“ဒီ စနိုက်ပါပညာဆိုတာက ကိုယ်လုံပညာပဲ သူငယ်ရဲ့။ ဒီပညာနဲ့ သူတပါး သားမယားကို မပြစ်မှားရဘူး။ သူတပါး အိမ်ယာကို မဖျက်ဆီးရဘူး။ ဒီပညာက အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ပဲ။ ကြားလား တပည့်ကြီး”
“နေစမ်းပါ ကိုဝင်းနိုင်ရာ၊ ဒီမှာ မြင်ကွင်း မရှင်းရတဲ့ကြားထဲ”
တရက်မှာ သူတို့ ခွန်ဆာတပ်တွေနဲ့ ဆိုင်ထားတဲ့ တောင်ကုန်းရဲ့ရှေ့တန်းကို သွားကြည့်ကြတယ်။ ပြောရမယ်ဆိုရင်တော့ တချို့ရင်ဆိုင်ထားတဲ့ နေရာတွေက ရန်ကင်းက ဟိုဘက်တိုက်တန်းလျား၊ သည်ဘက်တိုက်တန်းလျားလို့ ပြောလို့ရအောင် နီးနေကြတယ်။ လျှောက်မြောင်းတွေ ကြားထဲက ခပ်ဝပ်ဝပ်သွားလို့ ရှေ့ဘက်ကို ရောက်လာတယ်။ သူတို့ကို ၀တပ်မှူးတဦး က ၀လက်ဖြောင့်ရဲဘော်တဦးဆီက sniper ပစ်တဲ့ M1 rifle ကို ယူပေးတယ်။ သူတို့လည်း လက်တည့်စမ်းကြည့် ချင်နေကြ တယ်။ M1 rifle ဆိုတာက ဗမာပြည်က ရဲတွေကိုင်တဲ့ ရိုင်ဖယ်မျိုးပုံစံနဲ့ တူတယ်။ ခပ်ရှည်ရှည်၊ အမေရိကန်လုပ်၊ ထုတ်ထား တာ ကြာလှပြီ။ 7.62 ကျည်နဲ့ ပစ်တယ်။ ၀တပ်ဖွဲ့တွေက လက်ဖြောင့်ပစ်ဖို့ M1 rifle ကို အသုံးများကြတယ်။ ခွန်ဆာဘက်မှာ လည်း လက်ဖြောင့်သေနတ်သမားတွေနဲ့ သေချာပေါင်းစပ်ထားပြီး သူတို့လက်ဖြောင့်သေနတ်တွေက ပိုကောင်းလှတယ်။ မြင်ကွင်း အတွက်တော့ သေနတ်မှာ မှန်ပြောင်းလေးပါ တပ်ထားတယ်။
သူဒီလို မှန်ပြောင်းကလေးထဲက ချိန်နေတုန်းမှာပဲ ကိုဝင်းနိုင်က သူ့ကို သိုင်းဆရာကြီးက သိုင်းသင်မပေးခင် တပည့်တွေကို သြ၀ါဒပေးသလို ပြောနေတယ်။ ကျန်တဲ့ တယောက်ကတော့ မှန်ပြောင်းနဲ့ ဟိုဘက်ကို ချောင်းနေတယ်။ ကိုယ်က ပစ်ကွင်း ချိန်လို့ မငြိမ်ကြတဲ့ကြားထဲ သူကတမှောင့်။ ဟိုတဘက်မှာတော့ ခြံစည်းရိုးတွေရယ်၊ လျှောက်မြောင်းတွေရယ်၊ မြေနီနီ ပြောင်ပြောင် ဖြစ်နေတဲ့နေရာ တွေ့နေရတယ်။ ခွန်ဆာရဲဘော်တချို့ကို လည်း တွေ့ရတယ်။ သူတို့လည်း ဒီဘက်က ချိန်ရွယ် ပစ်တတ်မှန်းသိတော့ သွားလာနေကြတာ ပုန်းရှိုး ကွယ်ရှိုးပဲ။ ဟိုဘက်က ရဲဘော် တယောက်ကို ချိန်လို့ သူ ခလုပ် ကိုဆွဲ၊ မောင်းညှစ်ချလိုက်တယ်။ ဒိုင်း..... ဗိုလ်တာရာ ရဲဘော်သုံးကျိပ်ရဲ့ စာတွေလိုဆိုရင်တော့ ကျည်ဖူးကလေးဟာ ကော်ဒိုက်ယမ်း အားကြောင့် ပေါက်ကွဲထွက်သွားတယ် ဆိုတာမျိုးပေါ့။ ထိသွားတယ်တော့ မထင်ပါဘူး။ ဒီလိုပဲ၊ ကိုဝင်းနိုင်တို့၊ ကိုထွန်းခင်တို့၊ ကိုဇော်ထွန်းတို့ လည်း တယောက်ကို တချက်-နှစ်ချက်ပစ်ကြည့်ကြတယ်။ လက်တည့် စမ်းကြတယ်။
သေချာပြန်တွေးလိုက်တော့ သူတို့က ၀ရဲဘော်တွေဘက်က ရပ်တည်နေသလိုလို ဖြစ်နေပေမယ့် ခွန်ဆာဘက်က ရှမ်း စစ်သားလေးတွေနဲ့လည်း ရန်သူမဟုတ်ပါဘူး။ လူတွေက ကိုယ်နေတဲ့မြို့က သက်ဆိုင်ရာ ဘောလုံးအသင်း နိုင်စေချင်တဲ့ ဆန္ဒမျိုး လောက်ပါပဲ။ ခွန်ဆာဘက်ကိုလည်း ရန်သူလို့ သဘောမထားမိဘူး။ ခုနက ပစ်လိုက်တဲ့ ကျည်ဆံဟာ ခွန်ဆာရဲ့ ရှမ်း ရဲဘော် တယောက်ကို သေသွားစေဖို့လား။ ဒီလိုလည်း ရည်ရွယ်ချက် မရှိခဲ့ဘူး။ သူတို့အချင်းချင်း အခုပဋိပက္ခ ဖြစ်နေကြ တဲ့ အခြေအနေမှာ သူတို့က (၀သပ) တပ်ဖွဲ့တွေဖက် ရောက်ပြီး ၀င်ကူနေတာတော့ မှန်တယ်။ ဒါကလည်း ဆေးမှူးအလုပ် မျှပဲ၊ ဆေးကုသ ပေးတာမျှပဲ။ ဒီပဋိပက္ခထဲမှာ တိုက်ရိုက်ပတ်သက်နေခြင်းတော့ မရှိဘူး။ ယန္တရားထဲက ၀က်အူတလုံး၊ မူလီ တလုံး လို လည်ပတ်ပေးခဲ့တာလို့ ပြောရင်တော့ ရသပေါ့။ ခုနက sniper ပစ်လိုက်တာကတော့ လူငယ်တို့ ဘာသာဘာဝ လက်တည့် စမ်းကြည့်ချင်တာပါပဲ။ လူတယောက်ရဲ့ အသက်တချောင်းအတွက် လက်တည့်စမ်းကြည့်သင့်သလား ဆိုတာ တော့ ခုမှ ပြန်တွေးတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတယ်။ သူပစ်ခဲ့တာ လူတယောက်ထိပြီး လဲကျသွားတယ် လို့တော့ မထင်ပါဘူး။ စစ်အတွင်းမှာလည်း ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ အလုပ်တွေက လုပ်တတ်ကြသားလား။
