Pages

Thursday, December 6, 2007

နေရာအလွဲ

ဘ၀ဟာ ဟိုက္ကူကဗျာလိုတိုတောင်း ဆိုတဲ့ စာပိုဒ်ကလေးတွေ ဖတ်ဖူးတယ်။
ဘ၀တွေမှာ ကြုံရတတ်တဲ့ တခဏတာအဖြစ်လေးတွေ...
အင်း... ဘ၀ဆိုတာ ဆူရှီလို လတ်ဆတ်၊ ရောင်စုံ လှပ၊ အရသာရှိရင် ကောင်းရင်တော့ သိပ်ကောင်းမှာပဲလို့ တွေးနေမိသေး တယ်။


ဘ၀ တကယ်တော့ တိုတောင်းတယ်ဆိုတောင်မှ မြစ်ကိုအလျားလိုက် ဖြတ်ကူးနေကြရသလိုမျိုး မောနေကြရတယ်။ အခါခါ လွဲမှားတာတွေလည်း ကြုံရပေါ့။ ကံစီမံရာလို့ ကျနော်တို့တတွေ အယူရှိကြတဲ့ တလွဲနေရာတွေကိုလည်း ရောက်နေကြ ရသေးတာပေါ့။ နေရာအလွဲတွေ ကြုံခဲ့တာက ဘ၀မှာ အများကြီးပဲပေါ့။ ကျနော်တို့ နိုင်ငံမှာလည်း လွဲပါပေ့။ အစိုးရဖြစ်မယ့် သူတွေက ထောင်ထဲရောက်နေပြီး၊ ထောင်ထဲရောက်ရမယ့် သူတွေက အစိုးရဖြစ်နေကြတာတွေ... သံဃာတွေက စင်ပေါ် မထိုင်ရဘဲ သံဃာစင်အထက်က ထိုင်နေကြတဲ့သူတွေ... ထားလိုက်ပါတော့....

ကျနော်တို့ ဘ၀တွေလည်း တဆစ်ချိုး ပြောင်းလဲခဲ့တယ်။ ဗြုန်းဆို ဒေါသနဲ့ တက္ကသိုလ်မြေကနေ ကျနော်တောထဲထွက်ခဲ့ တယ်။ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်းချိန်မှာ သူငယ်ချင်းတဦး မြို့လယ်မှာ ပစ်သတ်ခံလိုက်ရ၊ ကျန်တဲ့ သူငယ်ချင်း ၃-၄ ဦးလည်း ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်။ အခုအချိန်အထိ ဆေးရုံကြီး ရင်ခွဲရုံ အုတ်နံရံကို ထုထုပြီး တရှုံ့ရှုံ့ ငိုနေတဲ့ ကျနော့ကိုယ်ကျနော် ရုပ်ရှင်အနှေးပြကွက်တွေလို ပြန်မြင်နေမိသေးတယ်။ ဒီလိုနဲ့ တောထဲရောက်ခဲ့ကြ။ အာဃာတတွေနဲ့ စစ်သွေးကြွလို့။ လူကလည်း သန်တုန်းမြန်တုန်း အရွယ်တွေ..။ ဘာဖြစ်ဖြစ် ကျနော်တို့က ရင်ဆိုင်ဖို့ ပြင်ထားလိုက်ကြ တယ်။ ဘ၀ဟာ အရေအတွက်တခုထဲ ဆိုပေမယ့် မနှမျောတတ်ခဲ့ဘူး။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်။ ကျနော် ... ဘ၀ကို ပစ်ချထားလိုက် တယ်။ အေကေတလက်၊ ဆေးကျောပိုးအိတ်တလုံးလွယ်လို့ ဆေးမှူးဖြစ်လာခဲ့တယ်။

အချိန်က ၁၉၉၀ ရွေးကောက်ပွဲပြီးစ၊ ပြည်တွင်းမှာ အချို့အမတ်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေက ကြားဖြတ်အစိုးရဖွဲ့ဖို့ ပြင် ဆင်နေကြချိန်။ အဲသည်အချိန်မှာ တပ်ပေါင်းစုက ကျနော်တို့ အလုပ်အဖွဲ့တွေကို လူထုစည်းရုံးရေးစီမံချက်နဲ့ လွှတ်လို့ ကေအန်ယူ တပ်မဟာ (--) ကို ရောက်လာခဲ့ကြတယ်။ ၁၉၆၂ က ကျောင်းသားဟောင်း၊ တက္ကသိုလ်ဆရာဟောင်း ဦးတင့်ဇော်တို့ပါသလို၊ လူ့ဘောင်သစ် (နောက်ပိုင်း ABSDF) ကိုဌေးတို့က ပြည်တွင်းကို လျှို့ဝှက် လုပ်ငန်းဆက်သွယ်ပေးဖို့ အလုပ်အဖွဲ့ခေါင်းဆောင်တွေ၊ ကျနော်တို့ ကျောင်းသားတပ်တွေက လုံခြုံရေးတပ်ခွဲ တခွဲလောက်ပါပြီး၊ ဒေသခံ ကရင်တပ် တွေနဲ့ ပေါင်းပြီး ဒီအလုပ်အဖွဲ့အတွက် လုံခြုံရေးယူပေးကြတယ်။ ကျနော်က ဆေးမှူး အဖြစ်ပါလာပြီး၊ ရဲဘော်ဂုရု တို့နဲ့ အတူ ကကြီးရွာ ဆေးရုံမှာ တာဝန်ယူပေးနေရတယ်။ သူက မျက်မှန်ထူထူနဲ့မို့ ဂုရုလို့ခေါ်တာ။ ခေသူမဟုတ်ဘူးလို့ တနည်း တဖုံနဲ့ အသိအမှတ်ပြုတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ လေလုံးကြီးတာလည်း ပါမှာပေါ့။

