Pages

Friday, March 2, 2007

သူတို့ခံစားကြတဲ့ ကျနော့ကဗျာအကြောင်း (ငြိမ်းအေးအိမ်)

သူများတွေက ခံစားကြတဲ့ ကျနော့ကဗျာအကြောင်း

ကိုငြိမ်းအေးအိမ်ဆိုတာ လူချင်းကျနော်မသိပါဘူး၊ သူကလည်း ကျနော့ကို မသိဘူးလို့ထင်ပါတယ်၊ ဒါပေမယ့် သူရေးထားတဲ့ ကဗျာခံစားမှုကလေးကို ချယ်ရီသစ္စာအင်တာနက်စာမျက်နှာမှာ တွေ့လိုက်ရတဲ့အခါ ကျနော် အတော်ဝမ်းသာ သွားခဲ့ပါတယ်။ ဒီဆောင်းပါးလေးကို ကျနော့ဘလော့ပေါ်မှာ ပြန်ဖော်ပြထားတာပါ။


ငှက်တွေ ဆောင်းမခိုမီ
ငြိမ်းအေးအိမ်

(၁)
ကျနော်ဟာ အခါအားလျော်စွာ ကဗျာတွေကို စုတတ်ပါတယ်။ ချစ်လို့ပါ။ ကျနော့ စက်ထဲမှာ “စုထားတဲ့ကဗျာ“ဆိုတဲ့ နာမည်နဲ့ ဖိုင်လေး ဖွင့်ပြီး၊ ကိုယ်ဖတ်ဖြစ်တဲ့အထဲက နှစ်သက်ရာကဗျာတွေကို သိမ်းထားလေ့ရှိတာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။

အားလပ်တဲ့အခါမျိုး၊ စိတ်ဆာတဲ့အခါမျိုးမှာ အဲဒီဖိုင်လေးပြန်ပြန်ဖွင့်ပြီး ဖတ်လေ့ရှိပါတယ်။ တခါတလေ ဒီဖိုင်လေးကို ပြန်ဖွင့် ဖြစ်ဖို့ လ ပေါင်းများစွာ ကြာချင်လည်း ကြာသွားတတ်ပါရဲ့။ အားလပ်ခြင်းနဲ့ စိတ်ဆာခြင်း နှစ်မျိုးစလုံး တစ်ပြိုင်နက်ဖြစ်ဖို့ အဲသည်လောက် အချိန် တွေကြာဖို့ လိုသလားတော့ မပြောတတ်ပါ။

ကျနော့ဖိုင်လေးထဲမှာ အင်္ဂလိပ်ကဗျာတွေပါတယ်။ မြန်မာကဗျာတွေပါတယ်။ ရွတ်ဆိုလို့ရတဲ့ ကဗျာတွေပါတယ်။ အမြင်ကဗျာတွေလည်း ပါတယ်။ အလွယ်တကူ ဆွဲယူ (download) လို့ရတဲ့ အွန်လိုင်းတင် မဂ္ဂဇင်းက ဟာတွေ ပါတတ်တယ်။ စက်ဖွင့်ထားတုန်း လစဉ်ထုတ် မြန်မာမဂ္ဂဇင်းထဲက ကြိုက်တာလေးများတွေ့ရင်လည်း ကောက်ကက်ရိုက်ထည့်လိုက်တာပါပဲ။ အောက်ခြေမှာ ဘယ်လထုတ်၊ ဘယ် စာအုပ်ထဲက ဘယ်သူရေးတာဖြစ်ကြောင်းလေးပါအောင်၊ ထည့်သိမ်းလေ့ရှိပါတယ်။

တစ်ရက်မှာတော့ ဒီလိုတောင်လိုပုံနေတဲ့ ကဗျာတွေကြားထဲမှာ၊ ပုံနှိပ်မှတ်တမ်းရိုက်ဖို့၊ (ဒါမှမဟုတ်) ဆွဲယူလိုက်ဖို့ မေ့လျော့ သွားပုံရတဲ့ ကဗျာလေးတစ်ပုဒ် တွေ့လိုက်ရပါတယ်။ ကျနော်သိမ်းထားတာ ဘယ်လောက်တောင်ကြာပြီလဲ မသိတတ်တော့။ ရေးသူကိုကြည့်တော့ လဲ ကြားဖူးနေကျထဲကမဟုတ်။ ကဗျာပုံသဏ္ဍာန်က မိုးဝေခေတ်ကာလတုန်းကလိုမျိုး၊ နည်းနည်းဆင် သလို ရှိပေမယ့် ပါဝင်တဲ့ အကြောင်းအရာကတော့ ဒီဘက်ခေတ်ကို တော်တော်ကြီးရောက်နေပါတယ်။ “ဆားရောဂါ” “ရက်ပ်သီချင်း ” “ဂလိုဘယ်လိုက်ဇေးရှင်း” “အကြမ်းဖက်သမား” “အီရတ်စစ်ပွဲ” အကြောင်းအရာတွေက (၂၀၀၅) ခုနှစ်နဲ့ သိပ်တော့မဝေးကွာလှသေးဘူးလို့ ညွှန်ပြနေပါတယ်။

