Pages

Tuesday, December 25, 2007

ပြဇာတ်

(၁)
တခါက ကျနော်တို့ နယူးယောက်မှာ ပြဇာတ်ကြည့်ဖြစ်ကြတယ်။ ကျနော်နဲ့ ကိုဇော်မင်း (ရွက်မွန်) တို့ Open Society Institute (OSI) အဖွဲ့နဲ့ တွေ့ အပြီး ဒီရုံးက မိတ်ဆွေအမျိုးသမီးက နယူးယောက် ရောက်တုန်း၊ ညတွေကို ဟိုတယ် တည်းခို ခန်းထဲမှာ အလဟသ မကုန်ဆုံးစေသင့်ဘူး။ တခုခု လုပ်ပါ၊ သူလိုက်ပို့မယ် ပြောတယ်။ ကျနော်တို့က စဉ်းစားကြည့်လိုက်ပြီး ဒေသထွက် ဘီယာ (local beer) တခုခု သောက်မယ်။ ပြဇာတ်ကြည့်မယ်လို့ ပြောလိုက်တယ်။ သူက ဘရော့ဝေး ပြဇာတ် တွေက ဈေးကြီး တယ်။ ပြဇာတ်တခုခု ရှာပေးမယ် ပြောပြီး သတင်းစာကြည့်၊ လက်မှတ်အတွက် ကြိုတင်ဖုန်းခေါ်လိုက်တယ်။

ပြဇာတ်နာမည်တော့ မမှတ်မိတော့ဘူး။ သူတို့က စမ်းသပ်အဆင့် (experimental) လို့ ခေါ်တဲ့ ပြဇာတ်မျိုးပဲ။ ဘရော့ဝေး မရောက်ခင် ဒီအဆင့်ကို ဖြတ်ကြရတာ။ ဒါတောင် ဈေးမသေးလှဘူး။ တယောက် ဒေါ်လာ ၈၀ လောက် ရှိမယ်။


ကျနော်တို့ ရုံထဲရောက်သွားတော့ ထိုင်ခုံမရှိဘူး။ မိုးတိုးမတ်တတ်။ စင်မြင့်က ဘယ်ဖက်မှာမှန်း မသိရဘူး။ ရုံထဲမှာလည်း လူတွေက တဖြည်းဖြည်းများလာတယ်။ နောက်တော့ ပြဇာတ်စပါပြီ။ ကျနော်တို့ ခေါင်းပေါ်က မီးလင်းလာတယ်။ လေယာဉ် ပျံသံ လိုလို၊ တင့်ကား သံချပ်ကာပြားတွေ ပွတ်ကျိတ်နင်းလာသံလိုလို ကြားလိုက်ရပြီး။ ခေါင်းပေါ်က မျက်နှာကျက်သဖွယ် မီးလင်း နေတဲ့ ပိတ်စအပေါ်ကို တင့်ကားအရုပ်ကလေးတွေ၊ လေယာဉ်ပျံ အရုပ်လေးတွေ တဖြောက်ဖြောက်ကျလာတယ်။ ကြယ်တွေလည်း ကြွေကျတယ်။ နောက်တော့ ဟိုဘက်၊ သည်ဘက် ကြိုးနဲ့ လွှဲသွားတဲ့ လူအရိပ်တွေကို တွေ့ရတယ်။ တစ္ဆေ တွေလို၊ နာနာဘာဝတွေ လိုလို။ လူတွေ နာနာကျဉ်ကျဉ် အော်သံတွေကိုလည်း ကြားရ။ နောက်ပိုင်း ပိုခြောက်ခြား စရာ ဖြစ်လာတယ်။ နောက်တော့မှ ၀ဲပျံနေတဲ့ အရိပ်တွေက နိမ့်ကျလာပြီး ကျနော်တို့ ခေါင်းပေါ်က ပိတ်စလို့ ထင်နေခဲ့ရတဲ့ စက္ကူအဖြူစကြီးကို ဆွဲဆုတ်ချသွားကြတော့တယ်။ သည်တော့မှ ဇာတ်ခုံပေါ်လာတယ်။ ဇာတ်ခုံက မြင်ကွင်းကျယ် ပတ်ပတ် လည်မှာ ရှိနေသလို၊ ခေါင်းပေါ်မှာပါ ရှိနေတယ်။ စက်ဝိုင်းခြမ်းပုံပေါ့။

