ချိုမြိန်တဲ့ ဒီဇင်ဘာ ??
တဆောင်းသစ်ပြန်ပေါ့။
ဒီဇင်ဘာကို ချဉ်းခဲ့ပြန်တယ်...
ကျနော်ရောက်နေတဲ့ တောင်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်မှာတော့ သိပ်မအေးလှသေးဘူး။ မြောက်ပိုင်းပြည်နယ်တွေ မှာတော့ အတော်အေးလှပြီ။ အရိုးကွဲရလောက်အောင် ဆိုရလိမ့်မယ်။ ဒီမှာတော့ မြန်မာနိုင်ငံက ဆောင်းလောက်ပါပဲ။ အေး လာတယ် ဆိုရုံပေါ့။ ကျနော်က ဆောင်းခိုနေချိန် ပိုနွေးတဲ့ တောင်ပိုင်း ပြည်နယ်တခုမှာ ရှိနေတာတော့ သဘောကျနေမိ တယ်။ ဆောင်းဦး (Fall) ရာသီ ကုန်ပြီဆိုပေမယ့် အရွက်တွေက အကုန်အစင်မကျွေကြသေးဘူး။ တချို့ဝါ၊ တချို့ရွှေ၊ တချို့ နီပိန်း၊ တချို့မှောင် တကယ့် ပန်းချီကားတချပ်လိုပါပဲ။ လမ်းသွယ်လေးတွေမှာ ဝါနီရွှေသစ်ရွက်တွေနဲ့ ဆင်ယင်ခင်းကျင်း ထားပုံက ပန်းချီကားထဲ ကိုယ်ရောက်နေသလို ခံစားရတယ်။
ဆောင်းရဲ့ တိမ်ကင်းစင်တဲ့ ကောင်းကင်ကတောက်ပနေပေါ့။
(Thanks Giving) လို့ ခေါ်တဲ့ ကျေးဇူးတော်ဂုဏ်ပြုပွဲပဲ ဆိုပါစို့။ (အမှန်တကယ်ကတော့ အမေရိကန်ကို စရောက်လာတဲ့ လူဖြူ မစ်ရှင်တွေက ရက်အင်ဒီးယန်းတွေကို ကျေးဇူးတင်တဲ့ အနေနဲ့ ကြက်ဆင်တွေ လက်ဆောင်ပေးတာက စလာတာပါ။ ခု တော့ မိသားစုတွေ စုဆုံကြတဲ့ပွဲလို ဖြစ်လာတယ်။ ကြားထဲက ကြက်ဆင်တွေကတော့ အစုအပြုံလိုက်သေကြရတာပေါ့။) ပြီး ကတည်းက ဒီဇင်ဘာအတွက် လူတွေစိတ်လှုပ်ရှားလာ နေကြတယ်။ ကုန်တိုက်၊ ဈေးဆိုင်တွေမှာလည်း ခရစ္စမတ် သီချင်း တွေကို ဖွင့်ထားကြပြန်တယ်။ လူတွေရဲ့ စိတ်က ခရစ္စမတ်ကို ကြိုတင်ကြည်နူး၊ သာယာတဲ့တေးသံတွေနဲ့ ဆွတ်ပျံ့ဖွယ်။
အစီအစဉ်တွေလည်း ဆွဲကြတယ်။ ခရစ္စမတ်ရက်၊ ဒီဇင်ဘာလတွင်းမှာက ခွင့်ရက်ရှည်ရကြတဲ့အတွက် မိသားစုချင်း ပြန်ဆုံ နိုင်ကြသလို၊ အလည်အပတ်အတွက်လည်း စဉ်းစားကြတယ်။ ပို့စကဒ်တွေဝယ်တယ်။ သတိရသူ၊ မိတ်ဆွေကောင်းတွေကို ကမ်းကြတယ်။ လမ်းတွေ၊ အိမ်တွေမှာလည်း မီးရောင်စုံနဲ့ချယ်သကြပြန်တယ်။ ကလေးတွေအတွက်လည်း စင်တာကို အိပ် မက်ကောင်းလို့။
ကျနော်ကတော့ ပြာစင်တဲ့ ကောင်းကင်ကိုပဲ ငေးနေမိတယ်။