တနေရာနဲ့ တနေရာတော့ မနီးလှဘူး။ လမ်းလျှောက်သွားရင် အနည်းဆုံး ၃-၄ နာရီကြာအောင် လျှောက်သွားရတဲ့နေရာ တွေမှာ ကိုယ့်စခန်းနဲ့ကိုယ်။ ကျနော်တို့ တပ်တွေကို လုံခြုံရေးအတွက် နေရချထားတာက ခွဲ (၃)ကုန်းလို့ခေါ်တဲ့ တောင်တခု အပေါ်မှာ။ ဒီတောင်က ဆင်းလိုက်ရင် အနီးဆုံးရွာတရွာဖြစ်တဲ့ မီးတိုင်တော မြေပြန့်ကို အလွယ်ရောက်နိုင်တယ်။ ရည်ရွယ် တာကတော့ တကယ်လို့ စင်ပြိုင် အစိုးရ ဖွဲ့ကြဖို့ ကြိုးစားတာ၊ ဖမ်းလားဆီးလား ဖြစ်လာရင် ကျနော်တို့ လမ်းပေါက်ကနေ ကယ်ထုတ်ရအောင်။ ညောင်လေးပင်၊ ကျောက်တံခါး၊ မုန်း နဲ့လည်း နီးတဲ့ဒေသတွေဆိုတော့ အလွယ်ရောက်နိုင်တယ်။ ကျနော်တို့ ရဲဘော်တွေ ကို ကေအဲန်ယူ တပ်ခွဲမှူးတဦးနဲ့ တွဲထားပေးတယ်။ သူက နယ်မြေကျွမ်းတော့ အကူအညီရအောင် ပေါ့။ (တပ်ခွဲမှူး အမည် အရင်းကိုတော့ မမှတ်မိတော့ပါ) ကျနော်တို့ ရဲဘော်တွေက သူ့ကို ကွယ်ရာမှာ “ဗိုလ်ကျောက်ဒိုး” လို့ ခေါ်ကြတယ်။ (ကျောက်ဒိုးလို မာကြောလို့ မဟုတ်ပါဘူး။ ကြောက်ကြောက်နဲ့ လျှောက်ဒိုးနေလို့ ခေါ်ကြတာပါ) အဲသည်လိုနဲ့ တောင်ကုန်းတကုန်းပေါ်မှာ ကုန်းစောင့်နတ် တွေ ဖြစ်နေကြရတာပေါ့။ ကျနော်က တခါတလေ ဒီတောင်ကုန်းပေါ်ကို သွားသွား လည်တယ်။

ကျနော်တို့ ရဲဘော်တွေနဲ့ တွေ့လို့ရအောင်လည်း ဟုတ်သလို၊ မြန်မာပြည်အလွမ်းပြေပေါ့။ ညပိုင်းမှာ ဒီတောင်ကုန်းပေါ်က ကြည့်ရင် ရန်ကုန်-မန္တလေးကားလမ်းမကြီးကို တွေ့နေရတယ်။ မီးအလင်းရောင် လင်းလက်နေတဲ့ မြို့တွေ၊ ဖြတ်သွားတဲ့ ကား မီးရောင်တွေကို တွေ့နေရတာပေါ့။ ညနေနီကျင်မှာလည်း အလယ်ရိုးမတောင်တန်းကြီးတွေကို မှိုင်းညို့ညို့ မြင်နေရ၊ ငေးမောခဲ့ရဖူးတယ်။

“ငါ... တနေ့ ဒီတောင်ကုန်းကနေ ဆင်းသွားမယ်။
ဟိုး လမ်းမဆီ၊ မြေပြန့်ဆီ...မြို့တွေဆီကို သွားမယ်။
တနယ်ပြီး တနယ် သိမ်းပိုက် ချီတက်ပြီး သွားမယ်။” စိတ်ကူးယဉ်နေမိတာပေါ။ တကယ်တန်း အကောင်အထည်မပေါ်ခဲ့တဲ့ အိပ်မက်တွေပေါ့။ ငှက်ဖျား ဖျားလိုက်၊ တောင်တွေကျော်လိုက်နဲ့ စိတ်ကူးတွေလည်း ယဉ်ခဲ့သေးတယ်။

“ငါဖြတ်ကျော်လေတဲ့
တောင်တွေစဉ်ကြည့်ပြီး
နည်းနည်းဘ၀င်မြင့်လာတယ်။

ကြည့်စမ်း။
ငါ့အောက်ခြေမှာ
တွန့်ခေါက်နာကျင်နေတဲ့
နဂါးစိမ်းကြီးလေ
အမြီးတွေဝှက်လို့။” ဒီလိုလည်း ဘိုဆာခီးတောင် အဖြတ်မှာ တေးထားမိသေးတယ်။ လူကလည်းသန်၊ စိတ်တွေကလည်း ရဲရဲတောက် စစ်သွေးကြွနေချိန်။

ကျနော်တို့နေတဲ့ ဆေးရုံလေးက ကကြီးရွာမှာ..
ကကြီးရွာကလည်း ရွာသာဆိုတယ်။ အိမ်ခြေ နှစ်ဆယ်မျှရယ်၊ ဈေးဆိုင်လေး တဆိုင်လောက်ရယ်။ တခါတလေ နွားမှောင်ခိုတွေ ဖြတ်သွားရင် ခဏစတည်းချတဲ့ရွာ။ ရွာဘေးမှာတော့ မုန်းချောင်းဖျားက ဖြတ်စီးဆင်းသွားတယ်။ တိတ်ဆိတ်နေတဲ့ ညတွေဆိုရင် စမ်းရေကျသံကပဲ ရွာကိုချော့သိပ်နေသလို လွှမ်းခြုံထားတတ်တယ်။ တောင်ကုန်းပေါ်က ရဲဘော်တွေက တခါတလေ ရွာလေးကို အလည်ပြန်လာတယ်။