ဇာတ်လမ်းသဘောကတော့ စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်က ချီလီ၊ အာဂျင်တီးနား စသဖြင့် လက်တင်အမေရိက နိုင်ငံတခုအောက်က ပြည်သူတွေရဲ့ ဘ၀ပါပဲ။ တော်လှန်ရေး သဘောမျိုးလည်း ပါတယ်။ စကားမပြောကြပေမယ့် ခံစား လို့ရတယ်။ တေးသံ၊ မီးရောင်၊ ကောက်ကွေးတွန့်လိမ်နေတဲ့ လူတွေ၊ အမိန့်ပေးသံ ဆန်ဆန်၊ မိန့်ခွန်းဆန်ဆန် စကားသံ တွေ ကြားကြရတယ်။ တခါတလေ လူအုပ်ကြီးက ပလပ်စတစ်ပုန်းတွေ၊ တိုင်ကီတွေကို ဒရမ်သဖွယ် ပြိုင်တူထုရိုက်တာက စိတ် တက်ကြွဖွယ်၊ စစ်ချီတေးသွားလိုလို။ လူတွေ ကကြတယ်။ ကြိုးတန်း ဆိုင်းကြိုးတွေနဲ့ ဆွဲပြီး ကျနော်တို့ ခေါင်းပေါ် ကလည်း ၀ဲပျံသွားကြတယ်။ တခါတလေ မိုးရွာသလိုမျိုး ဖွဲဖွဲလေး ရေတွေ ရွာချလို့ ကျနော်တို့လည်း စိုစိစိ ဖြစ်နေရတယ်။ တချို့ ပြဇာတ်ကြည့်နေသူက ထီးတောင်ထုတ်ဆောင်းနေကြရတယ်။ တခါတလေ ပရိသတ်ထဲက တယောက်ကို ကြိုးဆိုင်း တွေနဲ့ လူတွေက လာမပြီး စင်ပေါ်ကောက်တင်သွားတာလည်း ရှိတယ်။ လူကလည်း ဟိုဘက်ကို လှည့်ကြည့်လိုက်၊ ဒီဘက်ကို လှည့်ကြည့်လိုက် လုပ်နေရတယ်။

ဒီပြဇာတ်ကတော့ ကြည့်သူကို အလုပ်ပေးတဲ့ ပြဇာတ်ပါပဲ။ ပြီးသွားတဲ့အထိ မိုးတိုးမတ်တတ်။ သူတို့နဲ့ပါ ကျနော်တို့က ရောပြီး အလုပ်လုပ်ပေးကြရတယ်။ ကျနော့်ဘ၀မှာ တသက်တခါ ဆိုရလောက်အောင် ဒီပြဇာတ်မျိုး ဒီတခါပဲ ကြည့်ဖူး တယ်။ နောက် တခါလည်း ထပ်မကြည့်ဖြစ်သေးဘူး။

(၂)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလည်း စတူဒီယို ဇန်း (Studio Xang) ဆိုတဲ့ ကျောင်းကလေးရှိတယ်။ သူတို့က ရွှေ့ပြောင်းအခြေချ မိသားစုတွေက ကလေးတွေ အနုပညာ ဖွံ့ဖြိုးစေဖို့အတွက် (Art for Migrant Children Project-- AMCP) စီမံချက်တခု ကို စေတနာ့ဝန်ထမ်း လုပ်ပေးနေကြတာ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နဲ မဲလအုန်း ဒုက္ခသည်စခန်းတွေမှာလည်း သူတို့ ပညာရေး အစီအစဉ်တွေ လုပ်ထားတာ ရှိတယ်။

စိတ်ဝင်စားစရာက သူတို့က အသုံးချ ပြဇာတ်နည်းပညာ (Applied Drama) သုံးပြီး ကလေးတွေကို စာသင်ပေးတာပါ။ Visual art လည်း ကလေးတွေကို သင်ပေးတယ်။ ဒီ သင်တန်းတွေကို ဦးဆောင်တဲ့ မတ် ယိုဆော (Matt Yoxall) က ဘန်ကောက် အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေ အကြား ဒီပြဇာတ်ကတဲ့ နည်းပညာနဲ့ ပိုနားလည်မှု၊ ဆက်စပ်ဆောင်ရွက်မှု ရစေခဲ့တယ် ဆိုတယ်။ အလားတူ အင်္ဂလန်နိုင်ငံရှိ အမျိုးသားပြတိုက် ပညာပေး အစီအစဉ်မှာလည်း ဒီနည်းပညာမျိုးကို သူ အသုံးချခဲ့ဖူးတယ်။

