Pages

Friday, March 2, 2007

၁၀ နှစ်ကြာမှ ပြန်လာခဲ့တယ်။

၁၀ နှစ်ကြာမှ ပြန်လာခဲ့တယ်။

နာရီတကြည့်ကြည့်နဲ့နေတယ်။
ကလေးမရယ်...
မင်းက ဘာကိုတွက်နေတာလဲ။
မိုက်တွင်းထဲက
တက်ခဲ့ပုံမျိုး၊ ညှင်းဆိုးဆိုးနဲ့
ငါ့ကို ဒီလိုမျိုးကြည့်...
၁၀ နှစ်မေ့ပြီးမှ
ဘာမှမပါ၊ ပြန်လာတဲ့သူ။

ဘာလဲ...
ငါ့အတွက်ကျမှ
မင်းအချစ်က၊ မစေ့ငှတော့ဘူးလား။

ငါလက်နောက်ပစ်ပြီး ရပ်နေပါတယ်။
ငါ့နားထင်ကို
အချစ်နဲ့ တေ့ရုံတေ့မထားနဲ့
ခလုတ်ဖြုတ်ချလိုက်ပါ ကလေးမရယ်။
ငါဟာ...
ရင်ဟင်းလင်းဖွင့်ပြီး လာခဲ့တာပါ။
လုံခြုံရေးအကာအကွယ်တွေ လုံးဝမယူခဲ့ပါဘူး။

ငါ့ရင်ဟာ
အလွမ်းငေါငေါနဲ့
ချစ်စိတ်တွေ ရဲပတောင်းခတ်
“အော်တို” မောင်းတင်ထားတဲ့ သေနတ်တစ်လက်လို
လူသိရှင်ကြားပြောဆိုပြီးမှ ပြန်လာတာ..
မင်းနဲ့တွေ့မှ ပန်းဖျားတော့မယ်လို့။

“ဗိုက်ကင်း”တွေလိုပေါ့ကွယ်
နယ်မြေသစ်ကိုရှာဖို့ ခရီးသွားခဲ့တယ်။
ငါ့မာနတွေ စိတ်ရှိလက်ရှိ လောင်စာရှို့
ကိုယ့်ကိုယ်ကို ဇက်ပုံပေး
အဝေးကြီးသွားခဲ့တယ်။

ငါ ကျိန်ပါရစေ...
ငါ မင်းကိုမကျွတ်တမ်း လွမ်းဆွေးခဲ့ပါတယ်။
အမြဲဆာလောင်နေတဲ့ ခွေးတစ်ကောင်လိုပါပဲ။
ငါစိတ်တွေ
မင်းကိုဆေးထ
ညညဆို အိပ်မရဘူး။

မုန်တိုင်းတွေကြုံခဲ့တယ်။
အတုန်းအရုန်း အပိုင်းအပြတ်တွေကြား
ငါနံကိုင်းတွေ
ငါ ဆွဲထူပြီးပြန်ရပ်
ဂုဏ်ယူစွာ ရေငတ်နေခဲ့တယ်။
တကယ်ပါ ကလေးမ
ရေငတ်နေခဲ့တယ်..
ထမင်းငတ်နေခဲ့တယ်...
အချစ်ငတ်နေခဲ့တယ်...
မိသားစု ဘ၀ကို ငတ်နေခဲ့တယ်...
တိုင်းပြည်ငတ်နေခဲ့တယ်...
နိုင်ငံတော် ငတ်နေခဲ့တယ်...

မြေရိုင်းလွင်ပြင်မှာ
ကျင်လည်ရင်ခုံ
လောကဓံကို အပြင်းအထန်ကြုံခဲ့ပါတယ်။
ငါဟာ သံစုံပြန်ညှိဖို့ လိုအပ်နေသူပါ။

ဒီလိုနဲ့
ငါ ပြန်လာခဲ့တယ်။
ရွှေ ငွေတွေ ပါမလာခဲ့ဘူး။

ပိုးထည်ပတ္တမြား
ဟင်းခတ် အမွှေးအကြိုင်
မရှာနိုင်ခဲ့ဘူး။
ကိုလိုနီ နယ်တွေလည်း မသိမ်းပိုက်နိုင်ခဲ့
အလွမ်းသက်သက်နဲ့သာ အိမ်ပြန်ခဲ့ပါတယ်။
ပကတိအလွမ်းစစ်စစ်တွေပေါ့။

ကောင်မလေးရေ...
ငါလုပ်ခဲ့တာတွေ
မှားတယ်လို့တော့ မဖျားယောင်းလိုက်ပါနဲ့။
ငါဟာ....သွေးသံရဲရဲနဲ့ ပြန်လာတာပါ။
ငါဟာ ...မာနာပလောတောင်ကြားက ပြန်လာတာပါ။
ငါ့ ချပ်ဝတ်မိန်ညိုထဲမှာ
မုန်တိုင်းတွေ မွှေကောင်းတုန်းပါ။
နောက်စစ်တစ်ပွဲအတွက်
တစ်ဘ၀စာ ဆီမီးတောက်ကောင်းတုန်းပါ။

ဒါပေမယ့်...ကလေးမရေ။
ငါ အရမ်းချစ်ချင်နေတယ်။
ငါ အရမ်းငိုချင်နေတယ်။
ဓါးအိမ်မှာ ခိုလှုံခွင့်ရတဲ့
ဓါးကောင်းတစ်လက်လိုမျိုး
တစ်မိုးဥတု ခိုချင်သေးရဲ့။
ဖြစ်နိုင်ရင်တော့
မင်းရင်မှာပဲ
အခါတစ်ရာသေပြီး
အခါတစ်ရာ ပြန်မွေးချင်ပါသေးရဲ့။

ယဉ်ကျေးမှုအသစ်နဲ့
နှစ်ဆယ့်တစ်ရာစုခရီး
သားစဉ်မြေးဆက် ခရီးထွက်ချင်သေးရဲ့ကွယ်။ ။

ယောဟန်အောင်
နိုင်ငံတော်ကို ရင်နှင့်ဖတ်ခြင်းကဗျာများ။ ၁၉၉၉။ သံလွင်ရဲရင့် အင်အားစု။

No comments:

Recent Comments