(၅)
ကောင်းကင်တွင် ပျံသန်းသွားသော ဂျက်လေယာဉ်တစင်း၏ အသံကိုကြားရသည်။ အမြီးမှ ထွက်သည့် မီးခိုးရှည်တန်းကြီး ကလည်း တနံတလျား ကောင်းကင်ကို ဖြတ်၍ ထောင့်တန်း ချုပ်သွားသည့်နှယ် ရှိသည်။
လေယာဉ်ပျံကြီး
ပျံသန်းသွား
ငါ့ကို တင်ခေါ်သွားပါလား..
စိတ်ကူးတွေနဲ့
ကောင်းကင်မှာ လမ်းထင်အောင် ထွန်ချစ်နေတော့တယ်.... သည်လို ကဗျာလေးတွေလည်း သူကြိုက်ခဲ့ဖူးသည်။
“ကျနော်က တောင်အတက်မှာ အဲသည်လို လေယာဉ်ပျံကြီးတွေ ပျံသွားတာ မြင်ရတိုင်း ဘယ်လိုလူတွေ စီးသွားပါလိမ့်လို့ စဉ်းစားမိတယ်။ စဉ်းစားကြည့်ပါဦး။ သူတို့ကတော့ ကမ္ဘာကို ခဏလေးနဲ့ ပတ်သွားတယ်။ ကျနော်တို့က ဟိုဘက်မြင်နေရ တဲ့ တောင်ရောက်ဖို့တောင် အတော်လျှောက်ယူနေရတယ်။ ဘ၀... ဘ၀...”
ကိုဝင်းနိုင်က တောင်အတက်တွင် တွေးတွေး ဆဆ ပြောသည်။ ဟုတ်သည်။ သူလည်း မနာလိုသလိုလို၊ ကိုယ့်ဘ၀ကိုယ် ၀မ်းနည်းသလိုလို ခံစားရဖူးသည်။ အများက လေယာဉ်ပျံဖြင့် ဖြတ်သွားချိန်တွင် အောက်ငုံ့ကြည့်လျှင် တောကြီးကိုသာ တွေ့လိမ့်မပေါ့။ သည်တောင်များပေါ်တွင် လျှောက်နေကြသော၊ ဒုက္ခခံနေကြရသော၊ နေရာလွဲမှားနေသော သူတို့ အကြောင်း မည်သူက စဉ်းစားပါလိမ့်မည်နည်း။ သူတို့ကတော့ ခရီးတခုခုရောက်ဖို့ လျှောက်ချည်း လျှောက်နေခဲ့ရသည်။
တတောပြီး တတော၊ တတောင်ပြီး တတောင်။
အခု ခရီးတွင် အ၀တ်အစားများက တောပုံမကျ၊ မြို့ပုံမကျဆို၍ ပို၍ ဒုက္ခရောက်ကြရသည်။ ဂျင်း ဘောင်းဘီ မာခေါက်က တောင်တက်၍ မကောင်း။ မြို့ဖြတ်လာစဉ် စီးလာသည့် ရှူးဖိနပ်ကလည်း တောင်တက်၍ သိပ် အဆင်မပြေလှ။ အပေါ် ရောက်လျှင် လွှင့်ပစ်ရမည် ထင်သည်။ သည်ကြားထဲ နေကပူသောကြောင့် ကျောနှင့် ကျောပိုး အိတ်ကြားတွင် ချွေးများနှင့် ရွှဲနင့်နေသည်။ ခဏထိုင်ကြပြီး ရေသောက်ကြသည်။
“ကျနော် ရှေ့တန်းသွားတုန်းက ကိုဌေးတို့နဲ့ တွဲတဲ့ ကရင်တယောက်ကတော့ ပြောဖူးတယ်ဗျ။ တောင်တက်ရင် အရက်မူး သမားသိုင်းနဲ့ တက်ရတယ် ပြောတယ်။ အပေါ်ကို မကြည့်နဲ့။ ရှေ့နီးနီးကိုပဲကြည့်။ ပြီးတော့ ခြေကိုလည်း လှမ်းချင်သလို၊ မလှမ်းချင်သလို လှမ်း။ ဟောသည်လို...” ကိုထွန်းခင်က ခပ်ယိုင်ထိုးထိုးနှင့် ဖြည်းဖြည်းသွားနေသည့်ဟန်ကို လုပ်ပြသည်။ ရယ်ကြရသည်။