သူ့ကဗျာထဲမှာ “၇၀ နှစ်လွန် ကဗျာဆရာများ“ နှစ်သက်စွာ သုံးစွဲတတ်တဲ့ မောင်သာနိုးရဲ့ မလင်းပြာ၊ နဲ့ ဒါးတောင်သံချောင်း ကို တွေ့ လိုက်ရတော့ ...။
ရွှေဘကို အရှင်လတ်လတ်မြင်လိုက်ရတော့...။
ဒီဆရာဟာ လူငယ်ကဗျာဆရာတစ်ယောက်မှ ဟုတ်ပါရဲ့လားဆိုတဲ့ အတွေးတွေ ၀င်လာပါတယ်။
ကြီးတာ၊ငယ်တာ၊ သစ်တာ၊ ဟောင်းတာ ကျနော့အတွက် သိပ်ကိစ္စ မရှိပါ။ ကြိုက်လို့ပဲ ကျနော့်ဖိုင်ထဲ ရောက်နေပြီပဲ။
ကဗျာကို ကျနော် ပြန်ဖတ်မိပါတယ်။ တစ်ကြိမ်၊ နှစ်ကြိမ်၊... သုံးလေးကြိမ်။
အဲဒီနောက်တော့ ခုရေးနေတဲ့ ကဗျာခံစားမှုဆောင်းပါးလေး ဖြစ်လာတော့တာပါပဲ။ ကဗျာဆရာက
ယောဟန်အောင်ဖြစ်ပြီး၊ သူ့ကဗျာ ခေါင်းစဉ်က လက်ျာအစွန်းရောက်ဆောင်း ပါတဲ့။

(၂)
လက်ျာအစွန်းရောက်ဆောင်း

အနွေးထည်ပွပွကြီးတွေ
ထပ်ထပ်ကျပ်စည်းထားတဲ့သူ
ငါလည်း
အနှစ်အသားနည်းနည်း
အခေါက်အပွေးထူထူ လူလိုဖြစ်နေရ။
ခေတ်ကိုက မကောင်းတာပါ။
ဒီတခါဆောင်းက အကြောင်းဖန်တယ်။
ဒို့မိဘများ ပြောတတ်တဲ့ ဆုပ်ကပ်ဆိုတာမျိုးပေါ့။

အလွန်အေးတဲ့အရပ်မှာ။ ဘာမှ လုပ်စရာအလုပ်မရှိတဲ့ အခြေအနေမျိုးမှာ။ ငေါင်းစင်းစင်းနေခဲ့ရတဲ့ရက်တွေ ကျနော့ဘ၀မှာ ရှိခဲ့ဖူးပါတယ်။ အဲလို အခါမျိုးမှာ ကိုယ့်ဘာသာကိုယ် ပြန်တွေးနေမိတတ်ရဲ့။ ထုံးစံအတိုင်း ဘ၀အဓိပ္ပါယ်တို့။ ကိုယ့်ရဲ့တည်ရှိ ခြင်းတို့။ ဖြစ်တည် ခြင်းတို့။ အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်ခြင်းနဲ့ သေဆုံးသွားခြင်းတို့ စသဖြင့်ပေါ့။ ဘာအဖြေမှ ရေရေရာရာ ရလိုက်တယ် မရှိခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို တော့ ဖြတ်သန်းမှုတွေ အများကြီးရှိခဲ့။ လုပ်ဆောင်ချက်တွေ တစ်ပုံကြီး ပြီးစီးခဲ့။ သိထားတာတွေကလည်း မနည်းမနော ရှိခဲ့လို့ အထင်တကြီးဖြစ်နေပေမယ့်၊ လက်တွေ့မှာ ဘာတစ်ခုမှ ဖြစ်မလာတာကို လည်း ကိုယ့်ဘာသာသေသေချာချာကြီးကို သိနေပြန်ပါ တယ်။ ကိုယ့်မှာ တစ်ခုခုလိုနေတာကိုသာ သိနေတယ်။ ဒါကို ဘယ်လို ဖော်ပြရမယ် မသိခဲ့ဘူး။ ကိုယ့်အခြေအနေနဲ့ အဖြစ်အပျက်နဲ့ လိုက်ဖက်ညီတဲ့ စကားလုံး၊ ၀ါကျ တစ်ခုတလေမှ မတွေးမိခဲ့ဘူး။ မတွေးတတ်ခဲ့ဘူး။ ဟော .... ခုတော့ ကဗျာဆရာက ကျနော့လိုအပ်ချက်ကို ဖြည့်ပေးလိုက်ပါပြီ။
ဟောသလို ၀ါကျတစ်ကြောင်း သူရေးပြခဲ့တယ်။

အနွေးထည်ပွပွကြီးတွေ၊ ထပ်ထပ်ကျပ်စည်းထားတဲ့သူ
(ငါလည်း) အနှစ်အသားနည်းနည်း၊ အခေါက်အပွေးထူထူ လူလိုဖြစ်နေရ။


ပြီးကြပါလေရော။ ဒါဟာ ကဗျာဆရာက ကျနော့ရင်ထဲ တည့်တည့်ကြီး ရိုက်ထည့်လိုက်တဲ့ စကားလုံးတွေပါပဲ။ ဟုတ်ပ။ ကျနော်ဟာ အနွေးထည် ထူထူကြီးဝတ်ပြီး၊ ဟန်ရေးပြနေတဲ့ အနှစ်အသားနည်းနည်းနဲ့ အခေါက်အပွေးထူထူ အကောင် တစ်ကောင်ဗျ။