ရှေ့ထိပ်တိုက်ရင်ဆိုင်ရာ နေရာက အပြန်ကျတော့ ၀တပ်မှူးကိုညီက လျှောက်မြောင်းထဲ ၀ပ်၍ ပြန်လာရန် သတိပေးတယ်။ ကိုထွန်းခင်က သေနတ်ကို ထမ်းပြီးလာတဲ့အတွက်ဟိုဘက်က မြင်နေရတယ် ထင်တယ်။ “ဖောင်း..ဖောင်း... ဖောင်း” ဆိုပြီး sniper တုံ့ပြန် ပစ်သံတွေ ကြားလိုက်ရတယ်။ အနီးက သစ်ပင်ငယ်တွေ ပြတ်ထွက်သွားတယ်။ “ဟား.... တကယ် ချတယ်ဟ” သူတို့ ကိုယ်ကို ပြားပြားဝပ်၍ ပြေးကြရတယ်။
အဲသည်ညတော့ နောက်ဘက်ရှေ့တန်းစခန်း လုပ်ထားတဲ့ နေရာ၊ တောင်ပေါ်တခုမှာ ညအိပ်ကြတယ်။ မနက်ဖြန် တောင်ကုန်း သိမ်းမယ်၊ ထိုးစစ်တခု ရှိတယ်ဆိုတဲ့အတွက်ကြောင့်လည်း သူတို့ စောင့်ကြည့်ချင်နေကြတယ်။ ကိုညီက လှစ် ကနဲ ပျောက်သွားတယ်။ နောက်တော့ ပြန်ရောက်လာတော့ ငါးသေးသေးလေးတွေ ပါလာတယ်။ သူက စမ်းချောင်း ကလေး ထဲမှာ သေနတ်ကျည်တဘောက်-နှစ်ဘောက်လောက် ကုန်အောင် ပစ်ပြီးမှ ဒီငါးကလေးတွေကိုရလာတာ။ ငါးကလေးတွေကို ငရုတ်သီးနဲ့ ထောင်းပြီး ထမင်းကြွေးတယ်။ သူက အတတ်နိုင်ဆုံး ဧည့်ဝတ်ပြူငှာမှုကို ပြချင်တာ ဖြစ်လိမ့်မယ်။
နောက်တနေ့ နံနက်စောစောထကြတယ်။ တောင်ကုန်းတက်သိမ်းမယ့် တိုက်ပွဲကို ကြည့်ကြတယ်။ ဝေလီဝေလင်း ဖြစ်တဲ့ အတွက်ကြောင့်လည်း မြင်ကွင်းက သိပ်မသည်းကွဲလှဘူး။ သေနတ်ငယ်ပေါက်သံများ စကြားရသလို၊ RPG (ငှက်ပျောဖူးပုံ rocket propelled granade) ကွဲသံများလည်း ကြားနေရတယ်။ တဖက်ကလည်း ပြန်လှန်ပစ်ခတ်နေတယ်။ နောက်ဘက် မှလည်း လက်နက်ကြီး၊ နောက်ပွင့် ရိုင်ဖယ်တွေနဲ့ ပစ်ကူပေးတယ်။ တခါတရံ ဖုန်လုံးတွေ၊ မီးခိုးလုံးတွေ ထသွားတာကို မြင်ကြရတယ်။ လက်နက်ကြီးပစ်တဲ့ နေရာမှာ တာဝန်ယူပြီး အကြံပေးနေကြတဲ့ တရုတ်အဖိုးကြီးအချို့ကိုလည်း တွေ့ရ တယ်။ တကယ်တော့ လက်တွေ့မြင်ရတဲ့ စစ်ပွဲတွေဟာ စစ်ရုပ်ရှင်များ ကြည့်ရသလို ပြတ်ပြတ်သားသား ကြည့်လို့ မကောင်းလှဘူး။ ရင်ခုန်စိတ်လှုပ်ရှား နေရပေမယ့်လည်း၊ တခါတရံ ပျင်းစရာတောင် ကောင်းသေးတယ်။ ဆက်တိုက် ပစ်နေကြတာမျိုး မဟုတ် ဘူး။ တခါတရံ လက်နက်ပစ်ခတ်သံတွေက စိတ်လာတယ်။ တခါတလေ ဘာကြောင့်မှန်း မသိ။ အကြာကြီး ငြိမ်ဆိတ်နေပြန် တာမျိုးလည်း ရှိတယ်။ နောက်မှ သေနတ်တွေပြန်ပေါက်၊ လက်နက်ကြီးတွေကွဲ သည်လိုမျိုး ဖြစ်တတ်တာလည်း ရှိတယ်။ သေချာသည်ကတော့ လူတွေရဲ့ အသက်တွေနဲ့ရင်းလို့ တိုက်ခိုက်နေကြရတာ ဖြစ်ပြီး၊ တဖက် က ဆန့်ကျင်ဖက်တပ် များ ကိုလည်း အသေသတ်နိုင်ဖို့ ကြိုးစားနေကြရတာ ဖြစ်တယ်။ အဲသည်အချိန်မှာ အခြားတောင် ကုန်း တဘက်မှာလည်း ၀တပ်ဖွဲ့များ တက်နေကြပုံရတယ်။ သေနတ်သံ၊ လက်နက်ကြီးသံတွေကို ကြားနေရပြန်တယ်။ သူတို့ ဒီနေ့ အလုပ်ရှုပ်ဦး မယ် ဆိုတာကိုလည်း မြင်ယောင်လာကြတယ်။
“ကျွတ်ဆင်ကြီးနော်..ကျနော်တို့လည်း ဒီလိုစစ်ပွဲတွေကြား ဘာလို့ ရောက်နေကြမှန်း မသိပါဘူး” ကိုဝင်းနိုင်က တွေးမိပြီး ခပ်လေးလေးပင်ပင် ပြောတယ်။ (ကျွတ်ဆင်) ဆိုတာက လူငယ်ဘန်းစကားနဲ့ (ထိတ်လန့်တုန်လှုပ်ဖွယ် အဆင်အပြင်) ကို ဆိုလိုတာ။ သူတို့အားလုံးက ခေါင်းငြှိမ့်လိုက်ကြတယ်။
ဆေးရုံကို မပြန်လာခင်တော့ သူတို့ သေနတ်ကိုထမ်းလို့ တဖုံ၊ အသင့်အနေအထား ကိုင်လို့သဖွယ်၊ အမျိုးမျိုး ရှိုးထုတ်လို့ ဓါတ်ပုံအရိုက်ခံကြတယ်။ အမှတ်တရအဖြစ် တချိန် ပြန်ပြနိုင်အောင်ပေါ့။ အော်တို ကင်မရာ (auto focus) မျိုး ဖြစ်လို့ သိပ်တော့ ပုံထွက် ကောင်းလှမယ် မထင်ပါဘူး။ ဒါပေမယ့် သူအကြံထူးထူးခြားခြား ဖြစ်မိတယ်။ ဒီဓါတ်ပုံတွေကို ပြန်ဆက် လိုက်ရင် ၃၆၀ံ ပင်နိုရားမစ် မြင်ကွင်းကျယ်မျိုး ဖြစ်အောင် လူတွေကို ဓါတ်ပုံထောင့်တနေရာလောက်သာ ကပ်ပြီး စစ်ပွဲရဲ့ အခင်းအကျင်းကို မြင်သာအောင်၊ တောင်တွေတောတွေကို ဆက်မိနိုင်အောင် ဓါတ်ပုံရိုက်ကြတယ်။ ဇာတ်လိုက်မင်းသား တွေကလည်း ပုံစံအမျိုးမျိုးနဲ့ ရှိုးထုတ်ကြပေါ့။ [ဒါပေမယ့် သူ “အ” တယ်ပဲ ပြောရတော့မယ်။ ဒီပုံတွေက တပုံမှ မရခဲ့ဘူး။ ဆေးရုံမှာ ရှိနေစဉ် ချင်းမိုင်အခြေစိုက် ဗိုလ်မှူးစိုက်ပေါက်ရဲ့ လက်ထောက် ကိုညီး (အခြားကိုညီးတယောက်၊ ယခုဝတပ်မှူး မဟုတ်ပါ။) ကို ဓါတ်ပုံကူးခိုင်းလိုက်မိတယ်။ ဓါတ်ပုံတွေ ပြန်မရောက်လာခဲ့ဘူး။ ဟိုလူက အလင်းဝင်လို့ ဖလင်ပျက်သွား တယ်လို့ ပြောတာပဲလေ။]