ဒီ အယူအဆ စတင်လာတာကတော့ အော်ဂတ်စတို ဘိုး (Augusto Boal) ဆိုတဲ့ သူဆီကပါ။ ဘရာဇီးနိုင်ငံ၊ ဆန်ပေါင်လို မြို့မှာရှိတဲ့ အေရီနာ ပြဇာတ်ရုံမှာ သူတို့ ပြဇာတ်တွေ ကကြတယ်။ ပြဇာတ်မှာ စင်ပေါ်မှာ ကတဲ့သူက ဇာတ်လိုက်၊ မင်းသား၊ မင်းသမီး၊ လူကြမ်း.. စသဖြင့်ပေါ့။ ပြဇာတ် (Drama) လို့ ပြောလိုက်တာနဲ့ လူအများစုက ဇာတ်ခုံ စင်မြင့်၊ ဇာတ်ညွှန်း၊ ၀တ်စုံတွေ၊ လက်ခုပ်သံတွေ၊ လူတချို့က စင်ပေါ်တက်ဖို့ တုန်လှုပ်ခြောက်ခြား ဖြစ်ရတာတွေ၊ ပျင်းရိငြီးငွေ့ ဖွယ်ရာ ကိစ္စ တွေ ကို မြင်တတ်ကြတယ်။ ဒါပေမယ့် အေရီနာ ဇာတ်ရုံရဲ့ အစဉ်အလာအရ ဘရာဇီးနိုင်ငံက ပွဲကြည့် ပရိသတ် တွေကို ဖျော်ဖြေ တင်ဆက်မှုပြီးတိုင်း ဒီပြဇာတ်အပေါ် ပြန်ဆွေးနွေးနိုင်ဖို့ ဖိတ်ကြားလေ့ရှိတယ်။ ၁၉၆၀ မှာ “ဘိုး”က ဒီအယူအဆကို အခြေခံ ပြီးတော့ နောက်ထပ် ဆန်းသစ်မှု လုပ်ကြည့်ပြန်တယ်။ ပြဇာတ်တင်ဆက် ကပြနေစဉ် ပရိသတ် တွေက ရပ်ခိုင်းလို့ ရတယ်။ ဇာတ်ကောင်တွေကို အခြား တနည်း ပြောင်းလဲ ကပြစေဖို့ ခိုင်းလို့ရတယ်။ ပုံစံသစ်ကို တီထွင် တာပေါ့။ နောက်ပိုင်း “ဘိုး”က ပိုထူးခြားတဲ့ နည်းကိုပါ စမ်းသပ် လာတယ်။ “ဘိုး”က ဒီ နည်းလမ်းကို “ဖိနှိပ်ခံရသူများ၏ ပြဇာတ်ခုံ” လို့ ခေါ်ဆိုခဲ့တယ်။

“ဘိုး”က ပြောင်းလဲကပြရန် အကြံပြုကြတဲ့ ပရိသတ်တွေကို စင်ပေါ်ဖိတ်တယ်။ သူတို့၏ အိုင်ဒီယာကို ကိုယ်တိုင်ကပြ ညွှန်ကြား စေတယ်။ သူ တွေ့လာတာက ပရိသတ်တွေက ချက်ချင်း ဆိုသလို လုပ်ပိုင်ခွင့် အာဏာသြဇာမြှင့်တင်ပေးရာ ရောက်သွားတယ်။ အပြောင်းအလဲအတွက် မျှော်မှန်း နေရုံမျှသာ မကဘဲ လက်တွေ့ကပြ အကောင်အထည်ဖော်လို့ ရလာ တယ်။ အဲသည်လိုနဲ့ ပြဇာတ်ကပြမှုဟာ လူမှု လှုပ်ရှားမှု၊ စည်းရုံးမှုတွေမှာလည်း လက်နက်တခုအဖြစ် သုံးနိုင်ကြောင်း သိလာရတယ်။ အလားတူ ဒီ အသုံးချပြဇာတ်နည်းနာကို အာဏာရှင်စနစ်နောက်ပိုင်း အာဂျင်တီးနားနိုင်ငံမှာလည်း အသွင် ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိစေရေး လုပ်ငန်းစဉ်တွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးချခဲ့ကြတယ်။

