Pages

Saturday, January 26, 2008

မင်းကို ရှိနေစေချင်လိုက်တာ

ပင့်ခ် ဖလွိုက်

ဒီသီချင်းက ကိုဘစောထွန်း (ဂျာမဏီ) က ကျနော့်ကို ဘာသာပြန်ခိုင်းတာတာ ကြာပြီ။ မအားတာရယ်၊ ကိစ္စများမြောင် ရှုပ်နေ တာရယ်ကြောင့် အခုမှ ပြန်ဖြစ်တယ်။ ဒီသီချင်းကလည်း ပင့်ခ် ဖလွိုက်ရဲ့ သီချင်းတွေအတိုင်းပဲ ဒဿနဆန်တယ်။ အဓိပ္ပါယ်ကို ဖော်ရခက်တယ်။ သို့သော်လည်း သူ့သီချင်းအစ Intro လေးက အတော်လှတယ်။ ကိုဘစောထွန်းကလည်း ဒီသီချင်းကို ကြိုက် လို့ အင်ထရိုကိုတောင် အလွတ်လိုက်တီးလို့ ရနေပြီတောင် ဆိုပါတယ်။ ကျနော်လည်း ကြိုးစား ဘာသာ ပြန်ကြည့်ပါတယ်။

ခန့်မှန်းရတာကတော့ ခံစားချက်တွေနည်းလာပြီး ရုပ်ဆန်လာတဲ့ဘ၀၊ ငွေနောက်လိုက်နေကြရတဲ့ ဘ၀တွေကို ညွှန်းချင်ပုံပါပဲ။

အရင်ကတော့ အပြောင်းအလဲတွေ လိုချင်ခဲ့တယ်။ အခုတော့ အေးဆေးသက်တောင့် သက်သာဘ၀နဲ့ ဖလှယ်ခဲ့ပြီလားတဲ့။
နောက်တော့ ယခင်က စစ်ပွဲထဲ လမ်းလျှောက်ချီတက်ရတဲ့ (ကာလမျိုး) နဲ့ အခုတော့ လှောင်အိမ်ထဲက ဇာတ်ကောင် တယောက် (မတူတဲ့ ဘ၀မျိုး) ဒီလို ဖွဲ့ထားခဲ့တယ်။ ဒီ အယ်လ်ဘမ် အဖုံးအတွက်လည်း သီချင်းထုတ်မယ့် ကုမ္ပဏီနဲ့ အကြိမ်ကြိမ် စကားပြောခဲ့ရသေးတယ် ဆိုတယ်။

အယ်လ်ဘမ် အဖုံးတွေကလည်း လူတယောက်က မီးလောင်နေတဲ့ ကုတ်အင်္ကျီနဲ့ လူတယောက်ကို လက်ဆွဲနှုတ်ဆက် နေပုံ မျိုး၊
အတက်ချီကေ့စ်ကို နင်းထားတဲ့ ဓါတ်ပြားကိုင်ထားတဲ့ လူတယောက်ပုံ
လှောင်အိမ်ထဲ ငါးတွေ၊
လက်တဖက် စက်ရုပ်လက်တဖက်နဲ့ နှုတ်ဆက်နေတဲ့ပုံတွေ... စဉ်းစားလေ ကျယ်ပြန့်လေပါပဲ။
ဘာသာပြန်ရတာကလည်း ဘယ်ပြည့်စုံနိုင်ပါ့မလဲ။

ယောဟန်အောင်

မင်းကို ရှိနေစေချင်လိုက်တာ ပင့်ခ် ဖလွိုက်



ဆိုပါစို့... ဆိုပါစို့
မင်းက ပြောပြနိုင်ပါ့မလား။
ငရဲကနေပြီး နိဗ္ဗာန်အကြောင်း
နာကျဉ်မှုတွေကနေ အပြာရောင်ကောင်းကင်ကြီးအကြောင်း
အေးခဲနေတဲ့ သံမဏိရထားလမ်းတွေကနေပြီး အစိမ်းရောင်မြက်ခင်းတွေအကြောင်း
မျက်နှာဖုံးတွေအောက်က အပြုံးတွေအကြောင်း
မင်းက ပြောပြနိုင်ပါ့မလား။
မင်းက ပြောပြနိုင်မယ်လို့ ထင်နေသလား။

သူတို့က မင်းကို ကုန်လိုဖလှယ်လိုက်ကြပြီလား
မင်းရဲ့သူရဲကောင်းတွေကို တစ္ဆေတွေနဲ့
မင်းရဲ့ ပြာပူတွေကို သစ်ပင်တွေနဲ့
မင်းရဲ့လေပူတွေကို လေနုအေးတွေနဲ့
အပြောင်းအလဲတွေကို အေးဆေးတဲ့ သက်တောင့်သက်သာဖြစ်မှုတွေနဲ့
မင်းက ဖလှယ်ခဲ့ပြီလား...။
စစ်ပွဲထဲမှာ ဖြတ်လျှောက်ခဲ့ရတဲ့ လမ်းကလေးကို
လှောင်အိမ်ထဲက ဇာတ်ကောင်တယောက်ဘ၀နဲ့
(မင်းက ဖလှယ်ခဲ့ပြီလား...။)

မင်းကို ရှိနေစေချင်လိုက်တာ
မင်းကို ဘယ်လိုရှိနေစေချင်မှန်း မသိပါဘူး။
ငါတို့ နှစ်ယောက်ဟာ ရွှေငါးကန်ထဲမှာ ကူးနေကြတဲ့ ၀ိဉာဉ်ပျောက်နေရသူတွေ
တနှစ်ပြီး တနှစ်
ဒီကွင်းအဟောင်းကိုပဲ ပြန်ပြေးလို့
ငါတို့ ဘာတွေတွေ့ရှိခဲ့ကြပါသလဲ
အရင် အကြောက်တရားတွေပဲပေါ့
မင်းကို ရှိနေစေချင်လိုက်တာ...။

Wish You Were Here
Music by Pink Floyd Roger Waters and David Gilmour
So, so you think you can tell
Heaven from hell?
Blue sky from pain?
can you tell a green field
from a cold steel rail?
a smile from a veil?
Do you think you can tell....
Did they get you to trade
Your heros for ghosts?
Hot ashes for trees?
Hot air for cool breeze?
Cold comfort for change?
did you exchange?
A walk on part in the war
For a lead role in a cage?

How I wish,how I wish you were here
We're just two lost souls swimming in a fish bowl year after year
Running over the same old ground what have we found?
The same old fears, Wish you were here

No comments:

Recent Comments