သူခပ်ထုံထုံ ဖြစ်ရ၊ “အ”ရတဲ့ အကြောင်းလည်း ပြန်စဉ်းစားမိရင်တော့ ရယ်စရာလိုလို မျက်နှာနွေးစရာလိုလို ဖြစ်ရတာ ရှိ သေးတယ်။ ၀ဒေသကနေ သူတို့အဖွဲ့ မာနယ်ပလောကို အပြန် ဗိုလ်မှူးစိုင်းပေါက်က ကားမောင်းလိုက်ပို့တယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်ကို ဖြတ်ပြန်လာရတယ်။ (၀သပ) တွေလည်း ထိုင်းအာဏာပိုင်တွေကို ပိုင်သားလို့ တွေးမိနေတယ်။ ဒါနဲ့ သူက ကလေး အတွေးနဲ့ ဗိုလ်မှူး စိုင်းပေါက်ကို ပြန်ပြောမိတယ်။ သူတို့ မာနယ်ပလောဒေသဖက်မှာ ကြုံခဲ့ရဖူးတယ်။ မဲဆောက် တို့၊ ဘာတို့ ခရီးတိုသွားရင် Kawthoolei Pass (ကော်သူးလေအစိုးရ ခရီးသွားခွင့်လက်မှတ်) ပြလိုက်ရင် ရဲကိစ္စ၊ အခြား ကိစ္စတွေက အတော် အတန် ကိစ္စပြီးတယ်။ ဒီတော့ သူကလည်း ဗိုလ်မှူးစိုင်းပေါက်ကို အကြံပေးမိတယ်။ “ဗိုလ်မှူးတို့ ၀အဖွဲ့တွေလည်း ကော်သူးလေပတ်စ် လိုမျိုး လုပ်ထားပါလား” ဆိုပြီး သူက အကြံပေးတယ်။ ဗိုလ်မှူးစိုင်းပေါက်က ဘာမျှ ပြန်မပြောဘူး။ သူက အကောင်းအကြံပေးတာ၊ ဒီလူ သဘောမပေါက်ဘူးလို့ ထင်နေတယ်။ ခဏနေတော့ ဒီစကားကိုပဲ ထပ်ပြောမိပြန်တယ်။ ကြာလာတော့ ဗိုလ်မှူးစိုင်းပေါက်က အမြင်ကပ်လာပုံရတယ်။ ပြန်ပြောတယ်။
“ကိုဇော်လွင်၊ ကေအဲန်ယူက ထိုင်းကိုပိုင်တယ်ဆိုတာက၊ ကျနော်တို့ အိပ်နေသလောက် ရှိသေးတယ်။ ကျနော်တို့ ပိုင်တယ် ဆိုတာလည်း ခွန်ဆာအိပ်နေသလောက် ရှိသေးတယ်” ဆိုပြီး ပြန်ပြောတယ်။ နောက်ပြန်သိရသလောက်လည်း ဟုတ် လောက်တယ်။ ခွန်ဆာတန်ခိုးထွားစဉ်ကာလက ချင်းမိုင်မှာ ခွန်ဆာက အလုပ်သမားလက်မှတ် ထုတ်ပေးထားတဲ့ ရှမ်းပြည် နယ်က အလုပ်လာလုပ်ကြသူတွေရှိတယ်။ တရက်မှာတော့ ထိုင်းပုလိပ်တယောက်က ဒီလက်မှတ်ကို ဆုတ်ဖြဲလို့ ရှမ်း အလုပ်သမားတဦးကို ဖမ်းလိုက်တယ်။ နောက်တညကျတော့ ဘယ်သူပစ်လိုက်သည် မသိ။ အဲသည် ထိုင်းရဲစခန်းတခုလုံး ပျက်သွားတယ်။ RPG နဲ့ ၀င်ကျွေးသွားတယ်။ ရဲ အကုန်သေ။
သူကလည်း အမှတ်မရှိပါဘူး။ ချင်းမိုင် မြို့ပြင်နားက ခဏနားရတဲ့ ဗိုလ်မှူးစိုင်းပေါက်အိမ်ကို ရောက်လာခဲ့တယ်။ အိမ်က တော့ ခြံဝင်းကျယ်ပဲ၊ အပြင်က RPG လို လက်နက်မျိုးနဲ့ လှမ်းပစ်ရင် မမှီနိုင်လောက်အောင် ခပ်ကျယ်ကျယ်။ ဆိုလိုတာက ကိုက် ၃၀၀ လောက် ကွက်လပ်ရှိတယ်။ ဘောလီဘောကွင်းရှိတယ်။ ခပ်လတ်လတ် အိမ်တလုံးပဲ။ သူက “ဗိုလ်မှူးတို့လည်း ပိုက်ဆံရှိတာပဲ။ ဒီထက်နည်းနည်း ကြီးတဲ့အိမ် ဆောက်ပါလားလို့ အကြံပေးမိတယ်။” ဗိုလ်မှူးစိုင်းပေါက် ပြန်ပြောပြန်တယ်။ “မရဘူး။ ကိုဇော်လွင်။ ဒါက ထိုင်းဗိုလ်ချုပ် (........) ရဲ့ အိမ်။ ကျနော်တို့က ငှားနေကြတာ။” ဒီတခါတော့ သူသဘောပေါက် မြန်သွားပြီ။ သူတို့အဖွဲ့က ၀ယ်ပြီး ထိုင်းဗိုလ်ချုပ်ကို လက်ဆောင်ပေးလိုက်တယ်။ ပြီးတော့ ပြန်ငှားနေတယ်။ လာဘ်ပေးတာ မဟုတ်ဘူး။ သူ့အိမ်ငှားနေတဲ့အတွက် အိမ်လခပေးနေတာ။ အကယ်၍ ရန်ဖက်အဖွဲ့တွေက လာချရင်လည်း ထိုင်းဗိုလ်ချုပ် ပိုင်တဲ့ အိမ်ကို ၀င်ပစ်သလို ဖြစ်တော့မယ်။ အိမ်ဘေးနားပတ်ဝန်းကျင်က တန်းလျား၊ အိမ်ငယ်ကလေးတွေမှာလည်း စစ်သား၊ အချို့အရာရှိများရဲ့ မိသားစုများကို ကာကင်းသဖွယ် ထုတ်ထားတာ တွေ့ရသေးတယ်။ ဒီလို business ဘိဇနက် မျိုး ဆိုတာ သာမာန်လူတွေမလုပ်နိုင်ဘူး ဆိုတာ သူသဘောနည်းနည်း ပေါက်လာတယ်။ ဒါပေမယ့် ဒီအကြောင်း ပြန်တွေး မိတိုင်း မျက်နှာ နွေးနေရသေးတယ်။
........ ....... .......... ..........