ကျနော်တာဝန်ကျတဲ့ ဆေးရုံမှာတော့ ဆေးရုံအုပ် ကရင်ဆေးမှူးတယောက်ရယ်၊ အမည် မမှတ်မိတဲ့ သူနာပြုဆရာမ တယောက်ရယ်၊ ကျနော်ရယ်၊ ကိုဂုရုရယ် ရှိတယ်။ ဆေးရုံသာဆိုတယ်။ မြေစိုက် တဲကြီးကြီးမှာ ၀ါးသဲပိုးတွေ နဲ့ ကုတင်တွေ ခင်းထားတာပဲ။ ကြက်ခြေနီ အမှတ်အသားမျိုးလည်း မရှိပါဘူး။ အိပ်ယာခင်းဖြူဖြူတွေလည်း မရှိဘူး။ စောင်တပုံရှိတယ်။ ခြင်ထောင်တချို့ ရှိတယ်။ ကျနော်တို့ ၂-ယောက်ကတော့ ဆေးရုံနောက်ဖက်မှာ အခန်းတခန်းထဲ အိပ်ကြရတယ်။ နံနက် စောစောဆိုရင် ကျနော်က ဆရာဝန်ကြီး ဆေးရုံ ရောင်းလှည့်တဲ့ဟန်နဲ့ ဆေးမှတ်တမ်းတွေ လိုက်စစ်ရတယ်။ သို့ပေသော် လည်း လူနာက ၄-၅ ယောက်သာပဲ။ တခါတလေ ကိုယ့်ကိုယ်ကို ချက်ကော့ရဲ့ လူနာဆောင်အမှတ်-၆ က ဆရာဝန်လိုလို၊ နော်မန်ဗက်သွန်းလိုလို ထင်လိုက်သေး။ ကျနော်က ဆေးမှတ်တမ်းတွေလုပ်တော့ ကရင်ဆေးမှူးကြီးက ဒီကောင် ကြီး ကျယ်ရန်ကောဆိုပြီး မျက်မှောင်ကြုတ်ကြည့်နေတယ်...။

ဒီဆေးရုံနဲ့ ပတ်သက်လို့ ကျနော့ အတွေ့အကြုံထဲမှာ မေ့လို့မရနိုင်အောင် ဖြစ်နေပြီး ယခုအချိန်တောင် သံယောဇဉ်ကြိုး တငင်ငင်နဲ့ ကျနော့လူနာတွေ ရှိတယ်။ တယောက်က လက်ဒါးထိလာပြီး ဟက်တက်ကြီး ပြတ်လာတယ်။ ကျနော့ကို လာချုပ်ခိုင်းတယ်။ ကျနော်လည်း ငြင်းမရ တော့ဘူး။ အားလုံးရဲ့ မျက်လုံးတွေကလည်း ကိုယ့်ကိုအားကိုးတကြီး ကြည့်နေ ကြတယ်။ နောက်ဆုံး ချုပ်ပေးလိုက်တာ ကိုယ့်လက်ရာ သိပ်မကောင်းမှန်းသိပါရဲ့။ ပြန်လာမလား... ပြန်လာမလားနဲ့ ကျနော် တထင့်ထင့်။ နောက်တယောက်က ကကြီးရွာ ဆေးရုံမှာ ကျနော်တို့နဲ့ အကြာကြီးနေသွားတဲ့ ကရင်လူနာ အဖိုးကြီး။ သူက ဒညင်းသီးတက်ခူးနေတုန်း၊ နောက်တယောက်က သူ့ကို ၀က်ဝံထင်လို့ ပစ်ချလိုက်တယ်။ ကံကောင်းလို့ မသေဘဲ၊ လက်နှစ်ဖက် သေနတ်မှန်လို့ ဒညင်းပင်ပေါ်က ပြုတ်ကျလာတယ်။ အမြင့်က ကျတော့ ပေါင်ကျိုးတယ်။ အဲသည်တော့ ဆေးရုံမှာ လက်သေနတ်မှန်၊ လက်ကျိုး၊ ခြေကျိုးနဲ့ ရောက်လာတဲ့ လူနာ။ ကျောက်ပတ်တီး ပီအိုပီတော့ မရှိတော့ ကျနော်လည်း ဘယ်လိုဆက်ရမှန်းမသိ ဖြစ်နေစဉ်မှာပဲ ကရင်ဆေးမှူးကြီးက ၀ါးခြမ်းပြားတွေ သပ်ပြီး ကျပ်စည်း သလိုစည်းတော့တယ်။ နောက်တော့ ဆီမန်းတွေလည်း ထည့်ရဲ့။ ဟုတ်သား။ သို့သော်လည်း ဆီမန်းကတော့ ကျနော် သိပ် သဘောမတွေ့လှဘူး။ ဒါပေမယ့် မငြင်းသာဘူး။ သူက ဦးဆောင်လုပ်သွားတာ။ ကျနော့်မှာလည်း ထူးထူးခြားခြား ဆေးဝါး က ပါတာ မဟုတ်တော့၊ နောက်ပိုင်း သူ့အခြေအနေကို ပိုမဆိုးသွားအောင်ပဲ တတ်သမျှကုရတော့တယ်။ ကောင်းသွားလေရဲ့။

တခါတလေ ကျနော်တို့က လူနာလိုက်ကြည့်ဖို့ခေါ်ရင် ဆေးအိတ်နဲ့လည်း လိုက်ကြည့်ရသေးတယ်။ တောင်ပေါ်ရွာတွေမှာ ကျန်းမာရေးက တော်တော်နိမ့်ကျတယ်။ ရိုးရာ အယူလွဲနေတဲ့ ကိစ္စတွေရှိသလို၊ ရမ်းကု (အပ်ပုန်းလို့လည်း သုံးကြတယ်) တွေ ထင်သလိုလုပ်ထားကြတာလည်း မနည်းပါဘူး။ ဒူးနာရင် ဒူးကို ဆေးထိုး၊ ခေါင်းကိုက်ရင် ခေါင်းဆေးထိုး လုပ်ထား ကြတာ။ ကျနော်တို့ပေးတဲ့ ဆေးလုံးတွေထက် ဆေးထိုးတာကို ပိုကြိုက်ကြသူတွေ... ဆရာဝန်ကြုံတိုင်း ဘာဖြစ်ဖြစ်-မဖြစ်ဖြစ် ဆေးထိုးခံချင်ကြတဲ့သူတွေ...

