ်။ သူသုံးတဲ့ စကားက ပျော်တယ်ဆိုတာထက်လည်း ပိုတယ်။ နှစ်ထောင်းအားရ ရှိ လိုက်လေ ဆိုတာမျိုး၊ ဂုဏ်ယူနေတဲ့ လေသံမျိုးလည်း ပါတယ်။ သမီးက တခါတလေ အဲသလို စကား လုံးကြီးတွေလည်း ပြောတတ်တယ်။




ကျနော် မရှိခင်ကာလမှာ သူတို့ မွန်ရိုးရာအရ အဖေ အဝေးမှာ ရှိတဲ့အချိန်မှာ ကလေးကောင်းကောင်း အိပ်ပျော် ရအောင် ဆိုပြီး အဖေပုဆိုးကြမ်းကလေးကို ခင်းသိပ်လေ့ရှိတယ်။ သဘောကတော့ အဖေ့ကိုယ်သင်းနံ့ရ အောင်လို့ ထင်ပါတယ်။ ကျနော် မရှိတဲ့ ကာလမှာလည်း ကျနော့်သမီးက ပုဆိုးကြမ်းကလေးနဲ့ ခင်းအိပ် နေရတယ်။ တခါ ကျနော့်အလုပ်သဘော ကလည်း ခရီးတွေ ခဏခဏ ထွက်နေရပြန်တယ်။ နောက်တကြိမ် ခရီးတခုထွက်ပြန်တော့ သူ့အမေက အရင်ကလိုပဲ ပုဆိုးကြမ်းလေး ခင်းပေးပြန်တယ်။ ဒီအချိန်ကျတော့ သမီးက “ဒီတခါ ပုဆိုးကရော အကြာကြီး ပုဆိုးလား” လို့ ပြန်မေး တယ်လို့ ကျနော့်မိန်းမက ပြောပြတယ်။ ကျနော် စိတ်မ ကောင်း ဖြစ်လိုက်ရတာ။

တခါက ကျနော် သမီးကို ရိုက်မိတယ်။ ကျနော့ဗိုက်ကို လာကိုက်လို့။ ပြီးတော့ ကျနော်သနားနေပြန်တယ်။ နောက်တော့ ကျနော် မရိုက်တော့ဘူး၊ သို့သော်လည်း ကိုက်ခံရတာတော့ အကြိမ်ကြိမ်ပါပဲ။ ဒါလည်း အဖေ တယောက်ရဲ့ ဒုက္ခပါပဲ။

ကျနော်တို့ နေကြတဲ့ ထိုင်းနယ်စပ် ဒေသတွေမှာက ဗမာလူမျိုးဆိုရင် အထင်သေးကြတယ်။ သူတို့မြင် ရသ လောက် ဗမာ လူမျိုး ဆိုတာကလည်း အလုပ်ကြမ်းလာလုပ်သူတွေ၊ ဆင်းရဲဒုက္ခရောက်နေသူတွေ၊ လမ်းဘေးမြောင်းတူးနေကြ၊ ကြုံရာ ကျပမ်း လုပ်နေကြသူချည်းပဲကိုး။ ကျနော်တို့ လင်မယားက သမီးကို ဗမာ စကားပြောအောင် ကြိုးစားကြသေးတယ်။ သမီးက မပြောချင်ဘူးလို့ ဆိုလာတယ်။ ကျနော်ကလည်း သူမ လုပ်ချင်တာကို အတင်းအကျပ် မခိုင်းချင်တော့ဘူး။ ကျနော့်အမှားပဲ ဆိုရင်လည်း ဆိုပေါ့။ ကျနော်က ကလေးတွေကို လွတ်လွတ်လပ်လပ် သူတို့ဘာသာပဲ ဆုံးဖြတ်စေချင် တယ်။ လူကြီးတွေက အတင်းဖိအားပေးတာမျိုး မလုပ်ချင်လှဘူး။ သို့သော်လည်း ကျနော်တို့ ပြောတာတွေကို သူက သိနေပုံတော့ရတယ်။ တခါတလေ ဗမာလို တလုံးတလေ ၀င်ပြောတယ်။