ဒီရက်တွေမှာ မိသားစုနဲ့ဝေးပြီး သောင်တင်နေရတဲ့ (ခဏ) အချိန်ပေါ့။
ဝါရွှေနီ သစ်ရွက်တွေထဲ လမ်းလျှောက်တယ်။
မိတ်ဆွေတွေက အလုပ်သွားကြလို့၊ တိတ်ဆိတ်နေတဲ့ အပတ်မင့်ထဲမှာ ရေဒီယို လိုင်းပေါင်းစုံနားထောင်တယ်။
ဘလော့ပေါင်းစုံလည်တယ်။ (တိတ်တိတ်သာ ပြန်ခဲ့တာလည်း များပါတယ်။)
ဘဝမှာ တခါတလေ ခဏရပ်ထားပြီး (ရပ် ထားတာတော့ ဟုတ်ချင်မှဟုတ်မယ်။ နှေးထား (Slow Down) လုပ်တာမျိုး၊ (Power saving mode) လိုမျိုးလည်း လိုအပ်လိမ့်မယ် ထင်တာပဲ။ တောင်တောင်အီအီ စဉ်းစားတယ်။ အတိတ်တွေကို အမြင်သစ်နဲ့ ပြန်ကြည့်တယ်။ မိတ်ဆွေကောင်းတွေကို ပြန်ကြည်နူးမိပြီး၊ အမှားပြုခဲ့သူတွေကို ပြန်ခွင့်လွှတ်စာနာနေမိ တယ်။ ဒီဖရက်ဂ်မင့် (Defragment) ပြန်လုပ်နေပုံမျိုးပေါ့။ သီတဂူဆရာတော်ရဲ့ “လူမိုက်တို့၏ သွားရာလမ်း” ကို နာရ တော့ ဘာသာရေးကိုလည်း စိတ်ဝင်စားလာမိတယ်။ ဘဝကို ဇက်ပုံပေး ကဆုန်စိုင်းနေခဲ့တာ ကြာခဲ့ပေါ့။ ကိုယ်က မောင်း နေတာလား။ ကိုယ်က သယ်ပိုးပြေးနေတာလည်း မသိနိုင်ခဲ့ဘူး။ ခင်ဝမ်းရဲ့ “ပြည်မှာဆောင်း” ကိုလည်း ပြန်နားထောင်မိခဲ့။
“ ....အပေးအယူလေးကို တောင်းဆိုဖို့ရာ
အလှမ်းဝေးခဲ့ပြီလား
နှောင်းနေချိန်မှာ မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ
ရင်ခွင်မှာ ခံစားနေတဲ့ ..... ဘဝဆိုတဲ့ကဗျာ...”
အပတ်မင့် ခေါင်မိုးပေါ်မှာတော့ ကြောင်ကလေးတကောင်က နေစာလှုံ၊ ငိုက်မြည်းနေခဲ့။
ငှက်တွေ အုပ်ဖွဲ့ပြန်သန်းသွားကြတာကိုလည်း မြင်ရ..သူတို့က မက္ကဆီကို နွေးရာဘက် ပျံသန်းသွားချိန်မှာ
မက္ကဆီကို ဘက်က လူတွေကတော့ ရာသီအေးတဲ့ မြောက်အမေရိကဘက် ခိုးဝင်လာကြတယ်။ အခု လမ်းပေါ်မှာ သစ်ရွက် ကြွေတွေကို စက်တွေနဲ့ သန့်စင် လှည်းကျင်းရင်း နေကြတယ်... ရေကြည်ရာ၊ မြက်နုရာဆိုတာ သူ့သဘော သဘာ၀ အလိုက် ကွဲလွဲကြတာကိုးလို့ တွေးနေမိတယ်။
တကယ်တော့ ဒီဇင်ဘာဟာ ကျနော့ကိုယ်ပိုင်အတွက် အဓိပ္ပါယ်လည်း တစိတ်တပိုင်းရှိနေခဲ့တယ်။