နောက်တော့ သူ့ကဗျာထဲမှာတွေ့ရတဲ့ “ဆုပ်ကပ်“ ဆိုတဲ့စကားလုံးက ကျနော်တို့ဖိုးဖွားတွေကို သတိရစေခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးလေးဆယ်လောက် ကတည်းက၊ ကျနော့အိမ်က အဖိုးအဖွားတွေဟာ ဆုပ်ကပ်ဆိုတာကို မကြာမကြာ ငြီးတွားတတ်ကြတယ်။ သူတို့ စီးပွားရှာဖွေ မကောင်းဘဲ ဆုတ်ယုတ်လာလို့၊ ဆုပ်ကပ်လို့ သုံးနှုံးကြတာလား၊ ဘာသာရေးအရ ကိုင်းရှိုင်းမှုတွေကို လျော့နည်းလာတယ် ထင်ပြီး၊ ဆုပ်ကပ်လို့ ဆိုကြတာလား၊ ကျနော်လည်း မသိဘူး။ ဒါပေမယ့် ဒီစကားလုံး ကြီးက ကျနော့ကိုယ်ထဲ အကြိမ်ပေါင်းဘယ်လောက် တောင် ၀င်ရောက်နေထိုင်ခဲ့ဘူးလဲ မသိတော့ပါဘူး။ ခုချိန်၊ ခုအရွယ် အထိ အဲဒီစကားလုံးကြီးက ကျနော့ရင်ထဲ တပ်စွဲနေထိုင်တုန်း။

လာပြန်ပြီတစ်ခါ။ ကျနော့လို လူမျိုး အဲဒီကဗျာဆရာပေါ့။ သူ့မိဘတွေကလည်း သူ့ကို ဆုပ်ကပ်အကြောင်းပြောပြသတဲ့။ ဒါဆို ကဗျာဆရာနဲ့ ကျနော်ဟာ ခေတ်ကာလတစ်ခုတည်းမှာ လူဖြစ်နေကြသူတွေ ဖြစ်မယ်ထင်ရဲ့။

(၃)
ဂလိုဘယ်လိုက်ဇေးရှင်းကြီးလဲ လာပါလေရော။
ငါလည်း
ဘောင်းဘီတိုဝတ်ရ
ရက်ပ်သီချင်းကြိုက်ရ
သီချင်းသံကြားရင် ကိုယ်တွန့်ခါရ
ကိုယ့်ကိုကိုယ် လစ်လရယ်လိုက်ဇ်
နည်းနည်းလုပ်ရ။
အဆီလျော့စားတာနဲ့
ယောဂအကြောင်း ပြောရ။
အမေရိကန်ဆန်အောင်
အလံထောင် ဟိတ်ဟန်လုပ်ရ။

ဒီကဗျာပိုဒ်ထဲမှာ လှုပ်ရှားမှုတွေပါတယ်။ သူ့လှုပ်ရှားမှုတွေကို သွက်သွက်ရှင်ရှင်မြင်ရတော့ သူဖြစ်နေမယ့်ပုံကို စိတ်ကူးကြည့် ရင်း ရယ် မိတယ်။ ကျနော်စဉ်းစားတယ်။ ဒီကဗျာဆရာဟာ မြို့သားဖြစ်ရမယ်။ ပညာတတ်ဖြစ်ရမယ်။ ဟိုးဝေလံခေါင်ဖျားက တောသား တစ်ယောက်ဆိုရင်တော့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ရက်ပ်သီချင်းကို သိမယ်မထင်။ အဆီလျော့စားဖို့နဲ့ ယောဂ အကြောင်းပြောဖို့ စဉ်းစားမိမှာ မဟုတ်။

ကျနော့ခြေလက်တွေတောင် နည်းနည်းလှုပ်ချင်လာပါလေရော။ အိပ်ဇင်ဘယ်လ်ရဲ့ရက်ပ်။ အက်ဆစ်ရဲ့ ရက်ပ်။ တူးဘစ်ရဲ့ရက်ပ်။ ထွန်းထွန်းရဲ့ရက်ပ်။ နိုးအဖွဲ့ရဲ့ ရက်ပ်။ ဘာဘူရဲ့ရက်ပ်။ စိုင်းစိုင်းရဲ့ရက်ပ်။ အောင်ကောင်းထက်ရဲ့ရက်ပ်။ ခြေလှုပ်လက်လှုပ်လုပ်ရင်း ကောင်းကင်ကိုမော့ကြည့်တော့ ပြည်တွင်းဖြစ်ရက်ပ်သီချင်းတွေ တအိအိပြိုကျလာတာ တွေ့ရ တယ်။ ဖူဂျီယာမတောင်ထိပ်မှာ နှင်းတွေ ဖုံးသလို ကျနော်တို့ဆီက မြို့လမ်းမတွေမှာလည်း၊ ရက်ပ်သီချင်းတွေ ဖုံးတော့မယ်။