အဲသည်တော့ ကျနော်ကပဲ သမီးနဲ့ ဆက်ဆံရေးအတွက် ထိုင်းဘာသာကိုပဲ လေ့လာရတော့တယ်။ သူနဲ့အတူ အိမ်စာကူ လုပ်ရ တယ်။ ကော့ကိုင်၊ ခေါ့ခိုင် (ကကြီး၊ ခခွေး) တွေလို လိုက်ဖတ်ပေးရတယ်။ ထိုင်းစကား အကျိုးအပဲ့နဲ့ ဖြစ်အောင် ပြောရတော့ တယ်။ သမီးက အဖေ့သမီး။ လူကလည်း အဖေတူ လူချော။ အဖေ့ကို ပိုကပ်တယ်။ သူက သူ့အမေကိုတော့ ကြောက်တယ်။ စည်းကမ်း ကြပ်မတ်တဲ့သူ၊ ကျနော်ကတော့ အလိုလိုက်တဲ့သူ ဆိုတော့ ပိုချစ်တယ်။ “သူ့အဖေလာရင်နော်၊ ကလေး ပျက်စီးပြီ” ဆိုတာမျိုးပေါ့။ ကြားကြရ ပါ လိမ့်မယ်။ ညအိပ်ရင် ကျနော်က ချော့သိပ်ရတယ်။ တခါတလေ သမီးက အိပ်ယာဝင် ပုံပြင်တွေ ပြောခိုင်းတယ်။ အဲသည် အချိန်က ကျနော့အတွက် အခက်ဆုံးပါပဲ။ ထိုင်းစကား အကျိုးအပဲ့ကို ပုံပြင် ဖြစ်အောင် ဖွဲ့နွဲ့ ပြောရ တော့တယ်။ ရွှေယုံ၊ ရွှေကျားတို့၊ ကြားဖူးပြီးသား ပုံပြင်တွေကိုလည်း ပြန်စဉ်းစားရတာပေါ့။ ပုံပြင်တွေကလည်း သိပ်မမှတ်မိ တော့သလို အချို့ ပုံပြင်တွေကျတော့လည်း ကျနော် မပြောချင်ဘူး။ မယ်ထွေးလေးနဲ့ သူ့မိဒွေးဆိုး ဇာတ်လမ်းဆိုရင် လူကို ခုတ်ထစ်ပြီး ငါးချဉ်သိပ် ထားတယ် ဆိုတာ ကလေးတွေကို ဘယ်ပြောပြလို့ သင့်ပါမတုန်းလို့ တွေးမိတယ်။ ကျနော်ပြောပြတဲ့ စင်ဒရဲလားပုံပြင်လည်း သူက “စင်နိုလဲလား” ဆိုပြီး မှတ်သွား တယ်။ ဂျက်နဲ့ ပဲပင်ကြီး ပုံပြင်ပြောပြလို့ ကျနော်က ပဲပင်ကြီး ပေါက်လာပုံကို ပြောပြရင်း လက်ကို အပေါ် ထောင်လိုက်ရင် သူက အိပ်နေရာက ထရပ်ပြီး၊ သူ့လက်နဲ့ပါ ပဲပင်ကို မြင့်အောင် ထပ်ဆက် ပေးတတ်တယ်။ ကြာလာတော့လည်း ပုံပြင်လည်းကုန်၊ ကျနော့် ထိုင်းစကား အကျိုးအပဲ့နဲ့ ပြောပြခဲ့တဲ့ ပုံပြင်တွေ လည်း သူအလွတ်ရနေတော့တယ်။ တခါတလေ ထိုင်းလိုပုံဆွဲ၊ ရေးထားတဲ့ ပုံပြင်စာအုပ်တွေ ဖတ်ပေးချင်ပေမယ့်လည်း ကျနော့်ထိုင်းစာဖတ်နိုင်အားက ဒီလောက် မဖြစ်သေးဘူး။