“ဒီနည်း မကောင်းသေးပါဘူး။” ကိုဇော်ထွန်းက ဆိုလာခဲ့သည်။ “ဒီလိုဗျ... တောင်တက်ရင် ၀က်ဝံစိတ်သွင်းပြီး တက်ရတယ် ပြောတယ်။ ၀က်ဝံဟာ အကောင်တော့ကြီးတယ်။ သို့သော် တောင်တော့တက်နိုင်တာပဲ။ မြန်လည် မြန်တယ်။ တောင်တက် ရင် ၀က်ဝံလို တက်ရမယ်ဗျ” ကိုဇော်ထွန်းက ထ၍ ပခုံးကို ရှေ့သို့နှိမ့်ချလိုက်ကာ လက်နှစ်ဖက်ကို ကားလိုက်သည်။ ခြေကို ပါ ခပ်ခွင်ခွင်လုပ်လိုက်ပြီး ၀က်ဝံလို ခပ်လေးလေးသွားပြသည်။ တောင်တန်းပေါ်တွင် ရယ်သံများ ညံသွားခဲ့သည်။
..... ...... ......
သူတို့က ၀တပ်ဖွဲ့များဆီသို့ စစ်ကူသဘောလာသည် ဆို၍ အထင်မကြီးလိုက်နှင့် ဤ (၅) ဦးသာ ရှိသည်။ ၀တပ်ဖွဲ့များ ကလည်း ၀မ်းပန်းတသာ ကြိုကြသည်။ ဗမာကျောင်းသားများက သူတို့ကို လာကူညီကြသည်ဟုလည်း ၀မ်းမြောက်နေကြ သည်။ သူတို့ ကတော့ ပုဂံခေတ် ပဲခူးနေပြည်တော်သို့ စစ်ကူပို့လိုက်သည့် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင် ဦးဖီး အလား သူတို့ကိုယ် သူတို့ ထင်လိုက်ကြသေးသည်။ ယခု ပြန်တွေးလျှင်တော့ ဤလူတအုပ်လေးဖြင့် ၀တပ်ဖွဲ့များကို စည်းရုံးမည် ဆိုသည်မှာလည်း စိတ်ကူးယဉ်ရာ ကျလွန်းလှပါသည်။
သူတို့ ရောက်တော့ ဆေးရုံတွင် အခြေချကြရသည်။ ယခင်က ၀ဆေးမှူးများနှင့် တရုတ်ဆေးမှူး (၃) ဦးရှိသော်လည်း ဗမာ ဆရာဝန်များ ရောက်လာပြီဆိုသောအခါ သူတို့အဖွဲ့ကို အားကိုးကြသည်။ သူတို့က ဆေးရုံတွင် လိုအပ်သည်များ ပြုပြင် ပြောင်းလဲရေး လုပ်မည်ဆိုသော အခါတွင်လည်း လျှောလျှောလျှူလျှူ ခွင့်ပြုကြသည်။ ဒေါက်တာပါကျင်ကလည်း တိကျ သည်။ ၀ါရင့်သမားတော်တဦး ပီသသည်။ သိပ်အားမနာတတ်ဘဲ လိုအပ်သည်ကို တိတိကျကျပြောသည်။ လေသံက ပျော့ပြောင်းသော်လည်း သူ၏ တည်ကြည်သည့်ဟန်ကြောင့် အားကိုးကြသည်။
ဆေးရုံအနေအထားကို ပြောလိုသည်။ ဆေးရုံဆိုသော်လည်း မြေစိုက်ဝါးတဲကြီးမျှသာ။ အခင်းက မြေကြီးကို ပြောင်အောင် ရှင်းထားသည်။ လူနာကုတင်များကို ၀ါးများနှင့် ဆောက်ထားပြီး၊ နှစ်ယောက် တစ်ကုတင်ပုံစံဆောက်ထားပြီး ၎င်းကုတင် များကြားတွင် လူဝင်ရန် လမ်းကလေးသဖွယ် ရှင်းထားသည်။ အကာက ၀ါးဖြစ်ပြီး၊ အမိုးကတော့ ဖက်မိုးပင်ဖြစ်သည်။ ဆေးရုံက တောကျော အစွယ်တခုပေါ်တွင် တည်ရှိနေပြီး ဘယ်ဘက်နှင့် ညာဘက်တွင် ရေချောင်းကလေးက ကွေ့ပတ် စီးဆင်းသွားသည်။ အဝေးကို လှမ်းကြည့်လျှင် အခြားတောင်ကုန်းများကို မြင်နေရသည်။ မည်သည့်အတွက်ကြောင့် မသိ။ ၀ရွာအများက တောင်ပေါ်တွင်သာ ဆောက်ထားကြသည်။ လုံခြုံရေးအကြောင်းကြောင့်လည်း တကြောင်း ဖြစ်မည် ယူဆရ သလို၊ စစ်စခန်းတပိုင်း၊ ရွာတပိုင်း ရော၍ နေထိုင်ကြရသောကြောင့်လည်း ဖြစ်နိုင်သည်။ သို့အတွက်ကြောင့် အခြားတောင် များကို လှမ်းကြည့်လျှင် တောင်ထိပ်များတွင် မြေပြောင်ပြောင်နေရာများကို တွေ့တွေ့နေရတတ်သည်။
ဝတပ်မှူးတဦးကတော့ ရှင်းပြသည်။ ဟိုဟာက ခွန်ဆာတပ်တွေ ရှိနေတဲ့ကုန်း၊ သည်ဟာက ကျနော်တို့ကုန်း၊ ဟိုဟာက ခွန်ဆာကုန်း... စသဖြင့်။ သို့သော်လည်း နယ်မြေက ပြတ်ပြတ်သားသား စည်းခြားထားပုံမရ။ သူဝင် ကိုယ်ထွက်၊ သူနှင့် ကိုယ်နှင့် ဘတပြန်၊ ကျားတပြန် ရောနေသော ဒေသများလည်း ဖြစ်နေနိုင်သည်။ သို့သော် သေချာသည်ကတော့ စစ်ပွဲများ ဖြစ်နေသည့် ခွန်ဆာတပ်စခန်းများနှင့်လည်း မဝေးလှခြင်းပင်။ ဒေသတွင် နေရထိုင်ရသည်မှာ ရာသီဥတုက မဆိုးလှ။ သမမျှတသည်ဟု ဆိုနိုင်သည်။ သူတို့ရောက်ခါစက ဆောင်းအကုန်ဖြစ်၍ နည်းနည်းအေးချင်သည်။ သို့သော် နောက်ပိုင်း နွေရာသီကာလတွင်လည်း ၇၀ံ F (နေ့ဖက်)၊ ၅၀ံ F (ညဖက်) ခန့်ရှိမည်။ ရေချိုးလျှင်တော့ တောင်အောက်ကို ဆင်း၍ ချောင်းကလေး တွင် ရေချိုးကြရသည်။ အ၀တ်လျှော်ကြရသည်။ ရံဖန်ရံခါ လက်နက်ကြီးသံများကိုလည်း ကြားနေရတတ် သည်။
သူတို့ ဆေးရုံရောက်ပြီးသည်နှင့် သူတို့က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်တော့သည်။ လူနာ အပူချိန်တိုင်း၊ သွေး တိုင်း၊ ဆေးပေးသည့် လူနာချတ်များ လုပ်သည်။ ဆေးစာရင်းပြုစုသည်။ လိုအပ်သည့် ဆေးများကို စာရင်းလုပ်သည်။ ၀တပ်ဖွဲ့ခေါင်းဆောင်များက သူတို့မှာသည့် ဆေးများကို မြို့သို့တဆင့်မှာပေး၍ လားများဖြင့် သယ်ပေးကြသည်။ သူတို့ ဆေးစာအုပ်အချို့လည်း ကိုးကားစရာလိုမည်ဖြစ်၍ မှာလိုက်သေးသည် ထင်သည်။ ရလာခဲ့သည်။ နောက်ပိုင်း မကြာခင် တွင် ခွဲစိတ်ခန်းကို ထပ်ဆောက်သည်။ ခွဲစိတ်ခန်းဆိုသော်လည်း အထင်ကြီးစရာ မရှိပါ။ ၀ါးကာ၊ ၀ါးခင်း၊ အမိုး ဖက်မိုးသာ ဖြစ်သည်။ မြေမှ အနည်းငယ်မြှင့်ထားပြီး၊ နံဘေးတွင် ပလပ်စတစ်စများဖြင့် ပတ်၍ကာရံသည်။ နောက်ပိုင်းတွင် နာလံထ လူနာများအတွက် တဆောင်၊ တီဗွီထားသည့် လူနာဆောင်တဆောင် ထပ်ဆောက်သည်။ စုစုပေါင်း ဆေးရုံက (၃) ဆောင် ဖြစ်သွားပြီး လူနာ ၈၀-၁၀၀ ခန့် တင်ကုနိုင်မည့် ဆေးရုံ ဖြစ်လာခဲ့သည်။ ထူးခြားသည်က အခြားကြုံခဲ့ရသော ဒေသများ ထက်စာလျှင် ငှက်ဖျားနည်းသည်။ ဒဏ်ရာရ လူနာများသည်။ သာမန် အခြားအဖျားအနာ၊ မိန်းမရောဂါများ ကြုံတတ်သည်။ တီဘီရောဂါသည်လည်း များသည်။ သူတို့အတွက် တီဘီကုန်းဟူ၍ သီးခြားခွဲထားသည့် လူနာဆောင် သက်သက်တခု ရှိသည်။ သူတို့ သိပ်မရောက်ဖြစ်လှ... ၀ဆေးမှူးများကသာ တာဝန်ယူကြသည်။
သူတို့ကို “ဆရာလုံ” (ဆရာလေး) ဟု ခေါ်ကြပြီး ဒေါက်တာပါကျင်ကိုတော့ ဆရာကြီးဟု ခေါ်ကြသည်။ သူတို့နေရန်အတွက် တဲတလုံးသက်သက်ရှိပြီး မြေစိုက်သာ ဖြစ်သည်။ ကုတင်များကလည်း နှစ်ယောက် တစ်ကုတင် ၀ါးဖြင့် ဆောက်ထားသည်။ ဆေးရုံလူနာများအတွက် ထမင်းစားဆောင်ရှိသည်။ သူတို့လည်း သည်မှာပင် စားကြသည်။ ထမင်း ချက်အဖိုးကြီးက တရုတ် လူမျိုးဖြစ်သော်လည်း ဗမာရည်လည်သည်။ သူတို့နှင့်လည်း အပေါင်းသင့်သည်။ သေချာတော့ မသိ။ ဘီအိုင်အေ ခေတ် ကတည်းက ပါလာသော ရဲဘော်တဦးလိုလိုလည်း ပြောကြသည်။
သူတို့နေရာက (၀တောင်ပိုင်း) ဌာနချုပ်စခန်း ဖြစ်သည်။ ဌာနချုပ်တခုလုံးဆိုလျှင် လူ (၂၀၀) ခန့် ရှိလိမ့်မည် ထင်သည်။ ကလေးငယ်များအတွက် ကျောင်းရှိသည်။ ကိုအောင်နိုင်ဦးတို့၊ ကိုဝင်းမောင်တို့က ထိုကျောင်းတွင် စာသင်ကြသည်။ နောက်ပိုင်း သိပ်မတွေ့ဖြစ်ကြ။ ဌာနများက ဟိုတကုန်း၊ သည်တကုန်း ဖြစ်သော်လည်း ရွာကြီးတခုကဲ့သို့ ရှိနေသည်။ လား တပ်ဖွဲ့ရှိသည်။ ဆက်သွယ်ရေးတပ်ဖွဲ့ရှိသည်။ အင်ဂျင်နီယာတပ်ဖွဲ့ရှိသည်။ အရာရှိအိမ်များနှင့် အိမ်ထောင်သည်လိုင်းလည်း ရှိသည်။ သူတို့ဆေးရုံဌာန ရှိသည်။ ထို့အပြင် ပြစ်မှု ကျူးလွန်လာသည့် ရဲဘော်များအတွက် ထောင်လည်း ရှိသေးသည်။ ကုန်စုံဆိုင် (၂) ဆိုင်ရှိသည်။ ရဲဘော်အချို့၏ မိန်းမများ ဖြစ်မည်။ ဆိုင်ပိုင်ရှင်များက တရုတ်လူမျိုး ကပြားများ ဖြစ်ကြပြီး ထိုင်းနိုင်ငံထုတ် ပစ္စည်းအတော်များများ ဤဆိုင်တွင် ၀ယ်၍ရသည်။ ဆင်ရှိ-မရှိတော့ သေချာ မမှတ်မိတော့၊ ဆင် ၁ ကောင်၊ နှစ်ကောင်တော့ ရှိသည် သူထင်သည်။ ထို့ပြင် တပ်မဟာမှူး ချန်ချင်း၏ နေအိမ်လည်း ရှိသည်။ ထိုစဉ်က ရှေ့ပြေး အခြေချ လာရုံမျှ ဖြစ်လိမ့်မည်။ စုစုပေါင်း တပ်များပါ ပေါင်းမှ ၃,၀၀၀ ခန့်ရှိလိမ့်မည်။ တပ်များနှင့် သိပ်မတွေ့ကြရ။ ရှေ့တန်း ကာကုန်း များတွင်သာ အခြေပြုထားကြသည်။ (နောက်ပိုင်း ၁၉၉၉ မှစ၍ ၀ရွာသား ၁၂၅, ၀၀၀ ကို မြောက်ပိုင်းဒေသမှ နေ၍ အတင်း အကျပ် တောင်ပိုင်းသို့ ရွှေ့ပြောင်းလာစေသည်ဟုလည်း သတင်းများတွင် ကြားကြရသည်။)
ဧည့်သည်များရောက်စဆိုတော့ ဌာနအသီးသီးမှ ထမင်းဖိတ်ကျွေးကြသည်။ တတ်နိုင်သမျှ အကောင်းဆုံး ချက်ပြုတ်ကျွေး မွေးကြသည်။ သို့သော် ၀လူမျိုးတော့ အစားအစာ စစ်စစ်ကိုတော့ သူမစားခဲ့ရ။ ၀လူမျိုးတို့၏ အဓိက ဟင်းလျာများက ဘိန်းခင်းများတွင် တွဲဖက်စိုက်၍ရသည့် ပြောင်း၊ အာလူးနှင့် မုန်ညင်းခြောက် (စွန်တန်) သာဖြစ်သည်။ ဆန်ပြုတ်ကိုလည်း ၀ရိုးရာသဖွယ် အလေးထားစားကြသည်။
လားတပ်ဖွဲ့တွင် လား အကောင် ၂၀ မျှ ရှိလိမ့်မည်။ လားများကို သူက ယခုမှ မြင်ဖူးသည်။ ထူးဆန်းနေသည်။ လား ဆိုသည် က သူ့ဘာသာမွေး၍ ရသည်မဟုတ်။ မြည်းနှင့် မြင်းကို စပ်၍ဖောက်မှရသည်။ သို့မှသာ လားဖြစ်လာသည်။ လားများက ခြေခွက်ကြီးပြီး ၀န်ထမ်းနိုင်ကြသည်။ လားများက နည်းနည်းတော့ထူးသည်။ နောက်လိုက်ကောင်းများဟု ဆိုရမည်။ သူ့ဘာသာ မသွား။ မြင်းတကောင်က ရှေ့က ဦးဆောင်ခေါ်သွားရသည်။ တိုက်ပွဲဖြစ်လျှင် သေနတ်သံကြားလျှင် လားများက တောင် စောင်းတွင် ခို၍ သူ့ဘာသာ ကပ်နေလိုက်ကြတော့သည်။ မလှုပ်တော့။ ဤတချက်ကြောင့်လည်း ရှေ့တန်း၊ တောင်ပေါ် တိုက်ပွဲများအတွင်း သုံးသည့် အားကောင်းချက်ဖြစ်နိုင်သည်။ လားများကလည်း ရဲဘော်များဟု ဆိုရလိမ့်မည်။ ကိုယ်ပိုင် နံပါတ်ရှိသည်။ ရိက္ခာရာရှင်ရှိသည်။ သေလျှင် မစားရ။ ဤအချက်က (၀သပ) သူပုန်တပ်မှာပင် ဥပဒေကဲ့သို့ ပြဌာန်းထားသည်။