အမေရိကန်ဆောင်းတွင်းက အပြောင်းအလဲ မြန်တယ်။ အေးလိုက်၊ ပူလိုက် ဖြစ်နေတယ်။
တီဗွီ ဖွင့်လိုက်တော့ “ဂွာတာနာမို” အကျဉ်းစခန်းမှာ ရှိနေကြတဲ့၊ အကြမ်းဖက်သမားလို့ မသင်္ကာ ယူဆထားတဲ့ မူစလင် တိုက်ခိုက်ရေးသမားတွေကို အမေရိကန် အရာရှိတွေက နှိပ်စက်ညှဉ်းပမ်းတဲ့ မှတ်တမ်း တိပ်ခွေ ပျောက်ဆုံးသွားရမှု သတင်း က ဆက်တိုက်လိုလို လာနေခဲ့တယ်။ စီအိုင်အေက ဖျောက်ဖျက်လိုက်တယ်လို့လည်း စွပ်စွဲနေကြတယ်။ အိမ်ဖြူ တော်နဲ့ ပင်တဂွန် စစ်ဌာနချုပ်က နှိပ်စက်ညှဉ်းပမ်းမှုတွေလုပ်ဖို့ ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ခွင့်ရှိ တယ်ဆိုပြီး စံသတ်မှတ်ညွှန်ကြားချက် (memo) တွေ ရှိခဲ့ပုံကိုလည်း စောကြောနေကြတယ်။ အီရတ်စစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် လူထုအများမှာ တိုက်ရိုက်ရိုက်ခတ်မှု နည်းနေသေးပေမယ့် ပညာရှင်တွေ၊ အချို့ နိုင်ငံရေးသမားတွေ အကြား ငြင်းခုန် နေကြပြီ။ အီရတ်စစ်ပွဲ ရေရှည်လာတာနဲ့အမျှ ဒီစစ်ပွဲဟာ တိုက်ခဲ့တာ အမှားလား ဆိုတာမျိုး ပြန်စစ်ကြော နေကြ သလို၊ လောလောဆယ် ပြန်ထွက်ပြေးလို့ မရနိုင်ဘဲ နွံထဲနစ်သလို နစ်နေတဲ့ စစ်ပွဲလည်း ဖြစ်တယ်။ နောက်ရွေးကောက်ပွဲ ကာလနီးလာ တာနဲ့အမျှ ဒီအီရတ်စစ်ပွဲကိစ္စဟာ မဲဆွယ် စည်းရုံးရာမှာ၊ သတင်းသမားတွေက မေးခွန်းထုတ်ရာမှာ ပြေး မလွတ်နိုင် ဖြစ်နေ တော့တယ်။ အခြား ပိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေလည်း ရှိလာခဲ့တယ်။ အမေရိကန်က စစ်တိုက်ဖို့ လိုအပ် ပါသလား။ လူသားမျိုးနွယ်တွေရဲ့ ယဉ်ကျေးမှု (civilization) အတွက် စစ်တွေက လိုအပ်သလား။ မရှိမဖြစ် လိုအပ် သလား ဆိုတာကို ဆွေးနွေးကြတာတွေလည်း ကြားလာရတယ်။
စစ်ဆိုသည်က လူသားတို့၏ လူ့ဘောင်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်ပါ၏လော။
မေးခွန်းများ ရှိခဲ့ကြတယ်။ လူသားအချင်းချင်း ဖျက်ဆီးစေတတ်တဲ့ အာဏိသင်ရှိတဲ့ စစ်ကို ဘာအတွက်ကြောင့် တိုက်ခိုက် နေကြပါသလဲ။ ဒီမေးခွန်းတွေကို ရှေးယခင် ကတည်းက မေးမြန်းခဲ့ကြသလို၊ ပညာရှင် အများအပြားကလည်း ဖြေဆိုနိုင်ဖို့ ကြိုးပမ်းခဲ့ကြတယ်။ လူ့သမိုင်းကို ပြန်ကြည့်တော့ စစ်ပွဲများနဲ့ ရှောင်လွှဲ မရခဲ့ကြဘူး။ လူ့ယဉ်ကျေးမှု ထွန်းကားခြင်းနဲ့ စစ်ပွဲ တွေ ဆိုတာလည်း ဆက်စပ်မှု ရှိခဲ့ကြတယ်။ လူမျိုးနွယ်စု အချင်းချင်းအကြားလည်း စစ်ပွဲတွေ နွှဲခဲ့ကြတယ်။ အင်ပိုင်ယာ တွေကို စစ်အင်အားနဲ့ တည်ခဲ့ကြတယ်။ အင်ပိုင်ယာတွေ ကျဆုံးခဲ့ကြတယ်။ အမုန်းတွေကြောင့်လည်း စစ်တွေနွှဲခဲ့ကြ တယ်။ မတော်လောဘတွေကြောင့်လည်း စစ်ပွဲတွေနွှဲခဲ့ကြတယ်။ ဟုတ်-မဟုတ်တော့မသိ။ ကလီယို ပါထရာ မင်းသမီး ကြောင့်၊ ပန်ထွာ ဘုရင်မကြောင်း စစ်တွေနွှဲခဲ့ကြတာလည်း ဖတ်ခဲ့ရဖူးတယ်။ ကမ္ဘာနဲ့ချီလို့ ကျယ်ပြန့်တဲ့ ဖျက်ဆီးအား ပြင်းထန်တဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်မျိုးတွေ အထိ ဖြစ်ခဲ့ကြတယ်။
ရုရှား စာရေးဆရာကြီး လီယို တော်လ်စတွုင်းက သူ့ရဲ့ “စစ်နဲ့ ငြိမ်းချမ်းရေး ဂန္ဓ၀င်” ၀တ္ထုကြီးမှာ စစ်ရဲ့သဘော သဘာဝနဲ့ ပတ်သက်လို့ အခန်းကြီးတခန်း သက်သက် ဖွင့်ပြီး အရှည်ကြီး ဆွေးနွေးထားခဲ့တယ်။ [ဒါပေမယ့် ဒီနေရာမှာ စာရေးသူက အတင်း တရားဝင်ဟောလိုလို့ မဟုတ်ရပါ။ စာလေးလျှင် သည်းခံပါ။ စစ်နဲ့ တော်လှန်ရေးကို တယောပေါ်တင်ကြည့်တာ လည်း မဟုတ်ပါဘူး။]