အခု စတူဒီယို ဇန်းကတော့ နယ်စပ်ကျောင်းက ကလေးတွေကို သူတို့ကိုယ်တိုင် ပြဇာတ်ရေးစေတယ်။ သရုပ်ဆောင် စေတယ်။ ရှက်ရွံ့နေတဲ့ ကလေးတွေကို ပိုမို ရဲဝံ့လာစေပြီး၊ ဗိုလ်ကျ ဆိုးသွမ်းနေသော ကလေးတွေကိုလည်း သူတို့အတွင်း မှာ မိမိကိုယ်ကို ယုံကြည်မှု နည်းနေပုံကိုလည်း သိမြင်စေခဲ့တယ်။ စာသင်ကြားမှု ကိုယ်၌မှာက သရုပ်ဆောင်မှု တမျိုးပဲတဲ့။ အစဉ်အလာ အရ ဆရာက ပင်မ သရုပ်ဆောင်သူဖြစ်နေပြီး၊ ကလေးတွေက ပရိသတ်ဖြစ်နေတယ်။ စတူဒီယို ဇန်းကတော့ ဒီစနစ်ကို ပြောင်းခဲ့တယ်။ ဆရာက ဇာတ်ခုံစင်မြင့်ကို ညွှန်ကြားပေးတဲ့ ဒါရိုက်တာ ဖြစ်လာပြီး၊ ကလေးတွေကို အပြုခံ ဆရာ ပြောသမျှ နားထောင်နေရ၊ ကြည့်နေရာတဲ့ နေရာကနေ၊ ပရိသတ်ခုံနေရာတွေကနေ ထွက်လာစေတယ်။ သူတို့ကိုယ်တိုင် သရုပ်ဆောင်တွေ ဖြစ်လာစေတယ်။ စိတ်ဝင်စားဖွယ် ကျောင်းကလေးပါပဲ။

(၃)
ကျနော် မကြာသေးမီက “တောင်တန်း၊ သစ်ပင်၊ သွေးစ....” ကို ရေးဖြစ်တယ်။
စဖြစ်တာကတော့ ဆရာမမေငြိမ်းက မြှောက်ပေးပါတယ်။ “ရှင်က စိတ်ရှည်တယ်။ ၀တ္ထုရှည် စမ်းရေးကြည့်ရင် ကောင်းမယ်” လို့ ပြောလာတယ်။ ကျနော်လည်း ဘ၀ခြေရာသဖွယ်၊ ကျနော်တို့ ရဲဘော်တွေရဲ့ ဖြတ်သန်းမှုကို လွမ်းမော တသဘွယ်၊ အမှတ်တရ ကာလများအကြောင်း အပိုင်းလေးတွေ ခွဲပြီး အဆွေးဓာတ်ခံနဲ့ ဖွဲ့မိတယ်။ “တောလား”ပဲ ဆိုကြပါစို့။ ကျနော်က ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလိုဝတ္ထုရှည်လိုမျိုး ရေးဖူးတဲ့ အတွေ့အကြုံ မရှိပါဘူး။

အားပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော့်အခက်အခဲက သက်ရှိထင်ရှား ဇာတ်ကောင်တွေကို ချယ်ရေး နေရတာပါ။ သူတို့ မနစ်နာရစေရအောင်၊ အဖြစ်မှန်လည်း ပေါ်လွင်ရအောင် ရေးပါတယ်။ အချိတ်အဆက်၊ ဇာတ်ထိုး အဖြည့်လေးတွေကိုလည်း ဆွဲဆောင်မှု ရှိအောင် ကြံဖန်ရတာပေါ့။ ဒီမှာ ဆက်သွယ်ရေးခေတ်သစ် နည်းပညာရဲ့ အားကောင်းချက်တွေကို ကျနော်တွေ့လာတယ်။ ပရိသတ်ဆီက အကြံပြုစာတွေရော၊ ဆွေးနွေးချက်တွေပါ ကျနော် သိလာရတယ်။ ကျနော့်ဇာတ်လမ်းထဲက ဇာတ်လိုက်တွေကလည်း စောင့်ဖတ်နေကြတယ်။ “ဘယ်လိုအဆုံးသတ်မလဲ ဆိုတာ (ရပ်တည်ချက်ကို) စောင့်ကြည့်နေတယ်”ဆိုတဲ့ ကိစ္စမျိုးလည်း ရှိလာတယ်။ ၀တ္ထုစာအုပ်ဆိုရင် နောက်ဆုံးခန်း လှန်ပြီးဖတ် မယ့် ပရိသတ်မျိုးတွေပေါ့။ နည်းနည်းလွဲချော်နေတဲ့ အသေးစိတ် ပြင်ပေးသူတွေလည်း ရှိတယ်။ ကျေးဇူး။ ကျနော့် အရေး အသားကိုလည်း ပြန်ထိန်းသိမ်းရမလို ဖြစ်လာတယ်။
စဉ်းစားမိတယ်။ ကောင်းတော့ ကောင်းသား။ ဒီလိုမျိုး interactive တုံ့ပြန်မှု ရှိနေတဲ့ စာရေးပုံမျိုး မရေးခဲ့ဖူးဘူး။ စဉ်းစား မိတာတော့ “ဘိုး” ရဲ့ ဇာတ်ခုံနဲ့တော့ တော်တော်တူလာပြီ။

