Pages

Friday, March 2, 2007

အကြမ်းဖက်သမား

အကြမ်းဖက်သမား

မိန်းခလေးရေ
“အက်ဆစ်”တွေ ဘာတွေလာမပြောနဲ့။
ငါက ပိုအပြင်းထန်ဆုံးကောင်၊
ကျိတ်လောင်နေတဲ့ ကောင်မဟုတ်၊
အရမ်းချစ်
အရမ်းငို
အချစ်အတွက်ဆို ငါက ဘာမှဝန်လေးတာမဟုတ်။

“အချစ်ကြောင့်ပဲ
ကဗျာဆရာလည်း ဖြစ်ခဲ့
အချစ်ကြောင့်ပဲ
တော်လှန်ရေးသမားလည်း ဖြစ်ခဲ့”1 တဲ့
ဆရာနိုင်ဝင်းဆွေငဲ့...
ဒီခေတ်ကြီးမှာ
ဖော်နည်းကားမှား
အချစ်သမားလည်း အကြမ်းဖက်သမား ဖြစ်ပြန်သတဲ့။

ငါက ဘ၀ကိုခုံမင်သမှ
လူသား အားလုံးတွေရဲ့ ဘ၀တွေကို ခုံမင်တယ်။
စိတ်ကူးယဉ်သမျှ
ပန်းပွင့်- လိပ်ပြာ- တိမ်တောင်
အိပ်မက် မက်နေချင်တဲ့ကောင်။

အခုတော့ အခြေအနေတွေက
လျှာတွေရိတ်သိမ်းခံရ
လမ်းတွေက ဈာပနပွဲကျင်းပကာ
အမေနဲ့ ချစ်သူတွေက မျက်ရည်မိုးရွာ
ဘုရားတန်ဆောင်း၊ ကျောင်း ဘုရားတွေထဲ သွေးတွေပေါလောမျော
သောက ဗျာပါဒတွေ ငှက်အုပ်လန့်ပျံ
ရန်လို လက်စားချေမှု ကျီးပြို
ဒါကို ဘယ်လိုပန်းနဲ့ ကြိုဆိုရမှာလဲ...။

ငါက...
မခံချင်လွန်းလို့ ထလုပ်တဲ့ကောင်
နောက်လိုက်တစ်ထောင်ထဲကမှ နောက်လိုက်တစ်ကောင်
ခေါင်းဆောင်ကြီးဆိုသူတွေက ထွက်ပြေး
လက်မှတ်ထိုးတဲ့သူတွေက မြို့ထိုးအပ်
သီလကြောင်တွေက ဂိုဒေါင်ဖောက်
ကပ်ဖားတဲ့ကောင်တွေ အာဏာရ
ခေတ်ပျက်မှာ ဗိုလ်လုပ်ကြတယ်။

ဒါကို ငါက..
“မင်းတို့ ယဉ်ကျေးမှု အဓွန့်ရှည်ပါစေ၊
မင်းတို့ အချစ်အနှစ်တစ်ရာ တည်ပါစေ”2
ပြောရမှာလား။
ငါက ငါ့နာမည် ငါပြောတာ
ငါက ငါ့အလံငါထောင်တာ
သူများအရုပ် ကြိုးတုတ်တွန်းလှဲတာ မဟုတ်ဘူး။

ငါက မောင်းတင်ကျည်ထိုးထားတဲ့သူ
ငါက ရင်ထဲ မိုးသည်းမုန်တိုင်းထန်တဲ့သူ
ငါက ၀မ်းထဲ မီးတောက်ပြင်းလောင်နေတဲ့သူ။

ငါကိုယ်တိုင်က တစ်-တောက်မြည်နေတဲ့ ဗုံးကွဲ့။
ငါ့ကို အံ့ကျော်
ငါ့ကို စစ်သွေးကြွ
ငါ့ကို အစွန်းရောက်ညာသီ
ငါ့ကို အခြေခံဝါဒီ
ဘယ်လိုပဲ သတ်မှတ်ကြ၊ သတ်မှတ်ကြ
ငါက
အာဃာတနဲ့ ဖျက်ဆီးလိုစိတ်လောင်၊
ငါကြည်ညိုတဲ့ ခေါင်းဆောင်ကို
သေအောင်လုပ်ကြံရိုက်သတ်မှတော့
ငါက လက်ပိုက်ကြည့်နေရမှာလား။

ငါ့လူထုတွေ ငတ်နေမှတော့
ငါက တရားပြနေရမှာလား။

ငါ့မျက်စေ့ထဲ
သွေးတွေရဲနေမှတော့
ငါ ...ဒီပွဲမရဲ ဒါးမဆွဲရင်
ဘယ်ယောက်ျား ငါ ဟုတ်တော့မလဲ။

ညမှာ အမြဲဆာလောင်နေတဲ့ကောင်
ဒီအချက် တစ်ခုနဲ့တောင် အကြမ်းဖက်ဖို့ လုံလောက်နေခဲ့။

လူးလားဘိုင်တေးတွေနဲ့
ဘယ်သူက ငါ့ကို လွတ်မြောက်ရေး ပေးမှာတဲ့တုန်း။
ဘယ်နိုင်ငံက လမ်းပြမြေပုံ
ငါ ဆူးပုံနင်းပြီး ယုံရမှာတဲ့တုန်း။

ဒီလိုနဲ့ မိန်းခလေးရေ...
ငါပြောတဲ့စကား
မှိုပွင့်လို ဗုံးလောင်၊
ငါ ဟောတဲ့တရား
ဖျက်အားပြင်း ဗုံးတစ်ထောင်
ငါ့ မျက်နှာထား
ဂျေဒီအက်စ် အမ် (JDSM) ဟုံးဟုံးလောင်။

ယောဟန်အောင်
၂၀၀၃။
1 နိုင်ဝင်းဆွေရဲ့ လေညှင်းကလေးလာနေပြီမှ
2 မာယာကော့စကီရဲ့ ဘောင်းဘီဝတ်မိုးတိမ်မှ

No comments:

Recent Comments