ရေဖျင်းဖြစ်နေတဲ့ ကရင်အဖွားကြီးတယောက်လည်း တွေ့ခဲ့ရသေးတယ်။ ကျနော့်တွက်ကိန်းကတော့ အသည်းကင်ဆာ နောက်ဆုံး အဆင့်လို ဖြစ်နေပြီ။ ရေဖျင်းက အကြိမ်ကြိမ်၊ ဖောက်ထုတ်ရတာ အကြိမ်ကြိမ်။ ကျနော့်ကို သူတို့လာခေါ်ကြ တော့ ကျနော်ရေဖောက်ထုတ်ရမယ်မှန်း သိတယ်။ သို့သော် ဘယ်နေရာ ဖောက်ထုတ်ရမှန်း မသိဘူး။ စာအုပ်ပြန်လှန်ဖို့ ကလည်း မဖြစ်နိုင်။ ရေမဖောက်ထုတ်ရင် သူရင်ကြီးတင်းကျပ်ပြီး အသက်ရှုရခက်၊ လူက ပြာလာတယ်။ ကျနော်တွေဝေ နေတုန်း ဖတ်ကနဲဆို ကျနော့လက်ကို သူကဆွဲလို့ “ဒီနေရာဖောက်”လို့ ကရင်လိုပြောလိုက်တယ်။ ကြည့်လိုက်တော့ အပ်ရာက အကြိမ်ကြိမ်။ ကျနော်လည်း ဟင်းကနဲ သက်ပြင်းချပြီး သူပြောတဲ့နေရာ ဖောက်ပေးလိုက်ရတယ်။ အခုဆိုရင် တော့ သူ ရှိမယ် မထင်တော့ဘူး။

ကျနော့်လူနာထဲမှာ နော်လယ်ဝါးလည်း တယောက်အပါအ၀င်ပဲ။ သူက ရွာကျောင်းမှာ ဆရာမ..မူလတန်းကလေးတွေကို စာသင်နေတယ်။ တနေ့သားတော့ ကျနော်တို့ ရဲဘော်တွေက ရွာလယ်က ဘားတိုက်တန်းလျားမှာ ပြန်လာနားတဲ့အချိန်၊ လူတွေကလည်း တောထဲတောင်ထဲ၊ မိန်းမတွေ မြင်ရဖို့ ဝေးလို့၊ ဆင်မကြီးမြင်ရင်တောင် လှနေတဲ့အချိန်။

ဆရာမ နော်လယ်ဝါးကတော့ ရွာရဲ့ ကွမ်းတောင်ကိုင်လို့ ဆိုရမယ်။

သူက ရွာလမ်းမလယ်မှာ ထီးကလေးနဲ့ လျှောက်လာတယ်။
ရွာလည်လမ်းမှာ လသာသွားတယ်။
ကျောင်းဆရာမ၀တ်စုံ အဖြူ၊ အစိမ်းနဲ့။ တကယ့်ကို မယ်ရွေးပွဲဝင်သလို မျဉ်းတဖြောင့်ထဲကျအောင် ရွရွလေးလျှောက်လာ တယ်။ သူက အသက်နည်းနည်းကြီးပေမယ့် ကျနော်တို့ရဲဘော်တွေ ရှိတော့ ပိုပြင်ဆင်လာပုံရတယ်။ အမှန်ပဲ။ နောက်ပိုင်း လည်း ပိုပြင်လာတယ်။ နှုတ်ခမ်းရဲရဲ ဆိုးတာမျိုးလည်း ရှိတယ်။ ထီးကလေးကို ကွယ်လို့ မခို့တရို့ လျှောက်လာတာမျိုး လည်း ရှိသေး။ ကျနော်တို့ ရဲဘော်တွေကလည်း အားမနာနိုင်ဘူး။ အားလုံး ထွက်ပြီး ဆရာမကို နှုတ်ဆက်လေ့ရှိကြတယ်။ ဆရာမကလည်း ညှို့သလို မခို့တရို့ ပြန်ပြုံးပြတတ်တယ်။

သူ့ပုံစံက မြို့က ကျောင်းဆရာမတွေလို ဂိုက်အပြည့်၊ သူက ကျောင်းသူလေးတဦးလို့ ထင်ရအောင် ပြင်ထားတာဗျလို့လည်း ကျနော်တို့ ရဲဘော်တဦးက ပြောတယ်။ လူတကိုယ်လုံး ထင်ရှားတာက အရွယ်နဲ့မလိုက်အောင် (ရှိတဲ့အသက်ကို ငယ်တယ် လို့ ထင်ရအောင်) ကောင်းလွန်းတဲ့ ဖြောင့်စင်းနေတဲ့ ဆံပင်အရှည်ကြီးတွေ။

လူက သွယ်လျလျ၊ နွဲ့နွဲ့နှောင်းနှောင်း။ အနီးကပ်ကြည့်ရင် ဇရာကို မဖုံးနိုင်မဖိနိုင်ရှာတော့ဘူးဆိုတာ ၀န်မခံလို့မရတဲ့ အခြေ အနေ။ သို့သော်လည်း အဖြူအစိမ်းလေးဝတ်၊ ဆရာမကိုင်ဆွဲခြင်းကလေးဆွဲပြီး လှုပ်လီလှုပ်လဲ့ လမ်းလျှောက်တဲ့ ပုံစံက အဝေးက ကြည့်ရင် သူယောင်မယ်လေလား ထင်မှားစရာ။ သို့သော်လည်း နည်းနည်းဟန်ချက် မညီတာတော့ သူ့ကျောင်း သားကလေးတွေကတော့ ကျောင်းဝတ်စုံမရှိကြဘူး၊ မဲပေတူးနေကြတယ်။ နည်းနည်းတော့ လွဲနေသလိုပေါ့။ သူလျှောက် သွားတဲ့အခါ သူ့ကို လူတွေကြည့်နေမှာကို သူသိတယ်။

“ ၀ဋ်ဒုက္ခကြီးမားစွာ
သူမ လာပါပီ။

ဝဋ်ဒုက္ခကြီးမားစွာ
ကျနော် စောင့်နေပါသည်။

.... ..... .....