စစ်ဆိုတာ နိုင်ငံရေးရဲ့ အဆက်၊ စစ်ဆိုတာ သွေးထွက်တဲ့ နိုင်ငံရေး၊ နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ် ...စသဖြင့် အဆို အမိန့်တွေလည်း ရှိခဲ့ကြတယ်။ စစ်ပွဲနဲ့ ပတ်သက်လို့လည်း အယူအဆအမျိုးမျိုး ရှိခဲ့ကြတယ်။ ဥက္ကဋ္ဌမော် (မော်စီတုန်း) [၁၈၉၃-၁၉၇၆] ကတော့ စစ်ဆိုတာ လူ့သမိုင်း ဖွံ့ဖြိုးတိုးတက်စေတယ်လို့ ပြောခဲ့တယ်။ ဖရန်စစ် ဘေကွန် [၁၅၆၁-၁၆၂၆] ကလည်း စစ်ပွဲတွေနဲ့ ကုန်သွယ် ရေးဟာ လူမှု ယဉ်ကျေးမှုကြီး တိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တယ်။ မရှိမဖြစ် လိုအပ်တဲ့ မိစ္ဆာ (necessary evil) လို့ တောင် ပြောခဲ့သေးတယ်။ ဒီအယူအဆတွေမှာ မှန်ကောင်းလည်း မှန်ခဲ့နိုင်တယ်။ ရှေးယခင် ကာလက စစ်တိုက်ရင် မြေတွေ ရလာတယ်။ ထုတ်လုပ်မှု ပိုမိုတိုးတက် ထုတ်လုပ်လာနိုင်ကြတယ်။ လူအင်အား များများ ပိုမိုစုဆောင်းမိလာကြပြီး မြို့ပြနိုင်ငံတွေကို ထူထောင်လာနိုင်ကြတယ်။ ယဉ်ကျေးမှု အချင်းချင်း ကူးလူးဆက်ဆံမှု တွေ ဖြစ်လာစေတယ်။ ဥပမာ အားဖြင့် အာရှမိုင်းနာက အော်တိုမန်အင်ပိုင်ယာ ယဉ်ကျေးမှုက ဥရောပအထိ ပျံ့နှံ့ခဲ့ရတာမျိုး ရှိသလို၊ ကုန်သွယ်မှုကြောင့်လည်း ပျံ့နှံ့ရတာမျိုး ရှိတယ်။ ကုန်သွယ်မှုမှာ အကျိုးစီးပွား ကိစ္စတွေ ပါလာတော့၊ အကျိုးစီးပွား လုကြရင်း စစ်ဖြစ်ရတာတွေလည်း ရှိလာခဲ့တယ်။ မြန်မာနိုင်ငံမှာလည်း မွန်-မြန်မာ နှစ် (၄၀) စစ်ပွဲတွေ ရှိခဲ့သလို ယဉ်ကျေး မှုတွေ ကူးလူးဆက်ဆံခဲ့ကြတာတွေလည်း ရှိခဲ့တယ်။ စစ်ဟာ လူ့သမိုင်းကို တိုးတက် စေတယ်ဆိုတဲ့ အယူအဆကို ထောက်ခံ သူတွေ ရှိသလို၊ ကန့်ကွက်တဲ့ အယူအဆတွေလည်း ရှိခဲ့ကြတယ်။
ဒါဖြင့် ယခု ခွန်ဆာနဲ့ (၀သပ) ဖြစ်နေတဲ့ စစ်ပွဲက လူ့သမိုင်းကို တိုးတက်စေမှာလား၊ သူ စဉ်းစားရကျပ်နေတယ်။ တခါ ယခု ဒေသမှာ ဘိဇနက် business လည်း ရှိတာပဲ။ စစ်လည်း ရှိတာပဲ။ ဒါဆိုရင် ရှမ်းပြည်သူတွေ၊ ၀ပြည်သူတွေရဲ့ လူ့မှုအဖွဲ့ အစည်း ယဉ်ကျေးမှု တစုံလုံး (civilization) ကို တိုးတက်စေမှာလား။ မဖြစ်နိုင်ဘူးလိုလို ထင်နေတယ်။
ဥက္ကဋ္ဌမော် ကတော့ စစ်တွေကို တိုးတက်တဲ့ စစ်နဲ့ ဖောက်ပြန်တဲ့စစ် ဆိုပြီး ထပ်ခွဲပြန်တယ်။ စစ်ပွဲတွေက လူ့သမိုင်းကို တိုးတက်စေတယ်ဆိုရင် အဏုမြူစစ်ပွဲ ဖြစ်လာရင်၊ တိုးတက်နိုင်ပါဦးတော့မလားလို့ စောဒက တက်သူတွေလည်း ရှိကြ တယ်။
စစ်ကြောင့် တိုင်းပြည်စီးပွားရေး (ဂျီဒီပီ) တိုးတက်စေနိုင်တယ်လို့လည်း ဆွေးနွေးကြတာတွေ ရှိတယ်။ ဥပမာ-အီရတ်စစ်ပွဲ ဖြစ်လာတော့ အမေရိကန်ကုမ္ပဏီ အများအပြားက ကန်ထရိုက်တွေရကြတယ်။ အစိုးရက ပိုက်ဆံတွေကို စစ်စားရိတ် အတွက် ပိုသုံးကြရတယ်။ ဘိုးအင်းကုမ္ပဏီက ထုတ်တဲ့ JDAM လို့ခေါ်တဲ့ ပစ်မှတ်တိကျ ထိနိုင်တဲ့ ဒုံးတခုက ဒေါ်လာ ၂၅,၀၀၀ တန် တယ်။ ရေသီယွန် (Raytheon) ကုမ္ပဏီက ထုတ်တဲ့ လေဆာပဲ့ထိန်းဗုံးတလုံးက ဒေါ်လာ (၅၅,၆၀၀) တန် တယ်။ (Alliant Techsystems) ကုမ္ပဏီက လက်နက်ငယ်ကျည် ၂၆၅ သန်းထုတ်ဖို့ ဒေါ်လာ (၉၂ သန်း) ကန်ထရိုက် ရတယ်။ (General Atomics Aeronauticals Systems) ကုမ္ပဏီက ထုတ်တဲ့ မောင်းသူမဲ့လေယာဉ် ပရက်ဒေတာ ၄ စီး အတွက် ဒေါ်လာ ၂၅ သန်း ကုန်ကျတယ်။ (Northrop) ကုမ္ပဏီကလည်း ဒေါ်လာ (၂၆) ဘီလီယံအထိ ၀င်ငွေတိုးလာခဲ့ တယ်။ ဒါတင် မကသေးဘူး။ ဂြိုဟ်တုကုမ္ပဏီတွေ၊ အခြားထုတ်လုပ်ရေး လုပ်ငန်း အသီးသီးကလည်း မျိုးမျိုးမြက်မြက် ကန်ထရိုက်တွေ ရကြတယ်။ လူတွေ က စက်ရုံတွေမှာ အလုပ်ရတယ်။ ၀င်ငွေတိုးတယ်။ တိုင်းပြည် ဂျီဒီပီကို တိုးတက်စေ တာတော့ အမှန်ပဲ။ အသုံးဖက်က တက်လာတာကိုး။ တခါ စစ်ကြောင့် တဖက်ရန်သူကို အနိုင်ရအောင် ကြိုးပမ်းကြရင်း နည်းပညာတွေ တိုးတက်လာခဲ့တယ်။ ယခု အင်တာနက်နည်းပညာကိုက စစ်တပ်က စလာတာ၊ နောက်တော့မှ အများ ပြည်သူ သုံးနိုင်ရအောင် ချပေးလာတာ။ ဂူးဂဲလ် အာ့သ် (Google earth) ကောင်းကင်မြေပုံ ပညာဆိုတာလည်း စစ်ရေး အတွက် တီထွင်ခဲ့ကြတာ။ အခုမှ အများသုံး ဖြစ်လာတာပဲ။ သို့သော်လည်း စစ်ကြောင့်ပဲ လူတွေအစုအပြုံလိုက်သေစေ နိုင် တဲ့ လက်နက်ဆန်းတွေလည်း ပေါ်ပေါက် လာ ခဲ့ရတယ်။ အဏုမြူဗုံးလိုမျိုးပဲ ဆိုပါစို့။