အင်ဂျင်နီယာတပ်ဆို၍ အထင်တော့ မကြီးလိုက်ပါနှင့်။ မိုင်းများထုတ်သည်။ သေနတ်ပြင်သည်။ မပေါက်သည့် ကျည်သီး များ ပြင်သည်။ လက်လုပ် လက်ပစ်ဗုံးများလည်း ထွင်သည်။ သူတို့ မာနာပလောဒေသတွင် “မဖွားရှင်” ဟု ခေါ်ကြသည့် စနက် တန် မီးရှို့ပစ်ရသည့် လက်ပစ်ဗုံးများလည်း ထုတ်သေးသည်။ ဗုံးက လွယ်လွယ်သာ။ သံပိုက်ကို ယမ်းဖြည့်ထားပြီး စနက်တံ တပ်ထားသည်။ မီးရှို့ပစ်ရသောကြောင့်လည်း အန္တရာယ်ကြီးသည်။ ဤဗုံးက ဆေးလိပ်အကြီးပုံသဏ္ဌာန်နှင့် တူ သောကြောင့် မဖွားရှင်ဟု ခေါ်ခြင်း ဖြစ်သည်။
သူ သတိထားမိသည်ကတော့ တရုတ်ဘာသာစကားက ရုံးသုံးဘာသာစကား ဖြစ်နေခြင်းပင်။ ၀လူမျိုးများတွင် စာထွင်ထား ပြီဟု ဆိုသော်လည်း ကျယ်ပြန့်ပုံမရသေး။ ဗမာစကားလည်း ပြောမတတ်ကြ။ သူတို့ကိုယ်တိုင်က စကားပြန်ဖြင့် လူနာများ ကို ကိုင်တွယ် ဆက်ဆံကြရသည်။ ကိုဇော်ထွန်းကတော့ ၀စကားသင်နေ၍ နည်းနည်း ဆက်ဆံပြောဆို၍ ရသည်။ စာသင် ကျောင်းဘက်တော့ သူတို့ မရောက်ဖြစ်ကြ။
နောက်ပိုင်း ကိုအောင်နိုင်ဦးနှင့် ပြန်တွေ့တော့ သူစာသင်ရသည့် ကျောင်းကိစ္စ မေးဖြစ်ကြသည်။ ၀ဒေသ အတွေ့အကြုံကို သူ ပြန်ဖလှယ် ဖြစ်ကြသည်။
“အေးဗျ... ကျနော်တို့က အင်္ဂလိပ်စာ သင်ပေးမယ်ဆိုပြီးသွားတာ အလုပ်မဖြစ်လှပါဘူး...”
“ ကျနော်တို့ ရောက်တော့ သူတို့ (၀သပ) ဒေသဆိုင်ရာ ကော်မတီတွေ အစည်းအဝေးလုပ်နေကြတယ်။ ဒါနဲ့ ကျောင်းသား တွေ ရောက်ပြီ ဆိုပြီး ကျနော်တို့နဲ့ မိတ်ဆက်ပေးတယ်။ တပ်မှူးတွေကိုလည်း တယောက်ချင်း မိတ်ဆက်ပေးတယ်။ သူက ယူနန် တက္ကသိုလ်က ပြီးလာတာ။ ဒီဗိုလ်ကြီးကတော့ တရုတ်ပြည် ဘယ်ကျောင်းက ပြီးလာ တာဆိုပြီး၊ မိတ်ဆက်ပေးတယ်။ ဗမာလိုတော့ မပြောတတ်ကြဘူး။ ကျနော်တို့အပေါ် လိုလိုလားလားတော့ ရှိကြပါတယ်။ ကျနော်တို့နဲ့ အကြောင်းအပေါင်းသင့် တာကတော့ တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပ္ပံတက်ပြီး တောခိုလာတဲ့ အိုက်သောင်းနဲ့ တခြား တယောက် ရှိသေးတယ်...သူတို့က ဗမာရည်တော်တော်လည်တော့ သူတို့နဲ့တော့ ပွဲပဲ...” နောက်ပိုင်း သူတို့နှင့်လည်း ကိုအိုက်သောင်းက အဖွဲ့ကျသည်။ ကိုအိုက်သောင်း၏ ဇာတ်လမ်းများကလည်း တော်တော်စိတ်ဝင်စားစရာ ရှိသည်။