အဖေက သမီးအတွက် ဂုဏ်ယူနေမိတာလည်း ရှိတယ်။ ကျနော့်သမီးက ထက်တယ်။ သွက်လက်တယ်။ သူ့ ကိုယ်သူတော့ ယုံကြည်မှု အပြည့်ရှိတယ်။ သူ့စာသင်ခန်းထဲမှာ အုပ်စု ၂-ခု ရှိတဲ့အနက် သူက တစု ခေါင်းဆောင်။ သူက စကားအများဆုံး။ ကျနော်ကလည်း တတ်နိုင်သမျှ ကိုယ့်သမီး မညံ့ရ လေအောင် လုပ်ပေး ပါတယ်။ ကွန်ပြူတာတလုံး ၀ယ်ထားပေးတယ်။ အခု broadband ချိတ်ထားပေးတယ်။ လိုအပ်ရင် ပညာရေး အထောက်အကူ ဂိမ်းကလေးတွေ ၀ယ်လာပေးတယ်။ သမီးကလည်း အခုဆိုရင် ဂူးဂဲ (google) search လုပ် တတ်နေပြီ။ ထိုင်းမှာက ထိုင်းဘာသာစကားနဲ့ search လုပ်လို့ ရတော့ သူလိုတာ လည်း သွားလို့ရတယ်။ သူ့အမေကိုတောင် ဝေါ၀ိုက်ဒ် ၀က်ဘ် (world wide web) တွေ ဘာတွေ လာပြောတော့ သူ့အမေက ခေတ် နောက်ကျသူ ပြန်ဖြစ်နေရပြီ။ တခါတလေ သွားဆေးရုံ ပြဖို့၊ နေမကောင်းလို့ ဆေးရုံ သွားကြရင်လည်း “ဟို ရောက်ရင် အဖေ ဘာမှမပြောနဲ့နော်။ သူကိုယ်တိုင် ပြောယူမယ်” ဆိုတာမျိုး လုပ်တတ်တယ်။ သူ့အဖေ ထိုင်းစ ကား မပီတာကိုလည်း ရှက်ပုံရပါတယ်။

ကျနော်ကတော့ သမီးအတွက် အိပ်မက်တွေ ရှိတယ်။ သူစက်ဘီးစီးတတ်သွားတော့ ကျနော်က သူ့ထက် ပိုပျော် နေမိတယ်။ တတ်သင့်တဲ့ အလုပ်တခု တတ်သွားတာပဲလို့ ထင်နေမိတယ်။ သမီးက ရေကူးမတတ်သေးဘူး။ ကျနော် သင်ပေး ရဦးမယ်။ သမီးကို တခါတလေ ဗိုင်အိုလာ (Viola) တယော အကြီးကြီးလည်း တီး တတ်စေ ချင်သေးတယ်။ ကိုယ်ခံပညာ တခုခုလည်း တတ်စေချင်သေးတယ်။ စန္ဒယားတီးတတ်ရင်လည်း ကောင်း တာပေါ့။ သို့သော်လည်း ထိုင်းနယ်စပ် မြို့ သေးသေးမှာတော့ ဒီကိစ္စတွေက မဖြစ်နိုင်ဘူး။ သင်ဖို့ ဆရာတောင် ရှာဖို့ ခပ်ခက်ခက်ရယ်။

အိပ်မက်တွေ ရှိသလို စိုးရိမ်စိတ်တွေလည်း ရှိတာပေါ့။ တခါတော့ သမီးက ကျောင်းက ပြန်လာပြီး “နိုပင်တွမ်၊ မိုက် ချိုင်း ဒီး”လို့ပြောလာတယ်။ ဘယ်က ကြားလာခဲ့ပြီးလာပြောတယ် မသိဘူး။ ပြောချင်တာကသူက ယော က်ျား ရှာ၊ (မိန်းမချင်း ဆက်ဆံ ကြသူတွေမှာ ယောက်ျားရှာ အဖိုအဖြစ်နေသူကို တွမ် Tom ၊ အမ အဖြစ်နေ သူကို ဒီး Dee လို့ခေါ်တယ်။) လို့ ပြောလာတာ။ ကျနော် စိတ်ပူလိုက်ရတာ။ လေ့လာကြည့်တော့လည်း သမီးက မှန်ကြိုက်၊ အလှကြိုက်သူ၊ ဘာဘီအရုပ် ကလေးတွေနဲ့ ပန်းရောင်ကြိုက်တဲ့သူ၊ သူ့ကိုယ်သူလည်း မင်းသမီးလေးလို သရုပ်ဆောင်ကစား တတ်တဲ့သူ။ အို... ပေါက်ပေါက် ရှာရှာ ဘယ်ကကြားလာတာ လာပြောနေမှန်း မသိဘူးလို့ပဲ ထားလိုက်ရတော့တယ်။