သို့သော်လည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကတော့ ဂျီဒီပီကို မတိုးတက်စေဘဲ၊ တိုင်းပြည်ကို ပိုလို့နစ်နာဆုံးရှုံး လာစေတာ၊ လူနေမှု အဆင့်အတန်း ကျဆင်းလာစေတာတော့ အထင်အရှားပဲ။ မြန်မာပြည်ရဲ့ နှစ် (၆၀) ကျော်ကြာ ပြည် တွင်းစစ်ကြောင့်လည်း နည်းပညာတွေ တိုးတက်လာဖို့ အလားအလာတော့ မတွေ့ရဘူး။ နောက်ပြီး သမိုင်းပညာရှင်တွေရဲ့ တူညီတဲ့ သုံးသပ်ချက်တခုလည်း ရှိသေးတယ်။ အင်ပိုင်ယာတွေ၊ လူယဉ်ကျေးမှုတွေဟာ အပြင်ကတိုက်လို့ ပျက်စီးရတာ မဟုတ်ဘဲ၊ အတွင်းက စတင်ပြိုကျတာလို့လည်း ပြောကြတယ်။
လီယိုတော်လ်စတွိုင်းကတော့ စစ်နှင့်ငြိမ်းချမ်းရေးစာအုပ်ကြီးမှာ စစ်ဖြစ်ရတာမှာ လူသားပုဂ္ဂလနဲ့ မဆိုင်တဲ့အကြောင်းကို ပြောချင်တယ်လို့ ယူဆတယ်။ နပိုလီယန်ကြောင့် ဒီစစ်ကြီး ဖြစ်ရတာ မဟုတ်သလို၊ ဟစ်တလာ တဦးတည်းကြောင့်လည်း ဒီစစ်ပွဲကြီးတွေ ဖြစ်ရတာ မဟုတ်ဘူးလို့ သုံးသပ်မိတယ်။ အခြေအနေ ပေါင်းစုံကြောင့် စစ်ပွဲတွေ ဖြစ်လာကြရပြီး ခေါင်း ဆောင်တွေကတော့ တခန်း၊ တကဏ္ဍကသာ တာဝန်ရှိတယ်လို့ ဆိုချင်ပုံရတယ်။ လူတွေက နပိုလီယန်ကို ဤစစ်ကြီး ကို ဦးဆောင်နေတဲ့သူ၊ အောင်မြင်နေသူ အင်ပိုင်ယာပြည့်ရှင်လို့ ထင်နေကြတယ်။ သို့သော်လည်း တော်လ်စတွိုင်းက ဒီအခြေအနေကို ၀န်အပြည့်နဲ့ လှည်းကြီးကို ကုန်းဆင်းမှာ ဆွဲပြေးလာတဲ့ မြင်းတကောင်နဲ့ ဥပမာပေးတယ်။ မြင်းကတော့ ဒီလှည်းကြီးကို သူဆွဲလာတယ်လို့ ထင်နေတာပေါ့။ သို့သော်လည်း အမှန်မှာတော့ ဒီလိုမဟုတ်ဘူး။ သူရပ်လိုက်လျှင်လည်း မရတော့ဘူး။ လှည်းကြီးနဲ့ ၀န်တွေက မြင်းကို တလိန့်ကောက်ကွေး ဖြစ်အောင် တွန်းချသွားတော့မှာ သေချာတယ်။ သူက ခေါင်းဆောင်မှု ရဲ့ အကန့်အသတ်ကို ဆွေးနွေးပြခဲ့တယ်။ နပိုလီယံတို့၊ အလက်ဇန်းဒါး သည်ဂရိတ်တို့လို ခေါင်းဆောင်တွေ ကို အနီးကပ်ကြည့်ခွင့် မသာခဲ့ကြဘူး။ သို့သော်လည်း တော်လ်စတွိုင်းက သူတို့ရဲ့ နောက်ခံကားချပ်ကိုပါ ဖော်ပြပေးနိုင်ခဲ့ တယ်။ တော်လ်စတွိုင်းက ခေါင်းဆောင်တွေအပေါ်မှာ သံသယရှိတယ်။ သမိုင်းဆိုတာ ကြီးကျယ်မြင့်မြတ်တဲ့ သူတယောက် ရဲ့ ဖန်တီးမှုကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ သန်းပေါင်းများစွာသော လူ၊ တသီးပုဂ္ဂလများရဲ့ ကျိုးကြောင်းဖြစ်တည်မှု ကွင်းဆက်ပေါင်းစပ်မှုများကြောင့်သာ ဖြစ်တယ်၊ သူတို့ရဲ့ သေးငယ်သော်လည်း ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်ခွင့်များ ကြောင့် ဖြစ်လာရတယ် ဆိုတာ ဖော်ပြခဲ့တယ်။ သို့သော်လည်း ပြန်စဉ်းစားကြည့်တော့ မြန်မာနိုင်ငံမှာ သမိုင်းမှာ ဗိုလ်ချုပ် အောင်ဆန်းလို၊ အိန္ဒိယက ဂန္ဒီဂျီးလို၊ တူရကီက အတာတုက်လို ခေါင်းဆောင်တွေကလည်း စွမ်းဆောင်နိုင်ခဲ့ကြတာ တွေ့ရ ပြန်တယ်။