ဟိတ်
ပိုက်ဆံထောင်ပစ်နေတဲ့ ချာတိတ်တို့
တဆိတ် တောင်းပန်ပါတယ်
လမ်းဖယ်ပေးလိုက်ကြပါကွာ။

ကင်းတဲက သူငယ်ချင်းတို့ရေ
ငြိမ်ငြိမ်လေးနေကြပါကွ
မမခြေလှမ်းပျက်မှာ စိုးမိတယ်။”
ကျနော်တောင် ကျနော်ကြိုက်တဲ့ ကဗျာဆရာအောင်ချိမ့်ရဲ့ “ဂန္ထ၀င်မမ” ထဲက အချို့ အပိုဒ်တွေကို ပြန်အမှတ်ရနေသေး ပေါ့။

သူ့အသွင်က အခြား ဆန့်ကျင်ဘက် ပစ္စည်းတခုနဲ့ တွဲလိုက်တဲ့အခါကျတော့ ပိုထင်ရှားလာရတယ်။ သူနဲ့တွဲနေတဲ့ တောင် ပေါ်ကို တက်လိုက်ဆင်းလိုက် ကုန်ကူးနေတဲ့ ဟိန္ဒူကုလားမတယောက်လည်း ရှိတယ်။ “မဇီယာ” လို့ နာမည် ကျနော် မှတ်မိနေတယ်။ သူတို့ နှစ်ယောက် ရွာလမ်းမမှာ လျှောက်သွားရင် သူ့အလှက သူထင်ထားတာထက် (သူပြင်ထားတာ ထက်) ပိုထွက်လာတော့တယ်။ အဲဒီ မဇီယာကလည်း မည်းမည်း၊ တောင့်တောင့်နဲ့ ကိုယ်ရံတော်ပုံမျိုး ဖြစ်နေတော့တယ်။

ကျနော့ဆေးရုံမှာလည်း တနင်္ဂနွေလို နေ့မျိုးဆိုရင် ဂီတာ လာလာတီးပြီး လူနာတွေနေကောင်းလာအောင် ဆုတောင်းပေး တတ်တယ်။ ရွာမှာက ၀ါးနဲ့ ဆောက်ထားတဲ့ ဘုရားရှိခိုးကျောင်းတခုရှိပြီး၊ အဲသည်က အပြန် ကလေးတအုပ်နဲ့ ဆေးရုံကို ၀င်လာတတ်တယ်။ အဆိုအတီးကလည်း ကောင်းတယ် ပြောရမယ်။ ကျနော်တို့ရဲဘော် တယောက်ကတော့ ပြောတယ်။ “မီးပုံပွဲလေးလုပ်ဖြစ်ခဲ့တယ်ဆိုရင်လည်း သူ့က ပုဝါလေးယမ်းပြီး ကမယ့်ပုံပဲဗျ” တဲ့။

ထားတော့။ သူက ကျောင်းသား (ကျနော်တို့ မောင်ကျောင်း) တွေကို စိတ်ဝင်စားပုံလည်း ရတယ်။ ကျနော်တို့ကလည်း လူချော (nice guys) တွေ မဟုတ်လား။ သူ့ဘက်ကကြည့်တော့ ကျနော်တို့က မြို့ကြီးသား လူနုကလေးတွေ။ ဒေသခံ ကရင်တပ်တွေနဲ့တော့ ရှိုးထုတ်တတ်ပုံချင်း ကွာကြတယ်။ ကျနော်တို့ ရဲဘော် မောင်ကျောင်းတွေဘက်က ကြည့်တော့ လည်း အရွယ်က ကွာနေတယ်။ ဒါက ပြဿနာ....

နောက်တော့ ကျနော်တို့လူတွေကလည်း ဂျီးများကြပါတယ်။ ကျနော်တို့က တချိန် မြန်မာပြည် ပြန်ရောက်မယ် မှန်းထား ကြသူတွေ၊ အနည်းဆုံး စစ်ပြန်တွေအတွက် ရွာကျန်လောက်တော့ ရှိဦးမယ် ထင်ထားကြသူတွေ၊ ဒီတောထဲမှာ ဘ၀ကို ဖြစ်သလို ပစ်ချမထားချင် ကြဘူး။ မျှော်လင့်ခြင်းအပြည့်နဲ့ ရှင်သန်နေသေးတဲ့လူတွေ။ ပိုဆိုးတာက ကိုယ်က ကျောင်းသား ပါလို့ ခံယူထားတော့ ဆရာမနော်လယ်ဝါးက အလိုလိုနေရင်း အနန္တောအနန္တ ငါးပါးဂိုဏ်း ၀င်နေတော့တာပေါ့။ သူကတော့ ကိစ္စမရှိဘူးဆိုတဲ့ ပုံစံနဲ့ ဘားတိုက်ရှေ့ ဖြတ်ဖြတ်လျှောက်နေပေမယ့် ကိုယ့်မောင်ကျောင်းတွေခမျာ ပြန်ကြိုက်လို့ ကလည်း မရ။ (ကြိုက်ရမယ့် အရွယ်မဟုတ်တော့ ကြိုက်လည်း မကြိုက်ကြပါဘူး)။ ထင်ထားသလို ရေလာမြောင်းပေးပေမယ့် ရေက လည်း မစီးချင်ကြဘူး။ အင်တင်တင်။ အခြေအနေက ကနေ့နိုင်ငံရေးလို ရှေ့မတိုးနောက်မဆုတ်ကြီး ဖြစ်နေတော့တယ်။


မှော်ဆန်ဆန် သူ့အကြောင်းတွေကလည်း ဒဏ္ဍာရီတပုဒ်လို။
သူ့ကို ကရင်တပ်တွေက ဖမ်းခေါ်လာတာလို့ ပြောတယ်။ မူလဇာတိက တောင်ငူက။ လူမျိုးကတော့ ကရင်ပဲ။ ဇာတ်လမ်း ကလည်း ဆန်းတယ်။ အဆိုတော် နော်လီဇာတို့ နာမည်ကြီးချိန်မှာ စတီရီယို သီချင်းတွေ ဘာတွေ ဆိုတယ်၊ စီးရီးထုတ်ဖို့ ကြိုးစားဖူးတယ်တောင် ကြားတယ်။ သူ့ယောက်ျားက ဆင် ၃-၄ ကောင်မက ပိုင်တဲ့ ကရင်အဖိုးကြီး။ ဆင်သူဌေးလို့လည်း ပြောကြတယ်။ အဲသည်ခေတ်က ဆင်ရောင်းပြီး တောင်ငူမှာ ဂျစ်ကားတွေ ဘာတွေဝယ်စီးတဲ့အထိ ခေတ်ကလည်းဆန် တဲ့သူ။