သမီးက ထူးခြားတာတွေလည်း ရှိတယ်။ သူက ကျနော့်ခရီးသွားအိတ် (ဘီးတပ်ထားတဲ့အိပ်) ကို ဆွဲပြီး နိုင်ငံခြား ခရီးထွက် တန်း ဆော့တတ်တယ်။ အိမ်လှေခါးကို လေယာဉ်ပျံအဖြစ် သဘောထားပြီး ကစားလေ့ရှိတယ်။ ကျနော်က ဘယ်ကို သွား မလဲလို့ မေးရင် သူက “တန်ပရ်ထေ့” (နိုင်ငံခြား) လို့ ဖြေတတ်တယ်။ သူက အမေ ရိကန်နဲ့ မူအန်ကန် (Muang Kan) (ကန်ချနပူရီကို အတိုကောက်ခေါ်တဲ့ မြို့ကြီးကန်) ကိုလည်း တခါတ လေ မကွဲလှဘူး။ အတူတူလို ထင်နေတတ်တယ်။



နတ်သမီးပုံပြင် (fairytopia barbie) ကာတွန်းဇာတ်လမ်းတွေထဲက သီချင်းတွေကိုလည်း အင်္ဂလိပ်လို မပီကလာ လိုက်ဆို တတ်တယ်။ အင်္ဂလိပ်စကားလည်း အလွန်ပြောချင်တယ်။ လူကြီးတွေခိုင်းတာ မဟုတ်ဘဲ၊ အိမ်နားက မွန်လူငယ်အဖွဲ့မှာ စေတနာ့ဝန်ထမ်းလာလုပ်နေတဲ့ နိုင်ငံခြားသား ၂-ယောက်ဆီမှာ အင်္ဂလိပ်စာ သွားသင်နေလိုက်သေးတယ်။ တခါတလေ ကျနော့် စာအုပ်စင်က စာအုပ်တွေ ယူဆော့တာလည်း မနည်းလှဘူး။ ဆုတ်ဖြဲတာ မဟုတ်ပါဘူး။ အိပ်ထဲထည့် လျှောက် သွားနေတာ။ နည်းနည်းကြီး လာတော့ သူ့ကိုယ်သူလည်း ထိုင်းအစစ်မဟုတ်မှန်း သူသိလာတယ်။ သူ့အဖေဟာလည်း ဗမာ ဖြစ်ပေမယ့် ခေသူမဟုတ် ဗမာမှန်းလည်း သူသိလာပုံရတယ်။ ကျနော်နဲ့ အလည်အပတ်သွားတဲ့ အချိန်တွေမှာ စိုးရွံ့သိမ်ငယ် တာမျိုး မရှိဘူး။ နောက်တခုကတော့ အခု တချို့ဗမာသီချင်းတွေကိုလည်း သူကြိုက်လာတယ်။

တခါတလေတော့လည်း ခက်ရတာတွေ ရှိတယ်။ သမီးကို ကျိုးကြောင်းဆီလျော် ရှင်းပြဖို့က ကျနော့်ထိုင်းစကား အကျိုး အပဲ့နဲ့ မဖြစ်နိုင်ဘူး။ တခါတလေ အလိုမလိုက်နိုင်လို့ ဆူလိုက်ရတယ်။ သို့သော် ဘာဖြစ်လို့ဆူရတယ်ဆိုတာ ရှင်းပြဖို့က ခက်တယ်။ နဂိုရ်ကလည်း ကျနော့်ကို မကြောက်တော့ ကျနော်ဆူရင် သူက ပြန်အော်တယ်။ အဲသည်တော့ ဆူရတာလည်း ရယ်စရာလိုလို ဖြစ်သွားရော။ ကျနော်အသံထွက် မပီလို့ သူနားမလည်ရင်လည်း စိတ်ဆိုးတတ်တယ်။ သူ စိတ်ရှည် လက်ရှည် ပြောပြတတ်တဲ့ သူ့ကျောင်းက အကြောင်းတွေကိုလည်း ကျနော်က အကုန်နားမလည်ပြန်ဘူး။ တခါကျတော့ သမီးက သူ့သူငယ်ချင်း တယောက်နဲ့ ပုံဆွဲနေတယ်။ ကျနော်က သမီးကို အားပေးမိတယ်။ သမီး... ကောင်းကောင်းဆွဲ၊ ဖေဖေ ပုံကို မှန်ဘောင်နဲ့ ထည့်ပြီး သေချာ အိမ်မှာချိတ်ထားပေးမယ်လို့ ပြောတယ်။ အဲသည်တော့ သူက အံ့သြသလို ပြန်ကြည့်ပြီး “ဖေါ့... ကျဘလော်” လို့ ပြန်ပြောတယ်။ ဆိုလိုတာက “အဖေ .. အရူးလား”ပေါ့။ ကလေးတွေကို ချီးမြှောက်မှု နည်းနေသေးတဲ့ ဒေသနေရာ ဆီမှာ ကြီးပြင်းရတော့လည်း သူက သူ့အဖေ စိတ်ကူးယဉ်တာကို ဘယ်နားလည်ပါ့မလဲ။