ယခု ခွန်ဆာနဲ့ (၀သပ) ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကလည်း ဒီအတိုင်းပဲလား။ ခွန်ဆာနဲ့ ဝေဆူကန်းတို့ရဲ့ ပုဂ္ဂိုလ်ရေး ပဋိပက္ခကြောင့် တခုတည်းတော့ မဟုတ်နိုင်ဘူး။ အခြားဖက်ပေါင်းစုံ အခြေအနေတွေက တွန်းပို့နေတာလည်း ဖြစ်နိုင် တယ်။ တခါတလေ တော်လှန်ရေးအဖွဲ့တွေ၊ လက်နက်ကိုင် တိုက်ပွဲကာလတွေမှာလည်း ညီအစ်ကို မသိတသိ၊ ရှင်းလင်း ပြတ်သားစွာ ခွဲခြားမရနိုင်တဲ့ အခြေအနေတွေ ရှိနေခဲ့တယ်။ ခွန်ဆာရဲ့ မောင်ထိုင်းတပ်မတော်မှာလည်း ရှမ်းအမျိုးသားရေး အတွက် စိတ်ထက်သန်စွာ လုပ်လိုကြတဲ့ မျိုးချစ်ရှမ်းပုဂ္ဂိုလ် ခေါင်းဆောင်တွေ ရှိတယ်။ တဖက်မှာလည်း မူးယစ်ဆေးဝါး တပ်မတော် (narco-army) အဖြစ် တံဆိပ်တပ်ခံထားရတာ ရှိတယ်။ အလားတူပါပဲ။ (၀သပ) တပ်မတော်ထဲမှာလည်း ၀အမျိုးသားရေး အတွက် လုပ်လိုတဲ့ ၀မျိုးချစ်ခေါင်းဆောင်တွေ ရှိသလို၊ ဘိန်းကိစ္စနဲ့ နာမည်ပျက်နေရတာလည်း ရှိတယ်။ တခါတလေ ကျတော့လည်း ရေကနည်းတဲ့အခါ ကျားလည်းသောက်မယ်၊ ခြင်္သေ့လည်း သောက်မယ်ဆိုတော့ ရှင်သန် ရပ်တည်ရေး အတွက် သူသေ ကိုယ်ရှင် တိုက်ပွဲတွေလည်း ဖြစ်လာရတယ်။ အဖြူချည်းသက်သက် မဟုတ်သလို၊ အမည်း ချည်းပဲလည်း မဟုတ်ပြန်ဘူး။
တော်လ်စတွိုင်းက စစ်မှာ ဆုံးရှုံးရမှု၊ သေလုမျောပါး ဖြစ်ချိန်မှ ဘ၀ရဲ့ အဓိပ္ပါယ် ရှင်သန်မှုရဲ့ အဓိပ္ပါယ်ကို ရှာတွေ့နေမှုတွေ ကိုလည်း လှပစွာဖော်ပြခဲ့တယ်။ ထူးခြားတာကတော့ “စစ်နဲ့ငြိမ်းချမ်းရေး” စာ အသွားတလျှောက်လုံးမှာ စစ်နဲ့ ငြိမ်းချမ်းရေး ကာလအတွင်း လူသားတွေရဲ့ ကျိုးကြောင်းမဆီလျော်ဘဲ ဆုံးဖြတ်လုပ်ဆောင်ကြတဲ့ ကိစ္စတွေကို အလေးပေးဖော်ပြခဲ့ တယ်။ ဗိုလ်ချုပ်ကူတူဇော့ဖ်က ထိပ်တန်းခေါင်းဆောင်ကြီး ဖြစ်လာတယ်။ သူက အစီအစဉ်တွေ သေချာချဆောင်ရွက်တာ ကြောင့် မဟုတ်ဘဲ၊ ရှိနေတဲ့ အခြေအနေမှာ သူနောက်လိုက်ကြဖို့ တောင်းဆိုလို့ ဒီလိုခေါင်းဆောင်ကြီး ဖြစ်လာရပြန်တယ်။ သူက သူမျှော်လင့်ထားတာနဲ့ လွဲသွားတိုင်း အစီအစဉ်ကို အသစ်ပြန်ချတယ်။ နီကိုလပ်စ်က ဆွန်ညာဆီ ပြန်သွားမယ် ဆုံးဖြတ်ပြီးခါမှ ကောက်ခါငင်ခါ မေရီကို လက်ထပ်လိုက်တာမျိုး၊ နာတာရှာကလည်း ရုတ်ချည်း ပယ်ရီကို လက်ထပ်လိုက် တာမျိုး စသဖြင့် ရုတ်ချည်းအပြောင်းအလဲတွေနဲ့ လူတွေရဲ့ စစ်အတွင်းကာလ ကျိုးကြောင်း မဆီလျော်တဲ့ ဆုံးဖြတ်ချက် တွေကို သရုပ်ပြခဲ့ပြန် တယ်။
လီယိုတော်လ်စတွိုင်းက စစ်ပွဲနဲ့ ပတ်သက်လို့ အခန်း (၁၅) မှာ...
“… war began, that is, an event took place opposed to human reason and to human nature. Millions of men perpetrated against one another such innumerable crimes, frauds, treacheries, thefts, incendiarisms, and murders, as in whole centuries are not recorded in the annals of all the law courts of the world, but which those who committed them did not at the time regard as being crimes.”
“လူတွေရဲ့ ကျိုးကြောင်းဆီလျော်မှု ဆင်ခြေတွေကို ဆန့်ကျင်လို့၊ လူ့သဘာဝကို ဆန့်ကျင်လို့ စစ်တွေဖြစ်လာကြတယ်။ လူ သန်းပေါင်းများစွာက အခြားသူများကို ဆန့်ကျင်တိုက်ခိုက်ကြပြီးတော့ မရေမတွက်နိုင်တဲ့ ရာဇ၀တ်မှုတွေ၊ လိမ်ညာမှုတွေ၊ သစ္စာဖောက်မှုတွေ၊ ခိုးဆိုးလုယက်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ၊ လူသတ်မှုတွေ ဖြစ်လာကြတယ်။ ကမ္ဘာ့တရားခုံရုံးမှတ်တမ်း တွေမှာ ရာစုနှစ် တခုလုံးလုံး မှတ်တမ်းမှတ်ရာ မရှိဘဲ ကျူးလွန်ခဲ့ကြတယ်။ ဒါပေမယ့် အဲသည်ပြစ်မှုတွေကို ဒီ (စစ်ပွဲ) အချိန် တွင်းမှာ ကျူးလွန်သူတွေက ရာဇ၀တ်မှုလို့ မသတ်မှတ်ကြဘူး။” ဆိုထားတယ်။ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး လုံ လောက်နေလိုက် တာ ထပ်ပြီး ပြောစရာတောင် မရှိတော့ဘူး။
....... .......... .......... ...........