ဘဲဥနဲ့ ငါးဖယ်ကျော်တစ်ခုပါတဲ့ မုန့်ဟင်းခါးတစ်ပွဲမှာ ကယ်လိုရီ (၃၈၀)။ ထမင်း (၆) ကျပ်သားမှာ ကယ်လိုရီ (၁၅၅)။ ၀က်သားနှပ် (၁၀၀) ဂရမ် ကယ်လိုရီ (၃၃၈)။ မြေပဲဆီ (၁၀၀) ဂရမ် ကယ်လိုရီ (၈၈၄)။ အဆီဓါတ် (၉၉.၉) ။ တစ်ရက်ကို ကယ်လိုရီ (၂၀၀၀) ထက် ပိုမ၀င်စေနဲ့။ ပိုမယ့် ကယ်လိုရီတွေ ကိုယ်လက်လှုပ်ရှားမှုနဲ့ ရှို့ပစ်။ နို့မို့ရင် အသည်းအဆီဖုန်းမယ်။ ခါးတုတ်မယ်။ ဗိုက်ထွက်မယ်။ ယောဂ ကျင့်စဉ် ဗီစီဒီအချပ်တွေ ၀ယ်ကျင့်။ မနက်မနက်ကို ဗန္ဒုလပန်းခြံမှာ ဖြစ်ဖြစ်၊ ပြည်သူ့ရင်ပြင်ရှေ့မှာ ဖြစ်ဖြစ် “တိုက်ချီချွမ်“ သွားကစား။ ကျန်းမာရေးက အရေးကြီးတယ်။ လူချင်းတွေ့ရင် လက်ကလေး မြှောက်ပြ။ “ဟိုင်း“ လို့ ဆိုကြမယ်။ ကဗျာကို ဖတ်ရင်း ကျနော့ရင်ထဲ ပေါက်ချလာတဲ့ အတွေးတွေကို နှုတ်က ရွရွ ဆိုနေမိ တယ်။ ဒါဟာ မြို့ပြမှာလူဖြစ်သူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုပုံစံပဲလား။

တောင်ယာခုတ်နေတဲ့ တောင်သူတစ်ယောက်က ဓါးကိုပစ်ချ။ ခါးကို မတ်လိုက်ပြီး ကျနော့ကိုကြည့်တယ်။ ကျနော်ပြောတာတွေ နား ထောင်တယ်။ ပြီးတော့ စကားတစ်ခွန်းပြောတယ်။
“မင်းတို့ မြို့မှာလူဖြစ်ရတာ ရှုပ်နေတာပဲ“

(၄)
အရှေ့အလယ်ပိုင်းမှာ
လူတွေသေနေတာကို
တယ်မိုက်ကြသကွယ်လို့ ဟန်လုပ်နေရ။
စစ်ကတော့ ဖြစ်မှာပဲ
ကိုယ့်ဘာသာလွတ်အောင်နေ
ကိုယ့်အရေးကလွဲပြီး များများဘာမှ မစဉ်းစားနဲ့။
ကိုယ့်ဘာသာ အားပေးပြန်ရ။
(အေးလွန်းတဲ့ဆောင်းက
ငါ့နှလုံးသားကိုခဲ
ခံစားမှုနည်းအောင် ပြောင်းခဲ့ပုံရတယ်။)
မျိုးရိုးဗီဇ ပြောင်းထားတဲ့ ပန်းသီးမွကိုကိုက်
ဆိုဒါရှိန်းမြရေကို ကျိုက်ချရင်း
စီအဲန်အဲန် ဟိုက်ဘရစ်သတင်းကိုကြည့်
အဆာမပြေဘူး။
ရေငတ်တယ်...
ရေငတ်ယ်...

ခင်ဗျားတို့မှာ စလောင်းရှိလား။ ဒါမှမဟုတ် ဂျာနယ်တွေပုံမှန် ဖတ်လေ့ရှိလား။ သတင်းစာလောက်ကို နေ့တိုင်းဖတ်လည်း ဖြစ်ပါတယ်။ မျက်လုံးနဲ့နားက၊ မီးခိုးတအူအူနဲ့ အရှေ့အလယ်ပိုင်း မြင်ကွင်းရယ်။ တဒိုင်းဒိုင်းသေနတ်သံ။ တ၀ုန်းဝုန်းဗုံးသံ တွေရယ်ကို လွတ်အောင် ရှောင်နိုင်ကြတာမှ မဟုတ်တာ။
ရယ်ရတယ် ကဗျာဆရာ...
ကျနော်ရယ်တာ ခင်ဗျားကို မဟုတ်ဘူး။
ကျနော့ကိုယ်ကျနော် ပြန်ရယ်တာ။ လှောင်တာ။ မဟုတ်သေးပါဘူး။ ခင်ဗျားကိုရော၊ ကျနော့ကိုပါ ပြန် “ဟား”တာ။ တူလွန်းလို့ပါဗျာ။
တွေးပုံ၊ နေပုံ၊ ရှောင်ပုံ၊ တိမ်းပုံ၊ လွှဲချပုံ၊ နေသာသလို နေတတ်ပုံ၊ အပြစ်ကင်းချင်ယောင်ဆောင်ပုံ။ ကိုယ်နဲ့ လားလားမှ မဆိုင်သလို ဟန်လုပ်တတ်ပုံတွေက တူလိုက်သမှ။ တူတူတူတူတူနဲ့တောင် နေသေး။ ဟုတ်ဖူးလား၊ ကျနော်ပြောတာ ခင်ဗျား သဘောမတူဖူး လား။ မတူရင်လဲ... ကဲ... ခင်ဗျား ပြောပေါက်ဆိုပေါက်ကို ကြည့်လိုက်ဦး။

အရှေ့အလယ်ပိုင်းမှာ လူတွေသေနေတာကို၊ တယ်မိုက်ကြသကွယ်လို့ ဟန်လုပ်နေရ။
စစ်ကတော့ ဖြစ်မှာပဲ၊ ကိုယ့်ဘာသာလွတ်အောင်နေ၊ ကိုယ့်အရေးကလွဲပြီး များများဘာမှ မစဉ်းစားနဲ့။ ကိုယ့်ဘာသာ အားပေးပြန်ရ။