နောက်တော့ ဘယ်လိုဖြစ်တယ် မသိဘူး။ ကရင်တပ်တွေက သူ့ကို တောထဲ ဖမ်းခေါ်လာခဲ့တယ်။ တချို့ပြောတာက ဗမာ စစ်ဗိုလ်တွေနဲ့ လုံးလားထွေးလား။ ရှုပ်တယ်လို့လည်း ပြောကြတယ်။ တချို့ကလည်း နော်လယ်ဝါးက လုံခြုံရေးကိစ္စအရ ဖမ်းလာတာလို့ လည်း ပြောကြတယ်။ ပိုက်ဆံကိစ္စ အရှုပ်အရှင်းကိစ္စဆိုပြီးလည်း ပြောကြတယ်။ ဘယ်သူမှ သဲသဲကွဲကွဲ မသိရဘဲ ပါးစပ် ပုံပြင်တွေ လိုလိုပဲ သိနေကြတယ်။ ဒီလိုနဲ့ နောက်တော့ တောထဲမှာနေရတော့တယ်။ တောထဲရောက်ပြီးတော့ ကရင်ရွာသားတယောက်နဲ့ အိမ်ထောင်ထပ်ကျသလား၊ အိမ်ထောင်ကွဲသလား မသိတော့ဘူး။ ဆိုပါစို့။ တောမှာ အနေကြာပြီး သူက ရွာမူလတန်းကျောင်းမှာ ဆရာမဖြစ်လာတယ်။ ကြာလာတော့လည်း (တောခိုတာ မဟုတ်ပေမယ့် မြို့ပြန်မခိုရဲ) မြို့ မပြန်ရဲ ဖြစ်သွားတော့တယ်။

ကျနော်တို့ ရဲဘော်တယောက်က ပြောတယ်။ ဆရာမနော်လယ်ဝါးပုံစံက ဘာနဲ့တူသလဲဆိုတော့ မုန်တိုင်းမိပြီး သဘောနစ်လို့ ကျွန်းတကျွန်းပေါ် တင်ကျန်ရစ်ခဲ့တဲ့၊ မသေမပျောက်တဲ့ တပြည်သူတယောက်လို့ တင်စားပြောတယ်။ ဒါပေမယ့် ကျနော်တို့ မောင်ကျောင်းတွေနဲ့ သူ့အကြား နီးစပ်မှုကလေးကလည်း ရှိသေးတယ်။ ထူးခြားတာကတော့ သူက မြို့မှာကြီးခဲ့သူဆိုတော့ ကျနော်တို့ မောင်ကျောင်းတွေနဲ့က ဘာသာစကားက (ခေတ်ပြိုင်ခံစားမှုက) သွားနီးစပ်နေကြတယ်။ မောင်ကျောင်းတွေ အရင် ရှိနှင့်နေကြတဲ့ ကျွန်းသူကျွန်းသားတွေနဲ့က သူ့ခမျာ ဆက်သွယ်လို့ မရဘူးထင်ပါရဲ့။ ဆိုတော့ မောင်ကျောင်းတွေနဲ့ အလွမ်းသင့်နေတော့တာပေါ့။

ကျနော်ထင်တာက သူက အတောင်ပံတွေ လိုချင်နေပုံလည်း ရတယ်။ ဒီရွာကနေ ပျံထွက်ချင်နေတယ်။ ဒီရွာဟာ သူ့နေရာ မဟုတ်ဘူး။ သူ့စိတ်တွေက မြို့မှာပဲ ကျက်စားနေလိမ့်မယ်။ မြို့ပြဓါတ်ခံတွေကို ပြန်အိပ်မက်နေနိုင်တာပေါ့။ ကျနော်တို့ ရဲဘော်ထဲက တယောက်ယောက်နဲ့ ယူလိုက်ရင်လည်း ဒီနေရာက ထွက်ခွါသွားနိုင်မယ်လို့ စဉ်းစားမှုလည်း ရှိနိုင်တာပေါ့။ ကယ်သူမျှော်နေတဲ့ မိန်းမတယောက်က ဒီလိုထွက်ပေါက်တခုကို စဉ်းစားနေတာမျိုးလည်း ဖြစ်နိုင်တာပေါ့။ ရှေ့ဆက်ရမယ့် သူ့အသက်တွေ အတွက်၊ သူ့ရဲ့ နှစ်သစ်ကူးတွေအတွက် သူရဲ့ ရုန်းကန်မှုတခုလည်း ဖြစ်နိုင်တာပဲ။ ပုံချထားပြီး မေ့ထား လိုက်တဲ့ ဘ၀ဇာတ်ဆရာကို ကြိတ်ပြီးတော့ပဲဖြစ်ဖြစ် ပုန်ကန်မှုတခုလည်း ဖြစ်နေနိုင်တာပဲ။

ဒါမှမဟုတ် ဒီနေရာ၊ ဒီရွာ ကကြီးရွာကိုလည်း ကြိတ်ပြီးတော့ပဲဖြစ်ဖြစ် မုန်းနေနိုင်တာပေါ့။ သူ့ဆန္ဒကို လွန်ဆန်ပြီး ပစ်ချထားခံရတဲ့ နေရာ။ ဘုရား သခင်က သူ့ကံကြမ္မာကို ပြောင်လှောင်ခဲ့တာလား။ တခုခုကြောင့် ဒဏ်ခတ်ခဲ့တာပဲလား။ ဗာဂျီးနီးယား ၀ုဖ် စာတပိုဒ်ကို အမှတ်ရမိတယ်။ သူက ပြူတင်းပေါက်မှန်မှာ အပြင် ပျံထွက်ဖို့ ကြိုးစားနေတဲ့ ဖြုတ်ကလေးတကောင်ကိုတွေ့ တော့ ပြောတယ်။ “ဘုရားသခင်က အားလုံးရဲ့ အသက်ကို ဖန်ဆင်းတယ်ဆိုရင်ဖြင့် ဘာဖြစ်လို့ ဒီသေးသေးလေးကိုမှ အသက် ထည့်ပေးခဲ့တာလဲ။ သူက ပြောင်လှောင်ချင်လို့ လုပ်ခဲ့တာလား။ သက်တမ်းလည်း ဘာမှမခံတဲ့ ဒီလိုဖြုတ်ပိုးသေးသေးကိုမှ ရွေးပြီး ဘာဖြစ်လို့ဖန်ဆင်းခဲ့ရတာလဲပေါ့။” နော်လယ်ဝါးကိုလည်း နေရာလွဲပြီး ဖန်ဆင်းခဲ့ပုံရတယ်လို့ (ကျနော့်ဘာသာ အတွေးခေါင်နေမိခဲ့တာများလေလား) ကျနော်စဉ်းစားနေမိသေး တယ်။