အကယ်၍ အကြောင်းကြောင်းကြောင့် ကလေးပညာရေးကို ငဲ့ပြီး အမေရိကန်ကို ပြောင်းလာဖြစ်ရင်လည်း ကောင်းတာ လည်း ရှိ၊ မကောင်းတာလည်း ရှိ ဆိုတာတွေ တွေးမိတယ်။ ကောင်းတာကတော့ အဖေနဲ့ သမီး အင်္ဂလိပ်လို ပိုဆက်ဆံ ပြောဆိုရ လွယ်လာမယ်။ အဖေနဲ့ သမီး အသက်ကြီးတဲ့အထိလည်း ပွေ့ဖက် (Hug) လုပ်ခွင့် ရနိုင်တာပေါ့။ မြန်မာပြည်မှာ တော့ ကျနော် တို့ အဖေက တည်တည်ကြီးနဲ့၊ သူချစ်တာ-ချစ်တာပဲ ကလေးတွေကို ပွေ့ဖက် ယုယတာ မတွေ့ရသလောက် ပဲ။ ကျနော့်ညီမ တွေ ကြီးလာတော့ ပိုဆိုးတာပေါ့။ ယဉ်ကျေးမှုကိုက တားထားသလို ဖြစ်နေတယ်။ ကျနော်ထင်တာတော့ လူအချင်းချင်း ခန္ဓာကိုယ် ထိတွေ့မှု (body touch/hug) လုပ်တာဟာ အရေးပါတယ်လို့ ထင်နေတယ်။ အခု အချိန်အထိ လည်း သမီးက ကလေးလိုလုပ်၊ ချီခိုင်းနေသေးသလို ကျနော်ကလည်း ချီဖို့ ၀န်မလေးလှဘူး။ ကြီးတဲ့အချိန်အထိလည်း သမီးကို ကျနော် အဲသလို ချစ်နေချင်သေးတယ်။ သူငယ်ချင်းလို ပေါင်းနေချင်သေးတယ်။ မကောင်းတာတွေလည်း ရှိလာနိုင်တာပေါ့။ အနောက်နိုင်ငံတွေကလိုပဲ အချိန်တန် ထွက်သွားပြီး၊ အဖိုးကြီး အဖွားကြီး ၂-ယောက်ပဲ ကျန်ရတာ...။ တခါတလေမှ Greeting cards လေး၊ ပန်း ကလေးလှမ်းပို့တာမျိုးလည်း ကြုံရနိုင်တာပဲ။ နောက်ပြီး အဆိုးဆုံး ဖြစ်နိုင်တာ က သူ့ကို လာချိန်းတဲ့ ယောက်ကျားလေး သူငယ်ချင်းတွေကို အသက်ပြည့်-မပြည့် အဖေကိုယ်တိုင်က မှတ်ပုံတင် ID တောင်းကြည့်ရတဲ့ ကိစ္စမျိုး လည်း ကြုံရနိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် သူလက်ထပ်တဲ့အချိန်မှာတော့ ကျနော် လက်ချိတ်ပြီး အဖေတယောက်ရဲ့ နောက်ဆုံး စွန့်လွှတ်မှုနဲ့ လိုက်ပို့ ချင်ပါသေးတယ်။