ခင်ဗျား ပြောပုံလေးက ဘယ်လောက်သင်းလိုက်သလဲ။ ဘယ်လောက်များ နာနာရိုက်ပစ်ဖို့ ကောင်းလိုက်သလဲ။ အဲဒီ “ချင်ခြင်း” စိတ်က ခင်ဗျားနဲ့အတူတူ၊ ကျနော့ကိုလည်း ပယ်ပယ်နယ်နယ်ရိုက်ပစ်နေလေရဲ့။ ဘာကြောင့်လဲဆို ဒီစကားကို ခင်ဗျားလိုပဲ၊ ကျနော်ကိုယ်တိုင် လည်း မကြာခဏပြောဖြစ်နေကြမို့ပေါ့ဗျာ။

တစ်ရွာတည်းနေသူချင်း၊ ကိုယ့်ရွာထဲမှာ အရက်မူးရန်ဖြစ်ပြီး၊ အိမ်မီးရှို့နေတာ တွေ့လျက်နဲ့ “တယ်မိုက်ကြသကွယ်”လို့ အာလုပ်သံကြီးနဲ့ ပြော။ ပြီးရင် ကိုယ့်အမှုကိုယ်ဆက်ပြုလို့ မသိကျိုးကျွံနေ။ ခင်ဗျားလို၊ ကျနော်လို လူတွေ ဘယ်နှစ်ယောက် တောင် ရှိမလဲ ကဗျာဆရာ။ ကမ္ဘာကြီးကတော့ လှမ်းပြောရဲ့။
“မင်းတို့အတွက် ငါ ၀မ်းရည်စပ်တယ်တဲ့” ဗျား။

အေးလွန်းတဲ့ဆောင်းက
ငါ့နှလုံးသားကိုခဲ
ခံစားမှုနည်းအောင် ပြောင်းခဲ့ပုံရတယ်။
လို့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့၊ ခင်ဗျားတို့၊ ကျနော်တို့ ကတုပ်တူးခဲ့ကြတယ်။ ပြီးတော့ အဲဒီ ကတုပ်ထဲမှာ အကျအနထိုင်ပြီး၊ နည်းပညာရဲ့ ကောင်းမွန်ချိုမြိန်တဲ့ရလဒ်၊ မြို့ပြမှာသာ ရနိုင်တဲ့ “အကောင်း ဓါတ်” တွေကို အတော မသတ်မြိုချကြတယ်။ အငမ်းမရ စားသောက်ကြတယ်။
ကဗျာဆရာ...
ခင်ဗျားရော၊ ကျနော်ပါ ရေငတ်ပြေခဲ့ကြပါသလား။
အဲဒီမေးခွန်းရဲ့အဖြေကို မဖြေချင်ကာမှနေရော၊ ခင်ဗျားလည်းသိ၊ ကျနောလည်းသိ၊ နှစ်ယောက်လုံး ကောင်းကောင်းကြီးကို သိနေခဲ့ကြတယ် မဟုတ်လားဗျာ။
ကမ္ဘာကြီးကတော့ ၀မ်းရည်စပ်နေလေရဲ့။

(၅)
သစ်ခေါက်တွေ ၀ါးနေရသလိုပဲ။
စမ်းချောင်းလေးကို ငတ်တယ်
တောအရက်ကိုငတ်တယ်
ဂန္ဓီရုပ်ရှင်ကားကို ငတ်တယ်
ငြိမ်းချမ်းရေးကို ငတ်တယ်။
ရွှေဘကိုငတ်တယ်။
မောင်သာနိုးရဲ့ မလင်းပြာကိုငတ်တယ်။
စွန့်လွှတ်ပေးဆပ် သူရဲကောင်းဇာတ်လမ်းထဲက
ဒါးတောင်သံချောင်းကို ငတ်တယ်။

များတယ် ကဗျာဆရာ၊ သိပ်များတယ်။
ခင်ဗျားငတ်နေတာတွေ များလွန်းတယ်။
ခုနကတော့ ရေငတ်သတဲ့။ ရေငတ်သတဲ့။
ဟော... ခုတခါ ခင်ဗျားငတ်နေတာတွေ အတောမသတ်ပါပဲလား။ ဒါပေမယ့် အပြစ်မတင်ရက်ပါဘူးဗျာ။ ဘာကြောင့်လဲဆို ကျနော်တို့ လည်း၊ ခင်ဗျားလို ငတ်ခြင်းများစွာကို အကြိမ်ကြိမ် အထပ်ထပ် ငတ်နေခဲ့ကြလို့ပါပဲ။

သစ်ခေါက်တွေ ၀ါးနေရသလိုပဲ။

ခင်ဗျားညည်းညူသံကို ကျနော်တို့ကောင်းကောင်း ကြားနေကြရပါတယ်။ သစ်ခေါက်ဆိုတာ စားစရာမဟုတ်ဘူး၊ အရည်မရ အဖတ်မရ ကွမ်းယာလည်း မဟုတ်ဘူး၊ အရည်မြို အဖတ်ထွေးရတဲ့ ပီကေလိုလည်း မဟုတ်ပြန်ဘူး။ အခြေအနေတစ်ခုခုအောက်မှာ သစ်ခေါက်တွေ ၀ါးဝါးနေရတဲ့ ခင်ဗျားပါးစပ်ကြီးကိုတော့ဖြင့် သနားလှပါသဗျာ။ ခက်တာက အဲဒါကြီးဟာ ကျနော်တို့ပါးစပ်ကြီးလည်းဖြစ်နေပြန်ရဲ့။
ခင်ဗျားငတ်နေတာတွေကို သိပါရဲ့ကဗျာဆရာ။ စာနာမိပေါ့။