“နေပါဦး.... ခင်ဗျားစာသင်ရတဲ့ ကျောင်းသားတွေက ဘယ်လောက်ရှိလဲ..” သူမေးဖြစ်သည်။
“ ၈၀ လောက်တော့ ရှိမယ်ဗျ။ ၀၊ လားဟူ၊ တရုတ်၊ ရှမ်းကလေးတွေများတယ်။ အများစုက မိဘမဲ့တွေ။ သူတို့ကို တရုတ် ဘာသာဖြစ်ဖြစ်၊ တိုင်းရင်းသား ဘာသာတခုဖြစ်ဖြစ် ကျနော်တို့က မတတ်ဘဲနဲ့ ဘယ်နှယ်စာသင်လို့ ရပါ့မလဲ။ သည်တော့ အင်္ဂလိပ်စာသင်ပေးတာကလည်း သိပ်အလုပ် မဖြစ်လှပါဘူး။” သူက ဆိုသည်။
“ ကျနော်တို့ကလည်း ညညဆို အိပ်နေတယ်။ မသိကြဘူး။ တကယ်က ကလေးတွေကို တပ်ပုံဖွဲ့ထားတာ၊ တပ်စုမှူး၊ တပ်ခွဲမှူးတွေ ရှိတယ်။ ညဆိုရင် တကယ်သေနတ်ကိုင်ပြီး ကင်းစောင့်ကြရတယ်။ တညတော့ ကျနော်သေးပေါက်ချင်လို့ နိုးလာတယ်။ အဲသည်တော့ ကင်းစောင့်နေတဲ့ ကလေးတယောက်တွေ့တော့ ကျနော့ ကျောင်းသား ဖြစ်နေတယ်။ ကျနော် တို့က ဘယ်သိပါ့မလဲ။ အိပ်လိုက်တာမှသိုးလို့...” ကိုအောင်နိုင်ဦးက ပြန်ပြောပြသည်။ ထိုကျောင်းဘက်သို့ တခါတရံ ဖြတ် လျှောက်တတ်သော်လည်း သူတို့နှင့် ကလေးများ ထိစပ်မှု ဤမျှမရှိကြပါ။ သေချာသည်မှာ ဤကလေးများလည်း အရွယ်ရ လာလျှင် ၀တပ်ဖွဲ့ထဲ စစ်သားများ ဖြစ်သွားကြမည်ပင်။
ထို့အပြင် သူတို့ဌာနချုပ် တောင်ကုန်းတနေရာတွင် ဤဌာနချုပ်ကို ဦးစီးရသော (၀သပ) တပ်မှူး ချန်ချင်း၏ အိမ်လည်း ရှိနေသေးသည်။ သူက (၀သပ) တဖွဲ့လုံး၏ အမြဲတမ်း ဗဟိုကော်မတီလည်း ဖြစ်သည်။ သူက ၀-တရုတ်လူမျိုး (၀ အိုက်ဆွိုင်) ဟု ဆိုသော်လည်း တရုတ်လူမျိုးသာ ဖြစ်ဖို့များသည်။ သူတို့က ချန်ချင်းနှင့်လည်း သိပ်မတွေ့ကြရ။ “ဝေ” ညီ အကိုများထဲမှ တယောက်ဖြစ်သည်ဟုသာ သိထားသည်။ အကြီး-အလတ်-အငယ် မည်သူမှန်းမသိ။ ထင်ထားသည် ကလည်း ယခင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်များက (ဗကပ) ကို စစ်ကူပေးစဉ် ကျန်ခဲ့သည့် တရုတ်တပ်မှူး တယောက် သာ ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့သည်။ နောက်ပိုင်း ပြန်လေ့လာကြည့်သောအခါ သူတို့သိထားသည်များ မှားနေခဲ့သည်။ ၎င်းတပ်မှူးက ယခုနာမည်ကြီး မူးယစ်ရာဇာ ဆုငွေထုတ်ခံထားရသူ ဝေဆူကန်း (Wei Xue-Gang) ဖြစ်နေ သည်ကို နောက်မှ သိရသည်။
ယောဟန်အောင်
ဆက်လက်ဖော်ပြပါမည်။ မျှော် ...
No comments:
Post a Comment