ဒီတခေါက် ကျနော်က အမေရိကန်မှာ သောင်တင်နေစဉ် နှစ်သစ်ကူးမှာတော့ သမီးအတွက် စကိတ်စီးတဲ့ ဘီးတပ် ဖိနပ် တစုံ ၀ယ်ပို့ ပေးလိုက်တယ်။ စကိတ်စီးတာလည်း တတ်ထားသင့်တဲ့ကိစ္စတခုလို့ ကျနော်ယူဆတာပါပဲ။ နောက်ပြီး ကျနော့် ရဲ့ ထူးခြားတဲ့အကျင့်က ဖိနပ်လှလှလေးတွေ မြင်ရင် မနေနိုင်ဘူး။ သမီးအတွက် ၀ယ်ဝယ်ပေးမိတယ်။ ဒီလိုနဲ့ သမီးမှာ ဖိနပ် တွေ အများကြီး ဖြစ်နေတတ်တယ်။ အခု စကိတ်စီး ဖိနပ်ကလေးကြောင့်လည်း သမီးက ရွာမှာ ဂုဏ်ယူဝင့်ကြွားနေမှာ လည်း မြင်ယောင်မိနေသေးတယ်။ ဒီတခေါက်တော့ သမီးက အသက်လည်း နည်းနည်းကြီးလာပြီ ဖြစ်လို့ ဖုန်းပြောရင် အဖေနဲ့ ပိုကြာကြာ ပြောလာတယ်။ ဆူပွက်လာတယ်။ သူ့အဖေမရှိလို့ အလိုလိုက်သူ မရှိ။ သူ မုန့်ဖိုး သိပ်မသုံးရဖူးဆိုတာ တွေလည်း ပြောလာတယ်။ သမီးက သတိရနေတာ သေတော့မယ်ဆိုတာမျိုးလည်း ပြောလာတယ်။ ဒီ တခါလည်း အကြာ ကြီး ပုဆိုးခင်း ထားပြီး အိပ်နေရတာမျိုး ဖြစ်နေတော့မယ်။ အဖေတယောက်အနေနဲ့ သနားလိုက်ရတာ။

အဖေကတော့၊ မိဘတွေကတော့ ကိုယ့်သမီးကို ကိုယ်အချောဆုံးလို့ ထင်တာပဲပေါ့။ ကျနော်က တခါတလေ “ဒီ သမီးတော့ နော်... ကြီးလာရင် ကောင်လေး ဘယ်နှစ်ယောက်လောက် မျက်ရည်ထွက်နေရဦးမလဲ မသိဘူး” လို့ ပြောတတ်တယ်။ ဒီအခါမှာ ကျနော့်မိန်းမကလည်း ပြုံးပြုံးကြီး ဂုဏ်ယူလို့ ပြန်ကြည့်တတ်တယ်။ ကိုယ့်သမီးက ချောလွန်းလို့ ကျမယ့် ကောင် လေးတွေ များမယ်၊ အသည်းကွဲကြသူတွေလည်း များမယ် ဆိုတာ ရည်ရွယ် ပြောမိတာပါ။ တကယ်တော့လည်း သမီး ကို ယောက်ျားတွေ အသည်းလိုက်ခွဲနေတဲ့သူမျိုး မဖြစ်စေချင်ပါဘူး။ တကယ်ပါ။

အင်းလေ... အဖေတယောက်ရဲ့ ဒုက္ခကတော့ အများကြီးပေါ့။ နောက်ဆုံး ဒီအလွမ်းစာကိုတောင် သမီး မဖတ်နိုင်ပါဘူး။ ဒါပေမယ့် တချိန်ချိန်မှာ သူ့အဖေ ဘလော့ရေးမှန်း သိရင်လည်း သိလာပါလိမ့်မယ်။ သူ့အဖေ ရေးခဲ့တာတွေကို တန်ဖိုးထား ဖတ်ချင်လည်း ဖတ်ပါလိမ့်မယ်လို့ မျှော်လင့် ယူဆရတာပါပဲ။

ယောဟန်အောင်

10 comments:

ကောင်းကင်ကို said...