ဟောသမှာ သစ်ဝါးရိပ်ကိုဖြတ်လျှောက်လို့ ရေကြည်စမ်းလေး စီးနေတယ်။ ခင်ဗျားဟာ စမ်းကလေးနဘေး အရိပ်အေးအေး မှာ မောင်ချောနွယ်ရဲ့ တောအရက်ပုလင်းလေးတစ်ပုလင်းကို နည်းနည်းချင်းစီငှဲ့၊ တစ်ယောက်တစ်လက်။ လူစေ့ခွက်လှည့် သောက်ချင် နေလိမ့်မယ်။
ခင်ဗျားငတ်နေတာ အေးချမ်းခြင်း မဟုတ်လား......။

ဂန္ဓီကို ခင်ဗျားငတ်တယ်ဆိုရာမှာလည်း၊ သူဝတ်ထားတဲ့အ၀တ်လိုဖြူစင်တဲ့ သူ့နှလုံးသားကိုသာ ခင်ဗျားငတ်မှာပါ။ ဒါပေမယ့် ကျနော်တို့ သောက်ခွင့်ရမှာက အဲဒီနှလုံးသားကိုဖောက်ထုတ်လိုက်တဲ့ ကျည်ဆံပေါက်ရာက ကျလာတဲ့သွေးနီနီတွေ ဆိုရင် ကော...။ ဘယ်နှယ်လုပ်ပါ့ မလဲ။ အကောင်းကိုရှာသည်၊ အကောင်းကားမတွေ့လို့တော့ ဂန္ဓီကြီးကတော့ ညည်းညူမသွားခဲ့ ပါဘူး။ တစ်ဘ၀လုံးကိုစတေးလို့ သူ့တိုင်းပြည်အတွက် အကောင်းဆုံးလုပ်သွားသူကို ခင်ဗျားငတ်တာ အဆန်းမှ မဟုတ်တာ။

ခင်ဗျားငတ်နေတာ အနစ်နာခံခြင်း မဟုတ်လား။

ငြိမ်းချမ်းရေးကိုတော့ ကမ္ဘာသူကမ္ဘာသား အားလုံးနီးပါးငတ်မွတ်ကြတယ်လို့တော့ ထင်ပါရဲ့ဗျာ။ ဒါပေမယ့်လည်း နေရာအနှံ့ မှာ ယမ်းနံ့နံ နေတာ၊ ပေါက်ကွဲသံတွေ ကြားနေရတာ၊ ညည်းညူအော်ဟစ်သံတွေ ပေပွနေတာ၊ ဘာကြောင့်လဲလို့ မမေးပါနဲ့။ ငြိမ်းချမ်းရေးကို ငတ်ပါရဲ့။

ရွှေဘတဲ့။
ခင်ဗျားတ ခဲ့တဲ့နာမည်။
ကျနော်လည်း အဲဒီရွှေဘကြီးကို အနည်းအကျဉ်းတော့ မီလိုက်ပါသဗျ။ ကျနော်သိမီသမျှတော့ ရွှေဘဆိုတာ ကျောမွဲများ၊ လယ်သမား များရဲ့ သူရဲကောင်း။ ဖိနှိပ်မှုကို တော်လှန်သူ။ နယ်ချဲ့လက်ပါးစေ ဆန့်ကျင်သူ။ ပြည်သူ့ အချစ်တော်ကြီးပါလား။ နယ်ရုံတွေမှာ ရွှေဘနဲ့ လူဆိုး ထိုးသတ်ကြလို့၊ ရွှေဘခံနေရပြီဆိုရင်၊ “မကြာခင်၊ ကိုရွှေဘ ပြန်နိုင်ပါတော့မယ် ခင်ဗျား” လို့ အော်လံနဲ့ အော်သံပေးထားရသတဲ့။ ဘာကြောင့်ရှုံးရှုံး၊ ရွှေဘရှုံးတာကို မခံနိုင်ကြဘူးတဲ့။ လူထုက၊ ပရိသတ်က၊ ပြည်သူက၊ ရွှေဘကို အဲသလောက်ချစ်ကြဆိုပဲ။ ကြားဘူးတာ။ အော်... ခင်ဗျားမလဲ၊ ရွှေဘကို ငတ်သူတွေထဲက တစ်ယောက်ပါပဲလား၊ ကဗျာဆရာ။ ခင်ဗျားငတ်နေတာ နိမ့်ပါးသူ အများစုရှေ့က ထွက်ရပ်တဲ့ သူရဲကောင်းဇာတ် မဟုတ်လား။

ခုချိန်မှာတော့
ရွှေဘကို ငတ်ခဲ့တဲ့
မလင်းပြာကိုငတ်ခဲ့တဲ့
ဓါးတောင်သံချောင်းကို ငတ်ခဲ့တဲ့ ခင်ဗျားကို
ကျနော် ပြန်ငတ်နေပါတယ်။ တကယ်။

(၆)
ဒီတစ်ခါဆောင်းက
ပိုတစ်ကိုယ်ကောင်းဆန်တယ်။
ပိုဟိတ်ဟန်ကြီးတယ်။
ပို ဖြီးလုံးဖြန်းလုံးထုတ်တယ်။
မှန်ပြူတင်းမှာ
နှင်းခိုးပိန်းရိုက်လာ
ဟုတ်ပါရဲ့လား။
အဆိပ်ခိုးတွေ
ဓါတုမိုးရည်
ဆားစ်ပိုးတွေလို့ ထင်နေသေးတယ်။
(မျက်ရည်တွေနဲ့ သွေးတွေလည်း ဖြစ်နေနိုင်ခဲ့။)