ကျနော့မွေးနေ့က လက်တကမ်းအလို။ ဒီဇင်ဘာမှာ မွေးသူဆိုပါတော့... ထူးခြားတဲ့ တိုက်ဆိုင်မှုတွေလည်း ရှိနေခဲ့တယ်။
ကျနော့မွေးနေ့မှာ ယခင်နှစ်အတော်များများက လမ်းမပေါ်ရောက်နေတာများတယ်။
တခါတလေ တောင်တက်နေရတယ်။ တခါတလေ ကားပေါ်မှာ၊ တခါတလေ လေယာဉ်ပေါ်မှာ.. အဲသည်လို လမ်းပေါ်မှာ မွေးနေ့ကြုံတဲ့နှစ်မျိုးဆိုရင် တနှစ်လုံး ခရီးသွားနေရတတ်တယ်။ အဲသည်တော့ နောက်ပိုင်းနှစ်တွေမှာ ကျနော်တတ်နိုင်သမျှ ကျောက်ချနေတယ်။ အိပ်ယာပေါ်မှာ ကျောချရင်း စိတ်ကိုရှင်းထားလိုက်တယ်။ အယူသည်းတာ တမျိုးပေါ့။ ဒါပေမယ့်လည်း နားရချင်မှ နားရတဲ့နှစ်ပါ။ ဘဝဟာ သိုက်မြုံ၊ ခိုလှုံရာ၊ ရေကြည်ရာ မြက်နုရာ၊ ကမ္ဘာဦးမီးဖို ဒါတွေအတွက်ပဲ ပင်ပန်းခဲ့ကြ၊ ပင်ပန်းနေကြတယ်။
ကျနော် ဖားအံမှာ ကြီးစဉ်ကလည်း ဒီဇင်ဘာတွေကို မှတ်မှတ်ရရ။
ဆွိ ဒီဇင်ဘာက စလို့ ကာရိုးလ်ဆင်းဂင်း လာကြတာတွေရှိတယ်။
အေးအေးချမ်းချမ်းထဲ ပျော်ရွှင်ကြည်နူးကြလို့။
“ဤအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” လို့ ဆုတောင်းကြတယ်။ ခံယူကြတယ်။
ဘုရားကျောင်းက ခေါင်းလောင်းသံ၊ ခိုင်းမ်းတွေကိုလည်း ဆွတ်ပျံ့ကြည်နူးနေမိခဲ့တယ်။
ကျနော်ဒုက္ခသည် စခန်းတွေထဲမှာ နေခဲ့ရစဉ် ကာလမှာလည်း တိုင်းရင်းသားတွေရဲ့ ဒီဇင်ဘာကို ကြုံခဲ့ဖူးရဲ့။ ဒီဇင်ဘာမှာ ဆွတ်ပျံ့ကြည်နူးဖွယ် တေးသံတွေနဲ့ ကြည်နူးဖွယ်။ ဘုရားကျောင်းက ခေါင်းလောင်းသံတွေလည်း ပြန်ကြားလာရပေါ့။ အုပ်ဖွဲ့ သီဆိုတဲ့ ဓမ္မတေးတွေနဲ့ မွှမ်းထုံနေခဲ့တယ်။ ဒီ ဂီတတွေနဲ့ပဲ ခါးသီးဖွယ် ဘဝတွေကို ကုသပျောက်ကင်းအောင် မဖြစ်နိုင်စေပေမယ့် အနာဖေးတက်စေခဲ့သလား။ ထုံဆေးအဖြစ် ခဏမေ့ထားနိုင်ဖို့ တေးသီနေကြတာလား။ မျှော်လင့်နေ ကြတဲ့ ငြိမ်းချမ်းရေးက တကယ်ရနိုင်ပါ့မလား။ ကျနော် မသိနိုင်တော့ဖူး။
ကျနော်ကလည်း “နိုင်ငံတော်တည်လုနီးပြီ” ဆိုတာကို သူတို့လိုပဲ ကောင်းကင်ကနိုင်ငံတော်ကို ပေါ်လာနိုး မျှော်ကိုးနေခဲ့တာ မျိုးပေါ့။
ဆောင်းလေစိမ်းကြောင့်လား၊ ဒဏ်ရာတွေများလွန်းလို့လား မသိဘူး။ ကျနော်တို့ မနာကျင်တတ်ကြတော့ဘူး။ ကျနော် မှတ်မိ နေသေးရဲ့။