ကြည်နူးစရာ ပူပန်စရာနဲ့  ဝမ်းနည်းစရာတွေ ရောယှက်နေတဲ့ ဖခင်တစ်ယောက်ရဲ့  ဒုက္ခကို ဖတ်သွားပါတယ်ဗျာ။

Kay said...

ချစ်စရာ..စိတ်ဝင်စားစရာ..တွေးစရာ ..ကောင်းတဲ့..မိသားစု နောက်ခံ..အဖြစ်မှန်...ခေတ်သရုပ်ဖော်..စာလေး တပုဒ် လို့.. ပြောချင်ပါတယ်။

Aung Tha Nge said...

်ကျနော်လည်း သားသုံးယောက် ဖခင်ပါ၊ ခံစားချက်များက ထိုနည်းလည်းကောင်းပါပဲဗျာ၊

Anonymous said...

အဖေတယောက်ရဲ့ အိမ်မက်ရောင်စဉ်တွေကို ပရိတ်သတ် တဦးအနေနဲ့ အပြည့်အ၀ စာနာနားလည်ပေးနိုင်သလို အိမ်မက်ရောင်စဉ်တွေ ရောင်ပြန်ဟပ်နိုင်မယ့် အနာဂတ်အတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်၊

ထက်သီရိ

Saung Yune La (aka) Way said...

ကိုယောရေ ခံစားရတယ်ဗျာ.ကျနော်ကကျနော့်သမီး၂ ယောက်နဲ့တခါမျှမခွဲဖူးဘူး.ဒါပေမယ့်ခံစားကြည့်လို့ရတယ်ဗျ.
မိသားစုနဲ့သိုက်သိုက်ဝန်းဝန်းနေရမယ့်ဘဝမျိုးကို အမြန်ဆုံးရောက်ရှိနိုင်ပါစေဗျာ...

Yaw Han Aung said...

ကဗျာဆရာ ကိုယောဟန်အောင်ရေ---
မကြာခဏ ကိုယောဟန်အောင်ရဲ့ ဘူသါ ကိုလာကြည့်ပါတယ်။ ကိုယ်ပိုင်ခံစားမှုတွေ၊ ကိုယ်ပိုင်အတွေ့အကြုံတွေကို မျဝေတဲ့အတွက်ကျေးဇူးနော်။ အထူးသဖြင့် ကိုယောဟန်အောင်ရဲ့ ဖခင်တယောက်ရဲ့ဒုက္ခ ကတော့ မှတ်တမ်းဖြစ်သွားပါတယ်ရှင်။ နောင်တချိန် ကိုယောဟန်အောင်ရဲ့သမီး ဖတ်နိုင်ဖို့ ထိုင်းလိုဘာသာပြန်ဖို့ အကြံပေးလိုက်ပါတယ်။
ကျမကိုယ်တိုင် အဖေနဲ့နှစ်ပေါင်း (၁၆) နှစ်ကြာအောင် မတွေ့ပဲခွဲခွာပြီးနေခဲ့ရတဲ့ သမီးတယောက်အနေနဲ့ လည်းခံစားရပါတယ်။ အခုတော့ အဖေဆုံးခဲ့တာ ဒီဇန်န၀ါရီ ၂၄ ရက်နေ့ကဆိုရင် သုံးနှစ်ရှိပြီလေ။ ကိုယောဟန်အောင်လို ဖခင်အမျိုးအစားမှာ ကျမအဖေလဲပါပါတယ်။ ကျမအဖေလဲ ကျမကို လွတ်လွတ်လပ်လပ်ဆုံးဖြတ်ခွင့်ပေးခဲ့တယ်။ အဲဒီလိုလွတ်လပ်ခွင့်ပေးခဲ့လို့ ကျမအသက် ၁၄နှစ်အရွယ်ကတည်းက မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နိုင်ခဲ့တယ်။ အခုကျမကိုယ်တိုင်လည်း သမီးတယောက်မိခင်ဖြစ်လာပြီဆိုတော့ ကိုယောဟန်အောင်ရေးတဲ့ “ဖခင်တယောက်ရဲ့ ဒုက္ခ” ထဲက ဖခင်တယောက်ရဲ့ မျော်လင့်ချက် ဆန္ဒကိုလည်း လေးစားမိပါတယ်။
အင်ကြင်း

ဂျစ်တူး - gyit_tu said...