တနေ့သားတော့ လူနာခေါ်လို့ ကျနော်နဲ့ ကိုဂုရုတို့ ဆေးကျောပိုးအိတ်တွေ လွယ်လို့ မုန်းချောင်းဖျားဘက် တက်ခဲ့ကြ တယ်။ အဲသည်ဖက်က ရွာစုကလေးမှာ လူနာတယောက် ဘာဖြစ်လို့ဆိုလား၊ လာခေါ်တာ။ ကျနော်တို့ဆေးရုံကနေ တနာရီ လောက်တော့ လျှောက်ကြရမယ်။ လမ်းတွေက တောင်ဘေးနားဝိုက်လိုက်၊ ချောင်းကို ဖြတ်လိုက်၊ ချောင်းဘေးနား လျှောက်လိုက်။

ဒါကို တောသဘာဝကတော့ ရေလိုက်တာလို့ခေါ်တယ်။ ချောင်းအထက်ကို တက်ရင်း တက်ရင်း တောင်ထိပ်ပိုင်း ရောက် သွားတာပေါ့။ လမ်းပျောက် လမ်းမှားမှာလည်း မပူရဘူး။ ခြေသွားလမ်းလေးတွေက ချောင်းကို ဟိုဖက်ဖြတ်၊ သည်ဖက်ဖြတ် ရှိတတ်ကြတယ်။ မုန်းချောင်း စမ်းရေက တသွင်သွင် စီးနေတယ်။ ကျနော်တို့ ဖိနပ်တွေ၊ ဘောင်းဘီအောက်ခြေတွေလည်း စိုလိုက် ခြောက်လိုက်နဲ့ပေါ့။

ချောင်းကို ဖြတ်လျှောက်လိုက်၊ ခင်တန်းလေးကျော်လိုက်နဲ့ လျှောက်လာကြတယ်။ တကယ်လို့ ကျောပိုးအိတ်ထဲမှာ ဓါတ် ဆားရေဗူး တလုံးလောက်သာ ထည့်သယ်ရရင် မချောင်လှဘူး။ အေကေသေနတ်ကလည်း ပါတော့ ချွေးတွေစို့လာတယ်။ ကြားထဲက အိမ်စုကလေးတွေ့တော့ ကျနော်က ကိုဂုရုကို နားကြရအောင်လို့ ပြောမိခဲ့တယ်။

အိမ်တလုံးအောက်မှာ ခွင့်တောင်းပြီး ခဏ၀င်နားတယ်။
“Good Morning”
အိမ်ပေါ်ကနေ တယောက်နှုတ်ဆက်လိုက်တယ်။
အိုး... ဘုရားရေ..ကကြီးရွာလို တောထဲမှာ
ကျနော်လည်း “morning” လို့ ကြောင်အအနဲ့ ပြန်နှုတ်ဆက်လိုက်မိတယ်။ နော်လယ်ဝါး။
သူ့အိမ်မှန်း ကျနော်မသိဘူး။ ခြေတံရှည် ၀ါးအိမ်ကြီးက ကြီးသား၊ မိသားစုကြီးနဲ့ အတူနေပုံရတယ်။ သူက ကျနော်တို့ကို ထမင်းစားခေါ်တယ်။ ထမင်းတော့ မစားဖြစ်ဖူး။ ကျနော် ရေးနွေးကြမ်းသောက်တယ်။ အဲသည်အချိန်မှာ ဆရာမနော်လယ်ဝါး က ထိုင်လို့ သူ့ကို တချက်ဆေးစစ်ကြည့်ပေးပါ ပြောလာတယ်။ ဒီလိုနဲ့ ကျနော့လူနာ ဖြစ်လာခဲ့တာ။

ဒီနေ့တော့ အိမ်နေမို့လို့ထင်တယ်။ ကျနော်တို့ တွေ့နေကျ ကျောင်းစိမ်းနဲ့ အသွင်နဲ့တော့ ကွာနေတယ်။ ပါးစပ်မှာလည်း ကွမ်းဝါးနေတာ တွေ့ရတယ်။ ကွမ်းကတော့ တောရွာအတွက် သွားရေစာလည်းဖြစ်၊ စိတ်အဆာပြေဖို့လည်း ဖြစ်မှာပေါ့။

ကျနော်စမ်းသပ်ကြည့်တယ်။ သွေးပေါင်ချိန် ပုံမှန်။ ဘာထူးခြားသလဲ ဆိုတော့ တခါတလေ မူးနောက်နောက် ဖြစ်တယ်ပဲ ပြောပါတယ်။ သူက သူ့လည်ပင်းမှာ အကျိတ်တွေရှိနေကြောင်း ပြလာတယ်။ လည်ပင်းက အကျိတ်တွေကို သေနပ်ခါး လူး ထားတယ်။
အကျိတ်တွေ... ဖြစ်နိုင်ခြေတွေက ကျနော့်ခေါင်းထဲမှာ အပြေးအလွှား။ မီးနီတွေလည်း ပီပေါ် အော်သွားတယ်။ အဆုတ် ရောဂါ (တီဘီ) လည်း ဖြစ်နိုင်သလို၊ အခြား ပိုကြီးမားတဲ့ ကင်ဆာ၊ သို့မဟုတ် အခြားရောဂါဆိုးတွေလည်း ရှိနေနိုင်တာပေါ့။ ချောင်းဆိုးသလား၊ တခြားရောဂါ လက္ခဏာတွေ ဘာဖြစ်သလဲ...။ ကျနော် သေချာအဖြေထုတ်နိုင်ဖို့ ဆိုရင် အခြားဓါတ်ခွဲ ခန်း စမ်းသပ်မှု၊ ဓါတ်မှန်ရိုက်တာမျိုး လည်း လိုလိမ့်မယ်။

