မြစ်ကျိုးအင်းမှာနေခဲ့
သူများတွေ အိုင်-ဖုန်း၊ အိုင်-ပေါ့ ကိုင်တုန်း
အိုင်-ပုတ်ထဲ ရုန်းနေတော့တာပေါ့။
မြေဆွေးနဲ့ ပေါင်းပင်တွေတောထနေတာကိုပဲ
သဘာဝဆန်လွန်းပလို့ ဂုဏ်လုပ်ခဲ့ရတယ်။
ဒဏ်ရာတွေက မျိုးဆက်တွေကို လက်ဆင့်ကမ်းကြ
၈၈-မျိုးဆက်တွေအနားမရသေးဘူး
၉၆-မျိုးဆက်တွေ အနားမရသေးဘူး
၂၀၀၇ မျိုးဆက်တွေလည်း အနားမရကြပြန်ဘူး။
ဒို့ ၈၈ မျိုးဆက်တွေက စိတ်ဒဏ်ရာမကျက်သေးခင်
နောက်မျိုးဆက်တခုလည်း အညွန့်ချိုးခံလိုက်ရတယ်။
မိုးတွေက သည်းနေတုန်းပဲ။
တို့ မျိုးရိုးဗီဇမှာကိုက
သူပုန်သွေးနဲ့ နိုးထ
ဒီ-အန်-အေတွေလည်း
အနာတရတွေနဲ့ ရေးထားခဲ့တယ်...။
အိပ်ယာဝင် ပုံပြင်တွေလဲ ပြောင်းခဲ့ပေါ့။
ပဒိုင်းသီး ဥယျာဉ်တော်ကြီးဆိုတာ ရှိသတဲ့
ဝစ်လစ်စလစ် ဘုရင်ကြီးလည်း ရှိသကွဲ့
တွန့်လိမ်နေတဲ့ နိုင်ငံတော်လည်း ချိနဲ့
အလံဒေါင်း တလူလူနဲ့ သူရဲကောင်း ပြည်သူတွေလည်း ရှိပါရဲ့ ...
ဘုန်းကြီးအလောင်းတွေက
မြစ်ထဲမှာပေါ်လာ
အင်တာနက်မှာ ပေါ်လာ
တီဗွီမှာ ပေါ်လာ
သူငယ်ချင်းတယောက်ပြောသလို...
လူလာရင် အခါခါငိုပြနေရတာလည်း မလုပ်ချင်တော့ဘူး။
မျက်ရည်တွေက
မှန်မှာကျ
ဘလော့မှာကျ
ရေဒီယိုမှာကျ
ငိုကြတယ်.......
တွန့်လိမ်နေတဲ့ နိုင်ငံတော်
တေးသွားကိုက တွန့်လိမ်နေတော့တာ
ဘယ်ဖြောင့်နိုင်ပါတော့မလဲ...
ကောင်းကင်ကမည်း
မိုးကသည်းနေတုန်းပဲ။
အလုပ်သမားလူတန်းစား ရှိသေးလို့လား
နိုင်ငံတကာစိတ်ဓါတ်ဆိုတာ ရှိသေးလို့လား
လူ့ယဉ်ကျေးတွေက ၀မ်းနည်းမှတ်တမ်း ရေးရုံပဲလား
လမ်းမပေါ်မှာ လူတွေရှင်းလောက်ပြီ....။
ယောဟန်အောင်
အောက်တိုဘာ ၂၀၀၇
No comments:
Post a Comment