သည်လိုနဲ့ သူတို့ အားလပ်ချိန်မှာ စဉ်းစားစရာတွေ အများကြီး စကားပြောဖြစ်ကြတယ်။
တောဆိုတာက သီချင်းတွေ၊ စာတွေမှာ စိတ်ကူးယဉ်စရာပါ။ မြိုင်ထထဲကလို “ငှက်ကလေးတွေက မင်းခေါင်းပေါ်မှာ၊ မောင့် ခေါင်းပေါ်မှာ” ဆိုတာမျိုး၊ လိပ်ပြာတွေ၊ စမ်းချောင်းတွေ၊ တောင်တန်းပြာပြာတွေလိုမျိုး စိတ်ကူးသာယာဖွယ်ပေါ့။ သို့သော် လည်း ဆူးခြုံတွေ၊ မွှားတွေ၊ သွေးစုတ်တတ်တဲ့ ကျွတ် မျှော့တွေ၊ သားရဲတွေလည်း ရှိနေပြန်တယ်။ စစ်ပွဲတွေဟာလည်း အလားတူပါပဲ။ ရုပ်ရှင်ထဲကလို ကြည့်ကောင်းတဲ့ ရုဒ္ဒရသကို ပေးတဲ့ ဖျော်ဖြေမှုမျိုး သက်သက်မျှ မဟုတ်ပါဘူး။ အသက် တွေ၊ မျက်ရည်တွေ၊ စသဖြင့် အများကြီးပါ။ တော်လ်စတွိုင်း ဖော်ပြခဲ့သလို ကျိုးကြောင်း မဆီလျော်လှတဲ့ ဆုံးဖြတ်ချက် တွေလည်း ပြည့်နှက်နေတတ်တယ်။
သူတို့ လေးလေးနက်နက် စကားတွေလည်း ပြောဖြစ်ကြတယ်။
ဒီမိုကရေစီ ရပြီ ဆိုပါစို့။ ဒီလို အုပ်စု စစ်ပွဲတွေ ဖြစ်နေပြီ ဆိုပါစို့။ ဗဟို အစိုးရအနေနဲ့ ဘာလုပ်ကြမလဲပေါ့။
အဖြေတွေက လွယ်လွယ်ကူကူတော့ မရှိလှပါဘူး။
၁။ ဘာမှ ၀င်မလုပ်နဲ့၊ လွှတ်ထားပေး။ ပန်းမှ နှစ်ဖက်ကို ချေမှုန်း။
၂။ ရှမ်းပြည်နယ်ကို လွတ်လပ်ရေးပေးလိုက်။ သူတို့ဘာသာ သူတို့ ချနေပါစေ။
၃။ မှန်တယ်လို့ ယူဆရတဲ့ တဘက်ဘက်က ကူပေး။
၎။ ဗဟို အစိုးရက ကြားဒိုင်လူကြီးလုပ်၊ စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တွေလွှတ်။
၅။ ဗဟိုအစိုးရတပ်တွေက “လူဖြူတွေရဲ့ ၀န်ထုပ်ဝန်ပိုး” (whitemen's burden) ထမ်းထားသလို နှစ်ဖက်စလုံးကို ၀င်တိုက်..
.... .... .... ဘယ်အဖြေတခုမှ မလွယ်ကူသလို၊ သူတို့ ဆွေးနွေးချက်တွေဟာလည်း အဖြေမရခဲ့ကြပါဘူး။
သိပ်မကြာခင် ကာလမှာပဲ တပ်ရင်း (၅၀၁) ဖွဲ့ဖို့ လွှတ်လိုက်တဲ့ တပ်တွေ ပလောင်နယ်မြေကနေ (၀သပ) ဂွင်ထဲ ပြန်ဆုတ် လာကြတယ်လို့ သတင်းကြားရတယ်။ ပလောင်ဒေသအတွင်း စစ်အစိုးရတပ်တွေက ပြင်းပြင်းထန်ထန် ရွာတွေရွှေ့ပြောင်း၊ စစ်ရေးအရ ဖိအားပေး တာတွေ လုပ်လာတယ်။ ပလောင်ပြည် လွတ်မြောက်ရေးပါတီ (PSLP) လည်း အပစ်အခတ်ရပ်စဲ ရေး လုပ်ဖို့ စစ်အစိုးရနဲ့ စကားစပြောတာတွေ ဖြစ်လာခဲ့တယ်။ သူတို့ စဉ်းစားချက် ကျောင်းသားတပ်မတော် တပ်ရင်း (၅၀၁) က ဖြစ်ဖို့ မလွယ် တော့ဘူး။ ၁၉၉၁ ဧပြီလ ၂၁ ရက်နေ့မှာ (PSLP) အပစ် အခတ်ရပ်စဲရေး ယူသွားတယ်။ သူတို့ လွှတ်လိုက်တဲ့ ဒု-ရင်းမှူး သူရဇော်၊ အခြားရဲဘော်အချို့လည်း ပလောင်အဖွဲ့နဲ့အတူ မြို့ထဲ ပြန်လိုက်သွားကြတယ်။ ကျန်တဲ့ သူ တချို့က မာနာပလော ပြန်ဆုတ်လာကြရတယ်။ ရင်းမှူး ကိုသိုက်ထွန်းဦးနဲ့ အချို့တပ်တွေက ကချင်ပြည်နယ်ဖက် KIO ဖက်ကို တော လမ်းအတိုင်း ဆက်တက်သွားကြတယ်။
ခွန်ဆာရဲ့ မောင်တိုင်းတပ်မတော်ကလည်း ကျောင်းသားတပ်ဖွဲ့ဝင်တွေ (၀သပ) မှာ ၀င်ကူပေးနေမှန်းသိလို့ ABSDF ကို “ရန်သူ” အဖြစ် ကြေငြာတယ် ကြားခဲ့ရတယ်။
ဆက်လက်ဖော်ပြပါမည်။ မျှော်....
1 comment:
သို့သော်လည်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကတော့ ဂျီဒီပီကို မတိုးတက်စေဘဲ၊ တိုင်းပြည်ကို ပိုလို့နစ်နာဆုံးရှုံး လာစေတာ၊ လူနေမှု အဆင့်အတန်း ကျဆင်းလာစေတာတော့ အထင်အရှားပဲ။ မြန်မာပြည်ရဲ့ နှစ် (၆၀) ကျော်ကြာ ပြည် တွင်းစစ်ကြောင့်လည်း နည်းပညာတွေ တိုးတက်လာဖို့ အလားအလာတော့ မတွေ့ရဘူး။ နောက်ပြီး သမိုင်းပညာရှင်တွေရဲ့ တူညီတဲ့ သုံးသပ်ချက်တခုလည်း ရှိသေးတယ်။ အင်ပိုင်ယာတွေ၊ လူယဉ်ကျေးမှုတွေဟာ အပြင်ကတိုက်လို့ ပျက်စီးရတာ မဟုတ်ဘဲ၊ အတွင်းက စတင်ပြိုကျတာလို့လည်း ပြောကြတယ်။
ရေးထားတာတွေအတော်ကောင်းပါတယ်
သမိုင်းမှတ်တမ်းတခုပါပဲ သင်ခန်းစာတွေပါ
Post a Comment