ဆောင်းတညပေါ့။ ရှေ့တန်းက ပြန်တက်လာတဲ့ ကျနော်တို့ရဲဘော်ကြီး ကိုငြိမ်းက ကေအဲန်ယူ တပ်မဟာ ၂-၃ ဒေသဘက်က အကြောင်းတွေကို ပြန်ပြောပြနေခဲ့တယ်။ သူက သူကြုံခဲ့ရတာတွေကို ကေအဲန်ယူက စစ်ရေးချုပ် ဖူးကစဲဒိုကို ပြန်ပြောပြနေ တယ်။ ကျနော် တို့က စိတ်တွေလှုပ်ရှားလို့။ တပ်မဟာ ၂/၃ ဒေသက ကျောက်ကြီး၊ ညောင်လေးပင်၊ တောင်ငူ အရှေ့ဖက် ရိုးမဒေသတွေပါ။ ကျနော်တို့ တပ်တွေက နည်းပြီး၊ ရိက္ခာ ကျည်က ရှားပါးလှတယ်။ စစ်အစိုးရတပ်တွေက လမ်းပန်းဆက် သွယ်ရေးလွယ်ပြီး ချက်ဆို ရောက်လာတတ်တယ်။ ရွာပုန်း၊ ရွာရှောင် ပြည်တွင်းဒုက္ခသည်တွေ ပေါတဲ့ ဒေသပေါ့။
ကိုငြိမ်းပြောပြနေတာက “ရွာတရွာက ကရင်ရွာသားတယောက်ကို စစ်တပ်က သတ်ပြီး ခြေလက်တွေ အပိုင်းပိုင်း ခုတ်ဖြတ် သွားတဲ့အကြောင်း၊ တယောက်ကိုတော့ သတ်ပြီး သစ်ပင်မှာ ကားစင်ရိုက်သလို လုပ်ပစ်ထားခဲ့တဲ့အကြောင်း” ပြောပြနေ တယ်။ ကျနော်တို့ မျက်လုံးတွေက ဆောင်းမီးပုံလို မီးဝင်းဝင်းတောက်။ “ဒီကောင်တွေကို လွှတ်ထားလို့ မရတော့ဘူး အဖူး (အဖိုး)။ ချမှရမယ်။ ကျနော်တို့ကို တပ်နည်းနည်း ထပ်ထည့်ပေးပါ။ ကျနော်တို့ ဆော်လို့ရမယ့် နေရာတွေလည်း အများကြီး ရှိနေတယ်။” အဖူး ကစဲဒိုကတော့ ဆေးတံငွေ့တွေကို မှုတ်ထုတ်လိုက်တယ်။ “ရှိမယ်လေ” ......“သူကတော့ ဒီလို လုပ်နေကျ ပါပဲ” ဒီလို ပုံပြင်တွေက သူကြားရတာ အကြိမ်ပေါင်းများစွာ ရှိခဲ့လိမ့်မယ်။ ကျနော်တို့ကတော့ မထုံတက်တေးနိုင်လိုက်လေလို့ အားမလို အားမရ။ ကိုငြိမ်းဘက်ကိုလည်း ဇာတ်လမ်းရှိသေးရင် ထပ်ပြောပြလိုက်လေ ဆိုတာမျိုး လှည့်လှည့်ကြည့်မိကြတယ်။
အခုတော့ ကျနော်လည်း အဖူး ကစဲဒိုလို ဖြစ်လာခဲ့တယ်...
အခု ဆောင်းရက်တွေရောက်မှ ပိုသတိထားလာမိခဲ့...
မြန်မာ အလုပ်သမား ၅-ယောက် မဲဆောက်မှာသတ်ခံရတယ်။
“ရှိမယ်လေ” လို့ ကျနော် ညည်းမိတယ်။
မြန်မာတွေ ထိုင်းနိုင်ငံထဲ ခိုးအဝင် ကားမှောက်လို့ သေကြပါရောလား။
“ရှိမယ်လေ ....”
ဘာညာဘာညာရဲ့ ဘလော့ကို ပိတ်လိုက်တယ် ထင်တယ်။ ဖတ်မရတော့ဘူး။
“ရှိမယ်လေ....”