ခေါင်းစွပ်မဲမဲ
လက်အိပ်မဲမဲနဲ့ လမ်းထဲသွားရင်
အကြမ်းဖက်သမား ထင်လေလားလို့
ငါ့ကိုယ်ငါ စိုးလာရပြန်
နှင်းခါးကြားထဲ မျက်နှာကို ပြန်ဖွင့်ပြရတယ်။

ဟလိုက်ရင် “၀ှားကနဲ“ ထွက်သွားတဲ့အငွေ့တွေ
ပြန်ပြန်လိုက်သိမ်း
အမေရိကန်ဆန့်ကျင်ရေး လေစိမ်းတွေ
ထင်သွားမှာ စိုးလို့မြိုချ
ရာဘာချိုဝါးရည်နဲ့ လှိမ့်ချရတယ်။
ကိုယ့်လျှာကို ပြန်ကိုက်သိမ်း
မျက်မှန်စိမ်းတပ်၊
နားတွေလည်း ပြားကပ်နေတော့တယ်.... ။

ငယ်ငယ်က၊ ကျောင်းသားဘ၀တုန်းက “သံသယ“ဆိုတဲ့ ကဗျာတစ်ပုဒ် သင်ရတာ မှတ်မိလာတယ်။ အဏုမြုလက်နက်ဆန်းတွေ စမ်းသပ် လာတဲ့ ကာလကြီးမှာ၊ လေရှုမိရင် လေထဲမှာ အဆိပ်ငွေ့ပါလာလေမလား။ ရေသောက်မိရင် ရေထဲမှာ အဆိပ်ငွေ့ပါလာလေ မလားနဲ့ နေစရာ စားစရာ မရှိလောက်အောင်စိုးရွံ့နေတဲ့၊ မော်ဒန်လူသားတစ်ဦးရဲ့ စိတ်ကို ဖွဲ့ပြတဲ့ကဗျာပါ။

ခုဖတ်လိုက်ရတဲ့ ကဗျာကတော့ (၂၁) ရာစုလူသားရဲ့ အရှိုက်ကို မိမိရရထိုးလိုက်တဲ့ ပင့်လက်သီးပါပဲ။ ဒီနေရာထဲမှာ သံသယ ကဗျာထဲက လူသားရဲ့ ခံစားမှုထက် ပိုရှုပ်ထွေးလာပါတယ်။ အဆိပ်မိုး၊ ဓါတုမိုး၊ ဆားစ်ပိုး၊ အကြမ်းဖက်မှုတွေနဲ့ ကြောက်နေရ တဲ့အရာတွေ ပိုများလာတယ်။ (ဘာကြောင့် အိပ်ဒ်စ် AIDS ကို ထည့်မဖွဲ့ခဲ့သလဲလို့ တွေးနေမိပါတယ်။)

မျက်မှောက်ခေတ်ကာလကြီးမှာ၊ လူကောင်းနဲ့ လူဆိုး ဒွေးရောယှက်တင် ရှိနေလိုက်ပုံများ။ အကြမ်းဖက်သမားထင်ခံရမှာ စိုးလို့တဲ့။ သူ့ ခမျာ လက်အိပ်မဲနဲ့ ခေါင်းစွပ်မဲတွေတောင် မ၀တ်ရဲတဲ့ဘ၀။ အမြင်တွေကို အရောင်နဲ့ဘောင်ခတ်။ နားတွေကို ပြားကပ်အောင်ကြပ်ညှပ် ထားရတဲ့ အခြေအနေ။ ဆရာရေ့။ ဒီလေထုထဲမှာ ခင်ဗျား ဘယ်လောက်များ အသက်ရှုကြပ်နေလိမ့်မယ်။ စာနာတယ်.... ။

ကဗျာဆရာရယ်။
(၂၁) ရာစု အရောက်မှာ ရာသီဥတုကလည်း ပိုပူလာတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အမုန်းပွားမှုကလည်း ပိုသည်း သန်လာတယ်။
ထွက်သက်လေတောင် ကုန်စင်အောင် မထုတ်ရဲ။
ကောင်းကင်ကြီးပဲ ပိုနိမ့်လာသလို။
ဆူနာမီဘေး
ရစ်ချတ်တာစကေး ကိုးဒဿမလေး ငလျင်
အာရှမှာ အဆိုးရွားဆုံးရေဘေးဖြစ်တာ၊ ဟိမ၀န္တာတောင်ထိပ်မယ်
တစ်ဒီဂရီဆဲဆီးယပ်စစ် အပူချိန်လျော့သွားလို့တဲ့။
ဆောင်းတွေ တစ်ကိုယ်ကောင်းဆန်နေတာ တစ်ရာသီစာ မကတော့ဘူး ထင်ပါရဲ့ဗျာ။

(၇)
ကွင်းပြင်တွေက တစပြင်လို ဖြူဖွေး
သစ်ကိုင်းတွေက အရိုးပြိုင်းပြိုင်းထောင်
ခဲနေတဲ့လေတွေက စောစောအမှောင်ချပစ်တယ်။

ကမ္ဘာတစ်ဘက်ခြမ်းမှာ
ငတ်နေတာ မဖြစ်နိုင်ပါဘူး။

တောင်းဆိုလွှာတော်တော်များများမှာ
ငါ လက်မှတ်ထိုးခဲ့သားပဲ။
ဝေလငါးတွေ မသတ်ဖို့
မြေမြှုပ်မိုင်းတွေရပ်ဖို့။
သစ်ပင်တွေ အခုတ်ရပ်ဖို့
စီးကရက်ဖြတ်ဖို့
ငါ လက်မှတ်ထိုးခဲ့ပါတယ်။