သေချာရင်တောင်မှ ကျနော့မှာ ရှိတဲ့ဆေးက သာမန်အပရိက ဖျားနာတာလောက် ကုပေးဖို့ပဲ။ ကျနော် မတတ်နိုင်ပါဘူး။ သူ့ကို ဖြစ်နိုင်ခြေ မရှိမှန်းသိပေမယ့် အကြံပေးမိတယ်။ အခြား ဆေးရုံ၊ ဆေးခန်းကောင်းကောင်း တခုမှာ ကုသဖို့လိုတယ်။ သေချာ စစ်ဆေးကြည့်ဖို့လိုတယ်။ အကျိတ်တွေကတော့ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး ဆိုတာ ကျနော်ပြောပြပါတယ်။ ကေအန်ယူ ဌာနချုပ် မာနာပလောဘက်မှာလည်း ဆေးရုံကြီးတွေ ရှိတယ်။ ကုလို့ ရနိုင်တယ်။ သို့သော်လည်း သူ့ကို လွှတ် ပြီး ဆေးကုခွင့်ပေးမယ်ဆိုတာ ကျနော် မသေချာလှဘူး။ ဒုက္ခသည်စခန်းတခုခုမှာဆိုရင်တော့ အဲန်ဂျီအိုကဖွင့်ထားတဲ့ ဆေးရုံတွေမှာ ကုခွင့်ရနိုင်တာပေါ့ နောက်ပိုင်းရက်တွေမှာ ဆေးခန်းလာပြီး ဆေးတောင်းတာ၊ တခါ တလေ သာမန်ဖျားနာ လာပြတာတွေရှိတယ်။ တနင်္ဂနွေနေ့တွေမှာလည်း သီချင်းလာဆိုနေကြဖြစ်လို့ ဆက်ဆုံနေကြရ သေးတယ်။

ကျနော်က ဆရာမ ဆေးရုံတခုခုမှာ သေချာပြဖို့ကောင်းတယ်နော်လို့လည်း အမြဲမပြတ် သတိပေးတတ်သလို၊ သူကလည်း လုပ်တာပေါ့ ဆရာရယ်လို့ ခပ်လေးလေးပဲ ပြန်ဖြေတတ်တယ်။

သည်လိုနဲ့ နောက်ထပ် ၂-လ လောက်နေတော့ ကျနော် နောက်တန်းပြန်တက်ရတယ်။ ဋ္ဌာနချုပ်ကို ပြန်ရတယ်။
နော်လယ်ဝါး ဘယ်လိုများ ဖြစ်နေသလဲ ဆိုတာ တခါတလေ ကျနော် စိတ်ကူးမိသေးတယ်။ သေရင်လည်း သေသွားမှာပေါ့။ သို့မဟုတ် သူပျံသန်းလွတ်မြောက်ဖို့ တောင်ပန်တစုံလည်း (သိပ်ကံကောင်းထောက်မလျှင်ဖြင့်) ရနိုင်တာပေါ့။ သို့မဟုတ်လဲ နာတာရှည် ရောဂါတခုခုနဲ့ အသက်ရှင်နေနိုင်သေးသပေါ့။ နောက်ပိုင်းတော့ သူ့သတင်း မကြားမိတော့ပါဘူး။ သို့သော် လည်း သူက ကလေးတွေကို စာသင်ပေးတာ၊ ဆေးရုံက လူနာတွေကို သီချင်းဆို ဆုတောင်းပေးတာမျိုးနဲ့ သူနိုင်သမျှ ကကြီးရွာကလေးအတွက် အကျိုးဆက် ဆောင်နေလိမ့်မယ်လို့ ထင်တယ်။

သူဖျားနာတဲ့အခါ ဘယ်သူတွေက သီချင်းဆိုဆုတောင်းပေးမှာ ပါလိမ့်လို့လည်း မဆီမဆိုင် တွေးမိသေးတယ်။

ဘ၀မှာ အကြိမ်ကြိမ် မျှော်မှန်းရတာတွေနဲ့ လွဲရတဲ့အခါ ဆိုင်ဆိုင်-မဆိုင်ဆိုင် သူ့ကို သတိရမိနေသေးတယ်...။ ဘယ်သူက သူ့ကို ပစ်ချထားခဲ့တာလဲ။ သူကရော ဘုရားသခင်က လူ့လောကကြီးကို ပြောင်လှောင်လိုက်တဲ့ ကိစ္စ တခုပေပဲလား။
ကံကြမ္မာ ချောင်တနေရာမှာ ပစ်ချခံထားလိုက်ရတဲ့၊ သို့မဟုတ် ဘ၀ဇာတ်ဆရာက မေ့လျှော့ပြီး သူ့အခန်းတွေ ထည့်မရေးမိ လေတဲ့ အမျိုးသမီးတယောက်ပေါ့။

တချို့ လူတွေ (စစ်တုရင်သမားတွေ) က နယ်ရုပ်ကလေးတွေကို နေရာမှား ရွေ့တတ်ကြတယ်။
တချို့ နယ်ရုပ်ကလေးတွေကျပြန်တော့လည်း အကောင်ချင်းမှားလဲတာ ခံကြရတတ်တယ်။
နော်လယ်ဝါးဟာ သူများ မှားရွေ့တာခံရတဲ့ နယ်ရုပ်ကလေးတရုပ်လား။ ဒါမှမဟုတ် အကောင်ချင်းမှားလဲခံရတဲ့ နယ်ရုပ် ကလေးတရုပ်လေများလား။
အမျိုးသမီးအခွင့်အရေးကိစ္စတွေ၊ မြန်မာ့လူ့အဖွဲ့အစည်းမှာ ခွဲခြားဆက်ဆံမှု ရှိသလား ဆိုတာတွေ ဆွေးနွေးကြ၊ ကြားရ၊ ပြောကြတဲ့အခါမျိုးမှာ ဆရာမကို တွေးမိလို့ မေးခွန်းတွေ ပိုလို့ ဖြစ်ရသေးတယ်။ သို့သော် လည်း သူကတော့ သူ့နေရာဇာတ်ကွက်ကို အကောင်းဆုံး ကသွားခဲ့တာတော့ သေချာတယ်။


ယောဟန်အောင်

2 comments:

Kay said...

အရမ်းကောင်းတဲ့..ခေတ် နောက်ခံ ၀တ္တု တိုလေး ပါပဲ။

ခင်မင်းဇော် said...

အင်း နောက်ပိုင်း သူသေသွားတယ်လို့ ကြားတာပဲ။

Recent Comments