ကိုယောဟန်အောင် ... ကျမမွေးခါစက စာပေ၀ါသနာပါတဲ့ ဖေဖေက နာမည်တွေ စာရွက် နှစ်ရွက်စာအပြည့်ချရေးပြီး ၊ ကျမအတွက် နာမည်ရှာမရ ဖြစ်ခဲ့ပါတယ်တဲ့ ။ ကျမအရွယ်ရောက်လာတဲ့အခါကျတော့လည်း သမီးရှင်အနေနဲ့ သမီးတစ်ယောက်အတွက် စိတ်ပူရတာတွေ ၊ ခေါင်းမာတဲ့ကျမကို ပြောမရလို့ ဂရုဏာဒေါသ ထွက်ရတာတွေ အကြောင်း ဒီစာစုလေးဖတ်ပြီး သွား ပြန်စဉ်းစားမိတယ် ။ ကျမအဖေ ခုချိန်မှာ အဝေးတနေရာ ရောက်နေပါတယ် ။ သူကတော့ အဖေတာဝန်ကို လိုတာထက်ကျေခဲ့ပြီး ၊ ကျမကတော့ သမီးတယောက်တာဝန်ကို ကျေတယ်လို့ စိတ်ထဲမှာမမြင်မိသေးပါဘူး ။ ဒီစာစုလေးဖတ်ပြီး ကျမအဖေကို သတိရမိပါတယ် ။

ကိုယောဟန်အောင်သမီးလေး မြန်မာလိုမတတ်တာ ဖြစ်တတ်ပါတယ် ။ သူ ကျင်လည်ရတဲ့ မွေးဖွားကြီးပြင်းတဲ့ နေရာဒေသဟာ မြန်မာနိုင်ငံမဟုတ်တဲ့အတွက် သူဟာ မြန်မာနိုင်ငံအပေါ်ကို သံယောဇဉ်ရှိချင်မှ ရှိမှာပါ ။ ဒါဟာလည်း အပြစ်တော့ မဟုတ်ဘူးပေါ့လေ ။ ဒီလိုအခြေအနေမျိုးဟာ အဲလိုအကြောင်းဆက်ဖြစ်ဖို့ အများကြီး အလားအလာရှိတာမျိုးလို့ ကျမတော့ မြင်ပါတယ် ။

ကိုယောဟန်အောင်ပို့စ်ကိုအခြေခံပြီး မကေသွယ် တင်ထားတဲ့ ပို့စ်တခုမှာလည်း ကွန်မန့်ရေးခဲ့ပါသေးတယ် ။

ကိုယောဟန်အောင်တို့မိသားစု အမြန်ဆုံဆည်းနိုင်ပါစေ ။

Sint said...

Thank you for very good and interesting post. I want my daughter to speak/read/write Burmese too. My American husband is learning Burmese. He said, we use "Ko" in so many ways.He should be able to read and type Burmese soon. No one will understand his accent though.

Siam said...

ကိုယောဟန်အောင်

ကျနော်လည်းမကြာခင်ဖခင်ဖြစ်တော့မယ့်သူတဦးပါ။ ခင်ဗျားရေးတာသိပ်ကောင်းတယ်။ ကျနော်လည်း ကျနော့်ဇနီးကိုယ်ဝန်ရှိတာကိုသိရတဲ့နေ့ကစပြီး ခလေးအတွက်နေ့စဉ်မှတ်တမ်းလေးရေးထားတယ်။ မိခင်မေတ္တာနှင့်ဝေးနေခဲ့တဲ့သူတွေဖြစ်လို့သမီးလိုချင်တာလို့ကျနော်တွေးမိတယ်ဗျာ။ ကျနော်လည်းသမီးလေးမွေးပါစေလို့ဆုတောင်းနေတယ်။ ဖခင်တယောက်အနေနှင့် သမီးနှင့်ကျနော်ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ ရခိုင်လိုပြောနိုင်ခွင့်ကြုံပါစေလို့ဆုတောင်းမိတယ်ဗျာ။

လှရွေ

Anonymous said...

ကောင်းလိုက်တဲ့အေ၇းအသား​လေးအားကျတယ်ဗျာ

Recent Comments