အရာရာလိုလေသေး မရှိစေရဘဲ၊ သက်တောင့်သက်သာရှိအောင် ဖန်တီးထားတဲ့ အခန်းတစ်ခုထဲက ၊ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေမှန် ကို မသိတဲ့ မန်နေဂျင်းဒါရိုက်တာတစ်ယောက်ရဲ့ မျက်နှာကို ပြေးမြင်မိ။ ကြည့်လေ.... ။

ကမ္ဘာတစ်ဘက်ခြမ်းမှာ၊ ငတ်နေတာ မဖြစ်နိုင်ပါဘူး။
တောင်းဆိုလွှာတော်တော်များများမှာ၊ ငါ လက်မှတ်ထိုးခဲ့သားပဲ။

လက်ထဲရောက်လာတဲ့ အစီရင်ခံစာကို အထပ်ထပ်ဖတ်ရင်း၊ အမှန်တကယ်ဖြစ်နေတဲ့ အဖြစ်ပျက်တစ်ခုလုံးကို နားမလည်စွာ ဖြစ်နေတဲ့ ဒင်းကို သနားရမလား။ ဟား ရမလား။ နားရင်း ရိုက်ရမလား။ သင်း ပစ်လိုက်ရမလား။ မိတ်ဆွေ ကိုယ်တိုင်စဉ်းစား ပါ။ လူနဲ့ လူ့ပတ်ဝန်း ကျင်ပိုမိုကောင်းမွန်ရေး စာချုပ်တွေကိုသာ တွင်တွင် လက်မှတ်ရေးထိုးနေတဲ့သူ့ခမျာ၊ တကယ့်ဇာတ် ညွှန်းရဲ့ အောက်ပါအခန်းခွဲတွေကို မြင်ဖူးပုံ မပေါ်ပါ။

ကျူးကျော်စစ်။ ညူကလီယာ လက်နက်ပြိုင်ဆိုင်မှု။ ဘာသာရေး အစွန်းရောက်သူများ။ လူမျိုးရေးဖိနှိပ်ခြင်း။ ဈေးကွက် အသာစီးရရေး မဟာဗျူဟာ။ ရေနံ သယံဇာတများ စိုးမိုးရေး။ အယူဝါဒ တင်ပို့၊ တင်သွင်းခြင်း။ အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ။ ကိုယ့်သြဇာချဲ့ထွင်မှု။ အခွင့်အာဏာ ခိုင်မတ်အောင် စိုက်ထူမှု။ ...... ။ .......။ .......။

ဆက်ပြုစုရရင် ခေါင်းစဉ်ကိုက ဒုတစ်ထွာလောက် ထူသွားနိုင်တယ်။

ကဗျာဆရာရေ့။ လူသားချင်း ရိုင်းပင်းမှု။ ချစ်ခင်စိတ်တွေနဲ့ အမြဲနွေးထွေးနေရမယ့် ဟောဒီကမ္ဘာမြေမှာ နှလုံးသားတွေဟာ ဒီလိုအေးခဲ နေမယ်ဆိုရင်၊ ခင်ဗျားရဲ့ကဗျာစာကြောင်းတွေဟာ မှန်ပြောင်းနဲ့ လှမ်းကြည့်တဲ့အခါ၊ အနာဂတ်မှာ မြင်ရမယ့် စစ် တလင်းကို တွေ့လိုက်ရ သလိုပါပဲ။

ကွင်းပြင်တွေက တစပြင်လို ဖြူဖွေး
သစ်ကိုင်းတွေက အရိုးပြိုင်းပြိုင်းထောင်
ခဲနေတဲ့လေတွေက စောစောအမှောင်ချပစ်တယ်။

တကယ်တော့ မသွားအပ်တဲ့အရပ်တွေသာ စရင်းတို့ရရင်၊ အီရတ်တင် မကတော့ပါဘူးဆိုတဲ့ စကားတစ်ခွန်းကို ကဗျာဆရာ ကြားအောင် ဘယ်သူနဲ့ လူကြုံပါး လှမ်းပြောရပါ့။

ငှက်တွေ ဆောင်းမခိုမီ
တစ်ကိုယ်ကောင်းဆန်လှတဲ့ဆောင်းကို
ဘယ်သူကများ
သဘောထားပြောင်းအောင် သွန်သင်ညွှန်ပြနိုင်မလဲ...
သိချင်လိုက်တာ.... ။

ငြိမ်းအေးအိမ်
http://www.cherrythitsar.org


2 comments:

ငြိမ်းစိုးဦး said...

ငှက်တွေ ဆောင်းမခိုမီ
တစ်ကိုယ်ကောင်းဆန်လှတဲ့ဆောင်းကို
ဘယ်သူကများ
သဘောထားပြောင်းအောင် သွန်သင်ညွှန်ပြနိုင်မလဲ...
သိချင်လိုက်တာ.... ။ ... ဆရာငြိမ်းအေးအိမ်နဲ့အတူ ခံစားခဲ့ပါတယ် ...

Thain Garra said...

ဟုတ်တယ် ... ခေတ်ကြီးထဲ ... ခင်ဗျားတို့ ... ကျုပ်တို့ ... ငတ်နေခဲ့ကြရတယ် ...

Recent Comments