မဂ္ဂင်ကျောင်းက ဆရာတော်ကြီးက တောင်ဝှေးနှစ်ချောင်းကို ထောက်ပြီး အဝေးကြီး ထွက်လာရတာ၊ ဘဘုန်းကြီးက မျက်နှာလည်း မကောင်းဘူး။
“ရှိမယ်လေ .....”
မလေးရှားမှာ မြန်မာအလုပ်သမား အမျိုးသမီးတဦး ထွက်ပြေးပြီး နောက်ဆုံး တိုက်ပေါ်က ခုန်ချရတာ.. ခါးကျိုးသွားတယ်...
“ရှိမယ်လေ .....”
ဆောင်းတညပေါ့။ “ဆောင်းမီးဖို” ဆိုတဲ့ ကဗျာ ကျနော်ရေးဖြစ်တယ်။
မီးလင်းဖိုရဲ့ အလင်းကြောင့် ကျနော်တို့ နောက်ကျောမှာ အရိပ်တွေ ဖြစ်နေတယ်။
ထင်းတုန်းကြီးကို ဆွဆွလို့၊ ကျနော်တို့ရဲ့ တောရောက်တောင်ရောက် စကားတွေက ရှည်။ အားလုံးက ကောင်းဘွိုင်ဟန် သေနတ်တွေလွယ်၊ စောင်တွေကိုယ်စီ ပတ်လို့။ တောထဲမှာတော့ နှင်းစက်သံ တဖျောက်ဖျောက်နဲ့ ပုရစ်လို ပိုးကောင်ငယ် တွေရဲ့ အော်သံကပဲ မင်းမူနေတယ်။ တခါတလေ ဂျီဟောက်လိုက်တော့ နည်းနည်းထိတ်လို့...
ကျနော်လှည့်ကြည့်လိုက်တော့ နောက်ကျောမှာ ကျနော်တို့ရဲ့ အရိပ်တွေကို တွေ့လိုက်ရတယ်။ ကျနော်က ချက်ချင်းစိတ်ထဲ အာရုံတခုကို ထင်လိုက်မိတယ်။ ကြက်သီးဖြန်းသွားမိခဲ့တယ်။
ဒါ... အရိပ်တွေ မဟုတ်ဘူး။
ကျဆုံးသွားတဲ့ ငါတို့ရဲဘော်တွေပဲ။ သူတို့ ဝိဉာဉ်တွေပဲ ဖြစ်မယ်။ သူတို့လည်း ငါတို့နဲ့ ဝိုင်းဖွဲ့ ဆောင်းမီးဖို နဘေးလာပြီး
နားထောင်နေကြတာ ဖြစ်မယ်လို့ စဉ်းစားလိုက်မိတယ်။ ကဗျာလေးကတော့ ဒီအကြောင်းကို ဖွဲ့မိတာ... (ဒီကဗျာလေးကို ကျနော်ပြန်တင်ပေးချင်ပေမယ့် ရှာလို့မတွေ့ တော့ဘူး။)
ကျနော်စဉ်းစားကြည့်တယ်။
ဒုက္ခသည်တွေ၊ အိမ်ပုန်း ရွာရှောင်တွေက ဆောင်းမီးဖိုတွေမှာလည်း သူတို့အိမ်သားတွေ၊ ဘိုးဘွားတွေ၊ အလားတူ ရောက် လာနိုင်ကြတာပေါ့။
တောင်တွေကို ကျော်လို့၊ မီးခိုးငွေ့တွေကို အနံ့ခံလို့၊ အဝေးက မီးရောင်တွေကို မျှော်ရည်လို့... လိုက်လာနိုင်ကြတာပေါ့။
ပြီးတော့ သူတို့ဝိဉာဉ်တွေက အရိပ်တွေလို ပုံဖျက်လို့ နားထောင်၊ ဝင်ပြောပြီး ကြည်နူးနေနိုင်ကြတာပဲ။
တောင်ပေါ်နေသူတွေက မီးခိုးတွေ ကိုယ့်ဘက်ကို လာလို့နေရင် “လှတဲ့ ချောတဲ့သူတွေဆီ မီးခိုးလာတယ်” ဆိုပြီး ပြောလေ့ ရှိကြတယ်။ မျက်ရည်တွေကို သုတ်လို့ ပြောမိကြတယ်။ ဒုက္ခတွေကို ရယ်ပွဲဖွဲ့ပုံကြတယ်။ ဆောင်းလေမှာ ရယ်သံတွေလည်း ဝေ့သွားတယ်။
ဓမ္မတေးတွေက လေထဲလွင့်ပျံလာတယ်။ အေးချမ်းမှုတွေက ကမ္ဘာကို ခနခဲထားပြီး နေတယ်။ မိသားစုတွေနဲ့ ဆုံရမှ နွေးထွေး မှုရ၊ ငြိမ်းချမ်းကြည်နူးကြရတဲ့ အချိန်။
သည်လို တည်ငြိမ် ငြိမ်းချမ်းတဲ့ ဒီဇင်ဘာတွေလည်း မျှော်လင့်မိပါရဲ့။
........................................