ပရိသတ်အကြိုက် နိဂုံးကို ကျနော် ပြင်ပစ်ရမှာလား။ အဖြစ်မှန်ကို တင်ပြရမှာလား။ စဉ်းစား စရာပါ။ ကျနော် ဆရာ မြသန်းတင့်ရေးတဲ့ ပုံတောင်ပုံညာသွားတောလား ဖတ်ဖူးတယ်။ အဆုံးသတ်မှာ ပုံတောင်သူ၊ ပုံညာသားတို့အနေနဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်သွားကြလေသတည်းလို့ မပြောခဲ့ပါဘူး။ အခု ကျနော်တို့ ဘ၀ရဲ့ တဆစ်ချိုး အတွေ့အကြုံလေးတွေ (တနည်းအားဖြင့် ဘ၀စာမျက်နှာလေးတွေ) ကို ရေးဖွဲ့ နေတာပဲ။ ကျနော့်တောလား ဟာလည်း ဘယ်လို အဆုံးသတ်ရမှာလည်း။ ဘ၀စာမျက်နှာမျိုးတွေလိုပေါ့။ အဲဒီဘ၀စာမျက်နှာလေးက စာမျက်နှာ (၂၀) မှာ ဆုံးသွားရင် ဆုံးသွားမှာပေါ့။ စာမျက်နှာ (၂၁) မှာ နောက်ထပ် တဆစ်ချိုး အတွေ့အကြုံတခုက အရန်သင့် ထပ်ရှိနေပြန် တယ်လေ။ ရုပ်ရှင်ကြည့်ပရိတ်သတ်ကြီး စောင့်မျှော်နေကြသလို အဆုံးသတ် ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဇာတ်လမ်းက အဲဒီအတိုင်းပဲ အဆုံးသတ်ရမှာလား။ ပရိသတ်တွေကိုပဲ မစ္စတာ “ဘိုး” လို ဆက်ကခွင့် ပြုလိုက်ရမှာလား...။ စဉ်းစားစရာတွေနဲ့ပေါ့။

ဝိုင်းဝန်း ဆွေးနွေးကြပါဦးဗျာ...။ ဖိတ်ခေါ်လျှက်....။ C-Box ထက်စာရင် Comment မှာ ရေးတာ ကောင်းတာပေါ့ဗျာ။ မှတ်တမ်းကျန်ပြီး၊ နေရာများများ ပိုဆန့်တယ်။

ယောဟန်အောင်

2 comments:

kay said...

ဘယ်လောက် ထိ ကြာ အောင် ပဲ ရေးရေး.. စာရေး သူ ကိုယ်တိုင် ကတော့..အဆုံးသတ် ပေး ရမှာပဲလေ။ အဆုံးသတ်..အဆုံး အဖြတ် နဲ့.. ဇာတ် လမ်း ဇာတ် ကွက် တွေ ကလည်း..စာရေး သူ ကိုယ် ပိုင်ပဲ ဖြစ် ဖို့လိုမယ် ထင်ပါတယ်။ `တခါ ကရဲဘော်´ ပြောသလို.. ဝေ့လည် ကွေ့ရှောင် ..ဖတ်ကောင်းအောင်..မိတ်မပျက် အောင် ရေး တဲ့စာ ထက်.. အများစု က..လက်ခံနိုင်တဲ့..အမှန် တရားကို အခြေ ခံ လိုက် ရင်တော့..သိပ်ကို တန်ဖိုး ရှိ မှာပါ။ ( ကျ မတို့ ငယ်ငယ် က..ဒေါ် ခင်ဆွေဦး ရေးခဲ့တဲ့..တော်လှန် ရေး နောက်ခံ အချစ် ဇာတ်လမ်း လေး တွေကိုလည်း လွမ်းမိပါတယ်။ )

SUE NITT said...

Dear Writer,sorry for i cannot use myanmar font this time,your presentation about the concert(play)at NewYork is very interesting and retain as a remarkable item in our mind.(Waiting for more items..).THIDAR,jap

Recent Comments