လူဆိုးတို့ အကြောင်းကြောင့် စိတ်မပူနှင့်။
မတရားသဖြင့် ပြုသော သူတို့ကို မငြူစူနှင့်။
အကြောင်းမူကား...
သူတို့သည် မကြာမမြင့်မီ မြက်ပင်ကဲ့သို့
ရိတ်ခြင်းကို ခံရ၍
စိမ်းသော ပျိုးပင်
ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။
ဆာ ၃၇ : ၁-၃
မတရား သောသူသည် ဖြောင့်မတ်သော
သူတဖက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။
သို့သော်လည်း သူ၏ နေ့ရက်အချိန် ရောက်မည်ကို
ဘုရားရှင် သိမြင်၍
သူ့ ကိုပြုံးရယ်တော်မူ၏။
မတရားသော သူတို့သည်
ဆင်းရဲငတ်မွတ်သောသူတို့ကို
လှဲချခြင်းငှါလည်းကောင်း၊
ဖြောင့်မတ်စွာ
ကျင့်သောသူတို့ကို သတ်ခြင်းငှါလည်းကောင်း၊
ထားကိုထုတ်လျှက်..
လေးကိုတင်လျှက် နေတတ်ကြ၏။
သို့သော်လည်း....
သူတို့ထားသည် သူတို့နှလုံးထဲသို့
ဝင်လိမ့်မည်။
သူတို့ လေးတို့သည်လည်း
ကျိုးကြလိမ့်မည်။
ဆာ ၃၇ : ၁၂-၁၅
မတရားသောသူသည် ဖြောင့်မတ်သောသူကို
ချောင်းမြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏။
သို့သော်လည်း...
ထာဝရ ဘုရားသည် ထိုသူ၏လက်၌
ဖြောင့်မတ်သောသူကို စွန့်တော်မူမည်မဟုတ်။
အစစ်ခံရသောအခါ
အပြစ်စီရင်တော်မူမည်မဟုတ်။
မတရားသောသူသည် အစိုးတရပြု၍
ပေါက်ရင်းအရပ်မှာ ကြီးပွါးသောသစ်ပင်
လန်းလန်းရှိသကဲ့သို့.. ကိုယ်ကိုကိုယ်ပြန့်ပွားစေသည်ကို
ငါမြင်ရသော်လည်း နောက်တဖန် သူသည်
ရွေ့သွား၍ ကွယ်ပျောက်၏။
သူ့ကိုလည်း ငါရှာ၍ မတွေ့ရ။
ဆာ ၃၇ : ၃၂-၃၆
ဤကျမ်းစာလာအပိုဒ်များကို မကေသွယ်၏ဘလော့မှ ကူးယူပါသည်။
4 comments:
Really touching.
အစ်ကို ဆောင်းအကြောင်းရေးထားတာ
အရမ်းကောင်းပါတယ်
အဖွဲ့အနွဲ့လေးကော
လွမ်းမောဖွယ်ကောင်းတယ်
ကိုယောဟန်.. ဟိုဘက်ကမ်းကိုရောက်နေတာပေါ့.. အားလုံးအဆင်ပြေပါစေဗျာ..
ဒီပိုစ့်ကတော့ ကဗျာထက်ကဗျာပိုဆန်တယ်..
I love the song very much too. It's Very touching. It being me back those December days in Kachin State.
Post a Comment